← Chapters

အသေအချာရွေးထားတဲ့ အစအနများ

Vol. 14 Ch. 132

အသေအချာရွေးထားတဲ့ အစအနများ

Vol. 14 Ch. 132

ဒါက ဆရာပေးတဲ့ အပြစ်ဒဏ်လား...

လီချင်းရန် အတော်လေးကြာအောင် မှင်တက်မိနေပြီးမှ သတိပြန်ဝင်လာခဲ့သည်။

သူက နီမြန်းနေသော မျက်နှာလေးနှင့် ကပျာကယာ ခေါင်းညိတ်ပြီး ပြောသည်။ “ချင်းရန် လက်ခံပါတယ်... ဒါပေမဲ့ ဆရာ၊ တကယ်ပဲ ဒါက တစ်ခုတည်းသော အပြစ်ဒဏ်လား။ နောင် ကျွန်မ ဒီလိုအမှားမျိုး ထပ်လုပ်မှာကို ဆရာ မစိုးရိမ်ဘူးလား...”

နေရာလွတ်ထဲမှ အနည်းငယ် အပြစ်တင်လိုသော ရယ်သံလေး ထွက်ပေါ်လာသည်။ [မင်းက လုပ်ရဲသေးလို့လား...]

လီချင်းရန် ပခုံးလေးတွန့်သွား၏။ အနည်းဆုံးတော့ အခုအချိန်တွင် သူက အမှန်တကယ် မလုပ်ရဲတော့။

ဆရာက သူ့ကို ပထမဆုံးအကြိမ် အသံမာမာနှင့် ပြောလိုက်ခြင်း ဖြစ်ရာ သူ အတော်လေး ထိတ်လန့်သွားခဲ့သည်။

[ မနက်ဖြန်ကျရင် ငါ ဟိုမိစ္ဆာကြီးနဲ့ နောက်ထပ် တိုက်ပွဲတစ်ခု ဆင်နွှဲရဦးမယ်။ အားအင်တွေ ပြန်ပြည့်အောင် အနားယူဖို့ လိုနေလို့ မင်းကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘူး ]

ထိုစကား အဆုံးမှာတော့ သူ့ကို စောင့်ကြည့်နေတဲ့ အရှိန်အဝါက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

ဆရာ ထွက်သွားပြီဖြစ်ကြောင်း လီချင်းရန် သိလိုက်၏။

သူက ပါးကို လက်ဖြင့်ထောက်ပြီး ခဏတာ ငြိမ်သက်နေပြီးမှ ဆရာပေးခဲ့သော အဝတ်အစားတွေကို သေချာစီစစ်ရန် ပြင်လိုက်သည်။

“ဆရာက... ဒီအဝတ်တွေကို ကိုယ်တိုင် ချုပ်ပေးတာလား...”

သူက လက်ထဲမှ အဝတ်အစားများကို ကြည့်ပြီး တိတ်တဆိတ် အံ့အားသင့်နေမိသည်။ ချုပ်ရိုးချုပ်သားများက အပြစ်ပြောစရာမရှိအောင် သပ်ရပ်လှပသလို ပုံစံကလည်း ဆန်းသစ်ပြီး ပန်းထိုးထားသော ဒီဇိုင်းများကလည်း အလွန်ပင် အနုစိတ်လွန်းလှ၏။

ဆရာ့မှာ ဒီလိုလက်ရာမျိုးရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။

ပြန်စဉ်းစားကြည့်ရင်လည်း သူနေတဲ့ အဲဒီနေရာလွတ်ထဲမှာ အဝတ်အစား ဘယ်မှာသွားဝယ်လို့ ရမှာလဲ။ သူကိုယ်တိုင်ပဲ ချုပ်ရမှာပေါ့။

သူက အပေါ်အင်္ကျီတစ်ထည်ကို ပခုံးပေါ်တင်ပြီး တိုင်းကြည့်လိုက်ရာ သူနဲ့ အတိအကျပင်။

ထို့နောက် ရှက်ကိုးရှက်ကန်းနှင့် ရင်စည်းနှစ်ခုထဲမ တစ်ခုကို ယူပြီး တိုင်းကြည့်လိုက်ပြန်သည်။ ၎င်းကလည်း သူ၏ ကိုယ်လုံးနှင့် ကွက်တိပင်။

အပေါ်အင်္ကျီတွေကတော့ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ခန့်မှန်းပြီး ချုပ်လို့ရနိုင်ပေမဲ့ ဒါက အတွင်းခံအဝတ်အစားလေ...

ဆရာက ဘယ်လိုလုပ်ပြီး အတိုင်းအတာတွေကို ဒီလောက် တိတိကျကျ သိနေတာပါလိမ့်...

ရေချိုးနေတုန်း ခိုးကြည့်ပြီးတော့ သူ့ရဲ့ နတ်ဘုရားအာရုံနဲ့ အသေးစိတ် တိုင်းတာခဲ့တာလား...

ထိုအတွေးက သူ၏ခေါင်းထဲတွင် အလိုလို ပေါ်လာခဲ့သည်။

ပြီးတော့ ဒီအဝတ်တွေက ဆရာကိုယ်တိုင် ချုပ်ထားတာလေ။

မသိရင်တော့ ကိစ္စမရှိပေမဲ့ အခု သိသွားပြီဆိုတော့ အဝတ်ပေါ်မှာ ဆရာရဲ့ လက်ငွေ့တွေ ကျန်နေသေးသလိုမျိုး ခံစားနေရတယ်။

ဒီခံစားချက်ကြီးက...

တကယ်ကို မကောင်းဘူး။

လီချင်းရန်က ခြေထောက်နှစ်ဖက်ကို ပွတ်သပ်ရင်း နီမြန်းနေသော မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကာ ခုတင်ပေါ် ဟိုလှည့်ဒီလှည့်နှင့် လူးလိမ့်နေတော့သည်။

သူက စောင်ထဲတွင် ပိုးအိမ်ထဲမှ ပိုးကောင်လေးလို လိပ်နေပြီး အတော်ကြာမှသာ စိတ်ပြန်တည်ငြိမ်သွားသည်။

ဆရာပေးသော အပြစ်ဒဏ်ကို သူ မမေ့ပေ။

ယနေ့ည သူ အချိန်ပိုဆင်းပြီး ၎င်းကို အပြီးလုပ်ရပေမည်။

“အဝတ်ဟောင်းတွေကိုတော့ သုံးပြီး ဆရာ့အတွက် တစ်ခုခု လုပ်ပေးရမယ်...”

သူက ကုန်းပြီး ခုတင်အောက်မှ သေတ္တာလေးကို ဆွဲထုတ်လိုက်၏။ အဲဒီထဲတွင် ဝမ်ချင်းတောင် ကတည်းက သူ ဝတ်ခဲ့သော အဝတ်ဟောင်းများ အကုန် ရှိနေသည်။ အချို့က စုတ်ပြဲနေသော်လည်း သူ သိမ်းထားခဲ့သည်။

ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်က သန့်စင်ပြီးသားဖြစ်ရာ အညစ်အကြေးများ မရှိပေ။

အဝတ်အစားများ မည်မျှကြာကြာဝတ်ဝတ် ချွေးနံ့များ စွဲကျန်ရစ်နေခြင်းမျိုး မရှိပေ။ အကြောင်းမှာ ကျင့်ကြံသူများ၏ ချွေးသည် ရိုးရိုးရေလို သန့်စင်နေ၍ပင်။

ထို့ကြောင့် အဝတ်များက တကယ်တမ်း ညစ်ပတ်မနေပေ။

သို့သော်လည်း တိုက်ပွဲများပြီးလျှင်တော့ သွေးကွက်များနှင့် ဖုန်များကို သူ လျှော်ဖွပ်လေ့ရှိသည်။

“ရနံ့အိတ်တွေနဲ့ သိုလှောင်အိတ်တွေဆိုတာက အမြဲတမ်း ကိုယ်နဲ့မကွာ ထားရတာမျိုးပဲ... အနူးညံ့ဆုံးနဲ့ အကောင်းဆုံး အစအနကို ငါ သုံးရမယ်။”

သူက ကိုယ့်ဘာကိုယ် ရေရွတ်ရင်း အဝတ်တွေကို တစ်ထည်ချင်းစီ ဖြန့်ခင်းလိုက်၏။

နောက်ဆုံး သူ၏ အကြည့်က ရင်စည်းတစ်ခုပေါ် ရပ်တန့်သွားသည်။

အသေအချာပင်။ ထိုအစအနက အနူးညံ့ဆုံးနှင့် အကောင်းဆုံးပင်။ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ထိတွေ့ရမည့် အဝတ်အစားဖြစ်၍ အကောင်းဆုံး ပိတ်စနှင့် လုပ်ထားခြင်းပင်။

သို့သော်...

လီချင်းရန် ရင်စည်းကို ကိုင်ထားရင်း မျက်နှာ ပိုနီလာကာ နားရွက်တွေပါ ပူထူလာခဲ့၏။

ဆရာ့အတွက် ရနံ့အိတ်နဲ့ သိုလှောင်အိတ်လုပ်ဖို့ ဒီအစအနကို သုံးတာက တကယ်ပဲ သင့်တော်ပါ့မလား...

တကယ်လို့ ဆရာသာ သိသွားရင်တော့ သူ ရှက်လွန်းလို့ သေသွားမှာပဲ။

“မဟုတ်ဘူး။ ဆရာက အခု ကြည့်နေတာမှ မဟုတ်တာ။ ငါ ဘာမှမပြောရင် သူ သိမှာမဟုတ်ဘူး။”

သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်၏။

ဆရာက အများကြီး ပေးခဲ့တာပဲ။ ငါ ပြန်ပေးတဲ့ အရာကလည်း အကောင်းဆုံး ဖြစ်ရမယ်။

ဆရာက ငါ့ကို ကူညီဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေဘူး။ အဲဒါကြောင့် ငါ့မှာ ပြန်ပေးဖို့ အခွင့်အရေးရတုန်း မတွန့်ဆုတ်သင့်ဘူး။

“ဆုံးဖြတ်လိုက်ပြီ။ ဒီအစအနကိုပဲ သုံးမယ်...”

“ပေါင်းစည်းခြင်းနယ်ပယ်က ကျင့်ကြံသူတွေကို သတ်ဖို့က တကယ် မလွယ်ဘူးပဲ။”

ချန်ဟွိုက်အန် ဖုန်းကို ချလိုက်ပြီး ခုနက သုံးလိုက်ရသော ယွမ်သုံးသိန်းဖိုး တိုက်ပွဲကို ပြန်လည်၍ သုံးသပ်နေ၏။

ရယ်မောနေတဲ့ဗုဒ္ဓက အစိပ်စိပ်အမွှာမွှာ ဖြစ်သွားသလို ထင်ရပေမဲ့ မသေလောက်သေးဘူးဟု ချန်ဟွိုက်အန် တွေးနေမိသည်။

အကြောင်းမှာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစများ၊ ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစများ ကျမလာ၍ပင်။

ထို့ပြင် ထူးဆန်းသည်က မည်သည့် စစ်နိုင်ပစ္စည်းမှ မကျလာပေ။

သို့မဟုတ်... ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူတွေက အပိုင်းအစတွေ မကျတာများလား...

သူကတော့ လျင်ချန်းရှင်းတစ်ယောက် လုံးဝ မသေသေးကြောင်း ယူဆထား၏။

သို့သော် သူ အသက်ရှင်နေဦးမည် ဆိုလျှင်ပင် အပြင်းအထန် ဒဏ်ရာရထားမည်မှာ သေချာ၏။ သို့မဟုတ်ပါက နောက်ဆုံးအချိန်တွင် သူ ထိုမျှလောက် ကြောက်လန့်နေမည် မဟုတ်ပေ။

ကျင့်ကြံသူများအတွက်တော့ ကျင့်စဉ်အဆင့် နိမ့်ကျသွားခြင်းက ခန္ဓာကိုယ် ထိခိုက်ခြင်းထက် ပို၍ နာကျင်ရပေသည်။

လျင်ချန်းရှင်းက ချင်းယွန်ဘုံတွင် ခဏလောက် ပေါ်လာတော့မည် မဟုတ်ပေ။

“အခုတော့... မနက်ဖြန်ကျရင် လီချင်းရန် ချုပ်ထားတဲ့ ရနံ့အိတ်နဲ့ သိုလှောင်အိတ်ကို ငါ့ကို တကယ်ပ ပေးမလား ကြည့်တာပေါ့။”

ချန်ဟွိုက်အန်က ခုတင်ပေါ် လှဲလျက် လက်နှစ်ဖက်ကို ခေါင်းအောက်ခုပြီး မျက်နှာကြက်မှ မီးလုံးကို စိုက်ကြည့်နေ၏။

ထိုစိတ်ဝိညာဉ်အဖော် ကမ္ဘာကြီးက တကယ် ရှိမရှိကို သူ အမြဲ သံသယ ရှိနေခဲ့သည်။

အကယ်၍ ၎င်းက အစစ်အမှန် မဟုတ်လျှင် လီချင်းရန် သူ့အတွက် ဆေးများ ဖော်စပ်ပေးသော အသေးစိတ် အချက်အလက်များက အဘယ်ကြောင့် ထိုမျှ တိကျနေရသနည်း...

ဆုအဖြစ် ဆေးလုံးတစ်လုံး ပေးရန်အတွက်သာဆိုရင် ထိုမျှအထိ အသေးစိတ် လုပ်စရာ မလိုပေ။

ခက်ခဲသော အဆင့်များကို ကျော်ပစ်ပြီး ဆုကို တန်းပေးလိုက်၍ ရလေသည်။

သို့သော် ထိုကမ္ဘာက တကယ်အစစ်အမှန် ဆိုရင်ကော...

ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူက ထိုကမ္ဘာနဲ့ တိုက်ရိုက် ထိတွေ့၍ မရနိုင်သနည်း...

ထို့ပြင် ထိုကမ္ဘာတွင် သူပိုင်ဆိုင်သော စွမ်းအားက အဘယ်ကြောင့် ထိုမျအထိ အဓိပ္ပာယ်မရှိအောင် များနေရသနည်း...

ယွမ်သုံးသိန်းနှင့် ပေါင်းစည်းခြင်းနယ်ပယ် အတွေ့အကြုံကတ်တစ်ခု ရခဲ့သည် ဆိုသော်လည်း ထိုစွမ်းအားက အတော်လေးကို များလွန်းနေသလိုပင်။

ထို့ကြောင့် သူ စမ်းသပ်ချက်လေး တစ်ခု လုပ်ခဲ့သည်။

အမှန်က လီချင်းရန်ကို ပေးချင်တဲ့ အပြစ်ဒဏ်မှာ ထိုအရာ မဟုတ်။

သူက ဂိမ်းထဲမှ ဇာတ်ကောင်များနှင့် တကယ့် အပြန်အလှန် ဆက်သွယ်မှုလုပ်၍ ရမရကို သိချင်ရုံသက်သက်သာ။

အကယ်၍ မနက်ဖြန် ရနံ့အိတ်နှင့် သိုလှောင်အိတ်ကို ရသောအခါ အဝတ်ဟောင်းများနှင့် မဟုတ်ဘဲ အသစ်များနှင့် လုပ်ထားခြင်းဆိုလျှင်တော့ သူ ထိုအတွေးကို လက်လျှော့ လိုက်တော့မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ထိုဂိမ်းကမ္ဘာဟာ အစစ်အမှန် မဟုတ်ဘဲ သူ့အတွက်သာ တည်ရှိနေသော အရင်းအမြစ် ကမ္ဘာတစ်ခုသာ ဖြစ်ကြောင်း အတည်ပြုနိုင်မည် ဖြစ်၏။

သူသာ မရှိလျှင် ထိုကမ္ဘာကြီးလည်း ပျောက်ကွယ်သွားပေမည်။

“အဟီး... ရင်ခုန်လိုက်တာ...”

ဒီကမ္ဘာက အစစ်အမှန် ဖြစ်မလား၊ အတုအယောင် ဖြစ်နေမလား...

ပြီးတော့ မနက်ဖြန် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ လုပ်မယ့် ကင်ဆာရောဂါ ကုသမှုကကော အဆင်ပြေပါ့မလား...

ချန်ဟွိုက်အန်၏ အတွေးများ လှည့်ပတ်နေရင်း တဖြည်းဖြည်း အိပ်စက်ခြင်းက သူ့ကို ဝါးမျိုသွားတော့သည်။

ပြတင်းပေါက်မှာတော့ ပါ့ကျီက မျက်လုံးတစ်ဖက်ကို ခဏဖွင့်ကြည့်ပြီးမှ ပြန်ပိတ်ကာ ဆက်၍ ကျင့်ကြံနေလိုက်သည်။

ရေဇလုံထဲမှာတော့ တစ်နေ့လုံး မတ်တပ်ရပ်နေသော ရှေင်ချင်းက နောက်ဆုံးတော့ ရေထဲကို ဆင်းပြီး အနားယူသွားလေပြီ။

ညဦးယံ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့၏။

နွေရာသီ လမင်းကြီးက ငွေရောင် ချိတ်တစ်ခုလို ကောင်းကင်တွင် ဆွဲချိတ်ထားသယောင် ရှိနေတော့သည်။

All Chapters