သူမက ဒဏ်ရာရထားတာလား
Vol. 6 Ch. 58
ယန်ချန်က ကျင်းလုံ မင်ယုရှန်း စုလဲ့တို့အား ထိုင်ခုံ၌ထိုင်စေသည်။ စုလဲ့က
“သခင်လေးယန်ရဲ့ အားဖြည့်ဆေးရည်အတွက် ကျေးဇူးတင်ပါတယ်”
သူမက အားဖြည့်ဆေးရည်၏ ထိရောက်မှုကို ယခုထိ မှင်သက်နေရဆဲဖြစ်ကာ ထိုဆေးရည်သာ အမြောက်မြားရှိပါက ဒါမှမဟုတ် ကျင့်ကြံရေးလောကထဲ လူသိထင်ရှားထုတ်ပြန်ပါက မည်မျှထိ အုတ်အော်သောင်းနင်း ဖြစ်သွားမည်ကို မခန့်မှန်းနိုင်ခဲ့ချေ။
“အကူညီဖြစ်တာသိရလို့ ဝမ်းသာပါတယ်”
ယန်ချန်ကပြုံး၍ တုန့်ပြန်လိုက်သည်။ ထိုဆေးရည်က အမှန်တကယ်၌ သာမန်အဆင့်ဆေးရည်သာဖြစ်ပြီး သူဆန္ဒရှိပါက ထိုထက်မြင့်သည့် ဆေးရည်များကိုပင် အလွယ်တကူဖော်စပ်နိုင်သေးသည်။
“သခင်လေးယန်က ဂိုဏ်းပေါင်းစုံပြိုင်ပွဲကို လာကြည့်တာလား”
စုလဲ့က ယန်ချန့်အား လေးလေးစားစားမေးလေသည်။ သူမရှေ့ရှိဤလူငယ်လေးက အရှိန်ဝါတစွန်းတစမှ မရှိသော်လည်း ဆေးရည်တခွက်ဖြင့် ကျန်းရင်ရင်အား တဟုန်ထိုးတိုးတက်သွားစေခြင်း သားရဲဧကရာဇ်များအား မွေးမြူထားခြင်း ပေါ့ပေါ့ပါးပါးပင် အထွဋ်အထိပ်စိတ်ဝိဉာဥ်လက်နက်များ မုန့်ဝေသလိုပေးနေခြင်းတို့က သာမန်လူများလုပ်နိုင်သည့် အရာမဟုတ်ချေ။ သေချာသည်က ဧကရာဇ်ကျင်းလုံပင် မလုပ်နိုင်ပေ။
“အလည်အပတ်သက်သက်ပါပဲ ပြိုင်ပွဲတော့မကြည့်ဖြစ်လောက်ဘူး အားနာမိပါတယ်”
ပြိုင်ပွဲစီစဥ်သူရှေ့ ပြိုင်ပွဲမကြည့်သည့်အကြောင်း ပြောရသည်မှာ မျက်နှာပူစရာတော့ကောင်းသည်။ စုလဲ့က
“ကိစ္စမရှိပါဘူး ပထမတခေါက်ကော ဖူယွဲ့တို့ရဲ့ နောက်တကြိမ် သခင်လေးယန်ရဲ့ရွာအထိ အနှောင့်ယှက်ပေးရတာအတွက်ကော ကျမစုလဲ့က ထပ်ပြီး ကျေးဇူးတင်မိပါတယ် သခင်လေး”
“ခင်ဗျားက အလေးနက်ထားလွန်းနေပါပြီ”
ယန်ချန်က သူတို့ကြားစကားဝိုင်းလေထုအား သက်တောင့်သက်သာဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပေါ့ပေါ့ပါးပါးပြောဆိုနေကာ ထိုအရာကိုသတိပြုမိသည့် စုလဲ့တို့ကလည်း အလိုက်သင့်ပင် ပေါ့ပေါ့ပါးပါးတုန့်ပြန်လာသည်။ ယန်ချန်က စုလဲ့နဲ့ ကျင်းလုံတို့အားကြည့်၍ ရုတ်ချည်းမေးလိုက်သည်။
“ဂိုဏ်းချုပ်နဲ့ ဧကရာဇ်ကြီးတို့မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတခုခု ရှိနေပုံရတယ်”
ယန်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သော်လည်း ထိုမေးခွန်းက တဖက်သူအား ထိတ်လန့်သွားစေမည်ဟု မထင်ခဲ့ချေ။ သိသာစွာပင် စုလဲ့နဲ့ကျင်းလုံတို့ တုန်လှုပ်သွားလေသည်။
(သူက ငါတို့အဆင့်မတက်နိုင်တာကိုပါ သိနေတာလား)
ယန်ချန်ကတော့ ထိုအမူရာကို သတိမထားမိပေ။ စိတ်ဖိစီးမှုဖြစ်နေသည့် လူများက သေးငယ်သည့်အရေးကိစ္စများကို အလွန်အလေးနက်ရှိတတ်ကြောင်း စိတ်ပညာအရသိထား၍ မေးလိုက်ခြင်းသာဖြစ်သည်။ စုလဲ့က သူ့အကူညီကို အလွန်ကျူးအလေးနက်ထားကာ ကျေးဇူးတင်နေပြီး ဧကရာဇ်ကျင်းလုံသည်လည်း မိမိရှေ့၌ ဧကရာဇ်တပါး၏ မည်သည့်ဟန်ပန်ကိုမှ ထုတ်ဖော်မထားပဲ အလွန်ရင်းနီးလိုနေသည်ဟု သူခံစားမိနေခြင်းဖြစ်သည်။
စုလဲ့က အတန်ကြာသည်ထိ တုန်လှုပ်နေမှုအား တည်ငြိမ်အောင်ပြုလုပ်ပြီးနောက် တုန့်ပြန်လာသည်။
“ဟုတ်ပါတယ် ကျမနဲ့စီနီယာအစ်ကိုတို့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့အမှန်တကယ် ရှိနေတယ်”
စုလဲ့က ဝန်ခံလာပြီး ကျင်းလုံသည်လည်း ထိုအကြောင်းအား ယန့်ချန်ထံအသိပေးလာလေသည်။
“ဧကရာဇ်တပါးအနေနဲ့ ဖိအားတွေလုပ်စရာတွေများလွန်းတော့ ကိုယ့်ကိုကိုယ်ဂရုမစိုက်မိတာကနေ နောက်ဆက်တွဲတွေ ဖြစ်လာတဲ့သဘောပါသခင်လေးယန်”
ယန်ချန်က ခေါင်းညိတ်လိုက်ရင်း သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းအချို့အား ထုတ်ယူလိုက်သည်။ ထိုအရာက လက်ညှိုးလူံးခန့်သာ ရှိသည့်ဆေးရည်တမျိုးဖြစ်ပြီး ပုလင်းကိုလည်း လက်ရာမြောက်စွာပြုလုပ်ထားသေးသည်။
“ကျတော်က သေမျိုးဖြစ်နေတော့ ကျင့်ကြံသူတွေရဲ့ တချို့ကိစ္စတွေကို နားမလည်ဘူး ဒါက ကျတော်ဖော်စပ်ထားတဲ့ ဆေးရည်ပါ သူကအာရုံကြောကိုအားဖြည့်ပေးပြီး အတွေးတွေကိုရှင်းလင်းစေတယ် ဆေးရည်အနည်းငယ်ကို တနေ့တကြိမ်တဇွန်းသောက်ပေးရုံနဲ့ သိသိသာသာ သက်သာသွားလိမ့်မယ်လို့ ကျတော်ထင်တယ်”
ယန်ချန်က ထိုသို့ပြောပြီးနောက် ဆေးရည်ပုလင်းနှစ်ပုလင်းအား စုလဲ့နဲ့ကျင်းလုံတို့ထံ ကမ်းပေးလိုက်သည်။ တဖက်တွင် စုလဲ့နဲ့ကျင်းလုံတို့မှာ မှင်သက်နေပြီး စကားအနည်းငယ်ဖြင့် ထိပ်တန်းဆေးရည်အချို့ ရလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် ဆွံ့အနေကြသည်။
“ယူပါ ဘာလဲ ကျတော့်ဆေးရည်ကို အထင်သေးတာလား”
ယန်ချန်က ပြုံးစစဖြင့်မေးကာမှ အသိဝင်ကာ နှစ်ဦးသား ချက်ချင်းပင် ဆေးရည်ပုလင်းအား လှမ်းယူလိုက်ကြသည်။ စုလဲ့က ဆေးရည်ပုလင်း လက်ထဲရောက်သည်နှင့် ပုလင်းအဆို့အား အသာဆွဲဖယ်လိုက်သည်။ မွှေးပျံ့သည့်ရနံ့တခု အခန်းတွင်း လျင်မြန်စွာပြန့်နှံ့သွားပြီး ဆေးရည်၏ အာနိသင်ကြောင့် စုလဲ့တို့ခမျာ အနံ့အနည်းငယ်ရရုံနဲ့ပင် မူလက ထိတွေ့ရန်ခက်ခဲသည့် နိယာမများအား အာရုံခံမိလာသည်ကို သတိပြုမိသွားကြသည်။
(ကောင်းကင်ဘုံ ဆေးရည်ရဲ့အနံ့နဲ့တင် ဒီလောက်အလုပ်ဖြစ်တာလား ဒါကဘယ်အဆင့်မှာရှိတဲ့ ဆေးရည်လဲ)
ကျင်းလုံ စုလဲ့တင်သာမက မင်ယုရှန်းပါ တုန်လှုပ်နေကာ သူမက သွေးကြောများပျက်စီးနေသော်လည်း ဆေးနံ့မှရလာသည့် အကျိုးကျေးဇူးကိုတော့ ယောင်ဝါးဝါး လက်ခံရနေသေးသည်။ မင်ယုရှန်းရဲ့အကြည့်က ယန်ချန့်ဆီရောက်သွားခဲ့ပြီး တဆက်တည်း ထိုလူငယ်လေးကသာ ဒီဆေးရည်ကိုအမှန်တကယ်ဖော်စပ်ခဲ့ပါက သူမရဲ့ဒဏ်ရာကို ကုသရန်မှာ လွယ်ကူသွားမည်ဖြစ်သည်။
သိထားရမည်က နိယာမများကို ဆုပ်ကိုင်သည့်ကိစ္စက ပြောသလောက်မလွယ်ချေ။ ကျင့်ကြံသူအများစု မဟာယာနအဆင့်အား မရောက်ကြသည်မှာ ထိုနိယာမအတားအဆီးများကြောင့်ဖြစ်ပြီး ၉၉ရာခိုင်နှုန်းက ကပ်ဘေးဖြတ်ကျော်အဆင့်၌ပင် အရွယ်လွန်ကာ သေဆုံးသွားကြရသည်။ ထို့အပြင် နိယာမများကို ထိတွေ့ရန် ပြင်ပအကူညီယူ၍မရပေ။ ကျင့်ကြံခြင်း၌ အလွန်ပါရမီရှိသူများသာ ထိတွေ့နိုင်ပြီး စုလဲ့ ကျင်းလုံ မင်ယုရှန်းတို့ကဲ့သို့ ထိပ်တန်းပါရမီရှင်များပင် အချိန်တချို့ယူရလေသည်။
ကျင်းလုံက ချက်ချင်းပဲ ဆေးရည်ပုလင်းအား တစုံတဦးလုယက်ခြင်းမှ ကာကွယ်လိုက်သည့်နှယ် သိမ်းဆည်းလိုက်ပြီး စုလဲ့သည်လည်း ထို့အတူပင်။ ဘေးဘက်တွင်တော့ လီဖူယွဲ့တယောက် အားကျမနာလိုဖြစ်နေခဲ့ကာ သူမလည်း ကပ်ဘေးဖြတ်ကျော်အဆင့် အထွဋ်အထိပ်သို့ရောက်ပါက ထိုဆေးရည်အား ယန်ချန့်ဆီမှ တောင်းယူရမည်ဟု အရဲစွန့်တွေးနေလေသည်။
ကျင်းလုံက ဆေးရည်ပုလင်းအား သိမ်းပြီးနောက် သိုလှောင်လက်စွပ်ထဲမှ စာအုပ်တအုပ်ထုတ်ယူကာ ပေးလာသည်။
“သခင်လေးယန် ဒါကတော့ ကျင်းတိုင်းပြည်ရဲ့ ဘိုးဘေးအဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ မှတ်တမ်းပါ ကျင်းတိုင်းပြည်တခုလုံးရဲ့ မြေပုံတွေအပြင် ထူးခြားတဲ့အရာအချို့ကိုလည်း မှတ်တမ်းတင်ထားပါတယ်”
ယန်ချန့်ရဲ့မျက်လုံးအစုံက လတ်ခနဲ ဖြစ်သွားကာ ကျင်းလုံရဲ့လက်ဆောင်က သူအမှန်တကာ်လိုချင်နေသည့်အရာဖြး်သည့်အတွက် ဝမ်းသာအာရပင် လက်ခံလိုက်သည်။ တဖက်၌ စုလဲ့က လီဖူယွဲ့နှင့်အသံပို့လွှတ်ကာ တိုင်ပင်နေသည်။
“ဖူယွဲ့ ငါတို့ကော သခင်လေးကိုဘာပေးရင်ကောင်းမလဲ ဒီတိုင်းတော့ ဆေးရည်ကိုယူလို့မဖြစ်ဘူး”
“အမှန်ပဲဂိုဏ်းချုပ် ကျမတို့ဆီမှာ သခင်လေးသဘောကျနိုင်တဲ့အရာကလည်း များများစားစားရှိမနေဘူးဆိုတော့..”
“ဂိုဏ်းရဲ့ပျံသန်းရေးယာဥ်ကို ပေးလိုက်ရင်ကောင်းမလား သခင်လေးခရီးထွက်ချင်တဲ့အချိန် သုံးလို့ရတာပေါ့”
လီဖူယွဲ့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ ဘယ်လိုအတွေးကြီးလဲ ဟိုက ဂိုဏ်းချုပ်ရဲ့ပျံသန်းရေးယာဥ်ကိုတောင် အဆင့်မြင့်ပေးခဲ့တာပါ။ သူ့အတွက်လိုမယ်တဲ့လား။
“ဂိုဏ်းချုပ် အဲ့ဒါကတော့မသေချာဘူး ဒီလိုပါ..”
လီဖူယွဲ့က သူမတို့အဖွဲ့သက်မှတ်ထားသည့် ရက်ထက်စော၍ ရောက်လာသည့်အကြောင်းအား ပြောပြလာပြီး ယန်ချန့်ကြောင့် ပျံသန်းရေးယာဥ်အဆင့်မြင့်သွားကာ မူလထက်ငါးဆ ပိုမြန်သွားသည့်အကြောင်းလည်း ပါလေသည်။
“အဲ့ဒါဆို ငါတို့မှာပေးစရာမရှိတော့ဘူးပေါ့”
စုလဲ့တယောက် စိတ်ပျက်သွားသည်။ မာနကြီးသည့်သူမက ယန်ချန့်ဆီမှ တန်ဖိုးကြီးမားသည့်လက်ဆောင်အား ဒီတိုင်းမလိုချင်ပေ။ သူမက ဂိုဏ်းချုပ်ဖြစ်သော်လည်း သူမရဲ့ရတနာများကို ယန်ချန်တယောက် နှစ်သက်မည်မဟုတ် ခံစားနေရပြီး သူမအထင် ယန်ချန်က ထူးခြားသည့်ရတနာများကို သဘောကျတတ်သည်ကို နားလည်လိုက်သည်။
(ဒါဆို ကျောက်စိမ်းပြားဆိုရင်ကော)
စုလဲ့ချက်ချင်းပဲ သတင်းပို့ကျောက်စိမ်းပြားအား ထုတ်ယူကာ ယန်ချန့်ဆီကမ်းပေးလိုက်သည်။ ထိုကျောက်စိမ်းပြားက သူမထံ၌လည်း နှစ်ခုသာရှိကာ တခုကိုတော့ သူမသုံးနေလေသည်။
“သခင်လေး ဒါကအသံပို့လွှတ်တဲ့ ကျောက်စိမ်းပြားပါ မိုင်တသောင်းအကွာထိ အသံပေးပို့နိုင်တယ်”
ယန်ချန်တယောက် မှင်သက်သွားကာ ကျောက်စိမ်းပြားအား လှမ်းယူလိုက်ရင်း သေချာစစ်ဆေးကြည့်သည်။
(မိုင်တသောင်းတောင်လား အဝေးကြီးထိအသံပို့လို့ရတာပေါ့ ဒါကမိုဘိုင်းဖုန်းနဲ့တောင် အလုပ်လုပ်ပုံဆင်တူတယ်)
စုလဲ့၏တွက်ဆမှုက မှန်ကန်သွားသည်ကို ကျန်သူများပါ သတိပြုမိသွားကြသည်။ ဤပုဂ္ဂိုလ်က အမှန်တကယ်ကိုပင် သေမျိုးဘဝထဲ ပြန်ရောက်ရှိနေပြီး သူ့ကိုယ်သူ စွမ်းအားကြီးကျင့်ကြံသူဆိုသည့် အတွေးအား လုံးဝဖယ်ထုတ်ထားပုံရသည်။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် လက်ဆောင်နှစ်ခုလုံးက ကျတော့်အတွက် တကယ်အသုံးဝင်တယ်”
ယန်ချန်က ကျောက်စိမ်းပြားပေါ်က အစီရင်အားစစ်ဆေးပြီးနောက် အနည်းငယ်ထပ်မံပြုပြင်၍ နောက်ထပ်ကျောက်စိမ်းပြားအချို့ ထပ်မံထုတ်လုပ်ရမည်ဟု တွေးထားလိုက်သည်။ ထိုမှသာ အကြောင်းတခုခုကြောင့် သူခရီးရှည်ထွက်နေချိန် ရှုယင်တို့သားအမိနဲ့ အပြန်အလှန်သတင်းပို့နိုင်မည် ဖြစ်သည်။
“သခင်လေးယန် သဘောကျတယ်ဆိုရင်ပဲ ရပါပြီ”
ယန်ချန်တို့စကားဝိုင်းက ပို၍ပေါ့ပေါ့ပါးပါးရှိလာပြီး အခန်းတွင်းရှိ ကုတင်တလုံးအပေါ်မှာတော့ ရှုယင်က စကားဝိုင်းဆီဝင်ရောက်မလာပဲ ခရီးပန်း၍ အိပ်ငိုက်နေသည့် ယင်ယင်အားချော့သိပ်နေလေသည်။ သူမကို စုလဲ့တို့က သတိပြုမိသော်လည်း ယန်ချန့်အကြောင်း စပ်စုမိမှာစိုး၍ ထုတ်မပြောကြချေ။ ရှုာင်ကလည်း ထိုကဲ့သို့ အဆင့်မြင့်တည်ရှိမှုများနဲ့ ဆက်ဆံရန် ကျင့်သားမရသေးချေ။
ယန်ချန်ရဲ့အကြည့်က စကားဝိုင်းအစမှ ယခုချိန်ထိ တိတ်ဆိတ်နေသည့် မင်ယုရှန်းထံရောက်သွားသည်။ တခဏကြာလျင် မျက်မှောက်ကြုတ်သွားပြီးနောက် သူမရဲ့ဖြူဖျော့နေတဲ့မျက်နှာက ကိုယ်တွင်းအင်္ဂါ ဒါမှမဟုတ် သွေးကြောများ အပြင်းအထန် ဒဏ်ရာရထားသည်ကို ဖော်ပြနေသည်။
ယန်ချန်ရဲ့အကြည့်ကို သတိထားမိသွားသည့် စုလဲ့နဲ့ကျင်းလုံတို့က ချက်ချင်းပဲ မင်ယုရှန်းထံ အသံပို့လွှတ်ကာ သွေးကြောပျက်စီးနေသည့်ဒဏ်ရာအကြောင်း ပြောရန် တိုက်တွန်းလေသည်။
ထိုစဥ် ယန်ချန်ထံမှ စကားသံတခု ထွက်ပေါ်လာသည်။
“သူမက ဒဏ်ရာရထားတာလား”
မင်ယုရှန်းတယောက် အနည်းငယ်တုန်လှုပ်သွားသော်လည်း ယန်ချန့်အကြောင်းခန့်မှန်းမိထားပြီးဖြစ်၍ အလျင်မြန်ပင် တည်ငြိမ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။
“ကျတော်စမ်းသပ်ကြည့်ပါရစေ”
ယန်ချန်က မင်ယုရှန်း၏ သွေးကြောများအား စစ်ဆေးကြည့်လိုက်သည်။
“ သွေးကြောတွေဆိုးဆိုးဝါးဝါး ပျက်စီးနေတာပဲ ပြီးတော့ သွေးကြောထဲမှာ မကောင်းတဲ့သွေးခဲအချို့လည်း ပိတ်ဆို့နေတယ် ဒီတိုင်းဆက်သွားရင် နှစ်အနည်းငယ်အတွင်း ဒုက္ခိတဖြစ်သွားနိုင်တယ်”
ယန်ချန့်စကားအဆုံးမှာတော့ လေထုက တိတ်ဆိတ်သွားကာ တခဏကြာလျင် ကျင်းလုံက ဦးစွာပြောလာသည်။
“သခင်လေးယန် ရှန်းညီမလေးဒဏ်ရာတွေက…”
စုလဲ လီဖူယွဲ့တို့ကလည်း သိလိုနေပြီး ကုတင်ပေါ်၌ ယင်ယင်အားချော့သိပ်နေသည့် ရှုယင်ရဲ့အကြည့်ကလည်း ယန်ချန်ဆီရောက်လာသည်။
“အင်း.. ဒဏ်ရာကအရမ်းပြင်းတယ် သူမဒီဒဏ်ရာကိုရထားတာ အတော်ကြာပြီ”
ယန်ချန်တယောက် စကားစအားရပ်လိုက်ကာ လက်ဖက်ရည်အနည်းငယ်အား ယူသောက်လိုက်သည်။ ပြီးမှဆက်၍ ပြောလိုက်တော့သည်။
“ခက်ခဲတယ်ဆိုပေမယ့် ကျတော်ကုသပေးနိုင်ပါတယ်”
တခန်းလုံး တိတ်ဆိတ်…။
မင်ယုရှန်း၏ အသက်ရှုသံများက တည်ငြိမ်ရာမှ ပြင်းထန်လာကာ တုန်လှုပ်မှုအား ထိန်းချုပ်မထားနိုင်တော့ပေ။
………………………………………………..