ပြင်ပအထောက်အပံ့နှင့် အသက်စည်းနှောင်ရတနာ
Vol. 14 Ch. 138
အချွဲမြှေးများ၊ ကင်ဆာအကျိတ်များ၊ တလှုပ်လှုပ် ဖြစ်နေသော သွေးကြောများနှင့် လိမ်တွန့် နေသည့် အသားစိုင်များ...
၎င်းမှာ ချန်ဟွိုက်အန် ဝိညာဉ်ရှိ အနက်ရှိုင်းဆုံး အစိတ်အပိုင်းပင်။
လိမ်တွန့်နေသော နီမြန်းမှုများက ကြောက်မက်ဖွယ်ကောင်းသော အဝီစိငရဲ ပုံရိပ်တစ်ခုလို ဖြစ်ပေါ်နေ၏။
သို့သော်လည်း ထိုကဲ့သို့ သွေးညှီနံ့များနှင့် အညစ်အကြေးများ အကြားတွင် စင်ကြယ်သော မြေကွက်လပ်တစ်ခု ရှိနေသည်။
အနက်ရောင် ဝိညာဉ်ခေါင်းတလားကြီးတစ်ခုက မင်ရည်လို တောက်ပြောင်လျက် တည်ရှိနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ခြေသည်းငါးချောင်းပါသော ရွှေနဂါးတစ်ကောင်ကို ထွင်းထု ထားလေသည်။ ထိုနဂါးဆီမှ တောက်ပသော နဂါးချီစွမ်းအင်များ ထွက်ပေါ်နေပြီး အနားကို ကပ်လာသမျှ အသားစိုင်များကို ပြာအဖြစ် ချက်ချင်း လောင်ကျွမ်းသွားစေ၏။
သို့သော် ထူးဆန်းသည်က အသားစအချို့မှာ ခေါင်းတလားနှင့် ဆက်သွယ်နေပြီး ပတ်ဝန်းကျင်က အသားစိုင်တွေအားလုံးသည် ထိုခေါင်းတလားမှ ပြန့်ပွားထွက်လာသလိုမျိုး ဖြစ်နေခြင်းပင်။
ချန်ဟွိုက်အန်က ခေါင်းတလားထဲ လဲလျောင်းနေရင်း လုံးဝ ဇဝေဇဝါ ဖြစ်နေ၏။
သူ၏ ခန္ဓာကိုယ်ကို သော့ခတ်ထားသော သံကြိုးပေါင်းများစွာက ချည်နှောင်ထားသည်။ သူ့နားထဲတွင်တော့ အသားစများ တလှုပ်လှုပ်ဖြစ်နေသော အသံများ ပဲ့တင်ထပ်နေ၏။
“အင်း... စိတ်ပညာရှုထောင့်ကနေ ကြည့်ရင်တော့ ငါ့ရဲ့ အသိစိတ်က ပိတ်မိနေတာပေါ့။ ရိုးရိုး ပြောရရင်တော့ ငါ့ဘာသာငါ သီးသန့်ခွဲထုတ်ထားတာပဲ။ အင်တာနက်စကားနဲ့ ပြောရရင်တော့... ဒါကို စိတ်ဓာတ်ကျတဲ့ရောဂါလို့ခေါ်တာ ထင်တယ်...”
“ဒီကိုယ့်ဘာသာ တည်ဆောက်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်မြောက်ဖို့ဆိုရင်တော့ ငါ့ရဲ့ အသိစိတ်ကို နှိုးဆွပြီး ဒီအိပ်မက်ဆိုးကို ဖြိုခွဲပစ်ဖို့ လိုအပ်တယ်...”
ချန်ဟွိုက်အန် ၎င်းကို အဓိပ္ပာယ်မရှိဟု ထင်နေမိသည်။
သူက အမြဲပင် အကောင်းမြင်တတ်သူ ဖြစ်၏။ သိပ္ပံနည်းကျ စဉ်းစားလျှင် ထိုကဲ့သို့ မဖြစ်သင့်ပေ။ သူ ယနေ့ လုပ်ခဲ့သည်က ကင်ဆာကို ကုသရန်သာ မဟုတ်ပါလား။
သို့သော် ယခုတော့ သူက နဂါးဝတ်ရုံကြီး ဝတ်ထားပြီး ထိုအနက်ရောင် သေတ္တာကြီးထဲ ပိတ်မိနေ၏။
နေပါဦး...
ငါ့ရဲ့ နောက်ဆုံးအိပ်မက်က တကယ်ပဲ ဧကရာဇ် ဖြစ်ချင်တာလား...
မည်သို့ လွတ်မြောက်ရမည်ကို စဉ်းစားနေရင်း ချန်ဟွိုက်အန် တစ်ခါက ဖတ်ခဲ့ဖူးသော ဆောင်းပါးတစ်ပုဒ်ကို သတိရသွား၏။
စိတ်ပညာရှင်တစ်ယောက်က ပြောဖူးတယ်။ လမ်းပျောက်နေတဲ့အချိန် ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့ဆိုရင် မင်းရဲ့ ကျောက်ဆူးကို သတိရပါတဲ့။ အဲဒါက မင်း တကယ် ရှိနေကြောင်း သက်သေပြတဲ့ အရာပဲတဲ့။
သူ၏ ဦးနှောက်ထဲ ပထမဆုံး ဝင်လာသော အရာကတော့...
ပုံရိပ်ယောင်ကောင်မလေးဂိမ်းပင်။
အထူးသဖြင့် လီချင်းရန်၏ နူးညံ့ပြီး ပြုံးနေသော မျက်ဝန်းလေးများပင်။
ထိုအချိန်မှာပင်...
သူ့မျက်စိရှေ့မှ အမှောင်ထုက ရုတ်တရက် လင်းထိန်သွားခဲ့သည်။
ဂိမ်းမျက်နှာပြင်တစ်ခု ပေါ်လာ၏။
ချန်ဟွိုက်အန် မျက်တောင်တခတ်ခတ်နှင့် ကြောင်သွားသည်။ “ဟမ်... တကယ်ကြီး အလုပ် ဖြစ်တာလား...”
သို့သော် သူ ချက်ချင်းပင် သဘောပေါက်သွား၏။ ၎င်းက သူ၏မသိစိတ်မှ ဖန်တီးလိုက်သော ထင်ယောင်ထင်မှား ဖြစ်ရပေမည်။ ဂိမ်းက ထိုနေရာအထိ အမှန်တကယ် ပေါ်လာစရာ အကြောင်း မရှိပေ။
မြင်ကွင်းတစ်ခု ပေါ်လာ၏။
လီချင်းရန်က စားပွဲတစ်ခုတွင် ထိုင်ပြီး အပ်၊ အပ်ချည်နှင့် အဝတ်ချုပ်နေ၏ သူက ပျင်းရိစွာ တစ်ချက် အကြောဆန့်လိုက်ပြီးမှ အလုပ်ကို ဆက်လုပ်နေသည်။ စားပွဲပေါ်က သေတ္တာလေး အထဲမှာတော့ ချန်ဟွိုက်အန် ခိုင်းထားသော လက်ဖက်ခြောက်အိတ်လေးများ အဆင်သင့် ရှိနေလေပြီ။
အသေးစိတ်အချက်အလက်များက တကယ့်ကို ထူးခြားလွန်းလှ၏။
ထင်ယောင်ထင်မှား တစ်ခုအတွက်ဆိုရင် ၎င်းက ပြည့်စုံလွန်းနေသည်။
ရုတ်တရက် စနစ် သတိပေးချက် တစ်ခု တက်လာ၏။
[ ကစားသမားသည် လက်ရှိတွင် မူမမှန်သော အခြေအနေသို့ ရောက်ရှိနေပါသည်။ သင့်ရဲ့ ပုံရိပ်ယောင် ကောင်မလေး လီချင်းရန်ထံမှ ပြင်ပအထောက်အပံ့ ရယူရန်အတွက် ၆ယွမ် သုံးစွဲလိုပါသလား ]
[ ယူမယ် (လီချင်းရန်၏ အကူအညီကို ရယူပြီး ကင်ဆာမိစ္ဆာနဂါးကို နှိမ်နင်းမည်) ]
[ မယူဘူး (ကင်ဆာမိစ္ဆာနဂါး၏ ဝါးမျိုခြင်း ခံရပြီး နဂါးချီစွမ်းအင်များ အားလုံး ဆုံးရှုံးမည်) ]
ချန်ဟွိုက်အန် ခဏလောက် ကြောင်သွား၏။
ကင်ဆာမိစ္ဆာနဂါး ဆိုတာ ဘာကြီးလဲ။
ပြီးတော့ နဂါးချီစွမ်းအင် ဆိုတာကရော ဘာလဲ...
ဒါပေမဲ့ အခုက မေးခွန်းထုတ်နေရမယ့် အချိန်မဟုတ်ဘူး။
“ယူမယ်”ကိုပဲ နှိပ်လိုက်မယ်...
သူ၏ ဂိမ်းအကောင့်ထဲ ပိုက်ဆံကျန်နေသေးသောကြောင့် စနစ်က ၆ယွမ်ကို အလိုအလျောက် နှုတ်ယူလိုက်၏။
[ ရွေးချယ်မှု အောင်မြင်ပါသည်။ ခေတ္တစောင့်ဆိုင်းပါ... ]
ညာဘက် အပေါ်ထောင့်မှာ တိုးတက်မှုအတန်းတစ်ခု ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းထဲမှာပင်...
ငြိမ်ငြိမ်လေး အဝတ်ချုပ်နေသော လီချင်းရန်က...
ရုတ်တရက် ခေါင်းကို မော့လိုက်သည်။
သူ၏ မျက်ဝန်းလေးများက စိုးရိမ်မှု၊ ပြတ်သားမှုများနှင့်အတူ စူးရှသွား၏။
သူက ဖန်သားပြင် တစ်ဖက်ကို တကယ် မြင်နေရသလိုပင်။
[ ချင်းရန်၊ မင်းရဲ့ဆရာ မင်းအကူအညီ လိုအပ်နေတယ် ]
အခန်းထဲတွင် လီချင်းရန်က ရင်းနှီးနေသော အသံကို ကြားလိုက်ရ၏။
“ဆရာ... ဘာဖြစ်လို့လဲ...”
သူက ချက်ချင်း ထရပ်ပြီး နေရာလွတ်ထဲကို ဦးညွှတ်လိုက်သည်။ “ကျွန်မ ဘာလုပ် ပေးရမလဲဆိုတာ ပြောပေးပါ...”
[ မင်းက အခုမှ အခြေခံအုတ်မြစ်အဆင့်မှာပဲ ရှိသေးပေမဲ့ ငါ့ကို ကူညီနိုင်ဖို့အတွက် မင်းရဲ့ အသက်စည်းနှောင်ရတနာကို အခုချက်ချင်း သွန်းလုပ်ဖို့ လိုအပ်တယ် ]
လီချင်းရန်၏ မျက်လုံးများထဲ ပြတ်သားမှုများ တောက်ပလာ၏။
“တပည့် နာခံပါ့မယ်...”
သူ အကြောင်းရင်းကို မမေးခဲ့။
သူ၏ဆရာက သူ့ကို လိုအပ်နေသည်။
ထိုအရာက အရေးအကြီးဆုံးပင်။
အသက်စည်းနှောင်ရတနာ ဆိုသည်မှာ ကျင့်ကြံသူတွေက ရွှေရောင်အနှစ်သာရအဆင့် ရောက်မှသာ သွန်းလုပ်လေ့ရှိသော အရာ ဖြစ်သည်။ လူတိုင်းလည်း အောင်မြင်နိုင်သည် မဟုတ်ပေ။ ၎င်းက ဝိညာဉ်နှင့် တစ်သားတည်းဖြစ်နေသော ရတနာဖြစ်ပြီး ကျင့်ကြံသူ၏ အဆင့်နှင့်အတူ လိုက်ပါ ကြီးထွားလာမည် ဖြစ်၏။
လူတစ်ယောက်ရဲ့ ဘဝတွင် ၎င်းကို သွန်းလုပ်ရန် အခွင့်အရေး တစ်ကြိမ်သာ ရရှိသည်။ ကျရှုံးသွားလျှင် နောက်တစ်ခါ ထပ်ကြိုးစား၍ မရတော့။ ထို့ပြင် အနိမ့်ဆုံး သတ်မှတ်ချက်က ရွှေရောင်အနှစ်သာရအဆင့် ဖြစ်သည်။ ထိုအဆင့်ကို မရောက်ဘဲ အောင်မြင်ခဲ့သောသူ တစ်ယောက်မှ မရှိခဲ့ပေ။
လီချင်းရန် ၎င်းတို့ကို သိသော်လည်း ဂရုမစိုက်။
ဆရာက လုပ်ခိုင်းသည်ဆိုလျှင်...
သူ လုပ်ပေမည်။
ကံကောင်းထောက်မစွာပင် သွန်းလုပ်ရန် လိုအပ်သော ပစ္စည်းများက စားပွဲပေါ် ပေါ်လာခဲ့သည်။
၎င်းတို့က သူ၏ဆရာ ပေးပို့လိုက်သော လက်ဆောင်ဆိုသည်မှာ အသေအချာပင်။
[ မင်းက အခြေခံအုတ်မြစ်အဆင့်မှာပဲ ရှိသေးပေမဲ့ အန္တိမအဆင့် ဒန်တျန်နဲ့ ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားတဲ့ အနှိုင်းမဲ့ ပါရမီရှင် တစ်ယောက်ပဲ။ တခြားသူတွေ မလုပ်နိုင်ပေမဲ့... မင်း လုပ်နိုင်ပါတယ်။ ဒီပစ္စည်းတွေကို ကောင်းကောင်း အသုံးချလိုက် ]
လီချင်းရန်က သူရှေ့မှ ရတနာများကို စစ်ဆေးကြည့်လိုက်၏။
အန္တိမအဆင့် စိတ်ဝိညာဉ်အဆီအနှစ်
အနှစ်သုံးထောင် နှင်းကြာပလ္လင်။
နတ်ဘုရားအဆင့် စိတ်ငြိမ်ဆေးလုံး။
သူ၏ ရင်ဘတ် တုန်သွား၏။
ထိုပစ္စည်း တစ်ခုချင်းစီက ကျင့်ကြံခြင်းလောကတွင် သွေးချောင်းစီး တိုက်ပွဲများ ဖြစ်စေနိုင်သော အရာများပင်။
လီချင်းရန်က ဆေးလုံးကို ချက်ချင်း မျိုချလိုက်ပြီး စိတ်ဝိညာဉ်အဆီအနှစ်ကို နှင်းကြာပလ္လင်ပေါ် လောင်းချလိုက်ကာ တင်ပျဉ်ခွေထိုင်ပြီး သွန်းလုပ်ခြင်း လုပ်ငန်းစဉ်ကို စတင်တော့သည်။
[ သင်ရဲ့ ပုံရိပ်ယောင် ကောင်မလေးက အသက်စည်းနှောင်ရတနာကို သွန်းလုပ်နေပါတယ်...]
[ တိုးတက်မှု - ၅၀%...]
ချန်ဟွိုက်အန်က ပိုက်ဆံအိတ်ကို ကြည့်လိုက်သည်။ ထိုပစ္စည်းများအတွက် နောက်ထပ် သိန်းပေါင်းများစွာ ကုန်သွားပြန်လေပြီ။
သို့သော် အရေးမကြီးပေ။
သူ၏ မသိစိတ်က ဖန်တီးထားသော လောကထဲတွင် ဘတ်ဂျက်ဟူသည် မရှိ။
သန်းပေါင်း တစ်ထောင်ကုန်ပါစေ သူ့အတွက် အကောင်းဆုံးကိုသာ ရွေးချယ်ပေမည်။
သူ့စိတ်ထဲတွင်တော့ လီချင်းရန်က အကောင်းဆုံးနှင့်သာ ထိုက်တန်ပေသည်။
သူ စဉ်းစားနေမိသည်။
သူက ဓားကျင့်ကြံသူ ဖြစ်ပြီး လီချင်းရန်ကလည်း ဓားကျောင်းတော်တွင် ပညာသင် နေသည့်အတွက်...
သူရဲ့ လက်နက်ကလည်း ဓားပဲ ဖြစ်မှာပဲ... ဟုတ်တယ်မလား။
တိုးတက်မှုအတန်းက ၈၀% ကို ရောက်လာခဲ့သည်။
လီချင်းရန်၏ ပတ်ဝန်းကျင်တွင် နူးညံ့သော အရှိန်အဝါများ ပေါ်လာ၏။ စိတ်ဝိညာဉ် အဆီအနှစ်များက ရွှံ့စေးများလိုပင် ပုံစံအမျိုးမျိုး ပြောင်းလဲနေသည်။
အသက်စည်းနှောင်ရတနာဆိုသည်မှာ ကျင့်ကြံသူ၏ မသိစိတ်ထဲမှ တန်ဖိုးအထားရဆုံးအရာကို ပုံဖော်လေ့ရှိသည်။ လီချင်းရန်၏ စိတ်ထဲတွင် ပုံရိပ် အများအပြား ဖြတ်ပြေးနေပါ၏။ ဓား၊ လှံ၊ ဒိုင်း...
သို့သော်လည်း တစ်ခုမှ သူနှင့် အဆင်မပြေ ဖြစ်နေ၏။
ရုတ်တရက်...
သူ၏ အတွေးထဲ ထူးဆန်းသော ပုံရိပ်တစ်ခု ဝင်လာခဲ့သည်။
ရိုးရှင်းပြီး လေးထောင့်ကျကျ အနက်ရောင် ပစ္စည်းတစ်ခုပင်။
၎င်းက... အုတ်ခဲတစ်ခဲနဲ့ တူနေ၏။
ရိုးရှင်းသည်။ ခိုင်မာသည်။
ထို့ပြင် ၎င်းအပေါ်တွင် စာလုံးလေးများ ပါနေသေး။ ပါဝါဘန့်....
[ဒါက အရမ်း အရေးကြီးတယ်...သေချာ ထိန်းသိမ်းထား...]
သူ၏ဆရာအသံက မသိစိတ်မှ ပဲ့တင်ထပ်နေသည်။ ထိုစဉ်က သူသည် ထိုပါဝါဘန့်ဆိုသော အရာကို မရရှိခဲ့ပေ။
သို့သော် အခုတော့....
သူ၏ စိတ်ထဲတွင် ရှင်းလင်းသွားလေပြီ။ ၎င်းက သူ၏ဆရာ တန်ဖိုးအထားရဆုံး အရာပင်။
အကြောင်းမှာ ၎င်းက သူ၏ဆရာ ကာကွယ်ရန် မှာကြားခဲ့သောအရာ ဖြစ်၍ပင်။
၎င်းကို အမှန်တကယ် ပိုင်ဆိုင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ...
အသက်စည်းနှောင်ရတနာအဖြစ် သွန်းလုပ်ရန်ပင်။
နှင်းကြာပလ္လင်ပေါ်က စိတ်ဝိညာဉ်အဆီအနှစ်များ ပုံစံ ပြောင်းလဲသွားပြီး...
နောက်ဆုံးတွင်တော့ သွန်းလုပ်ခြင်း ပြီးဆုံးသွားခဲ့သည်။
လီချင်းရန် ကိုင်ထားသောအရာကို ကြည့်ပြီး ချန်ဟွိုက်အန် တစ်ယောက် လုံးဝကို ဆွံ့အပြီး ကြည့်နေမိတော့သည်။
သတင်းကောင်းကတော့ ....
သူ အောင်မြင်သွားခြင်းပင်။
သတင်းဆိုးမှာ...
ရလဒ်က... တကယ့်ကို မေးခွန်းထုတ်စရာ ဖြစ်၏။
သူ ထိုပစ္စည်းကို အနီးကပ် ကြည့်လိုက်ရာ ရင်းနှီးနေသော နာမည်တစ်ခုကို တွေ့လိုက်ရသည်။
“ပါဝါဘန့်”...
နေပါဦး...
ညီမလေးရေ...ဘာတွေ လုပ်လိုက်တာလဲ...
အဲဒါ… ငါ အွန်လိုင်းကနေ ဝယ်ထားတဲ့ ပါဝါဘန့်ကြီးလေ...