အခန်း (၉၅၅+၉၅၆)
Vol. 67 Ch. 955+956
ကောင်းကင်ဘုံသိုင်းကျမ်း စာစဉ် (၆၇)
Chapter 955
Heavenly God Breakthrough
ကောင်းကင်ဘုံသားတော် အသက်ပြင်းပြင်း ရှိုက်လိုက်သည်နှင့် သူ့အရောင်အဝါ တမဟုတ်ချင်း တိုးလာသည်။
" ယား... "
သူ့အော်သံနှင့်အတူ နဖူးကြောကြီးများလည်း ထောင်လာ၏။
ဝုန်း...
သူ့ကိုယ်မှ ထွက်နေသော ကြောက်မက်ဖွယ်အစွမ်းကြောင့် မြေပြင်ပင် ပြိုကွဲသွားပါသည်။
" ယား.... "
ကောင်းကင်ဘုံသားတော်ထံမှ အော်သံ ဆက်ထွက်လာကာ.. သူ့မျက်လုံးများကလည်း သွေးကဲ့သို့ နီရဲနေပါသည်။
နောက်ဆုံးတွင်ကား..
ဝီ..
သူ့အနောက်ဘက်တွင် ခပ်မှိန်မှိန် အရိပ်တစ်ခု ပေါ်လာ၏။
ထိုအရိပ် ပေါ်လာသည်နှင့် သူ့အရောင်အဝါလည်း ပိုတိုးလာပါသည်။
ဝုန်း...
အားပြင်းလှသော စွမ်းအင်လှိုင်းလုံးကြောင့် လူများ နောက်သို့ လွင့်ထွက်ကုန်ကြ၏။
ထိုသို့ လွင့်ထွက်သွားသူများအားလုံး ဟန်ချက်ပြန်ထိန်းပြီး မတ်တပ်ရပ်နိုင်သည်နှင့် ကောင်းကင်ဘုံသားတော်အား အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
" ဟင်... သခင်လေးရဲ့အစွမ်း ပိုတိုးလာတာလား "
" အဲ့ဒါ အရှုပ်အထွေး ပုံရိပ်ယောင်အစစ်လား.. အစွမ်းက ကြောက်စရာကောင်းလိုက်တာ "
" သခင်လေးက ဒီလောက်တောင် အစွမ်းထက်တာပေါ့ "
လူများစွာပင် ကောင်းကင်ဘုံသားတော်နောက်မှ ခပ်မှိန်မှိန်အရိပ်ကို ကြည့်ရင်း တုန်လှုပ်နေကြပါတော့၏။
ထိုစဥ် ကောင်းကင်ဘုံသားတော်က အသက်ပြင်းပြင်းရှိုက်၍ လှောင်ပြုံးဖြင့်ဆိုသည်။
" ဟမ့်.. မင်းတို့တွေ ကံကောင်းတယ်မှတ်ပါ ။ ငါ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ် အဆင့်တက်လာပြီးကတည်းက လူတွေရှေ့မှာ ထုတ်ပြတာ အခုက ပထမဆုံးပဲ ။ အခု ပြိုင်ဘက်ကင်းအစွမ်းက ဘယ်လိုဆိုတာ မင်းတို့မြင်ရတော့မယ် "
သူ ပြောနေစဥ်မှာပင် အရောင်အဝါ တိုးသွားပြန်ပါသည်။
ဝုန်း...
ထို့နောက်တွင် သူ လက်ဆန့်ထုတ်၍ လူသားတစ်ပိုင်း စိတ်ဝိဥာဥ်အား ဖမ်းဆုပ်လိုက်၏။
" ဝေါင်း... "
၎င်းစိတ်ဝိဥာဥ်မှာလည်း အန္တရာယ်ကို အာရုံခံမိဟန်ဖြင့် ချက်ချင်းရုန်းကန်ပါသည်။
သို့သော်.. ကောင်းကင်ဘုံသားတော်က လက်သီးတစ်ချက်တည်းဖြင့် စိတ်ဝိဥာဥ်၏ ခန္ဓာကိုယ်အား ထိုးဖောက်ပစ်လိုက်ပါ၏။
ဝုန်း...
စိတ်ဝိဥာဥ် ကွဲကြေသွားတော့သည်။
" ဟင်... "
၎င်းကိုမြင်သော လူများ တုန်လှုပ်သွားကြပြန်၏။
" ဟို စိတ်ဝိဥာဥ်ရဲ့ အရောင်အဝါကို ကြည့်ရတာ အနည်းဆုံး မသေမျိုးဘုရင် အဆင့်နှစ်လောက်မှာ ရှိ
တယ် ။ ဒါနဲ့တောင် လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာပဲ "
" အရှုပ်အထွေးခန္ဓာကိုယ်က တကယ်ကို အံ့သြစရာ ကောင်းတာပဲကွာ "
သူတို့ပြောပြီး တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြသည်။
ထိုစဥ်မှာပင်.. ကောင်းကင်ဘုံသားတော်နောက်မှ အရိပ်က ရုတ်တရက်ပျောက်ကွယ်သွားကာ..
သူ့အရောင်အဝါလည်း သိသိသာသာပင် လျော့ကျသွားသည်။
ကောင်းကင်ဘုံသားတော်က ၎င်းကိုကြည့်ပြီး မျက်မှောင်ကြုံ့ရင်း နှာခေါင်းရှုံ့၏ ။
" ဒီလိုအခြေနေကို ဆယ်စက္ကန့်လောက်ပဲ ထိန်းထားနိုင်သေးတာပဲ ဆိုးတာ... "
လူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်.. သူတို့ထဲမှ တစ်ယောက်က ချက်ချင်းထ
ပြောသည်။
" သခင်လေး ၊ ဆယ်စက္ကန့်ဆိုတာ လိုတာထက်တောင် ပိုနေပါသေးတယ် "
" ဟုတ်တယ်ဗျ ။ သုံးစက္ကန့်နဲ့တောင် ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ကိုသတ်ဖို့ လုံလောက်တယ်လေ "
လူအုပ်၏ ချီးကျူးထောပနာစကားများကြောင့် ကောင်းကင်ဘုံသားတော်၏ မျက်နှာကြီး ပြုံးဖြီးသွားတော့သည်။
ထိုစဥ်...
ဝီ..
အစောပိုင်းက ပြိုကွဲသွားခဲ့သော စိတ်ဝိဥာဥ်က ပြန်ကောင်းလာတော့မည့် လက္ခဏာများ ပြလာသည်။
ကောက်းကင်ဘုံသားတော် မျက်မှောင်ကြုံ့သွား၏။
" ဒီကောင်တွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။ တကယ်လို့သာ တခြားတယောက်ဆိုရင် မင်းတို့ကို ကိုင်တွယ်နိုင်မှာ မဟုတ်လောက်ဘူး ။
ဒါပေမယ့်.. ငါ့လို ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်နဲ့တွေ့တာ မင်းတို့တွေ ကံဆိုးတာပဲကွာ "
သူ ပြောပြီး လက်ဆန့်ထုတ်၍ ခန္ဓာကိုယ်ပြန်စုစည်းရန် ပြင်နေသော စိတ်ဝိဥာဥ်အား ဖမ်းဆုပ်လိုက်ပါသည်။
ဝှစ်..
ထိုတခဏ၌. .. သူ့လက်ပေါ်တွင် ကြောက်မက်ဖွယ် မျက်နှာကြီးတစ်ခု ပေါ်လာကာ ၎င်းက စိတ်ဝိဥာဥ်အား ကိုက်လိုက်သည်။
" အား.... "
ကောင်းကင်ဘုံသားတော်ထံမှ နာကျင်နေပုံရသည့် အော်သံကျယ်ကြီး ထွက်လာ၏။
" သခင်လေး... "
၎င်းကိုမြင်သော နောက်လိုက်အပေါင်းအပါများ အလန့်တကြား ဖြစ်ကုန်ကြသည်။
သို့သော်.. သူတို့ထဲမှ ဝတ်ရုံရှည်ဝတ်ဆင်ထားကြသည့် လူသုံးယောက်ကမူ အခြားသူများထက် ပိုတည်ငြိမ်နေပါ၏။
" သခင်လေးက အဲ့ စိတ်ဝိဥာဥ်ရဲ့ခန္ဓာကိုယ်ကို သန့်စင်ပြီးတော့ သူ့ကျင့်ကြံခြင်း အဆင့်တက်အောင် လုပ်နေတာ ။ သူ့ကို သွားမနှောင့်ယှက်ကြနဲ့ "
ဝတ်ရုံရှည်ဝတ် အကြီးအကဲများထဲမှ တစ်ယောက်က ပြောသည်။
" ဟုတ်ကဲ့.. "
ကျန်လူများ ချက်ချင်းငြိမ်သွားကြပါ၏။
ထို ဝတ်ရုံရှည်ဝတ် လူကြီးများမှာ အံ့မခန်းအစွမ်းထက်ကြပြီး ကောင်းကင်ဘုံသားတော်၏ လက်အောက်တွင် ရာထူးကြီးကြီး ရထားသည်ကို သူတို့သိသည် မဟုတ်ပါလား။
သူတို့လေးယောက်လုံး ပေါင်းလျှင်ပင် ထိုလူများအား လွယ်လွယ်ရန်မစရဲပါ ။
ဤသို့ဖြင့် ဆယ့်ငါးမိနစ်ခန့် ကြာပြီးမှ ကောင်းကင်ဘုံသားတော်၏ အော်သံများ ပြန်တိတ်သွားပါသည်။
ထိုအချိန်တွင် သူ့နဖူးပြင်တစ်ခုလုံး ချွေးများရွှဲနေပြီး သူ့မျက်လုံးများကလည်း ယခင်ထက် ပိုနီရဲကာ ရက်စက်ကြမ်းတမ်းပုံ ပေါ်နေပါသည်။
သူ့အသွင်မှာ အသက်လုပြီး တိုက်ပွဲဝင်ခဲ့ရသူလို...
သို့သော် မကြာခင်တွင် သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာပါသည်။
" ဟား ဟား.. နောက်ဆုံးတော့ ပိုပြီး အစွမ်းထက်လာခဲ့ပြီ ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ရော ၊ အရှုပ်အထွေးခန္ဓာကိုယ်ရော တိုးတက်လာတာပဲ "
ကောင်းကင်ဘုံသားတော် ပြောပြီး အသံကျယ်ဖြင့် အော်ရယ်သည်။
ဝုန်း...
စကားဆုံးချိန်မှာပင် သူ့အရောင်အဝါလည်း ရုတ်ချည်းတိုးလာ၏။.
၎င်းကိုမြင်သော သူ့နောက်မှ လူငယ်လေးယောက်၏ မျက်နှာထားများ ပြောင်းသွားကြပြန်သည်။
ကောင်းကင်ဘုံသားတော်က အမှန်တကယ် အစွမ်းတိုးလာသည်ကို သူတို့ ခံစား၍ရနေပါသည်။
ထို့ကြောင့်လည်း သူတို့ အလွန်အံ့သြနေပါ၏။
ကောင်းကင်ဘုံသားတော်မှာ အစောတည်းက မသေမျိုးဘုရင်အဆင့်သို့ ရောက်ထားပြီးသားပင် ။
ပုံမှန်ဆိုပါက လူတစ်ယောက်သည် ထိုအဆင့်သို့ ရောက်ပြီးသည်နှင့် နောက်ထပ် ကျင့်ကြံခြင်းအဆင့်တက်ရန် အလွန်ခက်ခဲလှပါ၏။
ထိုသို့ အဆင့်တက်ရန်လည်း အချိန်ကြာကြာ လိုအပ်သလို ထူးခြားသည့် အခွင့်ကောင်းမျိုးလည်း လိုပါသည်။
အချို့သော မသေမျိုးဘုရင်များဆိုလျှင် မသေမျိုးဘုရင်အဆင့်တစ်သို့ ရောက်ပြီးသည်နှင့် နောက်ထပ် အဆင့်နှစ်သို့ မတက်နိုင်ဘဲ ဘဝဆုံးသွားရသည်ပင် ရှိပါ၏။.
သို့သော် ကောင်းကင်ဘုံသားတော်ကမူ ဆယ့်ငါးမိနစ်ခန့် အချိန်လေးအတွင်း ကျင့်ကြံခြင်း အဆင့်တက်သွားခဲ့သည် မဟုတ်ပါလား ။
၎င်းမှာ အံ့ဖွယ်ဖြစ်စဥ်တစ်ခုလိုပါပင်...
" ကောင်းတယ်ကွာ.. သိပ်ကောင်းတယ် ။ စိတ်ဝိဥာဥ်သချ်ိုင်းမြေက ငါ့အတွက် ကံကောင်းခြင်းပဲ ။ ဒီနေ့တော့ ဒီနေရာမှာပဲ မသေမျိုးဘုရင်အဆင့် ထိပ်ဆုံးကိုရောက်အောင် လုပ်မယ်ကွာ ။ ပြီးသွားလို့ ဟို နတ်ဘုရားလက်နက်ကိုပါ ကျွမ်းကျင်သွားရင် ငါ တတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် ဖြစ်လာတော့မှာ "
ကောင်းကင်ဘုံသားတော် ပြောကာ အေယ်ရယ်နေပြန်သည်။
အရှုပ်အထွေးမသေမျိုးဧကရာဇ်...
ထိုစကားကိုကြားသည်နှင့် နောက်မှ လူငယ်များအားလုံး အံ့သြတုန်လှုပ်သွားပြန်ကာ စိတ်လှုပ်ရှားမှုတို့ ဖုံးမနိုင် ဖြစ်သွားကြသည်။
သို့သော် ဝတ်ရုံရှည်ဝတ် လူကြီးသုံးယောက်ကမူ သိသိသာသာပင် တည်ငြိမ်နေကြပါသည်။
အခြားတဖက်ရှိ အပျက်အစီးများကြားတွင် ပုန်းနေသော ယွဲ့လီမှာလည်း မျက်နှာပျက်နေပါ၏။
" ကောင်းကင်ဘုံသားတော်က အဲ့လောက် အစွမ်းထက်နေပြီလား.. "
သူမ အသံလေးလည်း တုန်နေရှာသည်။
သူမအသွင်မှာလည်း ကူကယ်ရာမဲ့ ဖြစ်နေသယောင်..
ထိုစဥ် လုံယီရွှယ်က အထင်သေးသည့် မျက်နှာထားဖြင့် ပြော၏။.
" ဒါကိုများ အစွမ်းထက်တယ် တဲ့လား "
ယွဲ့လီ အံအားသင့်သွားကာ သူမဘက်လှည့်၍
ပြောသည်။.
" အဲ့ဒါ အစွမ်းထက်တာ မဟုတ်ဘူးလား ။ စောနက ပေါ်လာခဲ့တဲ့ အရှုပ်အထွေး ပုံရိပ်ယောင်ဆို ပိုတောင်ဆိုးသေး... ကြည့်ရတာ မသေမျိုးဘုရင်အဆင့် အစွမ်းမျိုးတောင် မဟုတ်တော့ဘူးနဲ့တူတယ် "
လုံယီရွှယ်က သူမအား မျက်စောင်းဖြင့် ပြန်ကြည့်သည်။
" နင်က ဘာမှမသိလို့သာ အဲ့လိုတွေးတာ "
" ဟင်.. "
ယွဲ့လီ နားမလည်နိုင် ဖြစ်သွားသည်။
လုံယီရွှယ်က လက်နောက်ပစ်၍ အထင်သေးသည့် မျက်နှာထားဖြင့်ပင် ဆက်ပြော၏။
" အကိုလောထျန်းကို ထည့်မပြောနဲ့ဦး ၊ လောရုံတောင်မှ သူ့ရဲ့ ပုံရိပ်ယောင်ကို ထုတ်တဲ့အခါ အဲ့လိုမအော်ရဘူး ။ အခုတော့ ဟိုကောင့်ပုံက ဝမ်းချုပ်လို့အော်နေသလိုပဲ ။ ပြီးတော့ အဲ့လောက်အကြာကြီး အော်ရတာတောင် ပုံရိပ်ယောင်က ဆယ်စက္ကန့်ပဲ ခံတာ ။ မြင်ရတာ ရှက်စရာတောင်ကောင်းသေးတယ် "
" ဘယ်... ဘယ်လို... "
ယွဲ့လီမှာ လုံယီရွှယ် ပြောနေသည့်စကားကို နားမလည်ဘဲ အနည်းငယ် ခေါင်းရှုပ်သွားသည်။
ထိုစဥ်မှာပင်.. ကောက်းကင်ဘုံသားတော်နောက်၌ ရှိနေသော လူငယ်များထဲမှတစ်ယောက်၏ အဆောင်ကျောက်ပြားက အရောင်လက်လာသည်။
လူငယ်က ထိုကျောက်ပြားကို ယူကြည့်ပြီးသည်နှင့် မျက်မှောင်ကြုံ့သွား၏။
" ဟင်.. ဘာဖြစ်လို့လဲ "
ကောင်းကင်ဘုံသားတော်က သူ့ကို တစ်ချက်လှမ်းကြည့်ကာ အေးစက်စက်မေးသည်။
လူငယ်က ချက်ချင်း နှစ်ဝါးနှစ်ဖက်စု၍ တရိုတသေ ပြန်ပြောရှာသည်။
" ဒီလိုပါသခင်လေး.. အခုသတင်းပို့လိုက်တာ ယင်ရှီမင်ပါ ။ သူ အသတ်မခံရခင်လေးတင်မှာ ပို့လိုက်တာပါ "
ကောင်းကင်ဘုံသားတော် မျက်ခုံးပင့်သွား၏။
" ဟို မဟူရာနဂါးခုံရုံးရဲ့ နတ်ဘုရားသားတော်လား ။ သူက ငါ့ရဲ့ သစ္စာခံအဖြစ် ကျိန်ဆိုပြီးသားလေ ။ ဘယ်အကန်းက သူ့ကိုသတ်လိုက်တာလဲ "
တဖက်လူငယ် ချက်ချင်း ခေါင်းငုံ့သွားပြီး ပြန်ဖြေ၏။
" လောထျန်း ပါ.. "
" လောထျန်း.. ဟုတ်လား "
ကောင်းကင်ဘုံသားတော်၏ မျက်လုံးများ ချက်ချင်းအေးစက်သွားသည်။
" မင်းပြောတဲ့ လောထျန်းဆိုတာ ဟိုလောထျန်းလား ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွ "
သူ ဒေါသတကြီး အော်လိုက်သည်။
လောထျန်း၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဘုံအဆင့်တွင်သာ ရှိသေးသည်ကို သူ့မျက်လုံးဖြင့် ကိုယ်တိုင်မြင်ခဲ့ရသည် မဟုတ်ပါလား ။
ထိုသို့သော လူတစ်ယောက်ကို သူ့လက်ဖြင့် ကိုယ်တိုင်သတ်ရန်ပင် ရှက်စရာကောင်းလှပါသည်။
ယခု ထိုကောင်က.. ယင်ရှီမင်ကို ဘယ်လို သတ်နိုင်ပါသလဲ..
Chapter 956
Immortal Tempering Pool
" ယင်ရှီမင် သတင်းပို့တဲ့ထဲမှာတော့ အဲ့လိုပဲ ပြောထားတာဗျ ။ သူပြောတာ.. လောထျန်းက သူ့အစွမ်းကို ဖုံးကွယ်ထားတယ်နဲ့တူတယ်တဲ့ ။ဒီကောင်က အဆင့်မြင့် အရှုပ်အထွေးကျောက်ရိုင်းတွေကိုတောင် တူးသွားသေးတယ်လို့ပြောတယ် ။ ဒါပေမယ့် သတင်းပို့တာက အဲ့နားမှာကြီး ရုတ်တရက်ရပ်သွားတာ ။ ကြည့်ရတာ အဲ့ချိန်မှာ ယင်ရှီမင် အသတ်ခံလိုက်ရတယ်နဲ့တူတယ် "
လူငယ်က လေသံတိုးတိုးဖြင့် ပြန်ပြောသည်။
ကောင်းကင်ဘုံသားတော် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" ကောင်းပြီ ၊ ငါ နားလည်ပြီ "
" ဟင်.. သခင်လေး ဘာကိုနားလည်သွားတာလဲဗျ "
လူတစ်ယောက်က မေး၏။
ကောင်းကင်ဘုံသားတော်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" ဟို လောထျန်းဆိုတဲ့ကောင်က အရှုပ်အထွေး နတ်ဘုရားမြို့တော် အပြင်ဘက်မှာ ငါ့လက်ချက်နဲ့ သေရမှာကြောက်လို့ သူ့ကျင့်ကြံခြင်းအဆင့်ကို တမင်ဖုံးကွယ်ပြီးတော့ နတ်ဘုရားမြို့တော်ထဲ ဝင်လာတာပဲပေါ့ကွာ "
" ဒီကောင့်အတွေးကို ငါ နားလည်ပြီ ။ ဒီကောင်က ငါနဲ့မယှဥ်နိုင်မှန်း သူ့ကိုယ်သူသိလို့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲ ဝင်ပြီးမှ အရှုပ်အထွေးခန္ဓာကိုယ် ရအောင်လုပ်ပြီး ငါနဲ့တိုက်မယ်လို့ စဥ်းစားထားတာ "
" ဒါပေမယ့်.. ဒီကောင် တော်တော် အ သေးတာပဲ။ သူ့ကိုယ်သူများ အရှုပ်အထွေးခန္ဓာကိုယ် ရမယ်ထင်နေတာ ။ သူ အရှုပ်အထွေးကျောက်ရိုင်းတွေ ရသွားခဲ့ရင်တောင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်တဲ့ အခွင့်ကောင်းနဲ့ ပါရမီမျိုးမရှိဘဲ ဘာအရှုပ်အထွေးခန္ဓာကိုယ်မှ မရနိုင်ဘူး "
သူ့စကားဆုံးသောအခါ အားလုံး ဦးညွှတ်၍ဆိုလိုက်ကြသည်။
" သခင်လေးက တကယ်ကို ဉာဏ်ပညာကြီးလှပါတယ် "
ကောင်းကင်ဘုံသားတော်က အေးစက်စက် နှာခေါင်းရှုံ့၏ ။
" သူ ဘယ်လောက်ပဲ အကြံကြီးပါစေ.. နောက်ဆုံးတော့ အဆုံးသတ်က တူတူပါပဲ ။ အခု ဒီကောင်ဘယ်မှာလဲ "
တဖက်လူငယ်က ပြန်ဖြေမည့်ပုံ ပြင်လိုက်သည်။
သို့သော် ထိုစဥ်တွင် ဘေးနားမှ ဝတ်ရုံရှည်ဝတ် လူကြီးတစ်ယောက်က တီးတိုးပြော၏။
" သခင်လေး.. "
" ဟင်.. ဘာလဲ "
ကောင်းကင်ဘုံသားတော်က ထိုလူကြီးအား စားမတတ်ဝါးမတတ် မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။
ဝတ်ရုံရှည်ဝတ် လူကြီး လန့်သွားပုံပေါ်ကာ ခေါင်းငုံ့၍ ပြန်ပြောသည်။
" သခင်လေး ၊ အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်တဲ့အချိန်က အကန့်အသတ် ရှိတယ်လေ ။ လက်ရှိ
သခင်လေးအတွက် အရေးအကြီးဆုံးက ကျင့်ကြံခြင်းအဆင့် တက်အောင်လုပ်ပြီး နတ်ဘုရားလက်နက်ကို ရအောင်လုပ်ဖို့ပါ ။ ဟိုကောင့်လို ဘာမဟုတ်တဲ့ သူတစ်ယောက်အတွက် အချိန်ဖြုန်းဖို့ မထိုက်တန်ပါဘူးဗျာ "
သူ့အသံမှာ တိုးလွန်း၍ မကြားရသလောက်နီးပါးပင် ။
ကောက်းကင်ဘုံသားတော်က ရက်စက်ကြမ်းတမ်းလှပေရာ သူ ကြောက်နေသည်မှာ မဆန်းချေ။
ကောင်းကင်ဘုံသားတော် ဒေါသထွက်သွားလျှင် သူ့ကို တိုက်ခိုက်လာနိုင်ပါ၏။
ကောင်းကင်ဘုံသားတော်က အချိန်အတန်ကြာ တိတ်နေပြီးမှ တစ်လုံးချင်းပြောသည်။
" မင်းပြောတာ တစ်ခုတော့မှန်တယ် ။ လောထျန်းက သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတယ်ဆိုရင်တောင် ငါနဲ့ယှဥ်ရင် ဘာမှမဟုတ်တဲ့ကောင်ပဲ ။ အဲ့လိုကောင်အတွက်နဲ့ ငါ့အချိန်ကို ဖြုန်းနေစရာအကြောင်းမရှိဘူး "
ထိုစကားကိုကြားမှ ဝတ်ရုံရှည်ဝတ်လူကြီး သက်ပြင်းချနိုင်သွားသည်။
ထို့နောက်တွင် ကောင်းကင်ဘုံသားတော်က လူငယ်လေးယောက်ဘက် ရုတ်တရက်လှည့်၍ ဆိုသည်။
" မင်းတို့လေးယောက်က လောထျန်းကို သွားသတ်ကြ။ ပြီးရင် သူ့ရဲ့ အရှုပ်အထွေးကျောက်ရိုင်းတွေကို ငါ့ဆီပြန်ယူလာခဲ့ "
" ဟုတ်ကဲ့ပါ သခင်လေး "
လူငယ်လေးယောက်လုံး ဒူးတစ်ဖက်ထောက်၍ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
" သွားကြတော့.. "
ထို့နောက်တွင် သူတို့လေးယောက်လုံး အလျင်အမြန် ထွက်ခွာသွားကြသည်။
ထို့နောက်တွင်.. ကောင်းကင်ဘုံသားတော်က နောက်သို့ ရုတ်တရက်လှည့်ကာ နောက်ထပ် စိတ်ဝိဥာဥ်တစ်ကောင်အား လက်ဝါးကြီးဖြင့် ရိုက်လိုက်
သည်။
ဝုန်း...
သူတို့ကြားမှတိုက်ပွဲ ပြန်စလေပြီ ။
တဖက်ရှိ.. အပျက်အစီးများကြား ပုန်းနေသော ယွဲ့လီ၏ မျက်နှာလေး သွေးဆုတ်ဖြူရော်သွားတော့၏။
" သူ ပြောနေတဲ့ နတ်ဘုရားလက်နက်ဆိုတာ ဘာလဲမသိဘူး "
သူမ အတွေးနက်သွားသည်။
ထိုစဥ်.. အရှုပ်အထွေးနတ်ဘုရားမြို့တော် အခြားတဖက်၌ ...
ရေအိုင်တစ်ခုရှေ့တွင် လောထျန်းတစ်ယောက် လက်နောက်ပစ်ရပ်နေ၏။
သူ့နောက်မှ စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးမှာလည်း တလေးတစားမျက်နှာထားဖြင့် ရပ်လျက်...
" သခင်ကြီး ၊ ဒီ မသေမျိုးပြောင်းလဲရေကန်က အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ ရှိတဲ့ နောက်ထပ် ထိပ်တန်းအခွင့်ကောင်းကြီး တစ်ခုပဲဗျ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက သတိထား၍ ဆိုလိုက်သည်။
လောထျန်း အံ့အားသင့်သွားကာ ပြန်မေးလိုက်၏။
" မသေမျိုးပြောင်းလဲရေကန်.. အဲ့ဒါ ဘာအတွက်သုံးတာလဲ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ချက်ချင်းရှင်းပြသည်။
" ဒီရေကန်ထဲမှာရှိတဲ့ ရေကို ရွှမ်ရှင်းရေစင်လို့ ခေါ်တယ်ဗျ ။ အင်မတန်ရှားတဲ့ မသေမျိုးရေစင် တစ်မျိုးပေါ့ဗျာ ။ ပြီးတော့ ဒီရေကန်ထဲမှာ အရှုပ်အထွေးအစွမ်းတွေလဲ ပါနေသေးတာမို့ ထူးခြားခန္ဓာကိုယ်ကို အစွမ်းပိုတိုးစေနိုင်တယ် "
" ဟုတ်လား ၊ ဘယ်လိုတိုးစေတာလဲ "
လောထျန်း စိတ်ဝင်စားသွားသည်။
သူ့အရှုပ်အထွေးခန္ဓာကိုယ် အဆင့်မတက်သည်မှာ ရက်ပေါင်းများစွာ ကြာသွားခဲ့ပြီ မဟုတ်ပါလား။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ပြန်ပြော၏။
" အဲ့ရေကန်ထဲကို ဝင်လိုက်တာနဲ့... သခင်ကြီး... "
သို့သော် သူ့စကား မဆုံးခင်မှာပင် လောထျန်းက ရေအိုင်ထဲသို့ ဝင်လိုက်လေပြီ ။
" ခဏနေပါဦး.. "
သူ တားရန်ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပါ၏။
" သခင်ကြီး ၊ မြန်မြန်ပြန်ထွက်လာခဲ့ပါ ။ မသေမျိုးပြောင်းလဲရေကန်ထဲကို တိုက်ရိုက်ကြီးဝင်သွားရင် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားလိမ့်မယ် "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး အလန့်တကြားပြောသည်။
သို့သော် လောထျန်းတစ်ယောက်မှာ ရေကန်ထဲသို့ပင် ရောက်ပြီးနေလေပြီ ။
ထို့နောက်တွင်ကား လောထျန်းက ဘာဒဏ်ရာအနာတရမှ မဖြစ်ဘဲ ရေအိုင်ထဲ အေးအေးဆေးဆေး ကူးခတ်နေသည်ကို သူ တွေ့လိုက်ရပါ၏။
ထိုမြင်ကွင်းကြောင့် စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး လန့်သွားရသည်။
အမှန်မှာ ထိုသို့ လုံးဝမဖြစ်သင့်ပါချေ။ သူ ထိုရေအိုင်ထဲ ဝင်ခဲ့စဥ်ကဆိုလျှင် ရေနှင့် ခဏတာလေး ထိမိသည်နှင့် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ပါ၏။
သို့သော် လောထျန်းက အဘယ့်ကြောင့် အေးအေးလူလူ ဖြစ်နေရပါသနည်း။
ထိုစဥ် လောထျန်း ရုတ်တရက် မျက်မှောင်ကြုံ့သွားသည်။
" ဟူး... ဘာမှလဲ အသုံးမဝင်ပါလား "
သူ့စကားကိုကြားသော စိတ်ဝိဥာဥ်သချ်ိုင်း
တောင်ကြားသခင်ကြီး မျက်နှာထားပြောင်းသွားကာ ပြန်ပြောရန်ပြင်လိုက်သည်။
ထိုစဥ် လောထျန်းက အေးစက်စက် ဆက်ပြောလာ၏။
" မင်း ငါ့ကို လိမ်နေတာလား "
" ဟင်.. ကျုပ် မလိမ်ဝံ့ပါဘူး သခင်ကြီးရယ် "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး တုန်တုန်ယင်ယင် ပြောလိုက်သည်။
လောထျန်းက လေသံမာမာဖြင့် ထပ်ပြော၏။
" မင်းပြောတော့ ဒီရေကန်က ထူးခြားခန္ဓာကိုယ်ကို တိုးတက်စေတယ်ဆို.. အခု ငါ့ရဲ့ ထူးခြားခန္ဓာကိုယ်က ဘာမှလဲ တိုးတက်မလာပါလား "
" ဟင်.. ဘာတိုးတက်မှုမှ မရှိဘူးလား ။ အဲ့လို မဖြစ်နိုင်ဘူးလေ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး အလန့်တကြား ဆိုလိုက်သည်။
သူ ထိုသို့ သံသယဝင်နေစဥ်မှာပင်...
ဝုန်း...
ခပ်လှမ်းလှမ်းမှ အသံတစ်သံ ရုတ်တရက်ထွက်လာ၏။
" ဟား ဟား... မသေမျိုးပြောင်းလဲရေကန်ပဲ ။ ငါ ပထမဆုံး တွေ့တာနဲ့တူတယ် "
လူတစ်ယောက်၏ ရယ်သံကျယ်ကြီးလည်း ထွက်လာသည်။
သို့သော်.. အရင်ရောက်နှင့်နေသော လောထျန်းတို့လူစုကို မြင်သွားသဖြင့် ထိုလူ၏ ရယ်သံကျယ်ကြီး ရုတ်တရက်ရပ်သွား၏။
" တောက်စ်.. ငါ့ထက်အရင်ရောက်တဲ့သူ ရှိနေတာပဲ "
သူ ပြောပြီး မသေမျိုးပြောင်းလဲရေကန်ရှေ့သို့ ဆင်းသက်ကာ လောထျန်းကို ကြည့်လိုက်သည်။ ထို့နောက် တအံ့တသြ ဆို၏။
" ဟင်... မင်းက.. လောထျန်း.... "
လောထျန်းက ထိုလူကိုပြန်ကြည့်ကာ မေး၏။
" မင်းက ငါ့ကို သိနေတာလား "
တဖက်လူက ရယ်ရင်းပြန်ပြောသည်။
" ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ မင်းကိုမသိတဲ့သူ ရှိပါ့မလားကွ။ မင်းက ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို လာခဲ့တာလေ ။ အခုလက်ရှိ နတ်ဘုရားမြို့တော်ထဲမှာလဲ မင်းက အစွမ်းအနိမ့်ဆုံးပဲ ဖြစ်မှာ ။ မဟုတ်သေးဘူး ... ဟိုးရှေးခေတ်တည်းက စရင်တောင် မင်းက အစွမ်းအနိမ့်ဆုံးပဲ "
ထိုစဥ် သူ ပြောလက်စကို ခဏရပ်ကာ လက်ယမ်းပြ၍ ပြောသည်။
" မင်း ဘာမှ စိုးရိမ်စရာ မလိုဘူးနော် ။ ငါက မသေမျိုးသခင်ကြီးအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတော့ မင်းလို အစွမ်းနိမ့်တဲ့သူကို လက်နဲ့ထိဖို့တောင် စိတ်မဝင်စားပါဘူးကွာ ။ ဒါပေမယ့် ရေအိုင်ထဲက မြန်မြန်ထွက်ဖို့တော့ မင်းကို ငါ အကြံပေးချင်တယ် "
လောထျန်းက သူ့ကိုကြည့်၍ ပြန်မေးသည်။
" ဘာဖြစ်လို့လဲ "
လူကြီးက ရယ်သည်။
" ဘာလို့လဲဆိုတော့ အခု ငါ မသေမျိုးပြောင်းလဲရေကန်ထဲကိုဝင်ပြီး ကျင့်ကြံတော့မှာမို့လို့ပဲ။ ငါက မင်းကို အရင်တိုက်ခိုက်မှာမဟုတ်ဘူး ဆိုပေမယ့် ငါ့အစွမ်းက ကြီးလွန်းတယ်ကွ။ ပြီးတော့ ကျင့်ကြံနေတဲ့အချိန်မှာ ငါ့ရဲ့ ခန္ဓာကိုယ်သာ ပိုအစွမ်းထက်လာရင် အဲ့ကနေ တန်ပြန်ထွက်လာတဲ့ အစွမ်းနည်းနည်းလေးကတောင် မင်းကို ဒဏ်ရာအပြင်းထန် ရသွားစေလိမ့်မယ်။ အဲ့တော့ မင်း ရေကန်ထဲက မြန်မြန်ထွက်တာကောင်းမယ်ကွ"
ထိုစဥ် ဘေးနားတွင်ရှိနေသော စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြားသခင်ကြီး မျက်နှာမဲ့သွားသည်။
တန်ပြန်ထွက်လာသည့် အစွမ်းက လောထျန်းကို ဒဏ်ရာရသွားစေမယ်တဲ့လား...
ထိုကောင် ရူးနေပါသလား...
လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောပါသည်။
" ကျုပ်ကတော့ ခင်ဗျား လက်လျှော့လိုက်သင့်တယ်
လို့ ထင်တယ် "
" ဟင်.. မင်းပြောတာ ဘာအဓိပ္ပါယ်လဲ "
တဖက်လူကြီး မျက်မှောင်ကြုံ့သွားသည်။
လောထျန်း သက်ပြင်းချ၏။
" ဒီ မသေမျိုးပြောင်းလဲရေကန်က အပြောသက်သက်ပဲရှိတာ ။ ထူးခြားခန္ဓာကိုယ်ကို တကယ် မတိုးတက်စေဘူး "
" မင်း ဘယ်လိုပြောလိုက်တာ.. "
တဖက်လူကြီး မှင်သက်သွားသည်။
လောထျန်းက ရေကူးနေရင်း ပြန်ပြော၏။
" ကြည့်လေ.. ကျုပ် ဒီထဲမှာ ရေကူးနေတာဖြင့် ကြာလှပြီ ။ ကျုပ်ရဲ့ ထူးခြားခန္ဓာကိုယ် တိုးတက်လာတာကိုလဲ နည်းနည်းလေးမှ မခံစားမိဘူး "
" ဘယ်လို... "
တဖက်လူ မှင်သက်သွားရှာသည်။
သို့သော် တခဏအကြာမှာပင် သူ ရယ်ရင်းပြန်ပြော
ပါ၏။
" မင်းလို ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းပဲ ရှိတဲ့သူက မတိုးတက်တာ ဘာဆန်းလို့လဲကွာ ။ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲက အခွင့်ကောင်းတွေက မင်းလိုမျိုး ကျင့်ကြံခြင်းအဆင့် နိမ့်တဲ့သူတွေအတွက် ပြင်ဆင်ထားတာ မဟုတ်ဘူးကွ။ ဒါပေမယ့် ငါကတော့ မင်းလိုမဟုတ်ဘူးလေ ။ ငါ့လို အဆင့်မျိုးနဲ့ အစွမ်းထက်တဲ့ သူတစ်ယောက်က မသေမျိုးပြောင်းလဲရေကန်ရဲ့ အကျိုးကို ကောင်းကောင်းကြီး ခံစားရမှာပဲ ။ မင်းက မသေမျိုးအဆင့်တောင် မရောက်သေးလို့ ဘာမှမထူးခြားတာ "
လောထျန်း စိတ်ဝင်တစား ပြန်မေးလိုက်သည်။
" အဲ့လိုလား... "