ခေါင်းတလားမှ နိုးထလာခြင်း
Vol. 14 Ch. 140
ထျန်ဖူခရိုင်၊ လမ်းမတစ်ခုပေါ်တွင်။
မိစ္ဆာနဂါးကြီး လှုပ်ရှားမှု ရပ်တန့်သွားချိန်ကစပြီး တိုက်ပွဲအတွေ့အကြုံရင့် မိစ္ဆာနှိမ်နင်းသူ အချို့က ချန်ဟွိုက်အန်ကို ကူညီရန်အတွက် နဂါးကြီးကို တလှည့်စီ တိုက်ခိုက်နေကြသည်။ သူတို့က တင့်ကား အမြောက်တပ်များနှင့် ပေါင်းစည်းပြီး နဂါးကြီး၏ ခါးနှင့်အမြီးပိုင်းကို ဗုံးကြဲကာ ချန်ဟွိုက်အန်ကို ကယ်ထုတ်ရန် ကြိုးစားနေကြခြင်းပင်။
သို့သော် နဂါးကြီး၏ အသားစများက အလွန်မြန်ဆန်သော အရှိန်ဖြင့် ပြန်လည်ဖြစ်ပေါ်နေပြီး ပြတ်ထွက်သွားသော အသားစတိုင်းက မိစ္ဆာဝံပုလွေများနှင့် အမွေးနက်ကြွက်မိစ္ဆာများအဖြစ် ပြောင်းလဲသွားပါသည်။ အကယ်၍ သူတို့က တိုက်ခိုက်မှုကို မထိန်းချုပ်နိုင်လျှင် မိစ္ဆာအကောင်ငယ်လေးများသာ ပိုများလာနိုင်၏။ နဂါးကြီးက ထိုအတိုင်း ငြိမ်ခံနေသည့်တောင် သူတို့ သတ်နိုင်ရန် မလွယ်ကူပေ။
“ကပ္ပတိန်ကျောက်... ဝမ်တို့အဖွဲ့ စွမ်းအင်ကုန်နေပြီ။ ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူး။”
ကျောက်ရင်းက တည်ကြည်သော မျက်နှာပေးနဲ့ နားထောင်နေရင်း အေးစက်စက်နှင့် အမိန့်ပေးလိုက်သည်။ “တခြားနည်းလမ်းမရှိရင် နဂါးခေါင်းကို ဖြတ်ပြီး ချန်ဟွိုက်အန်နဲ့အတူ ဗျူရိုကို သယ်သွားပြီးမှ ထိန်းချုပ်ကြမယ်...”
၎င်းက စွန့်စားမှု တစ်ခုပင်။ နဂါးကြီးက ခန္ဓာကိုယ် ပြန်ပေါက်မပေါက် ဘယ်သူမှ မသိနိုင်ပေ။ သို့သော် တစ်ခုတော့ သေချနေသည်။ ထိုမျှလောက် ပြင်းထန်သော ပြန်လည်ဖြစ်ပေါ်မှုက စွမ်းအင် တစ်ခုခုကို သုံးစွဲနေရပေမည်။ အဓိက မေးစရာ ရှိသည်မှာ ချန်ဟွိုက်အန်က ထိုမျှ များပြားသော စွမ်းအင်များကို မည်သည့်နေရာတွင် သိုလှောင်ထားသလဲ ဆိုသည်ပင်။
“နားလည်ပါပြီ ကပ္ပတိန်... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်...”
မိစ္ဆာနှိမ်နင်းသူများ နဂါးကြီးဆီ နောက်တစ်ကြိမ် ပြေးဝင်သွားသော အချိန်တွင်တော့...
ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့၏...
အနောက်ဘက်ဆီမှ ဓားအလင်းတန်းတစ်ခုက လျှပ်စီးလို ပြေးဝင်လာပြီး မိစ္ဆာနဂါးကြီးကို တိုက်ရိုက် ဖောက်ထွင်းသွားခဲ့သည်။ ထိုပျံသန်းနေတဲ့ ဓားနောက်တွင်တော့ မိန်းကလေး တစ်ယောက်၏ ပုံရိပ်ယောင်က ပါလာ၏။
သူက ပတ်ဝန်းကျင်က လူများကို ဂရုမစိုက်ပေ။ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် ဓားက ပန်းပွင့်လေးများ လွင့်ပျံနေသလို လှပစွာ ကပြနေပြီး လေထဲတွင် ဓားအလင်းတန်းများ ချန်ရစ်ခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးကြီး၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက် လိုက်ပြီး နဂါးခေါင်းကြီးသာ ကျန်တော့သည်။
“ဒါ... ဒါက...”
“ဓားအင်မော်တယ်... ဓားအင်မော်တယ်မလေးပဲ...”
ဘေးမှကြည့်နေသူများက အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ကျောက်ရင်း၏ မျက်စိထဲတွင်တော့ ထိတ်လန့်မှုများ ပြည့်သွား၏။ မိစ္ဆာနှိမ်နင်းသူဗျူရို၏ ထိပ်တန်း အရာရှိအနေဖြင့် သူက ဗျူရို၏ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုဖြစ်သော ခွန်းလွန် အင်မော်တယ်နန်းတော်အကြောင်းကို အနည်းငယ် သိထားသည်။
ထိုနန်းတော်တွင် လှေကားထစ်ပေါင်း တစ်သောင်း ရှိသည်။ ဗျူရို၏ အစွမ်း အထက်ဆုံး ဗိုလ်ချုပ်အဆင့် နိုးထသူက လှေကားထစ် ၁၀၈ခု အထိသာ တက်လှမ်း နိုင်သေးသည်။ ထိုနေရာတွင် ဓားဖြင့် ပျံသန်းနေကြသော အင်မော်တယ်များ၏ အံ့သြဖွယ်ရာ မြင်ကွင်းကို ထွင်းထားလေသည်။ ၎င်းမှ ဓားကျင့်ကြံသူများ၏ ပုံရိပ်နှင့် ထိုမိန်းကလေးက တစ်ထေရာတည်း တူနေ၏။
သူက ဘယ်သူလဲ။ ချန်ဟွိုက်အန်နဲ့ရော ဘယ်လို ပတ်သက်နေတာလဲ...
ကျောင်းရင်း၏စိတ်က ဖရိုဖရဲ ဖြစ်နေ၏။
ထိုမိန်းကလေးက လှပလွန်းလှပြီး မျက်နှာအမူအရာက တည်ငြိမ်နေသည်။ သူနှင့် ပတ်သက်သော အရာတိုင်းက အစစ်အမှန်ဖြစ်နေပြီး ဆင့်ခေါ်ထားသော ဖြစ်တည်မှုမျိုး မဟုတ်ဘဲ တကယ့် ဓားအင်မော်တယ် တစ်ပါး၏ စိတ်ဆန္ဒများ ရှိနေသလိုမျိုးပင်။
ထိုအချိန်တွင် ထိုမိန်းကလေးက ဖြတ်တောက်ခံထားရသော နဂါးခေါင်း အရှေ့တွင် ရပ်နေ၏။
သူက ထပ်မတိုက်ခိုက်တော့ဘဲ ချန်ဟွိုက်အန်၏မျက်နှာကို လက်ဖြင့် နူးညံ့စွာ ထိတွေ့ လိုက်သည်။
မိစ္ဆာနှိမ်နင်းသူများက အသက်အောင့်ထားကြပြီး မျက်လုံးထဲတွင် ပျော်ရွှင်မှုများ တောက်ပ သွားကြသည်။ အကြောင်းမှာ နဂါးကြီး၏ ပြန်လည်ဖြစ်ပေါ်မှုများ လုံးဝ ရပ်တန့်သွား၍ပင်။ အသားစိုင်များက မိစ္ဆာအသေးလေးများအဖြစ် မပြောင်းလဲတော့ပေ။
မိစ္ဆာနဂါးကြီးကို...
သူက အနိုင်ယူလိုက်တာလား။
...
ဝိညာဉ်၏ နက်ရှိုင်းသော နေရာတွင်...
လီချင်းရန်က နဂါးထွင်းထုထားသော ခေါင်းတလားကြီးကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုနေ၏။ သူ၏ မျက်ရည်နှင့် နှာရည်တို့က သစ်သားမျက်နှာပြင်ပေါ် ပေပွနေပြီ ဖြစ်သည်။ သူ နောက်ကျမှ ရောက်လာ၍ ဆရာ့ကို ခေါင်းတလားထဲ အထည့်ခံလိုက်ရလေခြင်းဟူ၍ သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခြင်းပင်။
“အဟွတ် အဟွတ်... ငါ မသေသေးဘူး။ ဘာလို့ ငိုနေတာလဲ...”
ခေါင်းတလားထဲကနေ အသံဗလံ ထွက်လာ၏။ လီချင်းရန်ဟာ ငိုနေရာမှ တန့်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ နှာရည်ပူဖောင်းလေး တစ်ခုပင် ထွက်လာခဲ့သည်။ သူက မျက်နှာကို အတင်းသုတ်ပြီး အော်ပြောလိုက်သည်။ “ဆရာ... တပည့် ခုချက်ချင်းပဲ ခေါင်းတလားကို ဖွင့်ပေးပါ့မယ်...”
ချန်ဟွိုက်အန် - “...”
နေပါဦး... အခု သူ ပြောပုံက...
ငါ့ကို ဂူထဲက နိုးလာတဲ့ ရှေးဟောင်းဖုတ်ကောင်ကြီး တစ်ကောင်လို့ ထင်နေတာလားပဲ...
လီချင်းရန်က ခေါင်းတလားအဖုံးကို အားကုန်သုံးပြီး တွန်းဖွင့်သော်လည်း မရပေ။ နောက်ဆုံး ဘေးမှ ကန်ဖွင့်ရန် ကြိုးစားသော်လည်း မလှုပ်ပေ။
အခြေအနေကို သိနေသော ချန်ဟွိုက်အန်က အကြံပြုလိုက်သည်။ “အဲ... ဓားနဲ့ ဖြတ်ကြည့်ရင်ရော...”
သို့သော် လီချင်းရန်’ နားထဲတွင် ကြားလိုက်ရသည်က -
“ဒီမိစ္ဆာနဂါးက ငါ့ရဲ့ သွေးမျိုးဆက်နဲ့ ပေါင်းစပ်နေတာ။ ခေါင်းတလား အောက်ခြေက အသားစတွေကို ဖြတ်တောက်လိုက်မှ ငါ လွတ်မြောက်နိုင်မယ်...”
သူ ချက်ချင်းပင် လိုက်နာလိုက်၏။
ဓားနှင့် ဖြတ်လိုက်သော ခဏမှာပင် ချန်ဟွိုက်အန်က ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ တပည့်မလေး၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်သော် သူက ခေါင်းတလားအဖုံးကို ကန်ဖွင့်လိုက်ပြီး အပြင်ကို ပျံထွက်လာခဲ့သည်။
ပြတ်တောက်နေသော အသားစိုင်များက မိစ္ဆာနဂါးခေါင်းများ ပေါ်ထွက်လာပြီး လီချင်းရန်ဆီ မကျေနပ်နှင့် ပြေးဝင်လာကြသည်။
ထိုအချိန် ချန်ဟွိုက်အန်က ပညာပြရပေတော့မည်။
ယခု သူက လွတ်မြောက်သွားပြီ ဖြစ်၏။
ထိုမသိစိတ်ထဲ၌ သူက တကယ့် ဧကရာဇ်တစ်ပါးပင်။
“ဖယ်ကြစမ်း...”
သူ၏ စကားတစ်ခွန်းတည်းနှင့်ပင် နဂါးခေါင်းများက တုန်လှုပ်ပြီး နောက်ဆုတ်သွားကြ၏။ ထိုအသားစိုင်များက အမှောင်ထုထဲသို့ ပြန်ဆုတ်သွားကုန်ကြသည်။ သို့သော်လည်း လုံးဝတော့ မပျောက်ကွယ်သွားသေးပေ။
အရိပ်ထဲ ပုန်းအောင်းနေသော အဆိပ်ပြင်း မြွေများကဲ့သို့ပင် သူတို့က အချိန်ကောင်းကို စောင့်နေကြ၏။
မကြာခင် ငါ့ရဲ့ တပည့်လေးကို တွေ့နိုင်တော့မယ်။ စိတ်လှုပ်ရှားစရာပဲ။
ချန်ဟွိုက်အန်က တဖြည်းဖြည်းချင်း ကောင်းကင်ပေါ်မှ ဆင်းလာခဲ့သည်။
သူက သူ၏ အသွင်အပြင်ကို ပြန်ပြင်လိုက်၏။ နဂါးဝတ်ရုံနှင့် စိတ်ဝိညာဉ်စွမ်းအင်များ အပြည့်ပင်။ ထိုနေရာက သူ၏ မသိစိတ်လောကဖြစ်ရာ သူဖြစ်ချင်သလို ဖြစ်နိုင်ပေသည်။
သူက လီချင်းရန် အရှေ့တွင် ဆင်းသက်လိုက်သည်။ ဓားကို ခါးမှာချိတ်၊ မေးကို အနည်းငယ် မော့ထားပြီး မျက်မှောင် ကြုတ်ထားလိုက်၏။ သူ့ဘေးတွင်လည်း နဂါးနက်အရှိန်အဝါများက တိမ်တိုက်များလို ဝန်းရံနေလေသည်။
ဟဲဟဲ... ငါ့တပည့်မလေးတော့ ငါ့ကိုကြည့်ပြီး ကြွေသွားမှာ သေချာတယ်...
သို့သော် လီချင်းရန်၏ မျက်လုံးထဲတွင်တော့ ဝမ်းသာရိပ်များအပြင်... သနားသော အကြည့်များပါ ပါဝင်နေသည်ကို သူ သတိထားလိုက်မိ၏။
နေပါဦး...
သူက ဘာလို့ ငါ့ကို သနားသလို ကြည့်နေရတာလဲ။
“ဆရာ...”
လီချင်းရန်က မျက်ရည်များကို သုတ်ရင်း တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ “ဆရာ... ဆရာ့ရဲ့ ဆံပင်တွေ မရှိတော့ဘူး။”
သူ၏အသံက ဝမ်းနည်းမှုဖြင့် တုန်ခါနေခဲ့သည်။
“အဲဒါက အဲဒီမိစ္ဆာတွေကြောင့်ပဲ ဖြစ်မယ်။ သူတို့က ဆရာ့ကို ခေါင်းတလားထဲမှာ ပိတ်ထားပြီးတော့ အရှက်ရအောင် ဆရာ့ရဲ့ခေါင်းကိုတောင် ရိတ်ခဲ့တယ်။ အဟင့်...ဒါတွေ အားလုံးက ကျွန်မရဲ့ အပြစ်တွေပါ။ ကျွန်မ ပိုပြီးတော့ အစွမ်းထက်ရင်၊ ကျွန်မ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးကို ခပ်စောစော ဖော်စပ်ပြီးရင်...”
ချန်ဟွိုက်အန်ရဲ့ မျက်နှာ ချက်ချင်း ဖြူဖျော့သွား၏။
“ဆံပင်လား...”
သူ့ခေါင်းကို သူ ပြန်စမ်းကြည့်လိုက်သောအခါ ဘာမှ မရှိနေပေ။
ပြောင်သလင်းခါနေ၏။
သွားပြီ...
ငါ ကိုယ့်ကိုယ်ကိုယ် ဆံပင်ပြန်ထည့်ဖို့ မေ့သွားတယ်...
ချီးပဲ။
သူ့မျက်လုံးထဲမှာ ငါ့ပုံရိပ် ပျက်စီးသွားပြီလား...
မဟုတ်သေးဘူး။ ဒါက ငါ့ရဲ့ မသိစိတ်ထဲမှာ။ ဒါက အိပ်မက်ပဲ...
ဘာမှကြောက်စရာ မလိုဘူး။ တည်တည်ငြိမ်ငြိမ်နေ...
သို့သော် ထိုအခိုက်တွင် လီချင်းရန်က သူ၏ တုံ့ပြန်မှုကို မြင်သွားခဲ့သည်။
ဆရာက ချစ်စရာ ကောင်းတာပဲ...
သူက ခပ်တိုးတိုး ရယ်လိုက်ပြီး ခေါင်းလေး စောင်းကာ ပြောလိုက်သည်။ “ဆရာ... မစိုးရိမ်ပါနဲ့။ ဆရာ့မှာ ဆံပင်မရှိလည်း ဆရာက ဒီကမ္ဘာမှာ အချောဆုံး ဆရာပါပဲ။ အထူးသဖြင့် ကျွန်မရဲ့ နှလုံးသားထဲမှာပေါ့။”
အင်း....
ဒါက သူပြောမယ့်ဟာဆိုတာ အသေအချာပဲ။
ချန်ဟွိုက်အန်လည်း စိတ်သက်သာရာ ရသွားသည်။
“မင်း အချိန်မီ ရောက်လာတာပဲ။ ဘာဆုလာဘ် လိုချင်လဲ...”
“ဆုလာဘ်လား...” လီချင်းရန်၏ မျက်နှာ ရုတ်တရက် နီရဲသွားပြီး မျက်လုံးချင်း မဆုံရဲဘဲ ခေါင်းငုံ့သွားသည်။
ချန်ဟွိုက်အန် လက်ကို ဝှေ့ရမ်းလိုက်သည်။ “စိတ်ထဲမှာ ရှိတာကို ပြောပါ...”
လီချင်းရန်က သတ္တိမွေးလိုက်သော်လည်း သူနှင့် အကြည့်ချင်း မရင်ဆိုင်ရဲသေးပေ။ အချိန် အတော်လေး ကြာပြီးမှ သူက တိုးတိုးလေး ပြောလိုက်၏။
“ဆရာ... ကျွန်မ... ဆရာ့ကို ဖက်ထားလို့ ရမလား။”