← Chapters

အခန်း (၉၆၁+၉၆၂)

Vol. 67 Ch. 961+962

အခန်း (၉၆၁+၉၆၂)

Vol. 67 Ch. 961+962

Chapter 961

Chaos immortal emperor

လောထျန်းက အိုးတို့အမ်းတမ်း ပြန်ပြောသည်။

" ကျုပ်က တကယ်လဲ ကောင်းကင်ဘုံအဆင့်မှာပါ ။ ဒါပေမယ့် ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်းထူးခြားတယ် "

စိတ်ဝိဥာဥ်လှိုင်းလုံး ခေတ္တမျှ ပြန်ငြိမ်သွားသည်။

တစ်ခုခုက သူ့အား စစ်ဆေးကြည့်နေသလိုလည်း လောထျန်း ခံစားလိုက်ရ၏။

စိတ်ဝိဥာဥ်လှိုင်းလုံးက သူ့ကို စစ်ဆေးကြည့်နေသည်မှာ သိသာပါသည်။

ထို့နောက်တွင် စိတ်ဝိဥာဥ်လှိုင်းလုံးက အံ့အားသင့်နေပုံဖြင့် ရုတ်တရက်ပြောလာ၏။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. မင်းက တကယ်လဲ ကောင်းကင်ဘုံအဆင့်မှာပဲ ရှိသေးတယ် ။ မင်းဆီမှာ မသေမျိုးစွမ်းအင်တောင် မရှိသေးဘူး "

" ဒါပေမယ့် မင်းရဲ့ ခန္ဓာကိုယ်က အရှုပ်အထွေးခန္ဓာကိုယ်ပဲ ။ ပြီးတော့ လုံးဝ ထိပ်ဆုံးအဆင့်နားလေးကို ရောက်နေပြီ ။ မင်း ဒီလောက်ထိ ခံနိုင်ရည်ရှိနေတာ မထူးဆန်းတော့ပါဘူးကွာ ။ ဟား ဟား.. ဒီနေ့ခေတ် အပေါ်ကမ္ဘာမှာ အရှုပ်အထွေးခန္ဓာကိုယ် တကယ်ကြီး ပေါ်လာခဲ့တာပဲ "

သူ အလွန်စိတ်လှုပ်ရှားနေဟန် တူပါ၏။

လောထျန်း မျက်မှောင်ကြုံ့ကာ ပြန်မေးလိုက်သည်။

" သခင်ကြီးက ဘယ်သူလဲ "

စိတ်ဝိဥာဥ်လှိုင်းလုံးက ချက်ချင်းပြန်ဖြေ၏။

" ငါဘယ်သူလဲဆိုတာ တကယ်ကိုမသိတော့ဘူးကွ ။ ထားပါလေ.. မင်းကိုယ်တိုင်လာကြည့်ရင် နားလည်သွားပါလိမ့်မယ် "

သူ့စကားက ဘာအဓိပ္ပါယ်မှန်း မသိသဖြင့် လောထျန်း ခေါင်းပိုရှုပ်သွားရသည်။

စိတ်ဝိဥာဥ်လှိုင်းလုံးက စကားဆက်၏။

" ငါက အခုမင်းရှိတဲ့နေရာနဲ့ မိုင်တစ်ရာလောက်ပဲ

ဝေးတာကွ ။ ရှေ့ကိုသာ ဆက်တိုးသွား.. ငါမင်းကို လမ်းပြပေးမယ် ။ ဒါပေမယ့် သတိတော့ထားနော် ၊ မင်းရဲ့ စိတ်စွမ်းအင်တွေ အပြင်မထွက်စေနဲ့ ။ မဟုတ်ရင် ဟိုကောင်တွေ သတိထားမိသွားပြီး မင်း သေချာပေါက် သေရလိမ့်မယ် "

" အဲ့လောက်တောင် ကြောက်စရာကောင်းတာလား "

လောထျန်း အနည်းငယ် အံ့အားသင့်သွားသလို စိတ်ထဲတွင်လည်း သံသယအချို့ ဖြစ်သွားသည့်တိုင် တဖက်လူ ပြောသည့်အတိုင်း သေချာလိုက်လုပ်၍ အောက်သို့ ဆက်သွားလိုက်ပါသည်။

လမ်းတလျှောက်တွင်လည်း ကျောက်နံရံတွင် အစိုက်ခံထားရသည့် အလောင်းများစွာကို သူ တွေ့ခဲ့ရပါ၏။

ထိုအလောင်းများထဲတွင် လူသားအလောင်းများ ပါသလို ၊ နတ်ဆိုးအလောင်းများလည်း များစွာပါပြီး နတ်ဘုရားသားရဲ အလောင်းများလည်း များစွာပင် ပါပါသည်။

ထိုသူများမှာ အလွန်အစွမ်းထက်ကြသူများ

ဖြစ်ကြောင်း သံသယဝင်စရာ မလိုလှပါ ။

ထို့ကြောင့်လည်း သူတို့၏ ခန္ဓာကိုယ်များက ယခုထက်ထိ လုံးဝ ပျက်စီးမသွားသေးခြင်းပင် ။

" အဲ့လူတွေအားလုံးက အနည်းဆုံး မသေမျိုးဧကရာဇ်အဆင့်မှာ ရှိကြတဲ့သူတွေချည်းပဲ ။ ဒါနဲ့တောင် သူတို့အားလုံး အသတ်ခံရပြီး သူတို့ရဲ့ ကျင့်ကြံခြင်းတွေလဲ ပျောက်ကွယ်သွားခဲ့ရတယ် "

စိတ်ဝိဥာဥ်လှိုင်းလုံးက လောထျန်းအား ရှင်းပြသည်။

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" သူတို့တွေက ဘာလို့ဒီလိုဖြစ်နေကြတာလဲ ။ တကယ်ဆို မသေမျိုးဧကရာဇ်တွေက ကျင့်ကြံခြင်းကမ္ဘာရဲ့ ထိပ်ဆုံးမှာရှိကြတာ မဟုတ်ဘူးလား "

စိတ်ဝိဥာဥ်လှိုင်းလုံးက သက်ပြင်းချသည်။

" မသေမျိုးဧကရာဇ်ဆိုတာ အပေါ်ကမ္ဘာရဲ့ ထိပ်ဆုံးအဆင့်လောက်မှာပဲ ရှိတာကွ။ အပေါ်ကမ္ဘာရဲ့ အပြင်ဘက်ကမ္ဘာတွေမှာတော့ အဲ့လိုမဟုတ်​ဘူးလေ "

" အပေါ်ကမ္ဘာရဲ့ အပြင်ကမ္ဘာ.. ဟုတ်လား "

လောထျန်း စိတ်ဝင်တစား ထပ်မေးလိုက်သည်။

စိတ်ဝိဥာဥ်လှိုင်းလုံးက ရှင်းပြသည်။

" ဥပမာပြောရရင် .. နတ်ဘုရားတောအုပ်နဲ့ ကောင်းကင်ဘုံကန္တာရ လိုပေါ့ကွာ "

ထိုနာမည်နှစ်ခုကို သူ ကြားဖူးထားသဖြင့် လောထျန်း အံ့အားသင့်သွားပါသည်။

အထူးသဖြင့် ရှန့်ဟွမ်ဟုခေါ်သည့် ကောင်းကင်ဘုံကန္တာရပါပင် ။ သူလက်ရှိ နေထိုင်နေသည့် ထျန့်ကျီတောင်တန်းက ရှန့်ဟွမ်နှင့် ပတ်သက်ဆက်နွယ်မှု ကြီးသည်မဟုတ်ပါလား ။

ထို့ကြောင့်လည်း သူ ပိုစိတ်ဝင်စားသွား၏။

" သခင်ကြီး ၊ အဲ့နေရာနှစ်ခုက ဘယ်လိုမျိုးလဲ "

လောထျန်း မေးလိုက်သည်။

စိတ်ဝိဥာဥ်လှိုင်းလုံးက အချိန်အတန်ကြာ တိတ်နေပြီးမှ ပြန်ပြော၏။

" ငါလဲ မသိဘူးကွ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" မသိဘူး ဟုတ်လား "

စိတ်ဝိဥာဥ်လှိုင်းလုံး စကားဆက်၏။.

" ငါ တကယ်ကိုမသိတာကွ။ အဲ့နေရာနှစ်ခုက လျှို့ဝှက်ဆန်းကြယ်ဆန်လွန်းတယ်။ သူတို့နဲ့ နှစ်တွေအကြာကြီး တိုက်ခိုက်ခဲ့တဲ့ ငါတောင်မှ သူတို့ရဲ့နောက်ခံ ဘယ်လိုရှိတယ်ဆိုတာ မသိဘူး ။ သေချာတာတစ်ခုကတော့ သူတို့တွေဟာ ပျောက်ကွယ်သွားခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားတွေနဲ့ ပတ်သက်နေတယ် ဆိုတာပဲ "

" ရှေးဟောင်းနတ်ဘုရားတွေဆိုတာ တကယ်ကြီး ရှိတာလား "

လောထျန်း ထပ်မေးလိုက်သည်။

တဖက်လူ ပြန်ဖြေ၏။.

" ရှိတာပေါ့ကွ။ မင်းခုနကပြောခဲ့တဲ့ ပြန်အသက်သွင်းခြင်းသခင်ကြီး ဆိုတာလဲ ရှေးဟောင်းနတ်ဘုရား တစ်ပါးပဲဖြစ်မှာ ။ ဒါပေမယ့် ငါတို့ခေတ်တုန်းကတော့ အဲ့ရှေးဟောင်းနတ်ဘုရားတွေ အားလုံး

အသတ်ခံထားရတဲ့ပုံပဲကွ။ အဲ့ထဲက အသက်ရှင်ကျန်တဲ့သူတချို့ ရှိခဲ့ရင်တောင် သူတို့အားလုံး သူမသိ သူမသိ ပုန်းပြီးနေနေကြတာ "

" ဒါပေမယ့် နောက်မျိုးဆက်တွေမှာ အဲ့ ရှေးဟောင်းနတ်ဘုရားတွေ မမျှော်လင့်ဘဲ ပြန်ပေါ်လာခဲ့ပြီးတော့ အပေါ်ကမ္ဘာကို ဖျက်ဆီးဖို့ ကြိုးစားကြတာနဲ့တူတယ်... "

သူ နောက်ဆုံးစကားကို ပြောချိန်၌ အလွန်လည်း စိတ်မကောင်းဖြစ်နေဟန်ပင် ။

လောထျန်း မျက်မှောင်ကြုံ့ကာ ထပ်မေးလိုက်သည်။

" သခင်ကြီး ၊ ဒီ မသေမျိုးပြောင်းလဲရေကန်အောက်မှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေ ရှိတာလဲ "

တဖက်လူမှာ နတ်ဘုရားတောအုပ်အကြောင်းကို သိပ်သိပုံမရသဖြင့် သူ သိချင်နေသည့် အကြောင်းအရာကို လောထျန်းတစ်ယောက် ခေါင်းစဥ်ပြောင်း၍ မေးလိုက်ခြင်းဖြစ်ပါသည်။

သို့သော် စိတ်ဝိဥာဥ်လှိုင်းလုံးက သူ့စကားကြောင့် အံ့သြသွားပုံဖြင့် ပြန်မေး၏။

" မင်း မသိဘူးလား.. ။ မင်း အထဲမဝင်ခင်မှာ ရေကန်အပေါ်မှာရှိတဲ့ အရှုပ်အထွေးကျောက်ပြားကို သွားမကြည့်ခဲ့ဘူးလား "

လောထျန်း အံ့သြသွားကာ ခေါင်းယမ်းပြလိုက်သည်။

" အရှုပ်အထွေးကျောက်ပြား ဆိုတာ ဘာလဲဗျ ။ ကျုပ် ဘာကျောက်ပြားမှလဲ မတွေ့ခဲ့ဘူး "

သူ့စကားကြောင့် စိတ်ဝိဥာဥ်လှိုင်းလုံး တုန်သွားသည်။

" ဟိုကောင် ယူသွားတာပဲဖြစ်ရမယ် ။ မျိုးမစစ်ကောင် ၊ ဒီကောင် တော်တော်ယုတ်မာတာပဲ "

သူ ဒေါသတကြီး ပြောသည်။

လောထျန်း ပိုသိချင်သွားပြီး မေးလိုက်၏။

" သခင်ကြီး ၊ အဲ့ဒါကို ဘယ်သူယူသွားတာလဲဗျ ။ အဲ့ကျောက်ပြားပေါ်မှာရော ဘာတွေရေးထားတာလဲ "

အချိန်အတန်ငယ်ကြာမှ စိတ်ဝိဥာဥ်လှိုင်းလုံး ပြန်တည်ငြိမ်သွားကာ ပြန်ဖြေသည်။

" မင်း လမ်းတလျှောက်မှာတွေ့ခဲ့တဲ့ မသေမျိုးဧကရာဇ်တွေ အားလုံးက အဲ့ အရှုပ်အထွေးကျောက်ပြားကို လိုချင်လို့ ဒီနေရာကို အသက်စွန့်ပြီးလာခဲ့ကြတာကွ "

" အကြောင်းရင်းကတော့ အဲ့ အရှုပ်အထွေးကျောက်ပြားထဲမှာ အရှုပ်အထွေး မသေမျိုးဧကရာဇ်ရဲ့ နောက်ဆုံးစကား ပါနေလို့ပဲ။ ပြီးတော့ ဒီနေရာမှာ ဖွက်ထားတဲ့ နတ်ဘုရားလက်နက် အကြောင်းကိုလဲ မှတ်တမ်းတင်ထားသေးတယ် "

လောထျန်းက တအံ့တသြ ထပ်မေးသည်။

" အရှုပ်အထွေးမသေမျိုးဧကရာဇ်... ဘယ် အရှုပ်အထွေးမသေမျိုးဧကရာဇ် ကို ပြောတာလဲဗျ "

သူ သိထားသလောက်ဆိုလျှင် ဤကမ္ဘာ၌ အရှုပ်အထွေးမသေမျိုးဧကရာဇ် နှစ်ယောက်ရှိသည် မဟုတ်ပါလား။

သို့သော်.. စိတ်ဝိဥာဥ်လှိုင်းလုံးက မကျေမပြန်ပြော

ပါ၏။

" ဘယ် အရှုပ်အထွေးမသေမျိုးဧကရာဇ် ရှိသေးလို့လဲကွ။ ဟိုး ရှေးခေတ်ကနေပြီးတော့ ခုထိ အပေါ်ကမ္ဘာမှာ အရှုပ်အထွေးမသေမျိုးဧကရာဇ် တစ်ယောက်ပဲ ရှိတာလေ "

ထို့နောက် သူ ခေတ္တမျှ စကားရပ်ပြီး မေးပါသည်။

" မဟုတ်မှလွဲရော.. အပြင်ကမ္ဘာမှာ နောက်ထပ် အရှုပ်အထွေးမသေမျိုးဧကရာဇ် တစ်ယောက် ထပ်ရှိသေးတယ်လို့ သတင်းထွက်နေတာလား "

လောထျန်း ခေါင်းညိတ်ပြ၏။

စိတ်ဝိဥာဥ်လှိုင်းလုံး ဒေါသထွက်သွားဟန်တူကာ ပြောပါသည်။

" အဲ့ မျိုးမစစ်ကောင်က တော်တော်အရှက်မဲ့တာပဲ "

ထို့နောက် သူ လောထျန်းအား ရှင်းပြပါ၏။.

" ကောင်လေး ၊ အရှုပ်အထွေးမသေမျိုးဧကရာဇ်.. မင်းသိထားတာဆို ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ် ပေါ့ကွာ ၊ အဲ့လူက ဒီကမ္ဘာကြီးမှာ တကယ့်ထိပ်တန်း ကျင့်ကြံသူပဲကွ။ သူက လူသားတစ်

ယောက် ဖြစ်ပေမယ့် ငါ့ရဲ့ကျင့်ကြံခြင်းက အင်မတန်အံ့သြစရာ ကောင်းပြီးတော့ တခြားကျန်တဲ့ မျိုးနွယ်စုတွေနဲ့ ယှဥ်ရင်လဲ ထိပ်တန်းအဆင့်ထဲမှာပါတယ် "

" သူ့ခေတ်တုန်းကဆိုရင် အားလုံး သူ့ရှေ့မှာ အရှက်ရကြတာ "

" သူက အရမ်းအစွမ်းထက်တဲ့အပြင်.. စိတ်နှလုံးကောင်းလဲ ရှိတယ်ကွ "

" သူ့ကြောင့်သာမဟုတ်ရင် အပေါ်ကမ္ဘာက ဟိုးအရင်တည်းက ဖျက်ဆီးခံနေရလောက်ပြီလို့တောင် ပြောလို့ရတယ် "

လောထျန်း အံ့သြသွားကာ ထပ်မေးလိုက်သည်။

" အပေါ်ကမ္ဘာက ဖျက်ဆီးခံရမှာ.. ဟို နတ်ဘုရားတောအုပ်ကြောင့်လား "

စိတ်ဝိဥာဥ်လှိုင်းလုံး သက်ပြင်းချ၏။

" နတ်ဘုရားတောအုပ်ရော ၊ တခြားအဖွဲ့တွေကြောင့်ရောပေါ့ကွာ ။ အရှုပ်အထွေးမသေမျိုးဧကရာဇ် ခေတ်တုန်းကဆို ထူးဆန်းတဲ့အဖွဲ့တွေ အများကြီး အပေါ်ကမ္ဘာကို တိုက်ခိုက်ခဲ့ကြတာ ။ အရှုပ်အထွေးမ

သေမျိုးဧကရာဇ်က သူ့တစ်ဘဝလုံးကို အဲ့တိုက်ပွဲတွေတိုက်ရင်း အချိန်ကုန်ခဲ့ရတာပေါ့ကွာ ။ သူ တိုက်ပွဲတစ်ပွဲကိုမှ မရှုံးခဲ့ဘူးဆိုပေမယ့် သူ့ရဲ့ အသက်အစွမ်းကိုတော့ ဆုံးရှုံးခဲ့ရတာပေါ့ "

" တကယ်ဆို ဘယ်တော့မှမပျောက်ကွယ်ဘဲ ရှိရမယ့် သူ့ရဲ့ မဟာတာအိုအစွမ်းလဲ တိုက်ပွဲတွေအများကြီး တိုက်ခိုက်ခဲ့ရတဲ့အတွက် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရတယ် ။ တကယ်ဆို အဲ့အစွမ်းတွေက သူသေသွားပြီးတဲ့အချိန်ထိတောင် အပေါ်ကမ္ဘာကို ဆက်ပြီး အုပ်ချုပ်နေသင့်တာ "

" ဒါပေမယ့်.. သူ့သက်တမ်း ကုန်ခါနီးတာကို သိတဲ့အချိန်မှာ အရှုပ်အထွေးမသေမျိုးဧကရာဇ်က သူ့ရဲ့ ကျင့်ကြံခြင်းတွေကို ကြိုတင်ဖြန့်ကျက်ပြီးတော့ နှစ်သောင်းချီကြာ စုဆောင်းထားခဲ့တဲ့ အခွင့်ကောင်းတွေကိုလဲ ကမ္ဘာအနှံ့ ကြဲချထားပေးခဲ့တယ် ။ အဲ့အစွမ်းတွေနဲ့ တခြားကမ္ဘာတွေက အစွမ်းထက်ကျင့်ကြံသူတွေကိုရော ၊ နတ်ဘုရားတောအုပ်က သူတွေကိုရော အပေါ်ကမ္ဘာကို မတိုက်ခိုက်နိုင်အောင် တားထားတာ ။ ဒါ့ကြောင့်မို့လဲ အပေါ်ကမ္ဘာက ငြိမ်းချမ်းနေတာပေါ့ကွာ "

" နောက်မျိုးဆက်တွေကလဲ သူ့ကျေးဇူးကို သိတတ်ကြတဲ့အတွက် သူ့ကို အင်မတန်ချီးမွမ်းကြတယ် ။ တကယ်တမ်းမှာလဲ သူတစ်ယောက်တည်းကပဲ အရှုပ်အထွေးမသေမျိုးဧကရာဇ် ဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်တာ ။ ဒါပေမယ့် နောက်ပိုင်းကျတော့ လူပျက်တစ်ကောင် ပေါ်လာပြီးတော့ သူ့ရဲ့ အောင်မြင်မှုတွေကိုရော သူ့နာမည်ကိုရော ခိုးဖို့လုပ်ခဲ့တယ်ကွ ။ အခု ဒီကောင်က အရှုပ်အထွေးကျောက်ပြားကိုတောင် ခိုးသွားသေးတယ်.. ဘယ်လောက်ဒေါသထွက်စရာ ကောင်းလိုက်သလဲ "

စိတ်ဝိဥာဥ်လှိုင်းလုံး ပြောနေရင်း ဒေါသပိုထွက်လာပုံ ရပါသည်။

သူ့အသွင်မှာ ထို လူပျက်ဆိုသည့်ကောင်အား ချက်ချင်းထွက်၍ တိုက်ခိုက်တော့မလို...

Chapter 962

Stone Dragon

သို့သော် တခဏအကြာမှာပင် စိတ်ဝိဥာဥ်လှိုင်းလုံး ပြန်ငြိမ်သွားပါသည်။

" မဖြစ်သေးဘူး.. ငါ အရမ်းကြီး စိတ်မထိန်းနိုင် ဖြစ်သွားတယ် ။ ဟိုကောင်တွေသာ သိသွားရင် အခြေနေဆိုးကုန်လိမ့်မယ် "

သူ ပြောသည်။

လောထျန်းက မေးရန် ပြင်နေစဥ်မှာပင် စိတ်ဝိဥာဥ်လှိုင်းလုံး ဆက်ပြောပါ၏။

" ကဲ.. ဟိုရှေ့နားလေးက ငါနေတဲ့နေရာပဲ။ ရှေ့ကိုသာ ဆက်သွားလိုက် "

လောထျန်း ခေါင်းညိတ်ပြီး တဖက်လူ ပြောသည့်အတိုင်း ရှေ့ဆက်တိုးလိုက်သည်။

ဝီ...

ထိုစဥ် ဘေးပတ်ဝန်းကျင်လေထု အက်ကွဲလာပါ၏။.

လောထျန်း အသိပြန်ဝင်လာချိန်၌ သူ ဂူတစ်ခုထဲသို့ပင် ရောက်နေခဲ့လေပြီ ။

" ဒါ... "

ဤနေရာတွင် ယခုလို​နေရာမျိုး ရှိမည်ဟု ထင်မထားသဖြင့် လောထျန်း အနည်းငယ်အံ့သြသွားရပါ၏။

" သခင်ကြီး ၊ ဘယ်မှာလဲဗျ "

လောထျန်း မေးလိုက်သည်။

" ရှေ့တိုးလာခဲ့ "

အသံပိုင်ရှင်က ပြော၏။.

လောထျန်း ရှေ့ဆက်တိုးသွားပြီး.. အချိုးအကွေ့များစွာ ဖြတ်ကျော်ပြီးနောက် ရှေ့တွင်ရှိနေသော အရိုးစုတစ်ခုကို မြင်လိုက်ရပါသည်။

လောထျန်း အံ့သြသွားပြန်ကာ အရိုးစုနောက်သို့ သေချာကြည့်လိုက်၏။

ထိုစဥ်တွင် စိတ်ဝိဥာဥ်လှိုင်းလုံးက ရယ်ရင်း​ပြောသည်။

" မင်းက တော်တော်လေးတော့ တော်တာပဲကွ။ ငါ့ရဲ့ ပုံရိပ်ယောင်ကိုတောင် ဖြတ်ပြီးကြည့်နိုင်တယ် "

သူ့စကားဆုံးချိန်မှာပင် အရိုးစုက တဖြည်းဖြည်း မှေးမှိန်သွားကာ လမ်းတစ်ခု ပေါ်လာသည်။

အမှန်တွင် ၎င်းအရိုးစုရော ၊ အနောက်တွင်ရှိနေသည့် ကျောက်နံရံရောက ပံုရိပ်ယောင်သက်သက် ဖြစ်ပါသည်။

လောထျန်း ဘာမှမပြောဘဲ ရှေ့ဆက်တိုးလိုက်၏။

ထို့နောက် သူ အတန်ငယ်ကြာသွားပြီးချိန်တွင် လောထျန်းရှေ့၌ အရိပ်တစ်ခု ပေါ်လာသည်။

ထိုသူမှာ သေခါနီး အဘိုးကြီးတစ်ယောက်ဖြစ်ပြီး ဘယ်ဘက်လက်ဖြင့် တောင်ဝှေးတစ်ချောင်းကို အားပြုရပ်နေကာ ညာလက်ထဲတွင် မီးအိမ်တစ်လုံး ကိုင်ထားပါ၏။ လောထျန်း ရောက်လာသည်ကို မြင်သောအခါ သူ အားတင်း၍ ပြုံးပြရှာသည်။

" မင်း ရောက်လာပြီပဲ "

သူ ခပ်အက်အက် အသံဖြင့်ဆို၏။.

သို့သော် လောထျန်း၏အကြည့်က သူ့ထံတွင် ရှိမနေဘဲ ဘေးနားမှ ကျောက်တုံးများဆီ ရောက်သွားပါသည်။

စိတ်ဝိဥာဥ်လှိုင်းလုံးက အိုးတို့အမ်းတမ်း ပြော၏။.

" ငါ မင်းကို လှည့်စားလို့မရပါလားကွ။ မင်းက အထင်ကြီးစရာ တော်တော်ကောင်းတာပဲ "

ဝီ..

အဘိုးအို၏ပုံရိပ် ပျောက်ကွယ်သွားပြီး..

လောထျန်း ကြည့်နေသည့်ဘက်မှ ကျောက်တုံးတစ်တုံးက လမ်းတစ်ခုအဖြစ် အသွင်ပြောင်းသွား၏။

လောထျန်း ထိုလမ်းပေါ်သို့ ဆက်လျှောက်လိုက်သည်။

ဤတစ်ကြိမ် လောထျန်းရှေ့ ပေါ်လာသည့်အရာမှာ နံရံပန်းချီကားတစ်ချပ်...

" ကဲ.. ဒါ ငါ့ရဲ့ ပုံစံအစစ်ပဲ.. အံ့သြသွားလားကွ "

စိတ်ဝိဥာဥ်လှိုင်းလုံးက သက်ပြင်းချ၍ ဆိုသည်။

လောထျန်းက ခေါင်းကုတ်ကာ ပြန်ပြော၏။

" သခင်ကြီး ၊ အဲ့လိုလုပ်ဖို့ တကယ်လိုလို့လား "

" ဟင်.. မင်းပြောတာ ဘာအဓိပ္ပါယ်လဲ "

စိတ်ဝိဥာဥ်လှိုင်းလုံးက ပြန်မေးသည်။

လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။

" ကျုပ် ဒီဂူထဲကို စဝင်ကတည်းက သခင်ကြီးရဲ့ ပုံစံအမှန်ကို တွေ့ပြီးသားပါဗျာ ။ ဘာလို့ ကျုပ်ကို အဲ့လိုလှည့်ကွက်တွေနဲ့ ထပ်ခါထပ်ခါ လှည့်စားချင်နေရတာလဲ "

စိတ်ဝိဥာဥ်လှိုင်းလုံး တအံ့တသြ ဖြစ်သွားသည်။

" မင်း... မင်း အဲ့ဒါကိုလဲ မြင်တာပဲလား "

ဝှစ်...

နံရံပန်းချီ ပြိုကွဲသွား​ကာ ကျောက်တုံးရုပ်ထုတစ်ခု ပေါ်လာ၏။.

" လူငယ်တွေက တကယ်ကို အံ့သြစရာ ကောင်းတာပဲကွ "

ကျောက်တုံးရုပ်ထုက ပြောသည်။

လောထျန်း၏မျက်နှာကြီး ယခင်ထက် ပိုပုပ်သိုးသွားကာ အခြားတစ်နေရာသို့ လျှောက်သွားပြီး လက်ဆန့်ထုတ်၍ ဆွဲလိုက်သည်။

ဝုန်း..

သူ့ရှေ့မှ အရာအားလုံး ပြိုကွဲသွားကာ ယခင်နှင့် လုံးဝကွဲသည့် မြင်ကွင်းတစ်ခု ပေါ်လာ၏။

သူ့ရှေ့တွင်ကား လူသားလက်မဟုတ်သည်မှာ သေချာသည့် ဧရာမ အရိုးစုလက်ကြီးတစ်ခု...

ထိုလက်ထဲတွင် ကျောက်နှင့်တူကာ တစ်ဝက်သာရှိတော့သည့် အလုံးတစ်လုံး ရှိနေပြီး ၎င်းမှ အစိမ်းရောင် စိတ်ဝိဥာဥ်မီးတောက်အချို့ တောက်လောင်နေ

ပါသည်။

အစောက စိတ်ဝိဥာဥ်လှိုင်းလုံးမှာ ထိုအထဲမှ ထွက်လာခဲ့ခြင်းပင် ။

စိတ်ဝိဥာဥ်လှိုင်းလုံးက အိုးတို့အမ်းတမ်းပုံဖြင့် ပြော၏။

" စိတ်မရှိပါနဲ့ကွာ ၊ ငါလဲ ဘယ်လိုမှမတတ်နိုင်လို့ပါ ။ လူတွေရဲ့စိတ်က ခန့်မှန်းလို့ရတာမဟုတ်ဘူးလေ ။ အဲ့တော့ ငါ့ဘက်ကလဲ ဘယ်လိုမှမတတ်နိုင်ဘဲ ကာကွယ်စရာရှိတာ ကာကွယ်ရတာပေါ့ "

လောထျန်းက ၎င်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုံ့၍ မေးသည်။

" အဲ့ဒါ.. နဂါးလက်ချောင်းလား.. "

စိတ်ဝိဥာဥ်လှိုင်းလုံး သက်ပြင်းချ၏။

" ဟုတ်တယ်ကွ ။ ဒါ နဂါးလက်ရဲ့ အပိုင်းတစ်ခုပဲ "

လောထျန်း အံ့အားသင့်သွားကာ ထပ်မေးလိုက်သည်။

" ဒါဆို.. သခင်ကြီးက ကောင်းကင်ဘုံနဂါးမျိုးနွယ်စု

ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ပေါ့ "

တဖက်လူက အချိန်အတန်ငယ်ကြာ တိတ်နေပြီးမှ သက်ပြင်းချ၍ ပြန်ပြော၏။

" အင်း.. အဲ့လို မဟုတ်ဘူးကွ "

" အင်.. အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲ "

လောထျန်း အံ့သြတကြီး ပြန်မေးလိုက်သည်။

နဂါးတစ်ကောင် မဟုတ်ပါဘဲ အဘယ့်ကြောင့် နဂါးလက်ချောင်းပေါ်တွင် ကပ်နေရပါသနည်း ။

စိတ်ဝိဥာဥ်လှိုင်းလုံးက အချိန်အတန်ကြာ တွန့်ဆုတ်နေပြီးမှ ရှင်းပြ၏။

" ငါ ပြောခဲ့သလိုပဲ.. ငါ့ကိုယ်ငါ ဘယ်သူမှန်း မသိပါဘူးကွာ "

" ဒီလက်ချောင်းရဲ့ပိုင်ရှင်က ကောင်းကင်ဘုံနဂါးတစ်ကောင်ဆိုတာ မှန်တယ် ။ မင်း လာခဲ့တဲ့လမ်းမှာ သူချန်ထားခဲ့တဲ့စာကိုလဲ တွေ့ခဲ့ရမှာပဲ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" တွေ့ခဲ့ပါတယ် "

ထို ကောင်းကင်ဘုံနဂါးက လုံလောက်သည့်အစွမ်း မရှိထားသူများအဖို့ အထဲဆက်မဝင်ရန် သတိပေးစာ ချန်ထားခဲ့သည် မဟုတ်ပါလား ။ ၎င်းကို လောထျန်း မှတ်မိပါသည်။

စိတ်ဝိဥာဥ်လှိုင်းလုံး စကားဆက်၏။

" ဒီနဂါးလက်ချောင်းက အဲ့ကောင်းကင်ဘုံနဂါးရဲ့ ကိုယ်ကနေ ကျန်ထားခဲ့တာကွ။ သူ့ရဲ့ နဂါးအမြုတေကလဲ တဝက်ဖျက်ဆီးခံထားရတယ် "

လောထျန်း အံ့သြတုန်လှုပ်သွားသည်။

" ဒါဆို.. ကောင်းကင်ဘုံနဂါးက ဒီမှာ သေသွားခဲ့ရတာပေါ့ "

စိတ်ဝိဥာဥ်လှိုင်းလုံး သက်ပြင်းချ၏။

" မဟုတ်ဘူးကွ။ ကောင်းကင်ဘုံနဂါးက တခြားတနေရာမှာ သေသွားခဲ့တာ ၊ ဒီမှာမဟုတ်ဘူး ။ အဲ့တုန်းက သူ အစွမ်းထက်တဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်တစ်ဖက်နဲ့ နဂါးအမြုတေတစ်ဝက်ကိုပဲ ဆုံးရှုံးပြီး ထွက်ပြေးသွားနိုင်ခဲ့တယ် "

" ဒါပေမယ့် ကျန်ခဲ့တဲ့ လက်တစ်ဖက်နဲ့ နဂါးအမြုတေတစ်ဝက်မှာ ကောင်းကင်ဘုံနဂါးမျိုးနွယ်ရဲ့ အစွမ်းထက်တဲ့အရောင်အဝါ ကျန်နေခဲ့တယ် ။ အဲ့အစွမ်းကို ကမ္ဘာကြီးရဲ့ အသက်အစွမ်းလို့တောင် တင်စားလို့ရတယ်ကွ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အဲ့အသက်အစွမ်းကနေ ငါ မွေးဖွားလာခဲ့တာပဲ "

" ဟုတ်တယ်ကွ ၊ ငါက ဒီ အပျက်အစီးတွေကြားထဲကနေ မွေးဖွားလာတဲ့သူပဲ။ ငါက ဒီ ရှေးဟောင်းကောင်းကင်ဘုံနဂါးရဲ့ မှတ်ဉာဏ်တချို့ကို အမွေဆက်ခံရခဲ့တယ်ဆိုပေမယ့် ငါက သူမဟုတ်တာ သေချာတယ် ။ သူ့ရဲ့ ကိုယ်ပွားပုံရိပ်တောင် မဟုတ်ပါဘူးကွာ ။ ဒီတိုင်း ထူးဆန်းတဲ့ သက်ရှိတစ်မျိုးလို့ပဲ ပြောရမှာ "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်းတစ်ယောက် အမှန်တကယ် အံ့သြတုန်လှုပ်သွားရပါသည်။

ထိုသို့သောအရာမျိုးကို သူ ယခုမှ ပထမဆုံးကြားဖူးခြင်း မဟုတ်ပါလား။

ထိုစဥ် စိတ်ဝိဥာဥ်လှိုင်းလုံးက စကားဆက်၏။

" ငါ မင်းကို လိမ်ခဲ့တဲ့အတွက်လဲ ဗွေမယူပါနဲ့ကွာ ။ ငါ့မှာ တကယ်ကို ရွေးချယ်စရာ မရှိလို့ပါ ။ အခု ဒီနဂါးအမြုတေက တစ်ဝက်ပဲဆိုပေမယ့် အဲ့ထဲမှာ​ကျန်တဲ့ ကောင်းကင်ဘုံနဂါး အစွမ်းကတော့ တကယ်ကိုကြောက်စရာကောင်းတယ်ကွ။ ဒါကို မသေမျိုးဧကရာဇ်တစ်ပါးတောင် လိုချင်မှာသေချာတယ် "

" ငါ ဒီမှာပုန်းနေရတဲ့အကြောင်းကလဲ လွတ်နေတဲ့ ရှေးဟောင်းသားရဲတွေရန်က လွတ်အောင်ရယ် ၊ ပြီးတော့ ဒီနေရာကို လာစူးစမ်းရှာဖွေကြတဲ့ မသေမျိုးဧကရာဇ်တွေကို ရှောင်ရအောင်ရယ်ပါကွာ ။ ဒါ့ကြောင့်မို့လဲ ပုံရိပ်ယောင်တွေ အများကြီးနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ထားရတာ ။ တိုက်ခိုက်စွမ်းရည်မှာဆို ငါက အများကြီးပိုအစွမ်းနိမ့်တယ်လေ "

တဖက်လူ၏ ပြောစကားထဲမှ အကြောင်းအရာအချို့ကို လောထျန်း သတိထားမိကာ မေးလိုက်သည် ။

" ခဏနေပါဦး ၊ သခင်ကြီးပြောသွားတာ လွတ်နေတဲ့ ရှေးဟောင်းသားရဲတွေ ဟုတ်လား ။ အဲ့ဒါ ဘာတွေလဲ "

စိတ်ဝိဥာဥ်လှိုင်းလုံးက ပြောပါသည်။

" ငါ့ကို သခင်ကြီးလို့ မခေါ်ပါနဲ့ကွာ ၊ ကျောက်နဂါးလို့ပဲ ခေါ်ပါ "

ထို့နောက် သူ စကားဆက်၏။

" ပြောရရင်တော့ အရှည်ကြီးပဲကွာ ။ အဲ့ဒါတွေအားလုံးက အရှုပ်အထွေးကျောက်ပြားကို ခိုးသွားတဲ့ ဟိုကောင့်ကြောင့် ဖြစ်ရတာ "

" ငါ အစောကပြောခဲ့သလိုပဲ.. ဒီနေရာကို အရှုပ်အထွေးမသေမျိုးဧကရာဇ် က နတ်ဘုရားလက်နက်ကို ချုပ်နှောင်ထားဖို့ ဖန်တီးထားခဲ့တာကွ။ မင်းသိတဲ့ ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ် ပေါ့ကွာ ။ အဲ့ နတ်ဘုရားလက်နက်ကို လူသတ်လက်နက်လို့လဲ ခေါ်လို့ရတယ် "

လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။

" လူသတ်လက်နက်.. ဟုတ်လား "

ကျောက်နဂါး ၊ ရှီလုံက သက်ပြင်းချ၏။

" ဟုတ်တယ်ကွ ၊ အဲ့နတ်ဘုရားလက်နက်က နတ်ဘုရားတောအုပ်ထဲက လာပြီးတော့မှ အပေါ်ကမ္ဘာကို

ရောက်လာတာ ။ အဲ့လက်နက်ရဲ့ မူလရည်ရွယ်ချက်ကလဲ နတ်ဘုရားတောအုပ်ထဲက အစွမ်းအထက်ဆုံးနဲ့ အရက်စက်ဆုံး သားရဲတွေကို လမ်းပြပေးဖို့ပဲ "

" အဲ့လက်နက်က ဘာကြီးလဲ "

လောထျန်း စိတ်ဝင်တစား ထပ်မေးလိုက်သည်။

" တံခါးတစ်ချပ်ကွ "

စိတ်ဝိဥာဥ်လှိုင်းလုံး ပြန်ဖြေ၏။

လောထျန်း အံ့အားသင့်သွားသည်။

" အဲ့ကောင်တွေက ဒီကမ္ဘာထဲကို ကမ္ဘာအကာအရံကိုဖြတ်ပြီး ဝင်လာလို့မရဘူးကွ။ ဒါ့ကြောင့်မို့လို့ သူတို့တွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အကြွင်းအကျန်အလောင်းတွေကို သုံးပြီးတော့ ထူးခြားတဲ့ တည်နေရာရွှေ့ပြောင်း အစီအမံတစ်ခု လုပ်ခဲ့ကြတာ "

All Chapters