အခန်း (၉၆၃+၉၆၄)
Vol. 67 Ch. 963+964
Chapter 963
The prophecy of the chaos immortal emperor
" ရှေးဟောင်းနတ်ဘုရားတွေရဲ့အကြွင်းအကျန်အလောင်းတွေကနေ လုပ်ထားတဲ့ တည်နေရာရွှေ့ပြောင်းအစီအမံ.. ဟုတ်လား "
လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။
ရှီလုံက စကားဆက်၏။
" ဟုတ်တယ်ကွ ၊ နတ်ဘုရားတောအုပ်ထဲက နတ်ဆိုးကောင်တွေက အဲ့အကြွင်းအကျန်တွေကို အပေါ်ကမ္ဘာဆီပို့ဖို့ အရင်စီစဥ်ခဲ့ကြတာ ။ နောက်မှ အပေါ်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေအားလုံးရဲ့ စိတ်ဝိဥာဥ်နဲ့ သွေးတွေကိုသုံးပြီး ဂိတ်တံခါးကို ဖွင့်ကြမလို့ ။ အဲ့ကျရင် သူတို့ အဲ့တံခါးကနေတဆင့် အပေါ်ကမ္ဘာဆီလာပြီး ဖျက်ဆီးလို့ရသွားပြီလေ "
" ဒါပေမယ့် အရှုပ်အထွေးမသေမျိုးဧကရာဇ် က သူတို့အကြံကို အစောကြီးကတည်းက သိတယ် ။ ဒါ့ကြောင့်မို့ သူက အဲ့ဂိတ်တံခါးကို စောင့်ကြပ်တဲ့ နတ်ဆိုးတွေအားလုံးကိုသတ်ပစ်ခဲ့တယ် ။ ပြီးတော့
အဲ့အရိုးဂိတ်တံခါးရှေ့မှာ စောင့်ပြီး မိစ္ဆာဝိဥာဥ်တွေကို နှစ်ထောင်ပေါင်းများစွာကြာ ရင်ဆိုင်ခဲ့တာ "
" အဲ့လို ရင်ဆိုင်နေတဲ့အချိန်မှာပဲ ထူးဆန်းတဲ့ကိစ္စတစ်ခုကို သူ ထပ်တွေ့သွားခဲ့သေးတယ် "
လောထျန်း တင်ပျင်ခွေထိုင်ချကာ စိတ်ဝင်တစား ထပ်မေးလိုက်သည်။
" ဘယ်လိုထူးဆန်းတာလဲ "
ရှီလုံက အချိန်အတန်ကြာ စဥ်းစားနေပြီးမှ တီးတိုးပြော၏။
" အဲ့တံခါးက အသက်ရှိတယ်ကွ "
" ဘယ်လို.. "
လောထျန်း မျက်လုံးပြုးသွားသည်။
တံခါးက အသက်ရှိတယ်တဲ့လား..
ဘာအဓိပ္ပါယ်ပါလဲ..
ရှီလုံက ရှင်းပြရှာသည်။
" ငါပြောတဲ့အတိုင်းပဲကွ ။ နတ်ဘုရားတောအုပ်ထဲက မိစ္ဆာဝိဥာဥ်တွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အရိုးအကြွင်းအကျန်တွေနဲ့ အဲ့တံခါးကို လုပ်ခဲ့ကြတာလေ ။ ဒါပေမယ့် အဲ့အရိုးတွေရဲ့ ပိုင်ရှင်က လုံးဝကြီး မသေသေးဘူးကွ ။ သူတို့တွေက အိပ်နေတဲ့ပုံလို ဖြစ်နေတာကွာ "
" ဒါ့ကြောင့်မို့လဲ အရှုပ်အထွေး မသေမျိုးဧကရာဇ်က ဒါကိုသိတာနဲ့ အဲ့ရှေးဟောင်းနတ်ဘုရားတွေရဲ့ အရိုးတွေကို နားလည်အောင် ကြိုးစားရင်း မသေမျိုးဧကရာဇ် အဆင့်ထက် ကျော်လွန်တဲ့ နတ်ဘုရားလမ်းစဥ်ကို နားလည်နိုင်ခဲ့တာ ။ အဲ့ကနေ သူ အစွမ်းပိုတိုးလာပြီးတော့ တံခါးကို နတ်ဘုရားတောအုပ်ကနေ ယာယီခွဲထားနိုင်ခဲ့တယ် ။ တစ်ချိန်တည်းမှာ သူ့ကို လိုက်ပြီးတိုက်ခိုက်နေတဲ့ သူတွေအတွက်လဲ လမ်းအသစ် ရှာတွေ့ခဲ့တာပေါ့ "
လောထျန်း တစ်ခုကို နားလည်သွားပုံဖြင့် ပြောသည်။
" အရိုးစုတွေကို လေ့လာပြီးတော့ နတ်ဘုရားလမ်းစဥ်ကို နားလည်သွားတာ.. ဟုတ်လား "
ရှီလုံက ပြန်ပြော၏။
" ဟုတ်တယ်ကွ။ အရှုပ်အထွေးကျောက်ပြားထဲမှာ မှတ်တမ်းတင်ထားတာတော့ နတ်ဘုရားလမ်းစဥ်ဆိုတာ အရှုပ်အထွေးမသေမျိုးဧကရာဇ် နားလည်ခဲ့တဲ့အရာပဲတဲ့ ။ သူက အဲ့နတ်ဘုရားလမ်းစဥ်ကို မျိုးဆက်သစ်လူတွေဆီ လက်ဆင့်ကမ်းပြီးတော့ သူ့အစား အပေါ်ကမ္ဘာကို ကာကွယ်ပေးစေချင်ခဲ့တာ "
" ဒါပေမယ့် သူ့နောက်ပိုင်း ပေါ်လာတဲ့ ဘယ်မသေမျိုးဧကရာဇ်ကမှ အဲ့နတ်ဘုရားလမ်းစဥ်ကို နားမလည်နိုင်ခဲ့ကြပါဘူးကွာ ။ ဒါ့ကြောင့်မို့လဲ တချို့ဆို တစ်ခုခုများ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ချုပ်နှောင်ထားတဲ့ အရိုးတံခါးထဲ ခိုးဝင်ပြီး အဲ့အလောင်းတွေကို ကိုယ်တိုင်ကြည့်ဖို့ ကြိုးစားခဲ့ကြသေးတယ် "
" အစပိုင်းတော့ အားလုံး ဘာပြဿနာမှ မရှိဘူးပေါ့ကွာ ။ နောက်ပိုင်း အစွမ်းထက်တဲ့ မသေမျိုးဧကရာဇ်တွေက ဒီအရှုပ်အထွေးတွေကို နားလည်ဖို့ကြိုးစားတဲ့အချိန်မှာလဲ တချို့က တစ်ခုခု ရသွားခဲ့ကြတယ် ။ တချို့ကျလဲ ဘာမှ သိမသွားခဲ့ကြဘူး ။ ဒါပေမယ့် အားလုံး ဘေးကင်းခဲ့ကြတယ် "
" ဒါပေမယ့် တစ်နှစ်လောက်အကြာမှာတော့ အဲ့ အရိုးတံခါးပေါ်မှာ ထူးဆန်းတဲ့အဖြစ်တွေ စဖြစ်လာခဲ့တယ် "
လောထျန်းက ချက်ချင်း စိတ်ဝင်တစား ပြန်မေးသည်။
" နတ်ဘုရားတောအုပ်ရဲ့ တဖက်ခြမ်းကသူတွေက အဲ့အရိုးတံခါးနဲ့ ပြန်ချိတ်ဆက်မိသွားကြတာများလား "
ရှီလုံ နှာခေါင်းရှုံ့လိုက်သည်။
" မဟုတ်ဘူးကွ ။ အရှုပ်အထွေး မသေမျိုးဧကရာဇ် ကိုယ်တိုင်ဖျက်ဆီးထားတဲ့အရာတစ်ခုကို အဲ့လောက်လွယ်လွယ်နဲ့ ပြန်ချိတ်ဆက်လို့ မရဘူးလေ ။ ထူးဆန်းတဲ့ကိစ္စက တံခါးပေါ်မှာရှိနေတဲ့ အရိုးတွေထဲကတစ်ခု နိုးလာတာပဲကွ "
" ဘယ်လို.. "
လောထျန်း တအံ့တသြ ရေရွတ်မိလိုက်သည်။
ရှေးဟောင်းနတ်ဘုရား၏ အကြွင်းအကျန်က ပြန်နိုးထလာသတဲ့လား ။
ရှီလုံ စကားဆက်၏။
" အဲ့အရိုးက နိုးလာတာမှန်ပေမယ့် လုံးဝကြီး အပြည့်အဝနိုးလာတာတော့ မဟုတ်ဘူးကွ။ ဒီတိုင်း အသိစိတ်တချို့ ပြန်ဝင်လာတာ ။ ပြီးတော့ တစ်ယောက်ယောက်က သူ့အရိုးကို တံခါးအဖြစ် သန့်စင်ထားတာကိုလဲမြင်ရော သူ ဒေါသထွက်တာပေါ့ကွာ "
လောထျန်း သဘောတူစွာ ခေါင်းညိတ်လိုက်ပါသည်။
ထိုလူ၏နေရာတွင် သူ ကိုယ်စားဝင်ခံစားကြည့်၍ ရပါသည်။ သူ အိပ်ပျော်နေရာမှ ရုတ်တရက် ပြန်နိုးလာချိန်တွင် သူ့အရိုးများကို နတ်ဘုရားလက်နက်တစ်ခုအဖြစ် သန့်စင်ထားသည်ကို မြင်ပါက သူသည်လည်း ဒေါသပေါက်ကွဲမိမည် ဖြစ်ပါ၏။
တဖက်မှ ရှီလုံက စကားဆက်သည်။
" ဒါပေမယ့် အဲ့အရိုးစုရဲ့ အစွမ်းက ချုပ်နှောင်ခံထားရတဲ့ပုံပဲကွ။ ဒါ့ကြောင့်မို့ တိုက်ရိုက်ကြီးတော့ တိုက်ခိုက်လို့မရဘူး ။ ဒါပေမယ့် တည်နေရာရွှေ့ပြောင်းအစီအမံရဲ့ အစွမ်းကိုသုံးပြီးတော့ တခြား
ကမ္ဘာတစ်ခုဆီ ချိတ်ဆက်လို့တော့ရတယ် "
" တခြားကမ္ဘာ.. ဘယ်ကမ္ဘာလဲ "
လောထျန်း မေးလိုက်သည်။
ရှီလုံ သက်ပြင်းချ၏။
" အဲ့ကမ္ဘာက ဘယ်လိုလဲဆိုတာတော့ ငါလဲ မသိပါဘူးကွာ ။ ဒါပေမယ့် ရှေးဟောင်းနတ်ဘုရားတွေနဲ့ ပတ်သက်နေတာတော့သေချာတယ် ။ ဒီမှာရှိနေတဲ့ ရှေးဟောင်းသားရဲတွေနဲ့ ထူးဆန်းတဲ့ကောင်ကြီးတွေက အဲ့ကမ္ဘာကနေ လာခဲ့ကြတာပဲ "
" အဲ့ရှေးဟောင်းသားရဲတွေက အင်မတန်လဲ ကြောက်စရာကောင်းတယ်ကွ။ ကြည့်ရတာ သူတို့ရဲ့သွေးကြောတွေထဲမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့သွေးတွေ စီးဆင်းနေတဲ့ပုံပဲ ။ သူတို့ကို ရှေးဟောင်းနတ်ဘုရားတွေရဲ့ မျိုးဆက်လို့တောင် ပြောလို့ရမလားမသိဘူး ။ အဲ့ကောင်တွေက ဘာမှ သိပ်မကျင့်ကြံရဘဲနဲ့ ကြောက်စရာအစွမ်းမျိုး ပိုင်ဆိုင်နိုင်ကြတယ် "
" ဒါ့ကြောင့်မို့လဲ အရိုးတံခါးကနေ အဲ့ကောင်တွေ
ထွက်လာပြီးတဲ့နောက်မှာ ဒီနေရာက အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်သွားခဲ့တာပဲ ။ မသေမျိုးဧကရာဇ်တွေ အများကြီး ဒီနေရာမှာ သေခဲ့ကြရသလို တချို့လဲ ဒဏ်ရာအပြင်းထန်ရပြီး နောက်ပြန်ဆုတ်သွားခဲ့ကြရတယ် "
" အခု ဒီ မသေမျိုးပြောင်းလဲရေကန်က လူသားတွေရဲ့ ခန္ဓာကိုယ်အစွမ်းကို တိုးစေနိုင်တာက အရှုပ်အထွေးအစွမ်းကြောင့်ပဲ ။ ဒါပေမယ့် အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာ အရှုပ်အထွေးအစွမ်းတွေ အများကြီး ရှိနေပါရက်နဲ့ ခန္ဓာကိုယ်အစွမ်းကို အဲ့လိုတိုးအောင် လုပ်နိုင်တဲ့တခြားနေရာ ဘာလို့မရှိတာလဲသိလား ။ တကယ့်အကြောင်းရင်း အစစ်က ဒီနေရာမှာ မသေမျိုးဧကရာဇ်တွေ သေခဲ့ကြလို့ပဲ ။ သူတို့တွေ သေတဲ့အခါမှာ သူတို့ရဲ့အစွမ်းက ရေကန်ထဲကို စီးဝင်သွားတယ်လေ... ဒါ့ကြောင့်မို့ လူတွေရဲ့ ခန္ဓာကိုယ်အစွမ်းကို တိုးစေနိုင်တာ "
တဖက်လူ ပြောစကားကို နားထောင်ပြီး လောထျန်း ခေါင်းညိတ်လိုက်သည်။ မသေမျိုးပြောင်းလဲရေကန်တွင် ထိုသို့သော လျှို့ဝှက်ချက်မျိုး ရှိနေသတဲ့လား..
ထို့နောက်တွင် လောထျန်း ရုတ်တရက်မေးလိုက်သည်။
" ခဏနေပါဦး သခင်ကြီး ၊ သခင်ကြီးပြောတော့ ဒီက ရှေးဟောင်းသားရဲတွေက အရမ်းအစွမ်းထက်ကြတယ်ဆို ။ အဲ့တော့ တကယ်လို့များ သူတို့တွေ ဒီကထွက်ပြေးသွားကြရင်... "
ရှီလုံ သက်ပြင်းချလိုက်သည်။
" ဟုတ်တယ်ကွ ။ အဲ့ကောင်တွေသာ ထွက်ပြေးသွားကြရင် မဆုံးနိုင်တဲ့ပျက်စီးခြင်းတွေ ရောက်လာတော့မှာ ။ နတ်ဘုရားတောအုပ် လာကျူးကျော်တာနဲ့ ဘယ်ထူးတော့မလဲကွာ ။ ဒါပေမယိ့ တစ်ခုကံကောင်းတာက အဲ့သားရဲတွေဟာ အရိုးတံခါးနဲ့ ချုပ်နှောင်ခံထားရသလို ဖြစ်နေပြီးတော့ မသေမျိုးပြောင်းလဲရေကန်ရဲ့ အပေါ်ဘက်ကို မတက်နိုင်ကြဘူး "
လောထျန်း စိတ်အေးသွားရပါသည်။
ရှီလုံက စကားဆက်၏။
" အဲ့နောက်ပိုင်းမှာ ဒီနေရာက အန္တရာယ််များတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပေမယ့် အဆင့်တက်ချင်တဲ့ မသေ
မျိုးဧကရာဇ်တွေအတွက် ရတနာနယ်မြေတစ်ခုဆိုတာတော့ အမှန်ပဲ။ ဒါ့ကြောင့်မို့လဲ ခေတ်အဆက်ဆက်က မသေမျိုးဧကရာဇ်တွေ ဒီနေရာကိုလာပြီး စူးစမ်းလေ့လာခဲ့ကြတာပေါ့ကွာ "
" အဲ့ထဲက ရှေးဟောင်း ကောင်းကင်ဘုံနဂါးတို့လို ထိပ်တန်းအစွမ်းမျိုး ရှိကြတဲ့ မသေမျိုးဧကရာဇ်တွေက သူတို့ရဲ့အစွမ်းကို အားကိုးပြီးတော့ အရိုးတံခါးဆီရောက်အောင်လာပြီး သေချာလေ့လာကြတယ် "
" တချို့ ကံကောင်းတဲ့ မသေမျိုးဧကရာဇ်တွေကျတော့လဲ အနားကပ်စရာ မလိုဘဲနဲ့တောင် အရိုးတံခါးကထွက်နေတဲ့ နတ်ဘုရားအလင်းတန်းကို တွေ့ပြီး ဉာဏ်အလင်းပွင့်သွားခဲ့ကြတယ် "
" ဒါပေမယ့် မသေမျိုးဧကရာဇ် အများစုကတော့ ဘာမှမရတာ များပါတယ် ။ တချို့ ကံမကောင်းတဲ့သူတွေဆိုရင် သူတို့အသက်ကိုတောင် ဆုံးရှုံးခဲ့ကြရတယ် .. အဲ... ဟိုလူ ရောက်မလာခင်အထိပေါ့ "
ဟိုလူ တဲ့လား ..
လောထျန်း သိချင်စိတ် ဖြစ်သွားသော်လည်း စကားဖြတ်မမေးဘဲ တဖက်လူ အပြောကိုသာ စိတ်ရှည်ရှည် စောင့်လိုက်သည်။
ရှီလုံကလည်း အချိန်ဆွဲမနေဘဲ စကားဆက်ပါ၏။
" အဲ့လူ မသေမျိုးပြောင်းလဲရေကန်ထဲကို ခိုးဝင်လာတဲ့နေ့ကတည်းက ငါ သူ့အရောင်အဝါကို အာရုံခံမိခဲ့တယ် "
" သူက တော်တော်လဲအစွမ်းထက်တယ်ကွ။ ကမ္ဘာကြီးမပြောင်းလဲခင် ဟိုးရှေးခေတ်မှာကတည်းကတင် သူ့အစွမ်းက ထိပ်ဆုံးအဆင့်ထဲပါတယ် "
" သူက ပြီးခဲ့တဲ့နှစ်တွေအတွင်းက မသေမျိုးဧကရာဇ်တွေ မနိုင်တဲ့ ရှေးဟောင်းသားရဲတွေကိုတောင် အနိုင်ယူနိုင်ခဲ့သေးတယ်ကွ။ ဟိုးရှေးခေတ်တည်းကစလို့ ကိုယ်ပိုင်အစွမ်းတစ်ခုတည်းကို အားကိုးပြီး အရိုးတံခါးဆီ ရောက်နိုင်တဲ့သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိသေးတာ "
ထိုစဥ် သူ လောထျန်းအား စကားဖြတ်၍မေးပါသည်။
" သူက ဘာလို့အဲ့လောက်အစွမ်းထက်နေရလဲဆိုတာ
သခင်ကြီးသိလား "
သို့သော် လောထျန်း ပြန်မဖြေနိုင်ခင်မှာပင် သူ့အမေးသူ ပြန်ဖြေပါ၏။
" ဘာလို့လဲဆိုတော့ သူ့မှာ အရှုပ်အထွေးခန္ဓာကိုယ် ရှိလို့ပဲ "
လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။
" အဲ့လူက ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်လား "
ရှီလုံသည် ထိုအမည်အား မကျေမနပ်ပုံစံဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း စကားဆက်ပါ၏။
" မင်းတို့အခေါ်ကတော့ အဲ့လိုပေါ့ကွာ "
" ငါ အဲ့နေ့က သူ့ကိုတွေ့တုန်းကဆို တော်တော်ပျော်သွားခဲ့တာကွ။ ဘာလို့လဲဆိုတော့ အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီး မျှော်လင့်ခဲ့တဲ့သူ နောက်ဆုံးရောက်လာပြီ ဆိုပြီးတော့လေ "
" မျှော်လင့်ခဲ့တဲ့သူ .. ဟုတ်လား "
လောထျန်း စကားထောက်လိုက်သည်။
ရှီလုံ ပြန်ပြော၏။
" ဟုတ်တယ်ကွ ။ အရှုပ်အထွေး မသေမျိုးဧကရာဇ် အရိုးတံခါးရှေ့မှာ ဉာဏ်အလင်းပွင့်ခဲ့တုန်းက အနာရဂါတ် တစ်စိတ်တစ်ပိုင်းကို မြင်ခဲ့ရတယ် ။ ဒီ အရိုးတံခါးက တစ်ချိန်ချိန်မှာ အပေါ်ကမ္ဘာကို ဖျက်ဆီးပစ်မယ့် အန္တရာယ် ဖြစ်လာမှာကိုလဲ သူ ကြိုသိခဲ့တယ် ။ အဲ့အဖြစ်ကနေ ကယ်တင်ပေးနိုင်မယ့်သူကလဲ နောက်ထပ် အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်ပဲ "
Chapter 964
Immortal Emperor's Inheritance
" အရှုပ်အထွေး မသေမျိုးဧကရာဇ် ပြောခဲ့တာတော့ နောင်အနာဂါတ်မှာ အရှုပ်အထွေး မသေမျိုးဧကရာဇ် တစ်ယောက် ပေါ်လာပြီးတော့
အရိုးတံခါးရဲ အန္တရာယ်ကို ရှင်းထုတ်ပစ်လိမ့်မယ်တဲ့ "
" ဒါ့ကြောင့်မို့လဲ အရှုပ်အထွေးခန္ဓာကိုယ်နဲ့သူ ပေါ်လာတဲ့အချိန်မှာ ဟောကိန်းကြိုထုတ်ထားခဲ့တဲ့သူပဲလို့ ထင်ပြီး ငါက ဒီမှာဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြခဲ့တာ ။ ငါ့ရည်ရွယ်ချက်ကတော့ သူ့ကို အရိုးတံခါးဆီ လမ်းပြခေါ်သွားပေးဖို့ပေါ့ကွာ "
" အဲ့ကောင်ကလဲ အကြောင်းစုံကို ကြားပြီးတဲ့အချိန်မှာ အရိုးတံခါးဆီသွားဖို့ ပြင်ခဲ့တယ် ။ ဒါပေမယ့် တံခါးနားရောက်တာနဲ့ ရှေးဟောင်းသားရဲတစ်ကောင်က သူ့ကို တိုက်ခိုက်ခဲ့တယ်ကွ "
" သူတို့နှစ်ယောက် အသည်းအသန် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သူက သားရဲကို ဘယ်လိုမှမနိုင်မှန်း
သိပြီး နောက်ပြန်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့တယ် "
လောထျန်းက မေးသည်။
" ကိုယ်မနိုင်တဲ့အခါ ထွက်ပြေးတာ ထုံးစံပဲ မဟုတ်ဘူးလားဗျ "
ရှီလုံ သက်ပြင်းချ၏။
" အဲ့လောက်ကတော့ ပုံမှန်ပေါ့ကွာ ။ ဒါပေမယ့် ဒီကောင်က အရိုးတံခါးနားကို ကပ်လို့မရမှန်း သိတဲ့အချိန်မှာ လက်ချည်းဗလာ မပြန်နိုင်ဘဲ ဒီနေရာမှာ သေသွားခဲ့ကြတဲ့ မသေမျိုးဧကရာဇ်တွေရဲ့ အကြွင်းအကျန်တွေကို မျက်စိကျသွားခဲ့တယ်ကွ "
" နောက်တော့ ဒီကောင်က အဲ့ မသေမျိုးဧကရာဇ်တွေရဲ့ အလောင်းတွေနဲ့ သူတို့ရဲ့ မူလမသေမျိုးလက်နက်တွေကို မိစ္ဆာပညာသုံးပြီး ယဇ်ပူဇော်ခဲ့တယ် ။ အဲ့ကနေမှ သူ့အစွမ်းအဖြစ် ပြောင်းလိုက်တဲ့အတွက် သူ့အစွမ်းလဲ အများကြီး တိုးလာခဲ့တယ် "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။ ထို ဒုတိယ အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ လုပ်ရပ်မှာ ကောင်းသည်ဟု ပြောမရသော်လည်း ဤမျှ ဆိုးရွား
လှသည်ဟု သူ မထင်ပါချေ။
ထို မသေမျိုးဧကရာဇ်များ အားလုံးက သေနေပြီဖြစ်ရာ သူတို့၏အလောင်းများကို သုံးခြင်းက မကောင်းလှသည့်တိုင် လက်ခံ၍ရနိုင်သည် မဟုတ်ပါလား။
ရှီလုံက လောထျန်းအတွေးကို ရိပ်မိသည့်အလား စကားဆက်သည်။
" အဲ့လောက်ပဲဆိုရင်တောင် တော်ပါသေးတယ်ကွာ ။ ဒါပေမယ့် ဒီအမှိုက်ကောင်က တော်တော်ဆိုးရွားတဲ့ကိစ္စကို လုပ်ခဲ့တယ်ကွ "
" သူ ဒီနေရာကနေ လျှို့ဝှက်နည်းနဲ့ ထွက်သွားပြီးတဲ့နောက်မှာ သူ့အရှုပ်အထွေးခန္ဓာကိုယ်ကို ပြည့်စုံအောင်လုပ်ဖို့အတွက် ဟို မသေမျိုးဧကရာဇ်တွေရဲ့ ရှေးဟောင်းမျိုးနွယ်စု အဖွဲ့ဝင်တွေအားလုံးကို သတ်ပစ်ခဲ့တယ်ကွ "
ရှီလုံတစ်ယောက် ပြောနေရင်း ဒေါသပိုထွက်လာဟန်ဖြင့် စကားဆက်သည်။
" ဒီမှာ သေသွားခဲ့ကြတဲ့ မသေမျိုးဧကရာဇ်တွေထဲက အများစုဆိုရင် အပေါ်ကမ္ဘာကို ကယ်တင်ဖို့
အတွက် အသက်တောင်စွန့်ကြမယ့်သူတွေချည်းပဲ ။ ဒါပေမယ့် ရလဒ်ကတော့... သူတို့ရဲ့ မျိုးဆက်သစ်မိသားစုဝင်တွေ ဘာကောင်းကျိုးမှ မရခဲ့တဲ့အပြင် အားလုံး သူတို့ကိုယ်ထဲက အစွမ်းတွေကိုပါ သန့်စင်ခံလိုက်ကြရတယ် "
" ဒါတင်မကသေးဘူးကွ.. ဟိုကောင်က မိစ္ဆာပညာကို သုံးပြီးတော့ မသေမျိုးဧကရာဇ်တွေရဲ့ မျိုးဆက်တွေရဲ့ စိတ်ဝိဥာဥ်တွေကို သန့်စင်ခဲ့ရုံတင် အားမရဘဲ ၊ သူတို့ကို လူမဟုတ်.. စိတ်ဝိဥာဥ်လဲမဟုတ်တဲ့ သားရဲတွေအဖြစ်ပြောင်းပြီး အရှုပ်အထွေး စိတျဝိဉာဥျသခြျိုငျးမှာ မြှုပ်ထားခဲ့သေးတယ် ။ ရည်ရွယ်ချက်ကတော့ နောက်ကို သူလိုချင်တဲ့အချိန် ပြန်သန့်စင်နိုင်အောင်ပေါ့ကွာ "
" သူရဲကောင်းတွေရဲ့ မျိုးဆက်တွေ ဒီလိုအဆုံးသတ်မျိုးနဲ့ ကြုံကြရတာ တရားတယ်လို့ မင်းထင်လား "
စကားဆုံးအောင် နားထောင်ပြီးချိန်တွင် လောထျန်း မျက်မှောင်ကြုံ့သွားတော့သည်။
ထို ဒုတိယအရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ အမှန်
တကယ် လွန်လှပါတကား...
သူတို့နေရာတွင် ဝင်ပြီး ခံစားကြည့်ပါဦး...
အကယ်၍ ပျောင်ပိုင်မြို့မှ လောမိသားစုဝင်များသာ ထိုသို့ သန့်စင်ခံရပြီး သေသွားပြီးသည်အထိပင် သူတို့၏ စိတ်ဝိဥာဥ်များ အေးအေးချမ်းချမ်း မနားရဘူးဆိုပါက... သူ မည်သို့နေပါမည်နည်း ။
စဥ်းစားနေစရာပင် မလိုပေ ။
ထိုစဥ် ရှီလုံက စကားဆက်၏။
" အဲ့လိုလုပ်ခဲ့တယ်ဆိုရင်တောင်.. ဒီကောင်က မဟာတာအိုအစွမ်းကို တကယ်ကျင့်ကြံပြီးတော့ အရိုးတံခါးပြဿနာကို အပြီးရှင်းတယ်ဆိုရင် ငါ သူ့ကို သူရဲကောင်းလို့ ခေါ်မိဦးမှာပါ "
" ဒါပေမယ့် ဒီမျိုးမစစ်ကောင်က နောက်တစ်ကြိမ် မသေမျိုးပြောင်းလဲရေကန်ထဲ ဝင်တဲ့အချိန်မှာ ပိုဒေါသထွက်စရာကောင်းတဲ့ လုပ်ရပ်ကို လုပ်သွားခဲ့သေးတယ်ကွ "
လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။
"ဘာတွေ လုပ်ခဲ့လို့လဲ "
ရှီလုံမှာ အလွန်ဒေါသထွက်နေဟန်တူကာ အချိန်အတန်ကြာမှ စကားဆက်နိုင်ပါသည်။
" ဒီမျိုးမစစ်ကောင်က အရိုးတံခါးဂိုဏ်းနဲ့ အပေးအယူတစ်ခု လုပ်ခဲ့တယ်လေ ။ အရိုးတံခါးဂိုဏ်းက သူ့ကို အရှုပ်အထွေးမသေမျိုးဧကရာဇ် လုပ်ထားတဲ့အချုပ်အနှောင်ကို ဖြေပေးဖို့ တောင်းဆိုခဲ့တယ် ။ အပြန်အလှန်အနေနဲ့ သူ့ကို နတ်ဘုရားတစ်ပါးဖြစ်စေမယ့် နည်းလမ်းကို ပေးမယ်ပေါ့ကွာ "
" မင်းသိထားသင့်တာ တစ်ခုက အဲ့အရိုးတံခါးပေါ်က အချုပ်အနှောင်ကို အရှုပ်အထွေးမသေမျိုးဧကရာဇ်က အသက်စွန့်ပြီး လုပ်ထားခဲ့တာကွ။ အဲ့ အချုပ်အနှောင်သာ ပျက်စီးသွားရင် ၊ နတ်ဘုရားတောအုပ်ထဲကကောင်တွေ ဝင်လာနိုင်သလို.. ရှေးဟောင်းနတ်ဘုရားတွေအားလုံးလဲ အသက်ပြန်ရှင်လာနိုင်ကြတယ် ။ ဘယ်လိုဖြစ်ဖြစ် အပေါ်ကမ္ဘာအတွက်တော့ တကယ့်ကပ်ဘေးကြီးပဲ "
" မျိုးမစစ်ကောင်.. ဒီကောင်က သူ နတ်ဘုရားဖြစ်ဖို့အတွက် အပေါ်ကမ္ဘာ တစ်ခုလုံးကို စတေးပစ်ချင်နေတာကွ "
ရှီလုံပြောနေရင်း အနည်းငယ်လည်း တုန်သွားသည်။
လောထျန်းလည်း မျက်မှောင်ပိုကြုံ့သွား၏။
ကြားရသည့် စကားအတိုင်းဆိုပါက ဒုတိယအရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ အမှန်တကယ် ဒေါသထွက်စရာပါပင် ။
" သူတို့တွေ အပေးအယူ လုပ်ဖြစ်သွားကြလား "
လောထျန်း မေးလိုက်သည်။
ရှီလုံက အသက်ပြင်းပြင်းရှိုက်၏။
" အရိုးတံခါးဘက်က သူတောင်းဆိုတာတွေကို သဘောတူပြီး သူ့အတွက် နတ်ဘုရားဖြစ်မယ့် လမ်းစဥ်ကို တကယ်ပြောခဲ့တဲ့ပုံပဲ ။ ဒါပေမယ့် ဒီမျိုးမစစ်ကောင်မှာ အရိုးတံခါးက အချုပ်အနှောင်ကို ဖျက်ဆီးနိုင်တဲ့အစွမ်း မရှိဘူးလေ ။ ဒါ့ကြောင့်မို့လဲ အရိုးတံခါးက ကံကောင်းပြီး ဒီနေ့ထိ မပျက်မစီးရှိနေတာ "
" ဒါပေမယ့် ဒီကောင်က ကြားထဲမှာ
တစ်ယောက်ယောက်က အရိုးတံခါးကိစ္စကို သိပြီး အချုပ်အနှောင်ကို ပိုတင်းကျပ်အောင် လုပ်မှာစိုးရိမ်ပြီးတော့ အရှုပ်အထွေးကျောက်ပြားကို နေရာသစ်တစ်ခုမှာ သွားပြီး ဖွက်ထားခဲ့တယ် ။ ဒါ့ကြောင့်မို့လဲ သူ ထွက်သွားပြီးတဲ့နောက်မှာ ဘယ် မသေမျိုးဧကရာဇ်ကမှ ဒီနေရာကို လာမစူးစမ်းကြတော့ဘူး ။ နတ်ဘုရားလမ်းစဥ်ကို လာရှာတဲ့သူ မရှိတော့သလို ၊ အချုပ်အနှောင်ကို ပိုတင်းကျပ်အောင် လုပ်တဲ့သူလဲ မရှိတော့ဘူးပေါ့ကွာ "
" ဒါ့ကြောင့်လဲ ဒီနေရာက အချုပ်အနှောင် ပိုပိုလျော့လာပြီးတော့ အရိုးတံခါးကနေ ထွက်လာတဲ့ ရှေးဟောင်းသားရဲတွေလဲ ပိုပိုအစွမ်းထက်လာကြတာပဲ ။ ဒီတိုင်းသာ ဆက်သွားရင်တော့ မကြာခင်မှာ အချုပ်အနှောင် ကျိုးပျက်သွားပြီး ကမ္ဘာပျက်ကိန်းကြီး စတော့မှာ "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ "
ရှီလုံက စကားဆက်သည်။
" ငါ လက်လျှော့ထားတဲ့အချိန်မှာ ခုလို မင်းနဲ့ မမျှော်
လင့်ဘဲ တွေ့ရတာပါပဲကွာ ။ မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်က အရမ်းအစွမ်းထက်တာဆိုတော့ အရှုပ်အထွေး မသေမျိုးဧကရာဇ် ပြောခဲ့တဲ့သူက မင်းပဲဖြစ်ရမယ် "
" ကောင်လေး ၊ ခုဆိုရင် မင်း အကြောင်းစုံကိုလဲ သိသွားပြီ ။ အဲ့တော့ ဒီကမ္ဘာကြီး အသက်ဆက်ရှင်နိုင်ဖို့လဲ ဒီမှာရှိကြတဲ့ သက်ရှိတွေအားလုံးရဲ့ အနာဂါတ်က မင်းပုခုံးပေါ် တာဝန်ကျသွားပြီကွ။ ဒီတော့ မင်းရဲ့ အသက်ဘေးကင်းဖို့အတွက်ရော ၊ အပေါ်ကမ္ဘာရဲ့ အနာဂါတ်အတွက်ရော... မင်း မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာတဲ့အထိ ဒီမှာပဲနေပြီး ကျင့်ကြံနေဖို့လိုတယ် "
ရှီလုံ ထိုစကားအား စိတ်ရင်းဖြင့် ပြောနေခြင်းဖြစ်ကြောင်း သိသာပါသည်။
" ဒါ.... "
လောထျန်း အနည်းငယ် တွန့်ဆုတ်သွား၏။
ထိုစဥ် ရှီလုံ၏ စိတ်ဝိဥာဥ်က အရောင်လက်လာပါသည်။
ဝီ...
ချက်ချင်းမှာပင် ဂူနံရံဘေးပတ်လည်မှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်လာကာ လောထျန်းရှေ့သို့ စုဝေးရောက်လာ၏။
လောထျန်းတစ်ယောက် ထိုအလင်းတန်းများကိုကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားရသည်။
ထိုအလင်းတန်း တစ်ခုချင်းစီ၌ မဟာတာအို အရောင်အဝါများ လင်းလက်နေသည်ကိုလည်း သူ မြင်နေရပါ၏။
" ဒါက.... "
လောထျန်း စိတ်ဝင်စားသွားပြီး မေးရန် စကားစလိုက်သည်။
ရှီလုံက ချက်ချင်းရှင်းပြ၏။
" အဲ့ဒါတွေက ဒီမှာ သေသွားခဲ့ကြတဲ့ မသေမျိုးဧကရာဇ်တွေရဲ့ မဟာတာအို အမွေအနှစ်တွေပဲကွ ။ အဲ့တုန်းက ဟိုမျိုးမစစ်ကောင် မသေမျိုးဧကရာဇ်
တွေရဲ့ အလောင်းကို ယဇ်ပူဇော်ခဲ့တဲ့အချိန်မှာ မဟာတာအိုအစွမ်း တစ်စိတ်တစ်ပိုင်း ပြန့်ကျဲပြီး ကျန်နေခဲ့တယ် ။ ငါ အဲ့ဟာတွေကို စုထားတာ "
" ဒီနေ့လို တကယ်အသုံးလိုလာလိမ့်မယ်လို့ ထင်မထားခဲ့မိတာတော့ အမှန်ပဲ "
" ဒီ အမွေအနှစ်တွေက မပြည့်စုံဘူးဆိုပေမယ့် အားလုံးက မသေမျိုးဧကရာဇ်တွေရဲ့ အမွေအနှစ်တွေပဲကွ ။ မင်းသာ အဲ့ဒါတွေကို သေချာလေ့လာပြီး ကျွမ်းကျင်အောင်လုပ်နိုင်ရင် တကယ့်ကို အစွမ်းထက်တဲ့သူတစ်ယောက် ဖြစ်လာဖို့ အကူအညီဖြစ်လိမ့်မယ် "
လောထျန်း၏ မျက်လုံးများ အရောင်လက်နေပါ၏။
" မသေမျိုးဧကရာဇ်တွေရဲ့ မဟာတာအိုအစွမ်း တဲ့လား ။ ကောင်းတယ်ကွာ.. မသေမျိုးဧကရာဇ်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါလဲ သိချင်နေတာ "
သူ တွေးမိလိုက်သည်။
ထို့နောက် လောထျန်း၏လက်ချောင်း လှုပ်ရှားသွား
ကာ သူ့ရှေ့၌ အလင်းတန်းတစ်ခု ရောက်လာသည်။
" အင်း.. ဒီ မသေမျိုးဧကရာဇ်က သူ့ရဲ့ လက်ဝါးသိုင်းနဲ့ နာမည်ကျော်တာကွ ။ ဒီလက်ဝါးသိုင်းက ဟိုးရှေးခေတ်တည်းကနေ အပေါ်ကမ္ဘာရဲ့ ထိပ်ဆုံးသိုင်းကွက်သုံးခုထဲတောင် ပါတယ် ။ မင်းသာ သူ့ရဲ့ အမွေအနှစ်ကို သေချာလေ့လာနိုင်ရင် အများကြီး အကျိုးရှိလိမ့်မယ် "
ရှီလုံက ရှင်းပြသည်။
လောထျန်း ခေါင်းညိတ်ကာ အလင်းတန်းအား သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် လွှမ်းခြုံလိုက်သည်။
ဝီ...
ထို့နောက်တွင် လောထျန်း၏ အသိစိတ်ပင်လယ်ထဲ၌ အချက်အလက်များစွာ ရောက်လာ၏။
" လှိုဏ်ဂူလက်ဝါး သုံးသွယ်က ယင်နဲ့ယွမ်အစွမ်းကို ထွင်းဖောက်နိုင်ပြီးတော့... တကယ်လဲ အားပြင်းတယ် "
လောထျန်းတစ်ယောက် သူ့အသိစိတ်ပင်လယ်ထဲမှ
အကြောင်းရာများကို ဖတ်ပြီးနောက် လက်ဝါးသိုင်းအား ချက်ချင်းနားလည်သွားသည်။