အခန်း (၉၇၃+၉၇၄)
Vol. 67 Ch. 973+974
Chapter 973
The three deadly friends of despair
ဝုန်း....
အသံကျယ်တစ်သံနှင့်အတူ လိုင်လောင်တစ်ယောက် လှောင်အိမ်နှင့် ဝင်တိုက်မိကာ နောက်ပြန်လွင့်သွားသည်။
အခြားဘက်မှ သားရဲနှစ်ယောက်မှာလည်း သူနှင့် အဖြစ်တူတူပင်..
" ဟင်.. အဲ့ဒါ ဘာကြီးလဲ "
၎င်းကိုမြင်ပြီး လိုင်လောင် အံ့သြသွား၏။
တဖက်မှ ရွှယ်ချန်းမှာလည်း သူ မြင်ဖူးနေကျဖြစ်သည့် လှောင်အိမ်ကိုကြည့်ကာ တီးတိုးရေရွတ်သည်။
" ဒီလှောင်အိမ်ကို ငါ ရင်းနှီးနေသလိုပဲ ... "
ထို့နောက်မှာပင် သူ အမှတ်ရသွားကာ တအံ့တသြ ရေရွတ်သည်။
" အဲ့ဒါ ငါ့ရဲ့ မဟူရာစိတ်ဝိဥာဥ် အချုပ်အနှောင်
မဟုတ်လား.. "
" ဘယ်လို.. မင်းရဲ့ မဟူရာစိတ်ဝိဥာဥ်အချုပ်အနှောင်... ဟုတ်လား ။ ဒါဆို ပြန်ဖွင့်လိုက်လေကွာ "
လိုင်လောင်က ဒေါသတကြီး အော်သည်။
ယခုလို ထွက်ပြေးလွတ်မြောက်ရန် အရေးကြီးလှသည့် အချိန်မျိုးတွင်မှ ထိုလုပ်ရပ်မျိုး လုပ်သည့် ရွှယ်ချန်းကိုလည်း သူ အလွန်သတ်ပစ်ချင်နေပါ၏။
ရွှယ်ချန်း ခေါင်းချက်ချင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ၊ ငါ ပြန်ဖွင့်လိုက်ပါ့မယ် "
သူ ပြောပြီးသည်နှင့် စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်းထုတ်သုံး၍ လှောင်အိမ်အား ချိုးဖျက်ရန် ကြိုးစားလိုက်၏။
သို့သော် ကြိမ်ဖန်များစွာ ကြိုးစားပြီးသည့်တိုင် သူ့ရှေ့မှ မဟူရာစိတ်ဝိဥာဥ်အချုပ်အနှောင်က နည်းနည်းလေးပင် လှုပ်မသွားခဲ့ပါချေ။
" ဟင်.. ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ပြန်ဖွင့်လို့မရတာလဲ "
ရွှယ်ချန်း အံ့သြတုန်လှုပ်သွားသည်။
ထိုစဥ်မှာပင် သူ့နောက်မှ လောထျန်း၏အသံ ထွက်လာ၏။
" ဘာလို့ ဖွင့်မရတာလဲဆိုတော့ အဲ့ဒါ မင်းရဲ့ မဟူရာစိတ်ဝိဥာဥ်အချုပ်အနှောင် မဟုတ်လို့လေ "
" မင်း.. ဘာပြောလိုက်တယ် "
ရွှယ်ချန်း လောထျန်းဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
ထို့နောက်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အံ့အားသင့်သွားရပြန်ပါ၏။
အဘယ့်ကြောင့်ဆိုသော် လက်ရှိတွင် လောထျန်းကိုယ်မှ စိတ်ဝိဥာဥ်အစွမ်းများ ထုတ်လွှတ်နေပြီး ၎င်းစိတ်ဝိဥာဥ်အစွမ်းများက ဘေးပတ်ဝန်းကျင်တဝိုက် လွင့်ပျံ့နေသောကြောင့်ပင် ။
ထို စိတ်ဝိဥာဥ်အစွမ်း၏ အဆုံးသတ်တွင်ကား
မဟူရာစိတ်ဝိဥာဥ်အချုပ်အနှောင် ရှိနေ၏။
" မင်း.. အဲ့အကွက်ကိုရော တတ်သွားခဲ့တာလား "
ရွှယ်ချန်း ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
လောထျန်းက သူ့ကိုယ်ပိုင် ထူးခြားသောသိုင်းကွက် နောက်တစ်ခုကို ထပ်လုပ်နိုင်ခဲ့ပြီး ၎င်းအကွက်ဖြင့် သူ့ကိုယ် ပြန်ချုပ်နှောင်ထားသည် မဟုတ်ပါလား။
" ရွှယ်ချန်း .. မျိုးမစစ်ကောင်... "
တဖက်မှ လိုင်လောင်မှာလည်း ဒေါသူပုန်ထသွား၏။
ရွှယ်ချန်းကြောင့် ယခုလိုအဖြစ်မျိုးထိ ရောက်ရမည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပါ ။
ထိုစဥ် လောထျန်းက သူ့အနားသို့ ရောက်လာကာ ပြောပါသည်။
" ကဲ... အခုက မင်းအလှည့်ပဲ ။ မင်းဆီမှာ ဘယ်လိုသိုင်းကွက်တွေရှိလဲ ပြစမ်းပါဦး "
သူ့စကားကြောင့် လိုင်လောင် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
ထို့နောက်.. ဘေးနားတွင်ရှိနေသော သားရဲနှစ်ကောင်ဘက် ရုတ်တရက်လှည့်ကာ ပြောသည်။
" နားထောင်ကြ.. ငါတို့တွေ တစ်ယောက်ချင်းတိုက်ခိုက်ရင် အခြေနေဘယ်လိုမှကောင်းမှာ မဟုတ်ဘူး ။ အဲ့တော့ ငါတို့တွေ အတူတူတိုက်ခိုက်ဖို့ပဲ ရှိတော့တယ် ။ အဲ့ကျရင်တော့ မျှော်လင့်ချက် ရှိနိုင်သေးတယ် "
ကျန်နှစ်ယောက်ကလည်း သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြကြသည်။
လိုင်လောင်၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ဖျတ်ခနဲပေါ်လာ၏။
" စကြတော့.. "
ဝုန်း...
ဝုန်း...
ဝုန်း...
သားရဲသုံးယောက်လုံး သူတို့၏ အစွမ်းပြည့်ကို ထုတ်လွှတ်လိုက်ကြသည်။
" နတ်ဆိုးနတ်ဘုရား တံစဥ်... "
ရွှယ်ချန်း လှုပ်ရှားလိုက်သည်နှင့် သူ၏ နတ်ဆိုးနတ်ဘုရားတံစဥ် ပေါ်လာသည်။
" ကောင်းကင်ပင်လယ် အော်သံ.. "
တစ်ချိန်တည်းမှာပင် ရန်ယွမ်၏ အော်သံကလည်း အဆုံးမဲ့သော ဥက္ကာခဲများအဖြစ် ပြောင်းသွားကာ လောထျန်းဆီ တိုးဝင်လာကြသည်။
" နတ်ဘုရားလမ်းစဥ်.. မိုးကြိုးပျက်စီးခြင်း "
လိုင်လောင်သည်လည်း အစွမ်းပြည့် ထုတ်လိုက်၏။ သူ့ရှေ့၌ မိုးကြိုးတိမ်တိုက်များ တမဟုတ်ချင်း စုစည်းလာကာ အဆုံးမဲ့ မိုးကြိုးလျှပ်စီးများက လောထျန်းပေါ် ကျလာပါသည်။
ဝုန်း...
ဤသို့ဖြင့် တခဏအတွင်းမှာပင် ကြောက်မက်ဖွယ် အစွမ်းသုံးခုက လောထျန်းအား လွှမ်းခြုံသွားကြပါသည်။
" မရပ်ကြနဲ့ဟေ့.. အဲ့ဘီလူးကောင်ကို လွယ်လွယ်နဲ့ သတ်လို့ရမှာ မဟုတ်ဘူး "
ရွှယ်ချန်းက အသံကျယ်ဖြင့် အော်၍ သတိပေးသည်။
" မင်း ပြောနေစရာတောင် မလိုဘူး "
ရန်ယွမ်က ပြန်ပြော၏။
လိုင်လောင်ကလည်း ပြောသည်။
" မင်းတို့နှစ်ယောက် ငါနဲ့အတူတူ နတ်ဘုရားသွေးကို လောင်ကျွမ်းစေလိုက်ရအောင် "
သူ့စကားကြောင့် ရွှယ်ချန်းတို့နှစ်ယောက် အနည်းငယ် အံ့သြသွားကြ၏။
သို့သော် သူတို့ ချက်ချင်းနီးပါး နားလည်သွားကြပါသည်။
ဟုတ်ပါသည်... လက်ရှိမှာ နတ်ဘုရားသွေးအား စိုးရိမ်ရမည့် အချိန်မဟုတ်ပါ ။
" နတ်ဘုရားသွေး.. ပေါက်ကွဲစေ "
ရွှယ်ချန်းက ဦးစွာလှုပ်ရှားလိုက်၏။
ဝုန်း ....
ထိုတခဏ၌ သူ့သွေးကြောများ ပေါက်ထွက်ကာ သူ့သွေးကြောမှ ရွှေအိုရောင် သွေးစီးကြောင်းတစ်ခု ထွက်လာသည်။
သူ့အသက်အစွမ်းလည်း အလျှင်အမြန်ပင် လျော့ကျသွား၏။
သို့သော် နတ်ဆိုးနတ်ဘုရားတံစဥ် ၏ အစွမ်းကမူ အဆများစွာ တိုးသွားပါသည်။
တဖက်မှ ရန်ယွမ်မှာလည်း ထို့နည်းတူပင် ။
သူ့သွေးကြော ပေါက်ကွဲထွက်ကာ.. အရောင်အဝါ လျော့ကျသွား၏။ သို့သော် သူ့အော်သံထဲတွင်မူ များစွာသော ကြယ်အရိပ်များ ပေါ်လာကာ လောထျန်းဆီ ကျသွားပါသည်။
လိုင်လောင်မှာလည်း ထို့နည်းတူပင် သွေးအစွမ်း ပေါက်ကွဲသွားပြီးနောက်.. သူ့ရှေ့ရှိ မိုးကြိုးတိမ်တိုက်များ သိသိသာသာပင် ကြုံ့ဝင်သွား၏။
သို့သော် ထိုမိုးကြိုးတိမ်တိုက်များထဲမှ အမည်းရောင် လျှပ်စီးတစ်ခု တိုးထွက်လာပါသည်။
" အဲ့ဒါ နတ်ဘုရား မိုးကြိုးပျက်စီးခြင်းလား ။ ရှေးဟောင်းနတ်ဘုရားတွေကိုတောင် သတ်ပစ်နိုင်တဲ့ မိုးကြိုးကြီး... "
လိုင်လောင်၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားသည်။
သူ ထိုသို့သော မိုးကြိုးလျှပ်စီးမျိုးကို လုပ်နိုင်လိမ့်မည်ဟု အမှန်တကယ် ထင်မထားမိခဲ့ပါ ။
လောထျန်းတစ်ယောက် ထိုသိုင်းကွက်ကို လုံးဝ ခံနိုင်မည်မဟုတ်ပါချေ။
ဝုန်း...
သားရဲသုံးယောက်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှု
များ တစ်ပြိုင်နက်တည်းလို ကျလာပြီး တစ်ကမ္ဘာလုံး ပြောင်းပြန်ဖြစ်တော့မလိုပါပင်...
" ဟား ဟား.. ဘီလူးကောင် ၊ ဒီလောက်ဆိုရင်တော့ မင်း မသေဘဲမနေပါဘူးကွာ "
ရွှယ်ချန်းက ရက်စက်ကြမ်းကြုတ်သည့် မျက်နှာထားဖြင့် အော်လိုက်သည်။
သို့သော် ထိုစဥ်တွင်...
" အဲ့ဒါ မင်းတို့ရဲ့ အားအကောင်းဆုံး အစွမ်းလား "
သိုင်းကွက်သုံးကွက်၏ အနောက်ဘက်မှ လောထျန်း၏အသံ ရုတ်တရက် ထွက်လာပါသည်။
" ဟင်.... "
နတ်ဆိုးနှင့်တူသော ထိုအသံကိုကြားပြီး သားရဲသုံးကောင်လုံး လန့်သွားကြ၏။
" ဟူး.. ကြည့်ရတာ ငါ အတွေးလွန်သွားခဲ့တာနဲ့ တူပါတယ် "
လောထျန်း သက်ပြင်းချလိုက်သည်။
" ဒါပေမယ့် မင်းတို့နှစ်ယောက်ရဲ့ သိုင်းကွက်တွေက စိတ်ဝင်စားစရာတော့ ကောင်းတယ်ကွ။ အထူးသဖြင့် ဟို ကောင်းကင်ပင်လယ်အော်သံ ပဲ "
လောထျန်းက အေးအေးလူလူပင် ဆက်ပြောလာ၏။
ဝုန်း..
ထိုစဥ်မှာပင် မဟာတာအို ထွင်းစာများ စုစည်းလာကာ သားရဲသုံးကောင်၏ တိုက်ခိုက်မှုများ ပြိုကွဲသွားပါသည်။
" ဘယ်လိုဖြစ်ပြီး.. "
မရေမတွက်နိုင်သော ကမ္ဘာငယ်များကြောင့် ထိုသို့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရသော သူတို့၏ သိုင်းကွက်များကိုကြည့်ရင်း သားရဲသုံးကောင်လုံး မျက်လုံးအပြူးသား ဖြစ်ကုန်ကြတော့၏။
ထိုမျှနှင့် မပြီးသေးပါ...
အွတ်... အွတ်.. အွတ်...
သားရဲသုံးကောင်လုံး နောက်ပြန်လွင့်သွားကြပြီး မဟူရာစိတ်ဝိဥာဥ်အချုပ်အနှောင် နှင့် ခပ်ပြင်းပြင်း ဝင်တိုက်မိကာ သွေးအန်ကုန်ကြသည်။
အစောတည်းက အားနည်းနေခဲ့ကြပြီဖြစ်သော သားရဲသုံးကောင် ပိုအားနည်းသွားတော့၏။
" အခု... နတ်ဘုရားလမ်းစဥ် မိုးကြိုးပျက်စီးခြင်းကို စမ်းကြည့်မယ် "
လောထျန်းက ထပ်ပြောသည်။
ထို့နောက်.. သူ လက်ချောင်းတစ်ချောင်းကို အသာဆန့်လိုက်၏။
ဝုန်း...
သူ့ရှေ့တွင် အဆုံးမဲ့သော ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်များ ရုတ်ချည်းစုစည်းလာသည်။
ထို မိုးကြိုးတိမ်တိုက်များထဲ၌ မရေမတွက်နိုင်သော အမည်းရောင် မိုးကြိုးလျှပ်စီးများလည်း စုစည်းနေ၏။
" ဘယ်လိုဖြစ်ပြီးတော့... "
လိုင်လောင်တစ်ယောက် ၎င်းကိုမြင်ပြီး အလွန်တုန်လှုပ်သွားကာ ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
" သတ်စေ "
တဖက်မှ လောထျန်းက တစ်လုံးချင်း ပြောလာ၏။
ဝုန်း...
အမည်းရောင် မိုးကြိုးလျှပ်စီးများ လူးလွန့်လှုပ်ရှားလာပြီး သားရဲသုံးကောင်အား လွှမ်းခြုံလာပါသည်။
ထို့နောက်တွင်ကား ကြောက်မက်ဖွယ် သားရဲသုံးကောင်လုံး အော်ပင်မအော်နိုင်ဘဲ အစအနပျောက်သွားကြတော့၏။
အချိန်အတန်ကြာသွားမှ.. လောထျန်း ဖြည်းဖြည်းချင်း ရပ်လိုက်သည်။
" အင်.. သေကုန်ကြပြီလား ။ စိတ်ညစ်ပါတယ်ကွာ.. ဟို သွေးအစွမ်း ပေါက်ကွဲတာကို စမ်းကြည့်ဦးမလို့ပါဆို "
လောထျန်းက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းအသာယမ်းပါသည်။
အခြားတဖက်တွင် ရှိနေသော ရှီလုံမှာကား ဆွံ့အမှင်သက်လျက်...
ဘာတွေဖြစ်နေပါသလဲ ...
မရေမတွက်နိုင်သော မသေမျိုးဧကရာဇ်များကို နှစ်ပေါင်းများစွာကြာ ဒုက္ခပေးလာခဲ့သည့် သားရဲခုနစ်ကောင်က ယခု လုံးဝ ပျောက်သွားကြပြီတဲ့လား..
အဲ့လောက်တောင် လွယ်ပါသလား...
ယခင် အရှုပ်အထွေး မသေမျိုးဧကရာဇ်သည်ပင် ထိုသို့သော အစွမ်းမျိုး မရှိခဲ့ပါချေ။
ထိုစဥ်မှာပင် လောထျန်းက ရှီလုံဘက်လှမ်းကြည့်ပြီး
လက်ဝါးနှစ်ဖက်စု၍ ပြောလာသည်။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
" ဟင်.. ဘာဖြစ်လို့ ငါ့ကို ကျေးဇူးတင်ရတာလဲ "
ရှီလုံ နားမလည်နိုင် ဖြစ်သွား၏။
လောထျန်းက ရယ်ရင်းပြန်ပြောသည်။
" သခင်ကြီးကြောင့်သာ မဟုတ်ရင် ကျုပ် အဲ့လောက်ကောင်းတဲ့ အမွေအနှစ်တွေ ရမှာမဟုတ်ဘူးလေ "
ရှီလုံတစ်ယောက် ထပ်ပြီး ဆွံ့အသွားရပြန်တော့၏။
အမှန်တွင်မူ.. ထိုသားရဲများ၏ အစွမ်းများကို လေ့လာသင်ယူနိုင်မည်ဟု သူ လောထျန်းအား လုံးဝမပြောခဲ့ဖူးပါ ။
ထို့အပြင်... ထိုသားရဲများက သူတို့၏ပညာရပ်များအား လောထျန်းကို မပေးခဲ့ပါချေ။
" ကဲ သခင်ကြီး.. ဟိုအရိုးတံခါးကို သွားကြည့်ရအောင်ဗျာ ။ ကျုပ်တို့ ကံကောင်းရင် တခြားအမွေအနှစ်တွေပါ ထပ်ရနိုင်သေးတယ် "
လောထျန်းက စိတ်လှုပ်ရှားစွာ ဆိုသည်။
Chapter 974
The gods have resigned
ရှီလုံတစ်ယောက် ဘာပြန်ပြောရမည်ပင် မသိတော့ပါ ။
ယခုလိုအချိန်မျိုးတွင် လောထျန်းက ထိုအတွေးမျိုး ရှိနေသတဲ့လား..
သို့သော် သေချာစဥ်းစားကြည့်ပါက သူပြောသည်မှာ မမှားပါ ။
ထို့နောက်တွင်မူ ရှီလုံ နှင့် လောထျန်းတို့နှစ်ယောက်သား အောက်ဘက် ဆက်ဆင်းသွားလိုက်ကြ၏။
လမ်းတလျှောက်တွင်လည်း များလှစွာသော အရိုးစုများကို လောထျန်း တွေ့ခဲ့ရပါသည်။
ရှီလုံက ၎င်းကိုကြည့်ပြီး သက်ပြင်းချ၏။
" အဲ့ဒါတွေအားလုံးက ဟိုးအရင်က အရိုးတံခါးနားကို ကပ်ဖို့ကြိုးစားရင်း သေသွားခဲ့ကြတဲ့ အစွမ်းထက် ကျင့်ကြံသူတွေပဲ "
လောထျန်းက အရိုးများကို တစ်ချက်ကြည့်ပြီးနောက် ဘာစကားမှ မဆိုဘဲ ရှေ့ဆက်သွားလိုက်သည်။
ဤသို့ဖြင့် သူတို့ရှေ့ဆက်တိုးလာပြီး မကြာခင်.. ရှီလုံ၏ စိတ်ဝိဥာဥ် ရုတ်တရက်တုန်လာ၏။
" ဟင်.. ဘာဖြစ်လို့လဲ.. "
လောထျန်းက သူ့ကိုကြည့်ကာ မေးသည်။
ရှီလုံက ခက်ခက်ခဲခဲ ကြိုးစားနေရပုံဖြင့် ပြန်မေး၏။
" မင်း.. ဘာကိုမှ မခံစားမိဘူးလား "
လောထျန်း ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။
" မခံစားရဘူးဗျ.. ဘာဖြစ်လို့လဲ "
ရှီလုံက ခက်ခက်ခဲခဲ ပြန်ပြောသည်။
" အရိုးတံခါးကဲ့ အစွမ်းက ငါ့စိတ်ဝိဥာဥ်ကို ကျူးကျော်ဖို့ ကြိုးစားနေတယ်ကွ ။ အစွမ်းကလဲ အားပြင်းလွန်းတော့ ငါ မနည်းခုခံနေရတယ် "
" တကယ်ကြီးလား "
လောထျန်း အံ့သြသွားပြီး မျက်လုံးမှိတ်၍ အချိန်အတန်ကြာသည်အထိ စစ်ဆေးကြည့်လိုက်သည်။
ထို့နောက်မှ သူ ရုတ်တရက် မျက်လုံးပြန်ဖွင့်ကာ ပြော၏။
" တကယ်ကြီးပဲ... ကျုပ် ခင်ဗျားပြောမှ သတိထားမိတယ် "
ရှီလုံ၏ စိတ်ဝိဥာဥ် တုန်သွားကာ မေ့လဲကျမလိုပင် ဖြစ်သွားသည်။
သူ ထွက်သွားချင်စိတ်လည်း အလွန်ပေါက်လာ၏။
လောထျန်းနှင့် စကားနည်းနည်း ထပ်ပြောမိပါက သူ ဒေါသကြောင့် ရူးသွားတော့မလိုပါပင်...
သို့သော် ထိုစဥ်တွင် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက ရုတ်တရက် လွင့်မျောလာသည်။
ဝီ..
ထို့နောက် သူ့ စိတ်ဝိဥာဥ်အစွမ်းက ရှီလုံ၏စိတ်ဝိဥာဥ်အား သီးခြားလွှမ်းခြုံထားလိုက်၏။
သူ့အပေါ် သက်ရောက်နေသည့် ဖိအားက ရုတ်ချည်းပျောက်ကွယ်သက်သာသွားသည်ကို ရှီလုံတစ်ယောက် ခံစားမိလိုက်ရသည်။
" မင်း... မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဘယ်လိုနည်းတွေနဲ့ ကျင့်ကြံထားတာလဲ "
ရှီလုံ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းကို ခံစားမိပြီး တုန်လှုပ်စွာ မေးလိုက်သည်။
လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။
" အဲ့ဒါတွေအားလုံးက ကျုပ် ကြိုးစားပြီးကျင့်ကြံထားရတဲ့ ရလဒ်တွေပေါ့ဗျာ "
ရှီလုံ ဘာမှမပြောနိုင်ဘဲ ခေါင်းအသာညိတ်လိုက်၏။
စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံရာ၌ ဖြတ်လမ်းနည်းများ အမှန်တကယ်မရှိဘူး မဟုတ်ပါလား ။
သို့ဖြစ်ရာ လောထျန်းပြောသည့်စကားက အမှန်တရား ဖြစ်ရပေမည်။
ထိုစဥ် လောထျန်းက စကားဆက်သည်။
" ကျုပ် စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံနေတာ အနည်းဆုံး နာရီဝက်လောက် ရှိသွားပြီ "
ရှီလုံ: " ............. "
နာရီဝက်လောက်ကို ကြိုးစား ကျင့်ကြံသတဲ့လား..
သူ စကားပြန်ပြောချင်စိတ်ပင် မရှိတော့ပါ ။
" ဟင်.. ဘာဖြစ်လို့လဲသခင်ကြီး "
လောထျန်းက မေးသည်။
" ဘာမှမဟုတ်ပါဘူးကွာ... မြန်မြန်သွားရအောင် "
လောထျန်းသာ စကားဆက်ပြောနေလျှင် သူ့ တာအိုနှလုံးသား ကျိုးပျက်သွားတော့မလို ရှီလုံ ခံစားနေရပါ၏။
လောထျန်း ခေါင်းညိတ်ကာ ရှေ့ဆက်တိုးသွား
သည်။
ဤသို့ဖြင့် မကြာခင်မှာပင် မသေမျိုးပြောင်းလဲရေကန်၏ အဆုံးသတ်အား လောထျန်း မြင်လိုက်ရပါတော့သည်။
ရေကန်အောက်ခြေတွင်ကား သွေးအစွမ်းများ စုစည်းထားသည့် ပင်လယ်ပြင်ကျယ်ကြီးတစ်ခု ရှိနေပါသည်။
ထို သွေးပင်လယ်အောက်တွင်မူ မရေမတွက်နိုင်သော အဖြူရောင်အရိုးများ ရှိနေပါ၏။
ထို အရိုးဖြူများပေါ်တွင်လည်း ထူးဆန်းသားရဲများ တွဲရက်ရှိနေပါသေးသည်။
သွေးပင်လယ်၏ အလယ်တည့်တည့်၌မူ.. မရေမတွက်နိုင်သော အရိုးဖြူများ ဝန်းရံထားသည့် ဧရာမ အရိုးတံခါးတစ်ခု ရှိနေ၏။
ထိုအရိုးတံခါးမှာ များလှစွာသော အရိုးများဖြင့် လုပ်ထားခြင်းပင်..
သို့သော် သွေးပင်လယ်ထဲ လွင့်မျောနေသော အရိုးများနှင့် ယှဥ်ကြည့်ပါက အရိုးတံခါးပေါ်ရှိ အရိုးတစ်ခုချင်းစီမှ ထွက်နေသော အရောင်အဝါက များစွာပိုအစွမ်းထက်ပါ၏။.
ရာနှင့်ချီသော ရှေးဟောင်းသားရဲကြီးများ ကျက်စားနေကြသည်နှင့်ပင် တူနေသေးတော့သည်။
လောထျန်း ရောက်လာချိန်တွင် အရိုးတံခါးမှာလည်း အာရုံခံမိသည့်အလား တစ်ချက်တုန်လာပြီး မြေကြီးထဲမှ ထွက်လာတော့မည့်ဟန် ပေါ်လာသည် ။
" ဟာ.. မဖြစ်ဘူး "
ရှီလုံ အလန့်တကြား ရေရွတ်လိုက်သည်။
ထိုစဥ်..
ဝီ...
အရိုးတံခါးရှေ့၌ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း ထုတ်လွှတ်နေသော သံချေးတက်နေသည့် ဓားဟောင်းတစ်လက် ပေါ်လာကာ အရိုးတံခါး
အား ဖိနှိပ်လာ၏။
ဝီ...
အရိုးတံခါး တမဟုတ်ချင်း ဖိနှိပ်ခံလိုက်ရပါသည်။
" ချီး... အရှုပ်အထွေးမသေမျိုးဧကရာဇ်.. "
အရိုးတံခါးမှ ဒေါသထွက်နေသော အသံတစ်သံ ထွက်လာ၏။
လောထျန်း အံ့အားသင့်သွားပြီး ရှေးဟောင်းဓားအား ကြည့်လိုက်သည်။
ရှီလုံက ဝမ်းသာဟန်ဖြင့် ဝင်ပြော၏။
" အဲ့ဓားက အရှုပ်အထွေးမသေမျိုးဧကရာဇ်ရဲ့ ဓားကွ.. သူ့အချုပ်အနှောင်က အကောင်းတိုင်း ရှိနေသေးတာပဲ.. "
" ဒီအရှုပ်အထွေးအစွမ်းက သန့်စင်လိုက်တာ "
လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။
ရှီလုံ၏ မျက်နှာကြီး ဂုဏ်ယူဝမ်းမြောက်နေဟန်
ပေါက်သွား၏။
" ဟမ့်.. မင်းကို ခုလို အံ့သြသွားအောင် လုပ်နိုင်မယ်လို့ ငါ မထင်ထားမိဘူး "
ရှီလုံ အပြုံးဖြင့် ဆိုသည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
" ဒီအရှုပ်အထွေးအစွမ်းက တကယ်ကို ကောင်းကင်ဆန့်ကျင်တဲ့ အစွမ်းမျိုးပဲ ။ သူ့ရဲ့ သန့်စင်မှုက ကျုပ်ရဲ့ အစွမ်းနဲ့တောင် ယှဥ်လို့ရတယ် "
ရှီလုံ စိတ်ဓာတ်ပြန်ကျသွားရတော့သည်။
သူ အဘယ့်ကြောင့် ထိုကောင်လေးကို စကားသွားစမိခဲ့ပါသနည်း ။
ထိုစဥ် လောထျန်းက စကားဆက်ပါသည်။
" ဒါပေမယ့် သူ့ရဲ့ အရှုပ်အထွေးအစွမ်းထဲမှာ တခြားအရာတစ်ခုလဲ ပါနေတယ် ။ ကြည့်ရတာ မသေမျိုးဧကရာဇ်တစ်ယောက်ရဲ့ အစွမ်းလား ၊ တခြားဟာလား မသိဘူး ။ အဲ့တော့ ကျုပ်အစွမ်းနဲ့ သန့်စင်မှုခြင်း တူနေရင်တောင် တကယ်ယှဥ်ကြည့်ရင် သူက
နည်းနည်းလောက်ပိုပြီး အစွမ်းထက်မယ်တဲ့တူတယ် "
လောထျန်းက သေချာပင် ကောက်ချက်ချလိုက်သည်။
သို့သော် သူ့စကားထဲ၌ ချန်ထားခဲ့သည့် အကြောင်းရာလည်း ရှိပါသေး၏။
သူ ယှဥ်ကြည့်နေသည်မှာ အရှုပ်အထွေးအရောင်အဝါ သက်သက်ကိုပင်...
သို့သော် သူ့ထံ၌ အရှုပ်အထွေးအရောင်အဝါအပြင် ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ် ရှိထားသေးသည် မဟုတ်ပါလား ။
သူတို့ ထိုသို့ပြောနေကြစဥ်တွင် အရိုးတံခါးထက်မှ အသံတစ်သံ ထွက်လာ၏။
" အစွမ်းနိမ့်တဲ့ ငချွတ်လေးတွေ.. နတ်ဘုရားကို တွေ့နေတာတောင် ဘာလို့ ဒူးမထောက်ကြသေးတာလဲ "
" ဘာလို့ ဒူးမထောက်ကြသေးတာလဲ.. "
ထို နောက်ဆုံးစကားလုံးက ပဲ့တင်ထပ်သွားသည်။
လောထျန်း မျက်မှောင်ကြုံ့လိုက်၏။
" နတ်ဘုရား.. ဟုတ်လား ။ ဘယ်သူ့ကို ပြောနေတာလဲ ။ မင်းကိုယ်မင်း ပြောနေတာလား "
အရိုးတံခါးမှ အသံက အေးစက်စက် နှာခေါင်းရှုံ့သည်။
" ငချွတ်လေး ၊ ငါ့ရှေ့မှာ ဒူးထောက်ရင် ငါ မင်းကို နတ်ဘုရားအစွမ်းနဲ့ ကောင်းချီးပေးချင်ပေးမှာကွ ။ အဲ့ကျရင် မင်းက နတ်ဘုရားမျိုးဆက် ဖြစ်သွားမှာ "
" နတ်ဘုရားမျိုးဆက် ... ဟုတ်လား "
အစောပိုင်းက သားရဲခုနစ်ကောင်၏ စကားကို လောထျန်း ရုတ်တရက်ပြန်အမှတ်ရသွားသည်။
အရိုးတံခါးက ဆက်ပြော၏။
" အမှန်ပဲ.. ငါတို့လို နတ်ဘုရားတွေက မင်းလို သေမျိုးတွေနဲ့ မတူဘူးကွ ။ ငါတို့က ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံး သက်ရှိတွေ ။ မင်းသာ နတ်ဘုရားမျိုးဆက် ဖြစ်လာရင် မသေမျိုးကမ္ဘာကို သွားပြီးတော့ နတ်ဘုရားလမ်းစဥ်ကို လေ့လာကြည့်လို့ရ
တယ်ကွ။ အဆုံးမဲ့အစွမ်းကိုလဲ ပိုင်ဆိုင်နိုင်တယ် "
သူ့အသံမှာ အေးစက်စက် နိုင်လှသလို အားပြင်းသည့် အစွမ်းတစ်ခုလည်း ပါဝင်နေပါသည်။
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းဖြင့် ကာကွယ်ခြင်းကို ခံထားရသည့်တိုင် ရှီလုံတစ်ယောက် ဒူးထောက်ချင်စိတ် ဖြစ်သွား၏။
တဖက်မှ လောထျန်းကမူ အရိုးတံခါးအား မျက်တောင်လေးပုတ်၍ ကြည့်ကာ ပြောသည်။
" မင်းက နတ်ဘုရားမို့ အစွမ်းထက်တယ်လို့ ပြောတာပေါ့ "
" ဒါပေါ့ကွ "
အသံက အေးစက်စက် ဆက်ပြော၏။
လောထျန်း အရိုးတံခါးကိုကြည့်ကာ ထပ်မေးလိုက်သည်။
" အဲ့လောက် တကယ်ကြီးအစွမ်းထက်တယ်ဆိုရင် ဘယ်လိုဖြစ်ပြီးတော့ အပိုင်းပိုင်းဖြစ်ပြီး တံခါးတစ်ခု ဖြစ်သွားရတာလဲ "
" မင်း... "
အရိုးတံခါး ဘာမှပြန်မပြောနိုင်တော့ပါချေ။
" မင်းလို ငချွတ်လေးက ငါ့ကို စော်ကားတဲ့စကားမျိုး ပြောရဲတယ်ပေါ့ ဟုတ်လား "
အချိန်အတန်ငယ်ကြာမှ သူ ဒေါသတကြီး ပြန်အော်၏။
ဝုန်း...
ထိုတခဏ၌ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း လောထျန်းပေါ် ရောက်လာသည်။
သို့သော် လောထျန်းက အရိုးတံခါးအား စိတ်ဝင်တစား ကြည့်၍သာ ဆက်မေး၏။
" ငါက စော်ကားတာ မဟုတ်ပါဘူး ။ ဒီတိုင်း သိချင်လို့ပါ ... "
အရိုးတံခါး ခေတ္တမျှ မှင်သက်သွားတော့သည်။
ထို့နောက် သူ လောထျန်းအား စိတ်ဝင်တစား ပြန်ကြည့်လိုက်၏။
ထိုကောင်လေးက သူ့အား တမင်တကာ အရှက်ခွဲချင်သည့်ပုံ အမှန်တကယ် မရှိပါ ။
သူ အမှန်တကယ် စိတ်ဝင်စားသောကြောင့် မေးနေသည့်ပုံ ပေါ်ပါသည်။
သို့သော် ထိုသို့ဖြစ်လေလေ အရိုးတံခါး ပိုဒေါသထွက်ရလေပင် ။
" ဘယ်လိုဖြစ်သွားခဲ့တာလဲ ။ အရင်ဆုံး သေအောင်အသတ်ခံရပြီးမှ တစ်ယောက်ယောက်က မင်းရဲ့အရိုးတွေကို ယူပြီး တံခါးတစ်ချပ် လုပ်ခဲ့တာလား ။ ဒါမှမဟုတ်.. မင်း သေသွားပြီးမှ တစ်ယောက်ယောက်က မင်းရဲ့အရိုးတွေကို လိုက်စုပြီး တံခါးတစ်ခုဖြစ်အောင် လုပ်ခဲ့တာလား "
" ဒီအရိုးတွေက နတ်ဘုရားတွေအများကြီးရဲ့ အရိုးတွေလား... "
" အခု နာရောနာလား... "
လောထျန်း၏ ထူးထူးဆန်းဆန်း မေးခွန်းများကြောင့် အရိုးတံခါး ဆွံ့အသွားရပါတော့၏။
သူ ဖိနှိပ်အစွမ်းကိုပင် မထုတ်လွှတ်နိုင်တော့ပါချေ။
" ဘာဖြစ်လို့ ဘာမှပြန်မပြောတာလဲ "
လောထျန်းက ထပ်မေးလာသည်။
" ထွက်သွားစမ်း "
အရိုးတံခါး ဒေါသတကြီး ပြန်အော်လိုက်တော့၏။
လောထျန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောသည်။
" ငါ့ကို နတ်ဘုရားမျိုးဆက် မဖြစ်လာခိုင်းတော့ဘူးလား "
အချိန်အတန်ငယ်ကြာ တိတ်နေပြီးမှ အရိုးတံခါး ပြန်မေးပါသည်။
" မင်းက နတ်ဘုရားမျိုးဆက် ဖြစ်လာချင်လို့လား "
" မဖြစ်လာချင်ပါဘူး "
လောထျန်း ခေါင်းယမ်းပြလိုက်သည်။
" ဒါဆို ဘာလို့မေးနေသေးတာလဲ "
အရိုးတံခါး စိတ်မထိန်းနိုင်ဘဲ ပြန်အော်လိုက်၏။
စာစဉ်ပြီး၏