ကျွန်မကို အပြစ်ပေးပါ၊ ဆရာ
Vol. 14 Ch. 131
မိုးပျံလှေပေါ်တွင်။
ချန်ဟွိုက်အန်က လှေဦးပိုင်းတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် အဆုံးမရှိသော တိမ်ပင်လယ်ကြီးကို ငေးကြည့်ရင်း တကယ့် ဆရာကြီးတစ်ဦး၏ ဟန်ပန်မျိုးဖြင့် ရပ်နေသည်။
စုချီနျန်နှင့် လျူယွမ်ချင်းတို့က သူ၏ ကျောပြင်ကို ကြည့်ရင်း အားကျကြည်ညိုနေကြ၏။
ဒါက... သူ့ရဲ့ ကိုယ်ပွားလေးပဲ ရှိသေးတာ...
သူ့ရဲ့ တကယ့်ခန္ဓာကိုယ်က အစွမ်းထက်တဲ့ မိစ္ဆာကြီးတစ်ကောင်နဲ့ တိုက်ပွဲဝင်နေတုန်းပဲ...
ဒါတင်မကသေးဘူး။ သူ့ရဲ့ တကယ့်ခန္ဓာကိုယ်က မိစ္ဆာအဆိပ်မိထားသေးတယ်...
တကယ်လို့ ဒီလိုအနှောင့်အယှက်တွေသာ မရှိရင် သူ ဆင့်ခေါ်လိုက်တဲ့ ကိုယ်ပွားက ဒီထက်တောင် ပိုပြီးအစွမ်းထက်နေဦးမှာ မဟုတ်လား...
ဒီလိုမြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးက ဒီအချိန် ဘာတွေ တွေးနေမှာပါလိမ့်...
သူ့ရဲ့ ဝိညာဉ်အာရုံက ချင်းယွန်ဘုံ တစ်ခုလုံးကို အပေါ်စီးကနေ ကြည့်နေပြီး လေနဲ့တိမ်တွေကို စိတ်ကြိုက် ကြိုးကိုင်နေတာ ဖြစ်ရမယ်…
တကယ်တော့ ချန်ဟွိုက်အန်မှာ အတော်လေး စိတ်မသက်မသာ ဖြစ်နေရှာ၏။
သူက ထိုကိုယ်ပွား၏သက်တမ်း ကုန်ဆုံးရန်အတွက်သာ အသည်းအသန် ဆုတောင်းနေမိသည်။
ဗီအာဦးထုပ်ကို ဝတ်ဆင်ထားခြင်းက သူချစ်ရသော ချင်းရန်နှင့် နီးနီးကပ်ကပ် ရှိနေစေသော်လည်း ပြဿနာမှာ လှေပေါ်တွင် မဆိုင်သော လူပိုများ များလွန်းနေခြင်းပင်...
ယခုတော့ သူ အတော်လေး နေရခက်နေသည်။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ ပထမဆုံးအကြိမ် သရုပ်ဆောင်ဖူးခြင်း ဖြစ်သည်။
ဒီလို အခြေအနေမျိုးမှာ ခေါင်းဆောင်တစ်ယောက်က ဘာပြောရမယ်ဆိုတာ ဘယ်သူက သိမှာလဲ....
ကောင်းကင်နက္ခတ်ကိုပဲ သုံးလိုက်ရမလား...
ဒါက အလကားပဲဆိုတော့ သုံးလိုက်တာ ဘာမှ မဖြစ်ပါဘူးလေ...
ဘုန်း...
ရုတ်တရက် ချင်းယွန်ဘုံ၏ ကောင်းကင်ယံ ပြင်းထန်စွာ တုန်ခါသွားပြီး မိုးပျံလှေကြီးပင် အနည်းငယ် ယိမ်းထိုးသွား၏။
“ဘယ်သူက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နေတာလဲ...”
“အရင် ခဏခဏ တွက်ချက်နေတဲ့ အဲဒီပုဂ္ဂိုလ်ကြီးပဲ ထင်တယ်။ ချင်းယွန်ဘုံမှာ တစ်ခုခု အကြီးအကျယ် ဖြစ်တော့မှာလား...”
လျူယွမ်ချင်းနှင့် စုချီနျန်တို့ ထိတ်လန့်တကြား ကောင်းကင်ကို ကြည့်လိုက်ကြပြီး လှေ၏ အမြင့်ကို ချက်ချင်း နှိမ့်ချလိုက်ကြသည်။
ကောင်းကင်နက္ခတ် တွက်ချက်ခြင်းသည် သဘာဝတရားကို ဆန့်ကျင်ခြင်းဖြစ်ရာ ကောင်းကင်ဘုံ၏ အမျက်ဒေါသကို လွယ်လွယ်နှင့် ဆွပေးနိုင်၏။
အကယ်၍ မိုးကြိုးပစ်ချလိုက်၍ သူတို့ပါ ကြားညှပ်ပြီး ထိသွားလျှင် မည်သို့လုပ်မည်နည်း။
ချန်ဟွိုက်အန်က သိလိုသော အဖြေကို ရသည်နှင့်တပြိုင်နက် ချင်းယွန်ဘုံ၏ ကောင်းကင်ယံ ပြန်လည် တည်ငြိမ်သွားတော့သည်။ ကျင့်ကြံသူတစ်စုမှာ စုပေါင်း၍ သက်ပြင်းချလိုက်ကြပြီး ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်ကြ၏။
ခေါင်းဆောင်တစ်ယောက် ဖြစ်ရန်က လွယ်ပေသည်။
စကားပြောရသောအခါတွင် လက်အောက်ငယ်သားများကိုသာ အကျဉ်းချုပ် ပြန်ပြောခိုင်းလိုက်ရုံပင်။
သူတို့ကို အခါအားလျော်စွာ အကျဉ်းချုပ်ခိုင်းခြင်းက လွတ်သွားသော အချက်အလက်များကို ရှာဖွေရာတွင် အထောက်အကူပြုရုံသာမကဘဲ သူတို့ကို အမြဲတမ်း နိုးနိုးကြားကြားရှိနေအောင် ဖိအားပေးရာလည်း ရောက်သည်။ နောက်ဆုံး အနည်းငယ် ချီးကျူးခြင်း သို့မဟုတ် ဝေဖန်ခြင်းမျိုး လုပ်ပေးလျှင် သူတို့၏ သစ္စာရှိမှုနဲ့ ယုံကြည်မှုကလည်း အလိုလို တိုးလာလိမ့်မည်။
ထိုသို့တွေးပြီးနောက် ချန်ဟွိုက်အန် ချောင်းတစ်ချက်ဟန့်ကာ ရုတ်တရက် ပြောလိုက်သည်။ “ဒီနေ့ ငါ့ကို ကြည့်ပြီး မင်းတို့ ဘာတွေ သင်ယူမိခဲ့ကြလဲ...”
စုချီနျန်နှင့် လျူယွမ်ချင်းတို့မှာ ချက်ချင်းပင် နားစွင့်လိုက်ကြသည်။
ဒါ စီနီယာက သူတို့ကို စမ်းသပ်တာပဲ...
စုချီနျန် ရှေ့သို့ နှစ်လှမ်းတိုးကာ အရိုအသေပေးလျက် ပြောလိုက်သည်။ “စီနီယာ၊ ကျွန်တော် ယုံကြည်တာကတော့ ဓားကျောင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ ပြတ်သားပြီး ရဲရင့်ရပါမယ်... ဘယ်တော့မှ မခိုးမခန့်၊ မတွေမဝေ ဖြစ်မနေရပါဘူး... အခုကစပြီး ကျွန်တော့်ရဲ့ ဂိုဏ်းသားအားလုံး စီနီယာ့ရဲ့ မလျှော့သောဇွဲလုံ့လမျိုး ရှိနေစေဖို့ ကျွန်တော် ကိုယ်တိုင် ကြပ်မတ်ပါ့မယ်...”
လျူယွမ်ချင်းကလည်း နောက်မှ ကပ်လိုက်လာသည်။ “ကျွန်တော် ယုံကြည်တာကတော့ ဓားကျောင်းတော်ဟာ တရားမျှတမှုဘက်ကနေ ရပ်တည်ရပါမယ်။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံက မျှတရမယ်။ မမြန်လွန်း၊ မနှေးလွန်းစေဘဲနဲ့ သူတစ်ပါးက ကျွန်တော်တို့ဆီမှာ ကြည်ကြည်ဖြူဖြူ အညံ့ခံလာအောင် လုပ်ရပါမယ်...”
ချန်ဟွိုက်အန် ခေါင်းညိတ်ပြလိုက်သည်။ “အင်း...”
အမှန်အတိုင်းပြောရလျှင် သူတို့ ဘာတွေပြောနေမှန်း သူ လုံးဝ နားမလည်ပေ။
သို့သော် ၎င်းက အရေးမကြီးပေ။
သူ လုပ်ရမည်က သူတို့ ပြောလိုက်သည်ကိုသာ နည်းနည်းပိုပြီး ယဉ်ယဉ်ကျေးကျေးနှင့် လေးလေးနက်နက် ပြန်ပြောလိုက်ရုံပင်။
ခဏအကြာတွင် သူ၏ အသံမှာ လေထုထဲတွင် ပဲ့တင်ထပ်သွား၏။
“မာနကို အတောမသတ် မကြီးထွားစေနဲ့၊ ရမ္မက်နောက် မလိုက်နဲ့၊ ပျော်ရွှင်မှုမှာ မမိန်းမောနဲ့၊ ရည်မှန်းချက်တွေ မလျှံပယ်စေနဲ့... ခွန်အားကနေတစ်ဆင့် သီလကို ကျင့်ကြံရမယ်၊ သီလနဲ့ပဲ သူတစ်ပါးကို အောင်နိုင်ရမယ်... ကျိုးရွှမ်ကျိကို ကြည့်။ ငါ သူ့ဆီကနေ အများကြီး ယူသွားခဲ့ပေမဲ့ ငါ့ကို ရိုရိုသေသေ ပြန်ပို့ပေးခဲ့ရတယ်။ ဒါမှ အခြေအနေအရပ်ရပ်ကို တကယ့် ထိန်းချုပ်နိုင်စွမ်းပဲ...”
စုချီနျန်၏ မျက်လုံးများမှာ နားလည်သွားသည့် အလင်းရောင်များဖြင့် တောက်ပလာပြီး ဦးညွှတ်လိုက်သည်။ “ဒီနေ့ ဒီစကားတွေကို ကြားရတာဟာ ကျွန်တော့်ခေါင်းပေါ်ကို ရေအေးနဲ့ လောင်းလိုက်သလိုပါပဲ။ စိတ်ကို ချက်ချင်း ကြည်လင်သွားစေပါတယ်။ ကျွန်တော် တကယ်ကို လေးစားသွားပါပြီ...”
လျူယွမ်ချင်းလည်း ချန်ဟွိုက်အန်၏ စကားများကို သေချာစဉ်းစားပြီး ခေါင်းကို တရစပ် ညိတ်နေတော့သည်။
စီနီယာဆိုတဲ့အတိုင်းပဲ...
သူနဲ့စုချီနျန်က အနှစ်သာရမရှိတဲ့ စကားတွေကိုပဲ ပြောနိုင်ပေမဲ့ စီနီယာကတော့ နက်နဲတဲ့ ပညာတွေကို ဟောကြားပေးနိုင်တယ်။
သန်မာတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တဲ့ ချင်းယွန်ဘုံမှာ ခွန်အားရှိမှပဲ ကိုယ်ကျင့်တရားအကြောင်း ပြောပိုင်ခွင့်ရှိတာ။ တကယ့် အစွမ်းထက်တဲ့ စွမ်းအားရှိနေရက်နဲ့ သီလကို ဆုပ်ကိုင်ထားနိုင်တာကမှ တကယ့် အောင်နိုင်ခြင်းပဲ။
ဒါက ပြောရတာ လွယ်ပေမဲ့ လုပ်ဖို့ကျတော့ အတော်လေး ခက်ခဲတယ်။
ဥပမာ ဟိုရယ်မောနေတဲ့ဗုဒ္ဓကိုပဲ ကြည့်။ သူက ခွန်အားကြီးပေမဲ့ ကိုယ်ကျင့်တရားကို လွှင့်ပစ်ပြီးတော့ သူ့တာအိုအတွက် ရက်ရက်စက်စက် သတ်ဖြတ်နေခဲ့တာ။
ချန်ဟွိုက်အန်မှာမူ စုချီနျန်နှင့် လျူယွမ်ချင်းတို့၏ ကြည်ညိုနေသော မျက်နှာထားများကို ကြည့်ရင်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
ငါက တကယ်ပဲ ဒီလောက် နက်နဲတဲ့ စကားတွေ ပြောလိုက်လို့လား...
ငါလုပ်ခဲ့တာက သူတို့ပြောတာကိုပဲ ပြန်ပြောလိုက်တာလေ...
ဒီအထင်လွဲမှုကတော့ တဖြည်းဖြည်းနဲ့ လမ်းချော်ကုန်ပြီ။
ဒီအဘိုးကြီးနှစ်ယောက်နဲ့ ဝေးဝေးနေမှဖြစ်မယ်။ အသုံးမကျတာက ကူးစက်တတ်တယ်လေ။
မိုးပျံလှေ လျိုရှားတောင်ထွတ်သို့ ရောက်သည်နှင့် ချန်ဟွိုက်အန်၏ကိုယ်ပွား သက်တမ်းလည်း ကုန်ဆုံးတော့မည် ဖြစ်သည်။
နောက်ဆုံး စက္ကန့်အနည်းငယ်တွင် သူက အမှတ်တရတစ်ခု ကျန်ခဲ့စေရန် ဆုံးဖြတ်လိုက်သည်။
သူ လေထဲသို့ ပျံတက်လိုက်ပြီး ဓားတစ်ချက် ခုတ်ပိုင်းလိုက်၏။
ချလွမ်...
ဓားချီများ ပေါက်ကွဲထွက်လာပြီး နေရာလွတ်ထဲတွင် အက်ကြောင်းတစ်ခု ဖြစ်သွားစေသည်။
ထို့နောက် သူ၏ ပုံရိပ်က ရေတွက်၍မရသော ဓားချီလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး အက်ကြောင်းအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
လီချင်းရန်က နဂါးပုံဆေးအိုးကို ပိုက်လျက် ဆရာ ပျောက်ကွယ်သွားသော နေရာကို ငေးကြည့်ရင်း စကားပြောရန် တွေဝေနေမိသည်။
ဆရာက ငါ့ကို အပြစ်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား...
ဘာလို့ ဒီအတိုင်းကြီး ထွက်သွားရတာလဲ…
ဆရာနဲ့ ကောင်းကောင်းတောင် စကားမပြောရသေးဘူး။
စိတ်မကောင်းဖြစ်ကာ နှုတ်ခမ်းဆူရင်း သူက ခြေထောက်နားမှ ကျောက်ခဲလေးတစ်လုံးကို ခြုံပုတ်ထဲရောက်အောင် ခပ်ဖွဖွလေး ကန်လိုက်မိသည်။
“ဒီနေ့ မင်းတို့ ဆရာနဲ့ အတူ ခရီးသွားခွင့်ရတာဟာ ငါ့အတွက်တော့ အတွေ့အကြုံသစ်တွေ အများကြီး ရခဲ့တယ်။ ငါလည်း အခု တံခါးပိတ်ကျင့်ကြံဖို့ ပြန်တော့မယ်...”
လျူယွမ်ချင်းက လီချင်းရန်အား မြေးမလေးကို ကြည့်သကဲ့သို့ ကြင်နာသော မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။
“ငါလည်း အများကြီး သင်ယူခဲ့ရပါတယ်။ ဒီပစ္စည်းတွေကို ဂိုဒေါင်ထဲမှာ သွားသိမ်းပြီးရင် ငါလည်း ခဏလောက် တံခါးပိတ်ကျင့်ကြံတော့မယ်…” စုချီနျန်ကလည်း မုတ်ဆိတ်ကို သပ်ရင်း လီချင်းရန်ကို ရတနာသိုက်ကြီး တစ်ခုလို ကြည့်ကာ ပြောလိုက်သည်။
ထိုသို့ဖြင့် အခြေတည်ဝိညာဉ် တန်ခိုးရှင် နှစ်ဦးစလုံးသည် သက်ဆိုင်ရာ တောင်ထိပ်များဆီသို့ ပြန်သွားကြတော့သည်။
တစ်ဖက်တွင်မူ ယွဲ့ချန်ချီက လျှံထွက်မတတ် ဖြစ်နေသော သိုလှောင်အိတ်ကို ပိုက်လျက် လျှာလေးသပ်ကာ မျက်လုံးများမှာ တောက်ပနေသည်။
သူက လီချင်းရန်၏ အိမ်ရှေ့တွင် ဝိညာဉ်အရက် အနည်းငယ်ကို ချထားပေးပြီး ရယ်မောလိုက်သည်။ “ဟိုကောင်စုတ် ရှုအန်က အမြဲတမ်း ငါ့ကို ဝိညာဉ်အရက်နဲ့ လာလာပြီး လာဘ်ထိုးနေတာ။ ဒီနေ့တော့ ဆေးဂိုဏ်းရဲ့ အကောင်းဆုံးအရက်ကို သူ့ရှေ့မှာတင် သောက်ပြပစ်မယ်။ တကယ့်ကို ကျေနပ်စရာပဲ... ဟားဟားဟား...”
ရှုအန်၏ သနားစရာကောင်းသော မျက်နှာကို မြင်ယောင်ရင်း ယွဲ့ချန်ချီ ကျယ်လောင်စွာ ရယ်မောနေတော့သည်။
“စီနီယာအစ်မ။ အရက်ကို လျှော့သောက်ဦး။ အများကြီး သောက်တာ မကောင်းပါဘူး…”
“စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့။ ငါ့ကို ခွက်တစ်ထောင်ယွဲ့လို့ ခေါ်ကြတာ... ကဲ... သွားပြီနော်...”
ယွဲ့ချန်ချီက ဓားပျံပေါ်သို့ ခုန်တက်လိုက်ပြီး လျိုရှားတောင်ထွတ်၏ နေဝင်ဆည်းဆာ ကောင်းကင်ယံထဲသို့ ပျံသန်းသွားတော့သည်။
လီချင်းရန်က တောင်ထိပ်တွင် ခဏတာ ငေးရပ်နေပြီးနောက် နဂါးပုံဆေးအိုးကို ပိုက်ကာ သူ၏ အိမ်လေးဆီသို့ ပြန်လာခဲ့သည်။
ယနေ့ သူက ဆရာနှင့် စကားအများကြီး မပြောရသေးပေ။ သူ၏ ရင်ထဲတွင် ဟာတာတာကြီး ဖြစ်နေရသည်။
အိမ်ထဲသို့ ဝင်ထိုင်လိုက်သည်နှင့် တပြိုင်နက် သူ့ကို စောင့်ကြည့်နေကျ ဖြစ်သော ရင်းနှီးနေသည့် အကြည့်တစ်ခုကို ခံစားလိုက်ရ၏။
သူက နေရာလွတ်ဆီသို့ အလိုလို လှမ်းကြည့်လိုက်ရာ ခုနက စိတ်ပျက်မှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်ဝန်းလေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
“ဆရာ...”
[ ချင်းရန်၊ မင်းရဲ့ အမှားကို မင်း သိလား... ]
ဆရာ၏ အသံတွင် အပြစ်တင်လိုစိတ် အစစ်အမှန် မပါသော်လည်း လီချင်းရန်မှာမူ ခေါင်းလေး ငုံ့ကာ လက်သည်းလေးများကိုဆိတ်ရင်း လက်ကလေးနှစ်ဖက်ကို ပေါင်ပေါ်တွင် စနစ်တကျ တင်ထားလိုက်သည်။
သူ၏ နှလုံးခုန်သံမှာ မြန်လာပြီး အသက်ရှူပင် မမှန်တော့ပေ။
“ချင်းရန် အမှားကို သိပါတယ်။ ချင်းရန် ဆရာကို မလိမ်သင့်ခဲ့ပါဘူး… ကျေးဇူးပြုပြီး ဆရာ၊ ကျွန်မကို အပြစ်ပေးပါ…”
ဆရာက သူ့ကို ဘယ်လိုများ အပြစ်ပေးမလဲ...
သူ အနည်းငယ် ရင်ခုန်နေမိသည်။
ဓားကျောင်းတော်မှာ စည်းကမ်းထိန်းသိမ်းရေးခန်းမ ရှိသည်။ နောင်တကျောက်ဆောင်လည်း ရှိသည်။
ဆရာက ငါ့ကို အဲဒီနေရာတွေဆီ ပို့ပြီး အပြစ်ပေးမှာလား...
မှောင်တဲ့နေရာတွေကို မကြိုက်ဘူး…
ဒါပေမဲ့ ဆရာရဲ့ အမိန့်ဆိုရင်တော့…
[ ဟင်း၊ အပြစ်ပေးမှာပေါ့၊ အပြစ်ပေးမှာပေါ့... ]
နေရာလွတ်ထဲတွင် ခဏတာ တိတ်ဆိတ်သွားသည်။ လီချင်းရန်အတွက်မူ တစ်စက္ကန့်ချင်းစီက နှစ်ပေါင်းများစွာ ကြာနေသကဲ့သို့ပင်။
ရုတ်တရက် အဝတ်အစား အချို့က သူ၏ ခုတင်ပေါ်သို့ ကျလာခဲ့သည်။
၎င်းတို့ထဲတွင်... ရင်စည်းတစ်ခုလည်း ပါဝင်နေ၏။
သူ အံ့ဩသွားရန်ပင် အချိန်မရလိုက်ဘဲ ဆရာ၏အသံ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။ ယခုတစ်ခါမှာတော့ အနည်းငယ် နေရခက်နေသည့် ပုံစံမျိုးနှင့်ပင်။
[ မင်း တောင်အောက်ကို ခဲခဲယဉ်ယဉ် ဆင်းရတာဆိုတော့ မင်းအတွက် အဝတ်အစား အသစ်လေးတွေ လုပ်ပေးထားတယ် ]
[ အင်း... ဒါပေမဲ့ မင်းဆီမှာ အဝတ်ဟောင်းတွေလည်း အများကြီး ရှိနေသေးတယ် မဟုတ်လား ]
[ မင်းရဲ့ ပန်းထိုးတဲ့အရည်အချင်းက အတော်လေး ညံ့သေးတော့ လေ့ကျင့်ဖို့ လိုအပ်တယ်။ အဲဒါကြောင့်... ]
[ အပြစ်ပေးတဲ့အနေနဲ့ မင်းရဲ့ အဝတ်ဟောင်းတွေထဲက အစအနတွေကို ပြန်သုံးပြီး ငါ့အတွက် ရနံ့အိတ်လေးတွေနဲ့ သိုလှောင်အိတ်လေးတွေ လုပ်ပေးရမယ်... ]
[ မင်း လက်ခံလား... ]
…
...