ကုသရန် မျှော်လင့်ချက်
Vol. 14 Ch. 135
“ဟွိုက်အန်... ညီလေး၊ မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက မင်းရဲ့ ကင်ဆာရောဂါကို ကုသပေးမယ့် တာဝန်ခံဆရာဝန်ပဲ။ သူက ကုသမှုအမျိုးအစား နိုးထသူ ရှန့်ရှောင်ယွမ်ပဲ။”
ပန်ကျားဈေးအတွင်းရှိ သာမန် ဟင်းခတ်အမွှေးအကြိုင်ဆိုင်လေး တစ်ခု၏ အောက်တွင် လျှို့ဝှက်အခန်းတစ်ခု ရှိနေ၏။
ချန်ဟွိုက်အန်၏ အရှေ့တွင် ထိုင်နေသူမှာ မုတ်ဆိတ်မွေးနှင့်လူ ဖြစ်သည်။ သူသည် မကြာသေးမီကမှ နည်းပညာမြှင့်တင်ထားသည့် စက်ရုပ်လက်တုကြီးကို တပ်ထားကာ ဂုဏ်ယူဝင့်ကြွားနေသည်။ သူ့ဘေးတွင်မူ ရှက်ကိုးရှက်ကန်းနှင့် ချိုသာစွာ ပြုံးနေသော မိန်းကလေးတစ်ဦး ရပ်နေ၏။
ချန်ဟွိုက်အန်က အခန်းတွင်းရှိ ကာထားသော လိုက်ကာနောက်သို့ အမှတ်မထင် လှမ်းကြည့် လိုက်ရာ အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ ထိုင်နေသည်ကို သတိပြုမိလိုက်သည်။ သူက ထွက်လာမည့်ပုံ မပေါ်သလို အတင်းအကျပ် သိချင်စိတ်မရှိပေ။ ထို့ကြောင့် ချန်ဟွိုက်အန်က ရှန့်ရှောင်ယွမ်ကိုသာ ယဉ်ကျေးပျူငှာစွာ ပြုံးပြလိုက်သည်။
ထိုမိန်းကလေးက အလွန်အမင်း လှပလွန်းသူမျိုး မဟုတ်သော်လည်း သူ၏ အရှိန်အဝါမှာ ကျောက်တံတားလေးအောက်တွင် အေးချမ်းစွာ စီးဆင်းနေသော ရေအေးလေးကဲ့သို့ နူးညံ့ တည်ငြိမ်လှသည်။ သူ၏ အသားအရေမှာ ဖြူစင်နုနယ်ပြီး မျက်ဝန်းလေးများမှာလည်း အသက်ဝင်နေ၏။ ချန်ဟွိုက်အန် ပြုံးပြလိုက်သည့် ခဏမှာပင် သူ၏ ပါးပြင်လေးများမှာ ပန်းရောင်သန်းသွားပြီး မျက်လုံးလေးများကို အောက်သို့ ငုံ့ချလိုက်တော့သည်။
မုတ်ဆိတ်မွေးနှင့်လူက ဝမ်းသာအားရ ပြောလိုက်သည်။ “ဟွိုက်အန်၊ သူရဲ့ ရှက်တတ်တဲ့ ပုံစံကို ကြည့်ပြီး အထင်မသေးနဲ့ဦး... ရှောင်ယွမ်က ဆရာသခင်အဆင့် အဆင့်(A) နိုးထသူ တစ်ယောက်ပဲ... သူကို ဒီခေါ်လာနိုင်ဖို့ ငါ တော်တော် ကြိုးစားခဲ့ရတာ။ သူရဲ့ စွမ်းအားနဲ့ လူပေါင်း ရာနဲ့ချီကို ကယ်တင်ပေးခဲ့ပြီးပြီ...”
ထိုသို့ ချီးကျူးခံရသောအခါ ရှန့်ရှောင်ယွမ် ပို၍ပင် ရှက်သွားကာ ရင်ဘတ်ထဲသို့ ခေါင်းတိုးဝင် သွားချင်စိတ် ပေါက်နေသွားတော့သည်။
“အဲဒီလောက်တောင် စွမ်းတာလား...” ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်ကာ စိတ်ဝင်တစား မေးလိုက်သည်။ သူသည် အစက မျှော်လင့်ချက် သိပ်မထားခဲ့သော်လည်း မုတ်ဆိတ်မွေးနှင့်လူ၏ ယုံကြည်မှုကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် မျှော်လင့်လာမိသည်။
“စွမ်းတာမှ... အံ့ဖွယ်ပဲလို့ ပြောလို့ရတယ်... ကဲ... ရှောင်ယွမ်၊ သူ့ကို တစ်ချက်လောက် ကြည့်ပေးလိုက်ပါဦး။ ရှက်မနေပါနဲ့... ဟားဟားဟား...”
မုတ်ဆိတ်မွေးနှင့်လူ၏ စေတနာမှာ လုံးဝ စင်ကြယ်နေသည်တော့ မဟုတ်။ ချန်ဟွိုက်အန်က အံ့မခန်းသော ဓားချီရှိသည့် ကောင်လေးဖြစ်ကြောင်း အဘိုးကြီးလီထံမှ သူ သိထားပြီးဖြစ်သည်။ အကယ်၍ ချန်ဟွိုက်အန်၏ရောဂါကို ကုပေးနိုင်လျှင် ထိုကောင်လေးက မိစ္ဆာနှိမ်နင်းသူဗျူရိုသို့ ဝင်ရောက်ရန် စိတ်ဝင်စားလာနိုင်သည်ဟု သူ တွေးနေခြင်းဖြစ်သည်။
ချန်ဟွိုက်အန်နှင့် ရှန့်ရှောင်ယွမ်တို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
“ကျွန်တော် ဘာလုပ်ပေးရမလဲ...” ချန်ဟွိုက်အန် မေးလိုက်သည်။
ရှန့်ရှောင်ယွမ်၏ အသံမှာ တိုးညင်းလွန်းလှ၏။ “လ... လက်လေး... ပေးပါ...”
သူက မျက်လုံးချင်း မဆုံရဲဘဲ ခေါင်းငုံ့ထားရင်း သူ၏ကိုယ်လုံးလေးကဲ့သို့ပင် နုနယ်လှသော အသံလေးဖြင့် ပြောလိုက်သည်။ ချန်ဟွိုက်အန်က လက်ကို လှမ်းပေးလိုက်ရာ အရှိန်လွန်သွားပြီး သူ၏ ခေါင်းပေါ်သို့ ကျော်သွားတော့သည်။
ရှန့်ရှောင်ယွမ် - “......”
“ဟို... နည်းနည်းလောက် ပြန်ဆုတ်ပေးမလား။ ကျွန်မ လက်မမှီလို့ပါ...”
သူ ရှက်ကိုးရှက်ကန်းဖြင့် လက်ကို ပြန်ဆွဲလိုက်ရသည်။ ရှန့်ရှောင်ယွမ်မှာ သက်ပြင်း တစ်ချက်ချကာ စိတ်ကို ပြန်ထိန်းလိုက်ပြီး ထပ်ပြောသည်။ “လက်ကို... ကျွန်မ လက်ပေါ် တင်ပေးပါ...”
“ဪ...”
ချန်ဟွိုက်အန်က သူ၏လက်ကို ရှောင်ယွမ်၏ လက်ဖဝါးလေးပေါ်တွင် တင်လိုက်သည်။ သူ၏ လက်ဖဝါးမှာ သေးငယ်နူးညံ့ပြီး နွေးထွေးနေ၏။
သူတို့ ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် နို့နှစ်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ လက်ကောက်ဝတ်ကို လွှမ်းခြုံသွားသည်။ ရှန့်ရှောင်ယွမ်၏ ရှက်တတ်သော ပုံစံမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာမှာ အလွန်တည်ကြည်ကာ အာရုံစိုက်နေသည့် ပုံစံသို့ ပြောင်းလဲ သွားခဲ့သည်။
ခဏအကြာတွင် သူ လက်ကို လွှတ်လိုက်သည်။ သူ၏ လက်ဖဝါးတွင် ချွေးစလေးများ စိုစွတ် နေသည်။ သူ မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ရသည့်အလား ချန်ဟွိုက်အန်ကို မျက်လုံးပြူး ကြည့်ကာ ပြောလိုက်သည်။ “ရှင်... ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ။”
မုတ်ဆိတ်မွေးနှင့်လူက ချက်ချင်း ကြားဖြတ်မေးလိုက်တော့သည်။ “ရှောင်ယွမ်... ဘာဖြစ်လို့လဲ။ ပြောပါဦး...”
“၇၀%”
သူ၏ အသံမှာ ထိတ်လန့်မှုကြောင့် တုန်ရီနေ၏။ “သူ့ခန္ဓာကိုယ်ရဲ့ ၇၀%ကို ကင်ဆာဆဲလ်တွေက ဝါးမျိုထားပြီးပြီ။ သူတို့က ခန္ဓာကိုယ်ရဲ့ အာဟာရတွေကို စက္ကန့်တိုင်း စုပ်ယူနေကြတာ။ ဒါပေမဲ့ သိပ္ပံနည်းကျ စဉ်းစားရင် သူက အခုအချိန် အသက်ရှင်မနေသင့်တော့ဘူး။ တစ်မိနစ်တောင် မရှင်နိုင်သင့်ဘူး”
သူ စကားရပ်သွား၏။ အမှန်တကယ်ဆိုလျှင် ချန်ဟွိုက်အန်က သူ စစ်ဆေးနေစဉ်အတွင်းမှာပင် လဲကျသေဆုံးသွားရမည် ဖြစ်သည်။
သို့သော် သူက ရှင်သန်နေရုံတင်မကဘဲ မျက်နှာမှာ သွေးရောင်လွှမ်းကာ အင်အားအပြည့် ရှိနေသည်။ ၎င်းမှာ မဖြစ်နိုင်ပေ။ စွမ်းအင်တည်မြဲမှု နိယာမအရ ကင်ဆာဆဲလ်များမှာ သူ့အသက်ဓာတ်ကို မစားသုံးဘဲ ထိုမျှလောက် မပြန့်ပွားနိုင်။
ဆိုလိုသည်မှာ အခြားသော စွမ်းအင်အရင်းအမြစ် တစ်ခုခုက ထိုကင်ဆာဆဲလ်များကို အာဟာရ ကျွေးမွေးနေပြီး ၎င်းတို့ကို ဗိုက်ဝအောင် ထားခြင်းဖြင့် ဆိုးရွားသော ရောဂါအသွင်မဆောင်စေရန် ထိန်းသိမ်းပေးထားခြင်း ဖြစ်ရပေမည်။
မုတ်ဆိတ်မွေးနှင့်လူကမူ တစ်ခုတည်းကိုသာ သိချင်သည်။ “ရှောင်ယွမ်။ လိုရင်းကိုပဲပြော... ကုလို့ ရ၊ မရ...”
ရှန့်ရှောင်ယွမ် ချန်ဟွိုက်အန်ကို ကြည့်လိုက်ပြီး ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ “အရင်ကဆိုရင် ကျွန်မရဲ့ စွမ်းအားက အချိန်အကန့်အသတ် ရှိတယ်... ဒါပေမဲ့ အခုတော့ အသက်ရှူနည်းရဲ့ အထောက်အပံ့ကြောင့် ကျွန်မရဲ့ စကြာဝဠာကုသခြင်းစွမ်းအားကို အချိန် အကြာကြီး အသုံးချနိုင်ပြီ။ သူ့ထဲက ကင်ဆာဆဲလ်မှန်သမျှကို အကုန် သုတ်သင်ပစ်နိုင်ပါတယ်။”
သူ၏ ကုသခြင်းစွမ်းအားမှာ ဒဏ္ဍာရီဆန်လှ၏။ ဒဏ်ရာများကို ပျောက်ကင်းစေရုံသာမက ပြတ်တောက်သွားသော ခြေလက်များကိုပင် ပြန်ပေါက်စေနိုင်သည်။ (မုတ်ဆိတ်မွေးနှင့်လူမှာမူ စက်ရုပ်လက်တုကို ပိုသဘောကျသောကြောင့် ပြန်မပေါက်စေဘဲ ထိုအတိုင်း နေခဲ့ခြင်းဖြစ်သည်)
“တကယ်လား...” မုတ်ဆိတ်မွေးနှင့်လူက ဝမ်းသာအားရနှင့် ဒူးကို ပုတ်လိုက်၏။
“အခုပဲ စကြတာပေါ့...” ချန်ဟွိုက်အန်က ပြုံးလျက် ပြောလိုက်သည်။ ယခုမှသာ သူ နားလည်သွားသည်။ သူ၏ ထူးဆန်းသော စွမ်းအားများက ကင်ဆာကြောင့် မဟုတ်ဘဲ ကင်ဆာက သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေရုံသက်သက်သာ ဖြစ်သည်။
မိစ္ဆာနှိမ်နင်းသူဗျူရို၏ ထျန်ဖူခရိုင်ခွဲသည် ချန်ဟွိုက်အန် ထင်ထားသည်ထက် ပို၍ ကြီးကျယ် ခမ်းနားလှသည်။ ဟင်းခတ်အမွှေးအကြိုင်ဆိုင် နောက်ကွယ်မှ လျှို့ဝှက်တံခါးက ဓာတ်လှေကား တစ်ခုဆီသို့ ဦးတည်နေပြီး ထိုမှတစ်ဆင့် မြေအောက်စခန်းကြီးဆီသို့ ရောက်သွားသည်။
ရှန့်ရှောင်ယွမ်က သီးသန့်အခန်းတစ်ခုကို ရွေးချယ်လိုက်သည်။
“ချန်... ချန်ဟွိုက်အန်၊ ကုတင်ပေါ်မှာ လှဲလိုက်ပါ။” သူ၏ အသံမှာ အနည်းငယ် တုန်နေသည်။ အခန်းထဲတွင် သူတို့နှစ်ဦးတည်း ရှိနေခြင်းက သူကို ရှက်ရွံ့စေသော်လည်း သူ၏ လက်များက ချန်ဟွိုက်အန်၏ ခြေထောက်ကို ထိတွေ့လိုက်သည်နှင့်တပြိုင်နက် သူ၏ တုန်လှုပ်မှုများ ပျောက်ကွယ်သွားပြီး တည်ငြိမ်သွားတော့သည်။
“အခု စပြီ...”
သူ၏ မျက်လုံးများမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လက်မောင်းနှင့် ခြေထောက်များပေါ်တွင် အလင်းရောင် နွယ်ပင်များကဲ့သို့ သွေးကြောပုံစံများ ပေါ်လာသည်။ ထိုသွေးကြောများက သူ၏ ကုသခြင်းစွမ်းအားကို ပို့ဆောင်ပေးမည့် လမ်းကြောင်းများပင်။
သူ၏ စွမ်းအားများင ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး တိုက်ပွဲ စတင်တော့သည်။ ကင်ဆာဆဲလ်များ သူ၏ စွမ်းအားအောက် အတုံးအရုံး ကျဆုံးကုန်သည်။ အောင်ပွဲမှာ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဟု ထင်ရသော်လည်း...
သူ၏ စွမ်းအားများက ချန်ဟွိုက်အန်၏ ရင်ဘတ်နားသို့ ရောက်သွားသောအခါ အခြေအနေက ပြောင်းလဲသွား၏။
ကင်ဆာဆဲလ်များသည် ရုတ်တရက် ပြန်လည် တိုက်ခိုက်လာကြသည်။ ၎င်းတို့က သာမန် ဆဲလ်များနောက်ကွယ်တွင် ပုန်းကွယ်ကာ အသားဒိုင်းများအဖြစ် အသုံးချကြသည်။ ရှန့်ရှောင်ယွမ်၏ စွမ်းအားများ ရောက်လာသောအခါ ထူးဆန်းစွာ ကြီးထွားနေသော မိစ္ဆာဆဲလ် များက သူ၏ စွမ်းအားများကို ပြန်လည် ဝါးမျိုပစ်လိုက်ကြသည်။
ရှန့်ရှောင်ယွမ်မှာ ချွေးပြန်သွားရ၏။ ဒါ ကင်ဆာ မဟုတ်တော့ဘူး။ တခြား တစ်ခုခုပဲ။
သူက ခန္ဓာကိုယ်အတွင်းပိုင်းကိုသာ အာရုံစိုက်နေသောကြောင့် အပြင်ဘက်က အဖြစ်အပျက်ကို မမြင်လိုက်ရပေ။
ချန်ဟွိုက်အန်၏ နှလုံးသားအထက် ရင်ဘတ်နေရာက ရုတ်တရက် ဖောင်းကြွလာသည်။ သူ၏ အသားစများမှာ လိမ်တွန့်လာပြီး တီရှပ်မှာ ဆုတ်ပြဲသွားတော့သည်။
ထိုရင်ဘတ်အတွင်းမှ ရုပ်ဆိုးလှသော လက်တစ်ခု တိုးထွက်လာ၏။ ၎င်းမှာ လူ့လက်တစ်ဖက်နှင့် ဆင်တူသော်လည်း လိမ်တွန့်နေသည်။ ထိုလက်ဖဝါး၏ အလယ်တွင်မူ သွေးကြောများဖြင့် နီမြန်းနေသော မျက်လုံးတစ်လုံး ရှိနေသည်။
ထိုမျက်လုံးက ရုတ်တရက် ပွင့်လာပြီး...
ရှန့်ရှောင်ယွမ်ကို တည့်တည့် စိုက်ကြည့်နေတော့၏။