အဲဒီကောင်လေးဆီက ထွက်သွားစမ်း
Vol. 14 Ch. 137
ဘုန်း...
အရေးကြီးသော အခိုက်အတန့်တွင် မုတ်ဆိတ်မွေးနှင့်လူက ကျောက်ရင်းကို ကာကွယ် ပေးလိုက်သည်။ သူ၏ စက်ရုပ်လက်တုမှ စွမ်းအင်ဒိုင်းတစ်ခု ထုတ်လိုက်ပြီး ပြိုကျလာသော နံရံကြီးကို တားဆီးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ရိုက်ခတ်မှုက ပြင်းထန်လွန်းနေရာ သူ လွင့်ထွက်သွားပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးတွေ ပန်းထွက်လာ၏။
“ကပ္ပတိန်ကျောက်... ရှောင်ယွမ်ကိုခေါ်ပြီး အခုပဲ သွားတော့... ကျုပ် တားထားလိုက်မယ်...”
“နောက်နေတာလား...” ကျောက်ရင်း၏ မျက်ခုံးများ တွန့်သွားပြီး အေးစက်ခိုင်မာသော အသံဖြင့် ပြောလိုက်သည်။ “အဲဒီကင်ဆာမိစ္ဆာက ဘယ်ကနေ နဂါးစွမ်းအင်တွေ ရလာမှန်းမသိပေမဲ့ အခု မိစ္ဆာဗိုလ်ချုပ်အဆင့်ကို ရောက်နေပြီ။ ရှင်က ဘယ်လိုလုပ် တားထားနိုင်မှာလဲ...”
“ကျုပ်က ဆရာသခင်အဆင့်၊ ခင်ဗျားက စစ်သည်အဆင့်ပဲ ရှိသေးတာ။ ခင်ဗျားနဲ့ ရှောင်ယွမ် အသက်ရှင်ဖို့က ပိုအရေးကြီးတယ်...” မုတ်ဆိတ်မွေးနှင့်လူက ကျောက်ရင်းကို ခန်းမဘက်ကို တွန်းထုတ်လိုက်ပြီး လှည့်မကြည့်ဘဲ အော်ပြောလိုက်သည်။ “အခုချက်ချင်း...သွားတော့...”
ကျောက်ရင်း အံကြိတ်လိုက်မိသည်။ အဖွဲ့သားတစ်ယောက်ကို ထားခဲ့ခြင်းက သူ၏ စတိုင် မဟုတ်သော်လည်း မုတ်ဆိတ်မွေးနှင့်လူပြောသည်မှာ မှန်နေသည်ကိုတော့ သူ ဝန်ခံရပေမည်။ သူသာ ထိုနေရာတွင် ဆက်နေလျှင် သူရော ရှောင်ယွမ်ပါ သေသွားပေလိမ့်မည်။ ရှောင်ယွမ်က ဗျူရိုအတွက် မရှိမဖြစ် လိုအပ်သောသူ ဖြစ်၏။
ကျောက်ရင်းက မိစ္ဆာနဂါးကြီးကို ရင်ဆိုင်နေသော ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မတွေးတော့ဘဲ သတိလစ်နေသော ရှောင်ယွမ်ကို ပုခုံးပေါ်တင်ကာ အရေးပေါ်ထွက်ပေါက်ဆီကို ခွကျခွကျနှင့် ပြေးထွက်သွားတော့သည်။
မုတ်ဆိတ်မွေးနဲ့လူကြီး... ကျွန်မ ကျောက်ရင်း၊ ရှင့်ကို အကြွေးတင်သွားပြီ... တစ်နေ့ကျရင် ဆပ်ခွင့်ရပါစေလို့ပဲ ဆုတောင်းပါတယ်...
“ဟေ့ မိစ္ဆာကောင်ကြီး... အဲဒီကောင်လေးရဲ့ ကိုယ်ထဲကနေ အခုချက်ချင်း ထွက်သွားစမ်း...”
မုတ်ဆိတ်မွေးနှင့်လူက ဧရာမဓားကြီးတစ်လက်ကို တင်းတင်းဆုပ်ထား၏။ နံရံများကို စက္ကူလို ဖြတ်ကျော်ပြီး အပျက်အစီးများ အကြားက တိုးထွက်လာသော မိစ္ဆာကြီးကို သူ စိုက်ကြည့်နေသည်။ ထိုမြေအောက်စခန်းက အာပီဂျီ ဒုံးကျည်တွေကိုပင် ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း မိစ္ဆာနဂါးကြီးအတွက်တော့ ထိုနံရံများက ကလေးကစားစရာလိုပင် အလွယ်တကူ ပြိုကျပျက်စီးနေ၏။
နဂါးကြီးက သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး လက်သည်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ပြင်းထန်သော လေလှိုင်းကြီး ထွက်ပေါ်လာကာ မုတ်ဆိတ်မွေးနှင့်လူကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။
“အဟက်... ပုရွက်ဆိတ်လေးကများ...”
နဂါးကြီး လှောင်ပြုံးပြုံးလိုက်ပြီး ဒဏ်ရာများနှင့် လဲနေသောသူ့ကို အာရုံမစိုက်တော့။ ၎င်းက အသံကုန် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ အသားနွယ်ကြိုး ထောင်ပေါင်းများစွာ ထုတ်လိုက်ကာ အပေါ်ထပ်မျက်နှာကြက်ကို ဖောက်ထွင်းပြီး မြေပြင်အပေါ်ဘက်ဆီကို တိုးထွက်သွားပါတော့သည်။
“စွမ်းအင်... ငါ စွမ်းအင်တွေ ပိုပြီးတော့ လိုအပ်တယ်...”
ကျောက်ရင်းနှင့် ရှောင်ယွမ်တို့ မြေပြင်ပေါ် ရောက်သောအချိန်တွင်တော့ ဈေးတစ်ခုလုံးကို ဖယ်ရှားခိုင်းပြီးပြီ ဖြစ်သည်။ နဂါးကြီးက လမ်းပေါ်ရှိ သားသတ်ဆိုင်များမှ အသားများကို အငမ်းမရ ဝါးမျိုနေ၏။ သူ့ရဲ့ ကိုယ်က အလျား မီတာ၁၀၀ကျော်အထိ ကြီးထွားလာတော့သည်။
“မလောက်သေးဘူး... လတ်ဆတ်တာတွေ ပိုလိုသေးတယ်...”
၎င်း၏ နီမြန်းနေသော မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆိုင်တစ်ဆိုင်၏ အတွင်းထဲ ပုန်းနေသော မိသားစုတစ်ခုကို တွေ့သွား၏။ စားပွဲအောက် တုန်တုန်ရင်ရင်နှင့် ပုန်းနေသော မိခင်ဖြစ်သူက ကလေးနှစ်ယောက်ကို ရင်ခွင်ထဲ ထည့်ထားသည်။
“မကြည့်နဲ့... မကြည့်ကြနဲ့နော်...” သူ၏ အသံက တုန်ရီနေ၏။ မိစ္ဆာကြီး သူတို့ဆီကို ပါးစပ်ကြီး ဟကာ အရှိန်ဖြင့် ပြေးဝင်လာသော အချိန်တွင်တော့...
အား......
ရုတ်တရက် နဂါးကြီး၏ လည်ပင်းတွင် နာကျင်မှုတစ်ခု ဖြစ်ပေါ်လာ၏။ သွေးများ ရွှဲနေသော လူတစ်ယောက်က ၎င်းရဲ့ လည်ပင်းကို ခိုတွယ်ပြီး အစွမ်းကုန် ခုတ်ပိုင်းနေခြင်းပင်။
“ထွက်သွား... အဲဒီကောင်လေးရဲ့ ကိုယ်ထဲကနေ ထွက်သွားစမ်း... အား...”
မုတ်ဆိတ်မွေးနှင့်လူက သွေးများ အန်ထုတ်နေရသော်လည်း မျက်လုံးထဲတွင်တော့ လူသတ်ချင်စိတ်နှင့် ဒေါသများ ပြည့်နေခဲ့သည်။ သူ၏ စက်ရုပ်လက်တုက ဓားကို အပြင်းအထန် လွှဲယမ်းပြီး မိစ္ဆာရဲ့ အသားစတွေကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းနေ၏။
ကမ္ဘာကြီးက ဘာလို့ စိတ်ဝိညာဉ်စွမ်းအင်တွေ နိုးထလာရတာလဲ...
ဘာလို့ မိစ္ဆာတွေ ပြန်ပေါ်လာရတာလဲ...
သူ ကတိပေးခဲ့တယ်...
ချန်ဟွိုက်အန်ရဲ့ ရောဂါကို ကုပေးမယ်လို့။
ဒီလောက် ထက်မြက်တဲ့ လူငယ်လေးသာ အသက်ရှင်ရင် လူပေါင်းများစွာကို ကယ်တင်နိုင်မှာ။
အထက်တန်းလွှာ မိသားစုတွေရဲ့ လက်ဝါးကြီးအုပ်မှုကိုလည်း ချေမှုန်းပေးနိုင်မှာ။
“ထွက်သွားစမ်း...”
နဂါးကြီး သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သော အချိန်တွင်တော့ မုတ်ဆိတ်မွေးနှင့်လူက သွေးများ အကြားမှ လှောင်ပြုံးပြုံးလိုက်၏။
“မင်းမေ xxx ပဲ...”
သူက နောက်ကျောမှ ပြင်းအားမြင့် လက်ပစ်ဗုံး တစ်လုံးကို ထုတ်လိုက်ပြီး ခုတ်ထားသော ဒဏ်ရာထဲ အတင်းထိုးထည့်လိုက်တော့သည်။
ဝုန်း....
ပေါက်ကွဲမှုကြီးက ဈေးတစ်ခုလုံးကို တုန်ခါသွားစေသည်။ နဂါးကြီးက နာကျင်စွာ အော်ဟစ်လိုက်ပြီး မုတ်ဆိတ်မွေးနှင့်လူကမူ အရုပ်တစ်ရုပ်လို လွင့်ထွက်သွားကာ မြေပြင်ပေါ်ကို အသက်မဲ့စွာဖြင့် ကျဆင်းသွားတော့သည်။
သို့သော်လည်း ဗိုလ်ချုပ်အဆင့် မိစ္ဆာအတွက်တော့ ထိုမျှပေါက်ကွဲမှုက မလုံလောက်ပေ။ နဂါးကြီးရဲ့ လည်ပင်းမှ ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်လည် ဆက်သွားခဲ့သည်။
မုတ်ဆိတ်မွေးနှင့်လူကတော့ မြေပြင်ပေါ် လဲလျောင်းရင်း ကောင်းကင်ကြီးကို မသဲမကွဲ ကြည့်နေခဲ့သည်။ သူ၏ လက်များ မရှိတော့ပေ။ သူ အားတင်းပြီး မိစ္ဆာဆီကို တရွတ်တိုက် သွားရန် ကြိုးစားနေသော်လည်း နဂါးကြီးက ဒေါသတကြီးနှင့် သူ့ဆီကို ပြေးဝင်လာပြီး လက်သည်းဖြင့် ရိုက်ချလိုက်တော့သည်။
ဘုန်း...
အရိုးများ ကြေမွသွားသော အသံနှင့်အတူ...
အားလုံး ပြီးဆုံးသွားခဲ့သည်။
နဂါးကြီးက လက်ထဲမှ ဒဏ်ရာကို တစ်ချက်ကြည့်လိုက်ပြီး အထင်သေးစွာနဲ့ လှည့်ထွက် သွားခဲ့၏။
ပန်ကျား ဈေးအပြင်ဘက်တွင်တော့ စစ်တပ်နဲ့ တင့်ကားတွေ ရောက်နေပြီ ဖြစ်သည်။ ရဟတ်ယာဉ်ပေါ်မှ ကျောက်ရင်းသည် ထိုမြင်ကွင်းကို ကြည့်နေရင်း လက်သီးကို ကျစ်ကျစ် ဆုပ်ထားမိသည်။
ယခုအချိန်တွင် အကြီးမားဆုံး ပြဿနာမှာ...
အနီးအနားတွင် ဗိုလ်ချုပ်အဆင့်ကို ရင်ဆိုင်နိုင်တဲ့သူ တစ်ယောက်မှ မရှိခြင်းပင်။
အမြင့်ဆုံးက စစ်သည်အဆင့်နှင့် အဆင့်(A)တို့ပင်။
“ငါတို့... အထက်တန်းလွှာမိသားစုတွေက နိုးထသူတွေကို အကူအညီ တောင်းရတော့မှာလား...”
ကျောက်ရင်း၏ နှုတ်ခမ်းများ တုန်ရီနေ၏။
ထိုမိသားစုများ အကူအညီပေးရန်အတွက် မည်သည်ကို တောင်းဆိုကြမည်ကို သူ သိနေသည်။
၎င်းမှာ အသက်ရှူနည်းပင်။
ထိုအရာက မိစ္ဆာနှိမ်နင်းသူဗျူရို၏ အသက်သွေးကြောဖြစ်ပြီး အထက်တန်းလွှာ မိသားစုများ၏ အာဏာရှင်ဆန်မှုကို ဆန့်ကျင်ရန် နောက်ဆုံးကျန်သော ဖဲချပ်တစ်ချပ်ပင်။ အကယ်၍ ၎င်းကိုသာ ပေးလိုက်ရရင် ဗျူရိုသည် ထိုမိသားစုများ၏ ခိုင်းဖတ်ခွေး ဘဝကို ရောက်သွားပေလိမ့်မည်။