မိစ္ဆာအသွင်ပြောင်းခြင်း
Vol. 14 Ch. 136
“ကပ္ပတိန်ကျောက်... ထျန်ဖူခရိုင်ကနေ တကယ့်ပါရမီရှင်တစ်ယောက် ထွက်လာပြီလို့ ကျုပ် ပြောခဲ့တယ်မလား”
မစ်ရှင်ခန်းမထဲတွင် မုတ်ဆိတ်မွေးနှင့်လူနှင့် ဆံပင်တိုတို အမျိုးသမီး တစ်ယောက်တို့သည် ဘေးချင်းယှဉ်ထိုင်နေကြ၏။ သူတို့နှစ်ယောက်လုံး ဆေးလိပ်သောက်ရင်း အရှေ့မှ မျက်နှာပြင်ကြီးပေါ်တွင် ပေါ်နေသော မစ်ရှင်စာရင်းများကို ကြည့်နေကြသည်။
“သူက တစ်ခုခုပါပဲ...” ကျောက်ရင်းက ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း ပြော၏။ “ရှင် သတိမထားမိတာ ဖြစ်နိုင်ပေမဲ့ သူ့ဆီမှာ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ရှိနေပြီ။”
“မဖြစ်နိုင်တာပဲ...” မုတ်ဆိတ်မွေးနှင့်လူက ဆေးလိပ်သောက်လက်စနှင့် တောင့်သွား၏။ “ကျိန်ရဲပါတယ်။ ကျုပ် သူ့ကို အသက်ရှူနည်း မသင်ပေးရသေးဘူး။ အဲဒီကောင်လေးကို ကျုပ် သဘောကျတာ မှန်ပေမဲ့ ဗျူရိုရဲ့ စည်းကမ်းတွေကိုတော့ ဘယ်တော့မှ မချိုးဖောက်ဘူး။”
အသက်ရှူနည်း ဆိုသည်မှာ မိစ္ဆာနှိမ်နင်းသူဗျူရို၏ အဓိကကျသောကျင့်စဉ် ဖြစ်ပြီး ရှေးဟောင်း ကျင့်ကြံသူမိသားစုကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ဖို့ အဓိက သော့ချက်လည်း ဖြစ်၏။
အကယ်၍ ချန်ဟွိုက်အန်သာ ဗျူရိုထဲ ဝင်လာခဲ့လျှင် မုတ်ဆိတ်မွေးနှင့်လူအနေနှင့် သူ့ကို ထိုကျင့်စဉ်၏ ပထမဆုံး အတွဲ (၃)တွဲကို ချက်ချင်း သင်ခွင့်ပေးလို့ ရနိုင်သည်။ သို့သော် သူက အပြင်လူ ဆိုလျှင်တော့ လုံးဝ မဖြစ်နိုင်ပေ။
ကျောက်ရင်းက ဆေးလိပ်ပြာကို ခါလိုက်ရင်း ပြောသည်။ “ရှင်က စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထလာမှု အကြောင်းကို သိပ်နားမလည်သေးဘူးပဲ။ နိုးထသူတွေမှာ အမျိုးအစား အများကြီး ရှိတယ်။ အစွမ်းအမျိုးမျိုး၊ သားရဲတွေနဲ့ ချိတ်ဆက်သူ၊ ဝိညာဉ်တွေနဲ့ ချိတ်ဆက်သူ၊ တစ္ဆေတွေနဲ့ ချိတ်ဆက်သူနဲ့ ရှေးဟောင်းသိုင်းပညာရှင်တွေ ဆိုပြီးတော့ပေါ့။ စိတ်ဝိညာဉ်ချီစွမ်းအင်ကို သိုလှောင်ဖို့အတွက် အသက်ရှူနည်းကို အားလုံးက လိုအပ်တာ မဟုတ်ဘူး။ ကျွန်မပြောတာက သူ့ဆီမှာ ချီစွမ်းအင် ရှိနေတယ်လို့ပဲ။ ဒါပေမဲ့ အဲဒါက တစ်ခါသုံး ချီစွမ်းအင်မျိုး ဖြစ်နိုင်သလို သူကိုယ်တိုင် ပြန်ထုတ်လုပ်နိုင်တဲ့အရာ မဟုတ်တာမျိုးလည်း ဖြစ်နိုင်တယ်။”
မုတ်ဆိတ်မွေးနှင့်လူက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။ ချန်ဟွိုက်အန်၏ ဝိညာဉ်အဖော်က သူ့ကို အစွမ်းထက် အဆောင်များ ပေးထားပြီးသား ဖြစ်၏။ အကယ်၍ ထိုဝိညာဉ်အဖော်က စိတ်ဝိညာဉ်ချီစွမ်းအင် ပစ္စည်းတွေကိုပါ ထုတ်ပေးနိုင်သည်ဆိုလျှင်တော့... ထိုဝိညာဉ်အဖော်က တကယ်ကို မတရား အစွမ်းထက်လွန်းနေခြင်းပင်။
“တကယ်လို့ ရှောင်ယွမ်က သူ့ကင်ဆာကို ကုပေးနိုင်ရင်ရော သူ့ရဲ့ တိုက်ခိုက်ရေးအဆင့်က တက်လာမှာလား..”
မုတ်ဆိတ်မွေးနှင့်လူက မေးလိုက်သည်။
ကျောက်ရင်းက ခပ်ဖွဖွ ခေါင်းညိတ်ပြီး ပြောသည်။ “အခြေအနေအပေါ် မူတည်တာပေါ့။ သူ့ရဲ့ အဆောင်တွေက သက်တမ်းကို လောင်ကျွမ်းစေတယ်။ သူ့ရဲ့ ဓားသိုင်းတွေက ဘာတန်ဖိုးတွေ ပေးဆပ်ရလဲ ဘယ်သူသိမှာလဲ။ တကယ်လို့ သူ့ရဲ့ ဝိညာဉ်အဖော်က သူ့သက်တမ်းကို ပြန်ပြီး တိုးပေးနိုင်မယ်ဆိုရင်တော့ သူက အဆင့်(B) ဒါမှမဟုတ် အဆင့်(A) အထိ အေးအေးဆေးဆေး ရောက်နိုင်တယ်။ ဒါပေမဲ့ သက်တမ်းကုန်ဆုံးမှုကို မထိန်းနိုင်ရင်တော့ သူက ခဏတာ တောက်ပပြီး ပျောက်ကွယ်သွားမယ့် ကြယ်တစ်ပွင့်ပဲ ဖြစ်နေမှာ။”
မုတ်ဆိတ်မွေးနှင့်လူက ပြုံးလိုက်သည်။ “သူ့ကို ကြည့်ရတာ အသက်တိုမယ့် ပုံစံမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ ချီစွမ်းအင်က တကယ်ကို အားကောင်းတာ။”
စကားဆုံးရုံရှိသေး...
ဝုန်း....
ကုသရေးအခန်းထဲမှ မကောင်းဆိုးဝါး အရှိန်အဝါများ ပါဝင်နေသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ကျောက်ရင်း၏ မျက်နှာ ချက်ချင်း တည်ကြည်သွား၏။ သူ ချက်ချင်း ထရပ်လိုက်သော အချိန်မှာပင်...
ဘုန်း...
နံရံကြီး တစ်ခုလုံး ပြိုကျပျက်စီးသွားပြီး အပျက်အစီးများ အကြားမှ ရှန့်ရှောင်ယွမ် တစ်ယောက် လွင့်ထွက်လာတော့သည်။ သူ၏ သေးငယ်သော ကိုယ်လုံးလေးဟာ မစ်ရှင်ခန်းမ၏ အရှေ့ ကောင်တာကို သွားရိုက်မိပြီး သတိလစ်လျက်သား လဲကျသွားပါတော့၏။
“ချီးပဲ... ဘာတွေ ဖြစ်ကုန်တာလဲ...”
မုတ်ဆိတ်မွေးနှင့်လူက ရှောင်ယွမ်၏ သွေးခုန်နှုန်းကို စစ်ဆေးဖို့ ချက်ချင်း ပြေးသွားခဲ့သည်။
ပျက်စီးသွားသော နံရံဆီတွင်တော့ ကင်ဆာအကျိတ်များနှင့် ဖုံးလွှမ်းနေသော ဧရာမ လက်သည်းကြီး တစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးများ ဝန်းရံနေသော ထန်ဓားတစ်လက်နဲ့ အပြင်းအထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုဓားကို ကိုင်ထားသူကတော့ ကျောက်ရင်းပင်။
ထိုမိစ္ဆာလက်သည်းကြီးက လူသားထက် သာလွန်သော အရှိန်ဖြင့် တရစပ် တိုက်ခိုက်နေ၏။ ကျောက်ရင်းက အခွင့်အရေးကို စောင့်ကြည့်နေရင်း ဓားကို ခုခံကာကွယ်ပြီး အပေါ်ကို ခုန်တက်လိုက်၏။
သူက မြေပြင်ပေါ် ပြန်အကျတွင် ဓားကို အသင့်အနေအထား ပြင်လိုက်ပြီး...
“ရိုင်ခီရီ...လျှပ်စီးခုတ်ချက်...”
ဇွတ်......
လေထုထဲ လျှပ်စီးသံတွေ ဆူညံသွားပြီး လျှပ်စီးဝန်းရံထားတဲ့ ဓားချက်က မိစ္ဆာလက်သည်းကြီးကို ဖြတ်တောက်လိုက်တော့၏။
သို့သော် ဖြတ်တောက်ခံလိုက်ရသော နေရာမှ အသားစများ တဗွက်ဗွက် ထွက်လာပြီး ချက်ချင်းဆိုသလို ပြန်လည် ဆက်သွားတော့သည်။ ပြတ်ထွက်သွားသော အပိုင်းကလည်း မြေပြင်ပေါ် မကျသွားဘဲ ဝံပုလွေပုံစံ မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီး သူကို ပြန်ခုန်အုပ်လိုက်၏။
ကျောက်ရင်းရဲ့ ဓားချက်က ဝံပုလွေကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေသော်လည်း သူ၏ အကြည့်ကတော့ မူလအရင်းအမြစ်ကိုပဲ စိုက်ကြည့်နေလေသည်။ ထိုကင်ဆာအကျိတ်များနှင့် လက်သည်းကြီးက ချန်ဟွိုက်အန်၏ ရင်ဘတ်မှ တိုက်ရိုက် ထွက်လာနေခြင်းပင်။
ကင်ဆာ... အသွင်ပြောင်းနေတဲ့ အသားစတွေ... ထိန်းချုပ်မရတဲ့ ကြီးထွားမှု...
ကျောက်ရင်း၏ မျက်လုံးထဲတွင် အဖြေကို သိသွားသော အရိပ်အယောင်တွေ ပေါ်လာ၏။
“ဒါက သာမန်ကင်ဆာ မဟုတ်ဘူး။”
“ဒါ မိစ္ဆာအသွင်ပြောင်းခြင်းပဲ။”
စိတ်ဝိညာဉ်ချီစွမ်းအင်ကြောင့် ရောဂါဝေဒနာများမှ မိစ္ဆာအဖြစ် ပြောင်းလဲသွားသည်ကို သူ အရင်က မြင်ဖူးသည်။ ပုံမှန်အားဖြင့် ထိုလူများက ရူးသွပ်သွားပြီး ခန္ဓာကိုယ်ကို မိစ္ဆာက သိမ်းပိုက်သွားတတ်၏။ ၏ တုံ့ပြန်မှုကတော့ အမြဲတမ်း သုတ်သင်ရှင်းလင်းရန်ပင်။
သို့သော် ချန်ဟွိုက်အန်က သတိမလစ်သေး၊ လုံးဝ မရူးသွားသေးပေ။ ထိုမိစ္ဆာက သူ့ကို ဝါးမျိုနေသည် မဟုတ်ဘဲ သူ့ဆီမှ အာဟာရ ယူနေခြင်း ဖြစ်သည်။
“တကယ်လို့ ဒီအကောင်က ပုန်းနေချင်တယ်ဆိုရင် သူက အချိန်ကို စောင့်နေတာပဲ။ အစာ စားမယ်၊ ကြီးထွားမယ်၊ အချိန်ကောင်းကို စောင့်မယ်။ သူ သေသွားတဲ့အချိန်ကျမှ ဒီမိစ္ဆာက လုံးဝ ထွက်ပေါ်လာမှာ။ ဒါပေမဲ့ နင်က စောစောစီးစီး ပေါ်လာပြီဆိုတော့...”
ကျောက်ရင်း၏ မျက်လုံးများ အေးစက်သွား၏။
“အခု နင့်ကို ငါ သတ်ပစ်မယ်။”
သူ၏ ဓားပေါ်တွင် လျှပ်စီးတွေ တဖြတ်ဖြတ် လက်လာပြီး ဧရာမလက်သည်းကြီးက သူ့ဆီကို အရှိန်ဖြင့် ကျဆင်းလာ၏။ ကျောက်ရင်းက မျက်တောင်တစ်ချက်ပင် မခတ်ခဲ့။
ရွှမ်း...
သူ၏ ဓားချက်က လျှပ်စီးကွန်ရက်တစ်ခုလို ဖြစ်သွားပြီး ထိုလက်သည်းကြီးက ပြာအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။ အခန်းထဲ အသားလောင်နံ့များ နံဟောင်သွား၏။
ကျောက်ရင်းက မတ်မတ်ရပ်နေရင်း ဓားကိုင်ထားကာ မျက်လုံးများ စူးရှနေသည်။
“ပြီးသွားပြီလား...”
သို့သော်လည်း ထို့နောက်တွင်...
ဝှစ်...
ရုတ်တရက် နောက်ကျောဘက်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာ၏။ သူ လှည့်ကြည့် လိုက်သော်လည်း နောက်ကျသွားလေပြီ။
ဖုန်း...
ရိုက်ချက်တစ်ခုက သူ၏ ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ထိမှန်သွား၏။ သူ၏ ခန္ဓာကိုယ် လွင့်ထွက်သွားပြီး တစ်ဖက်က နံရံကို ဝင်တိုက်ကာ ရပ်တန့်သွားခဲ့သည်။
“အဟွတ်...” ကျောက်ရင်း သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ သူ၏ အမြင်အာရုံများ ဝေဝါးနေဆဲမှာပင် သူ့ကို ရိုက်လိုက်သော တရားခံကို မြင်လိုက်ရသည်။
အမည်းရောင် အသားစိုင် နွယ်ကြိုးကြီးတစ်ခုက မိစ္ဆာကြီးဆီ ပြန်ဝင်သွား၏။ မီးခိုးများ အကြားမှ ထွက်လာသော အရာကို မြင်လိုက်ရသောအခါ သူ၏ဝိညာဉ်ပင် တုန်လှုပ်သွားရသည်။
နဂါးတစ်ကောင်။
မဟုတ်ပေ။ အသားစများနှင့် ကင်ဆာအကျိတ်များနှင့် ဖွဲ့စည်းထားသော နဂါးကြီးပင်။
၎င်းက အခန်းတစ်ခုလုံးကို ပြည့်နှက်နေပြီး နံရံများပင် ထိုနဂါးကြီး၏ ထုထည်ကြောင့် အက်ကွဲကုန်သည်။ ၎င်း၏ ခန္ဓာကိုယ်က တလှုပ်လှုပ်ဖြစ်နေသော အသားစများနှင့် ပြည့်နေပြီး ခေါင်းကမူ အရှေ့တိုင်းနဂါးပုံစံ ဖြစ်နေသော်လည်း ကြောက်မက်ဖွယ်ကောင်းလှ၏။
မျက်လုံးများကတော့ နီမြန်းနေပြီး လှောင်ပြောင်သရော်နေသော အကြည့်မျိုး ရှိနေသည်။ ထို့ပြင် ထိုနဂါးကြီး၏ ရင်ဘတ်အလယ်တွင်တော့...
ချန်ဟွိုက်အန် တစ်ယောက် သတိလစ်လျက်သား ပိတ်မိနေ၏။
ကျောက်ရင်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ပိုဆိုးသည်မှာ...
ထိုနဂါးကြီး၏ အရှိန်အဝါက ဗိုလ်ချုပ်အဆင့်ကို ရောက်ရှိနေခြင်းပင်။
၎င်းက သူ ဘယ်လိုမှ မကျော်လွှားနိုင်သော အဆင့်အတန်းကွာခြားမှု ဖြစ်သည်။ နဂါးကြီး၏ မျက်လုံးများက သူ့ဆီတွင် ရပ်တန့်သွား၏။ ထိုမျက်လုံးထဲ အထင်သေးမှုများ ပြည့်နှက်နေပြီး ပါးစပ်ကြီး ပွင့်လာသောအခါတွင်တော့ လူပေါင်းထောင်ချီ၏ အော်ဟစ်သံများနှင့်အတူ စကားသံ ထွက်ပေါ်လာခဲ့သည်။
“ပိုးကောင်လေးတစ်ကောင်က ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့...”
“မင်းသာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုက်ခိုက်ခဲ့ရင်တော့ အောင်မြင်ကောင်း အောင်မြင် နိုင်လိမ့်မယ်။”
“ဒါပေမဲ့ အခုတော့ ငါက ဒီခန္ဓာကိုယ်ရဲ့ သွေးမျိုးဆက် ၇ပုံ ၃နဲ့ ပေါင်းစပ်ပြီးပြီ။ ငါက သူ့ရဲ့ ချီစွမ်းအင်တွေ၊ သူ့ရဲ့ အသက်ဓာတ်တွေ၊ သူ့ရဲ့ အနှစ်သာရတွေကို စားသုံးခဲ့ပြီးပြီ။”
“ငါက ပြည့်စုံသွားပြီ...”
နဂါးကြီး၏ အသံက ဝိညာဉ်ပေါင်းများစွာ၏ လှောင်ရယ်သံများလို ပဲ့တင်ထပ်နေသည်။
“ခီးဟီးဟီးဟီး...”
“အခု သေပေတော့။”
နဂါးကြီး၏ အမြီး ဝှေ့ယမ်းလိုက်သောအခါ ကွန်ကရစ် နံရံကြီးတစ်ခုလုံး ပြုတ်ထွက်လာပြီး ကျောက်ရင်းဆီ အရှိန်နှင့် လွင့်စင်လာတော့သည်။ သူ့အနေဖြင့် ရှောင်တိမ်းရန် အချိန် မရှိတော့။ နဂါးကြီးက သူ့ကို သတ်တော့မည် ဖြစ်သည်။