← Chapters

အဲဒီတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ(၄)

Vol. 17 Ch. 234

အဲဒီတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ(၄)

Vol. 17 Ch. 234

ဗဟိုခန်းမရှေ့တွင် ကျယ်ဝန်းသော ‌လျှောက်လမ်းတစ်ခုရှိသည်။

သားရဲနန်းတော်၏ အစောင့်များက ဘယ်နှင့်ညာ တန်းစီလျက်ရှိသည်။ကြေးနီရောင်ကြွက်သားများနှင့် မာဆတ်ဆတ် မျက်နှာထားများဖြင့် အလွန် နာခံမှုရှိစွာ တန်းစီနေကြသည့် စစ်သည်များကို မြင်တွေ့ရသည်မှာ လန့်ဖျား ဖျားလောက်သည်။

တန်းစီနေကြသူများထဲတွင် ဟွာဆန်း၏ တပည့်များသည် အ‌နေခက်နေသည့်အမူအရာများဖြင့် ရပ်နေကြ၏။

“...အခု ဒါကဘာလဲ”

“ချွန်းမြောင်..”

ဘာတွေဖြစ်နေမှန်းမသိသော ဟွာဆန်းမှ တပည့်များအားလုံးက ချွန်းမြောင်ကို သံသယစိတ်၊စိုးရိမ်စိတ်အပြည့်နှင့် ကြည့်နေကြလေသည်။သို့သော် ချွန်းမြောင်ကတော့ ပခုံးတွန့်ပြပြီး အဖြူရောင် ငှက်မွှေးယပ်တောင်နှင့် သူ့ကိုယ်သူ ယပ်ခတ်နေခဲ့သည်။

“အား အဲဒါ ဘာမှမဟုတ်ဘူး မကြာခင် ပြီးတော့မှာမို့ ဒီအတိုင်း သည်းခံလိုက်ပါ”

“…”

‘ချွန်းမြောင် မင်းပြောလိုက်တာတွေက ငါတို့ကို လုံးဝ ယုံကြည်မှုမပေးဘူး’

‘ဒါကြောင့် ငါတို့ကို နောက်ကျ အငိုက်မှာ အံ့အားသင့်အောင် မလုပ်ပါနဲ့ ငါတို့ကို ဘာလို့ အခုပဲ လာမရှင်းပြတာလဲ’

ကံမကောင်းစွာပင် ဘတ်ချုန်း ၏ ဆန္ဒများ မပြည့်ခဲ့ပါ။ချွန်းမြောင် စကားမပြောခင်တွင် သားရဲနန်းတော်သခင်က သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။

“ဟမ်…”

ဘတ်ချုန်းက နန်းတော်သခင်ကိုမြင်သောအခါ အနည်းငယ် စိတ်ရှုပ်သွား‌လေသည်။

ဒါက လုံးဝကွဲပြားသည့် အသွင်အပြင်တော့ မဟုတ်ပါ။သူ့မှာ လျှပ်စီးလို မြန်သည့် ခြေလှမ်းတွေ ရှိနေတုန်းပင်။ထိုလူက ပေးလိုက်သည့် ခံစားချက်က…ထိုလူကြီးမှာ မတ်တတ်ရပ်ဖို့ပင် လေးလံ၍ခက်ခဲနေသလို အရှိန်အဟုန် ရှိနေသလိုမျိုးပင်။

တုန်လှုပ်ဖွယ်ကောင်းသော ခြေလှမ်းဖြင့် ခန်းမထဲသို့ ဝင်လာပြီး နန်းတော်သခင်က လှေကားထိပ်ရှိ ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ အောက်ကိုငုံ့ကြည့်လိုက်သည်။

အစောင့်များနှင့် လူများ အားလုံးက ဒူးထောက်နေကြသည်။

“သားရဲနန်းတော်သခင် သက်တော်ရာကျော်ပါစေ”

“ကျွန်ုပ်တို့ အရှင် အသက်ရှည်တော်မူပါစေ”

ထို့နောက် မုန့်ဆိုက သူတို့ကို ယဉ်ကျေးစွာနှင့် နှုတ်ဆက်လိုက်သည်။

‘ဒါကို စိတ်ကုန်နေပြီ’

‘ငါဘယ်တော့မှ ဒီလိုမျိုးကို အသားမကျနိုင်လောက်ဘူး’

ဟွာဆန်းမှ တပည့်များမှာ တုန်ယင်ထိတ်လန့်နေကြသည်။

တကယ်တော့ အလယ်ပိုင်းလွင်ပြင်မှာ လူတစ်ယောက်အတွက် အစောင့်များနှင့် စစ်သည်များကို ဒီလောက်ထိ အများကြီး တစ်ပြိုင်နက်တည်း တွေ့ရဖို့က အတော်လေး ခက်ခဲသည်။အဲဒီ့နေရာမှာ ဒီလိုမျိုးမြင်ရဖို့ဆိုလျှင် အင်ပါယာနန်းတော်ကိုသာ သွားကြည့်ရပေမည်။

အနည်းငယ် အထက်စီးဆန် သောအမူအရာဖြင့် ငုံ့ကြည့်နေသော နန်းတော်သခင်က ပြောလိုက်၏။

“ကောင်းပြီ”

သူ့အသံက အခန်းတစ်ဝိုက်မှာ ပဲ့တင်ထပ်နေသည်။

“ကျုပ်ကို ဘာလို့ တွေ့တောင်းဆိုခဲ့တာလဲ ဟွာဆန်းက တပည့်”

ချွန်းမြောင်က ရှေ့ကို တိုးလာခဲ့သည်။ထို့နောက် ချက်ချင်း လေးဘက်ထောက်၍ မှောက်နေလိုက်၏။

“ကြီးမြတ်လှပါသော သားရဲနန်းတော်သခင်ကို ကျွန်တော်မျိုး တောင်းဆိုစရာရှိလို့ပါ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဒီတောင်းဆိုမှုကို မပယ်ချလိုက်ပါနဲ့…ကျေးဇူးပြုပြီး ဒီတပည့်ကို သနားညှာတာပေးပါ”

ထိုစကားကို ဟွာဆန်းမှ တပည့်များကြားသောအခါ သူတို့မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။

‘အဲဒါ ဘာလဲဟ’

‘သူဘာပြောနေတာလဲ?ဒီစိတ်မမှန်တဲ့ကောင်ကတော့’

‘သူ တစ်ခုခုများ မှားစားလိုက်လို့လား။သူနဲ့ ဘာဆိုင်လို့လဲ’’

ပြောတာ၊မပြောတာက ဘာမှမဟုတ်ပေမယ့်... မဟုတ်သေးပါဘူး။ပုံမှန်ဆို ချွန်းမြောင်က သူ့အိမ်မက်ထဲမှာတောင် ပြောလေ့မရှိတဲ့အရာတွေကို လာပြောနေတယ်။

‘ချွန်းမြောင်က ဒီလို နိမ့်ချတတ်တဲ့ ကိုယ်နေဟန်ထားကို ပြနေတာလား’

‘သေချာပေါက် တစ်ခုခုတော့ ဖြစ်နေပြီ’

ဘတ်ချုန်းက ကြမ်းပြင်ကို မျက်နှာမူ၍ လေးဘက်ထောက်နေသည့် ချွန်းမြောင်၏ကျောကို စိုးရိမ်ပူပန်စိတ်နှင့် စိုက်ကြည့်နေလေသည်။

“ထပါ”

သားရဲနန်းတော်သခင်က ချွန်းမြောင်ကို လေးနက်သောမျက်လုံးများဖြင့် ကြည့်နေသည်။လွန်ခဲ့သည့်ရက်အနည်းငယ်က ရှိနေခဲ့သော ဖော်ရွေမှုမျိုး ကင်းမဲ့နေသည့် အကြည့်မျိုးဖြစ်သည်။

ယခု သူက တကယ့်ကို တောင်ပိုင်းကိုအုပ်စိုးသော သားရဲနန်းတော်၏ ဘုရင်နှင့် တူလှသည်။

“တကယ်လို့ မင်းက ဓားသူတော်စင်ရဲ့ တပည့်ဆိုရင် တောင်းဆိုပိုင်ခွင့်ရှိတယ်ဒါကြောင့် ပြောပါ ဓားသူတော်စင်ရဲ့ မျိုးဆက် ဟွာဆန်းရဲ့တပည့်... မင်းရဲ့တောင်းဆိုမှုကို နားထောင်ပြီး လုပ်မယ်၊မလုပ်ဘူးကို ဆုံးဖြတ်ပေးပါ့မယ်”

“သားရဲနန်းတော်သခင်ရဲ့ သဘောထားကြောင့် ကျွန်တော် ထိမိပါတယ်”

ချွန်းမြောင်က သူ့ခေါင်းကို ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲမြည်အောင် ချလိုက်၏။

“... သူနဲ့ ဘာဆိုင်လို့လဲ”

“ကျွန်တော်လည်း မသိပါဘူး ထားလိုက်စမ်းပါ”

ဘတ်ချုန်းနှင့် ဂျိုဂုတို့က တိုးတိုးလေးပြောနေကြ၏။သူတို့မျက်စိရှေ့မှာ ဖြစ်ပျက်နေသမျှကို အမီလိုက်နိုင်ဖို့က ခက်ခဲလှသည်။

ဘာပဲဖြစ်ဖြစ် ချွန်းမြောင်ကတော့ လူတိုင်းကြားနိုင်လောက်အောင် ကျယ်လောင်သည့် အသံနှင့် ဆက်ပြောနေခဲ့သည်။

“ဒီလောက်အဝေးကြီးကနေ ရောက်လာရတဲ့ ကျွန်တော်တို့ကို သနားသောအားဖြင့် ယူနန်နဲ့ ကုန်သွယ်ခွင့်ပေးပါလို့ နန်မန်သားရဲနန်းတော်ရဲ့ ကြီးမြတ်လှတဲ့ အရှင်ကို အရဲစွန့်ပြီး တောင်းဆိုပါရစေ”

“ဘယ်လို”

နန်းတော်သခင်က သူ၏ထိုင်ခုံမှ အော်သံနှင့်အတူ ထလာလေသည်။မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် သူက ချွန်းမြောင်ကို သတ်ချင်သလို ကြည့်နေသည်။

“အဲ့ဒီနေရာနှစ်ခုကြားက ကုန်သွယ်မှုကို တားမြစ်ထားတာ မင်းမသိလို့လား မင်းတို့က ဘယ်လိုပဲ သားရဲနန်းတော်က ဧည့်သည်တွေဖြစ်နေပါစေ ကျုပ်တို့ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့ ကြိုးစားရင် ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်မယ်လို့ ထင်နေလား”

နန်းတော်သခင်၏ အသံသည် အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားလေသည်။

အားပြင်းသော အသံကြောင့် စစ်သည်များသာမက ဟွာဆန်းတပည့်များပင် တုန်လှုပ်သွားကြသည်။

သို့သော် ချွန်းမြောင်ကတော့ သူ့ခေါင်းကို ကြမ်းပြင်နှင့် ဒုန်းခနဲမြည်အောင် ရိုက်ပြီး ပြောလိုက်၏။

“အရှင်...အလယ်ပိုင်းလွင်ပြင်က ကုန်သည်တွေက ယူနန်ကို ရောက်လာနေကြပြီးသား မဟုတ်ဘူးလား”

“မင်းက နန်းတော်က အရေးမစိုက်မိတာတွေကို လျှောက်တင်ပြီး ထောက်ပြနေတာလား”

“ကျွန်တော် ဘယ်တော့မှ အဲ့ဒီလို လုပ်မှာမဟုတ်ပါဘူး ဒါပေမယ့် ကုန်သည်တွေ အများကြီးနဲ့ ကုန်သွယ်မယ့်အစား တစ်နေရာတည်းနဲ့ ကုန်သွယ်လိုက်တာက အရှင်တို့ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေကို အဓွန့်ရှည်အောင် ပိုပြီးကောင်းကောင်း မထိန်းသိမ်းနိုင်ဘူးလား”

“အမ်”

ထိုလူကြီးက ဟစ်အော်လိုက်လေသည်။

စစ်သည်များအားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။သူတို့လည်း ချွန်းမြောင်၏ စကားများမှာ မမှားဘူးဆိုတာ သဘောပေါက်သွားသည်မှာ အသိသာပင်။

“အလယ်ပိုင်းလွင်ပြင်က လူတွေအားလုံးထက် ကျွန်တော်တို့က သားရဲနန်းတော်ကို ပိုလေးစားကြပါတယ် ဒီနေရာက စည်းမျဥ်းတွေကိုလည်း လိုက်နာနိုင်ပါတယ်”

“မင်းပြောတဲ့စကားတွေကို သေချာကြောင်း ဘယ်လိုပြောနိုင်မလဲ”

“ကျွန်တော်တို့က ဓားသူတော်စင်ရဲ့ မျိုးဆက်တွေပါ ကျွန်တော်က ကျွန်တော်တို့ကို လျစ်လျူရှုထားခဲ့တဲ့ အလယ်ပိုင်းလွင်ပြင်က တပ်ဖွဲ့တွေကြောင့် အိမ်နဲ့ နာမည်ဂုဏ်သတင်းကို ဆုံးရှုံးခဲ့ရတဲ့ ဟွာဆန်းက တပည့်တွေပါ ကျွန်တော်တို့မှ ယူနန်ပြည်နယ်ရဲ့ အခြေအနေကို နားမလည်နိုင်ရင် ဘယ်သူ နားလည်နိုင်မှာလဲ”

သားရဲနန်းတော်သခင်က ချွန်းမြောင်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။

“ဒါပေမယ့် ကျုပ်တို့က အလယ်ပိုင်းလွင်ပြင်ကို မယုံနိုင်ဘူး”

“မေဟွားဓားသူတော်စင်ကလည်း အလယ်ပိုင်းလွင်ပြင်ကပဲလေ”

“မင်းက သူနဲ့ ယှဉ်လို့ရပါ့မလား”

“သိသာလွန်းပါတယ် ကျွန်တော်တို့တွေကို ယှဉ်လို့မရနိုင်ပါဘူး ဒါပေမဲ့ သူ့ခြေရာအတိုင်းတော့ လိုက်နိုင်ပါတယ် သူက ယူနန်ကို ကာကွယ်ပေးချင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့က သူ့ရဲ့သားစဉ်မြေးဆက်အနေနဲ့ ယူနန်ကို ကာကွယ်ပေးသွားမှာပါ ကျွန်တော်တို့ရဲ့ ဘိုးဘေးဖြစ်တဲ့ မေဟွားဓားသူတော်စင်ကို ကြည်ညိုလေးစားတဲ့ လူတွေဖြစ်တဲ့ ကျွန်တော်တို့ တာဝန်ပဲမဟုတ်ဘူးလား”

ဒါဟာ လူတိုင်းအတွက် သိသာရှင်းလင်းလှသည်။

ဒီအဖြစ်အပျက်ကိုကြည့်နေခဲ့သည့် ဘတ်ချုန်းက အံ့ဩထိတ်လန့်သွားလေသည်။

‘သူက အမြဲတမ်း ဒီလို စကားပြောကောင်းတဲ့သူ ဖြစ်ခဲ့တာလား’

ချွန်းမြောင် ဒီလိုပြောနိုင်တာကို ဝန်ခံစရာ အကြောင်းပြချက်လည်း မရှိပါဘူး။သို့သော် စကားပြောကောင်းခြင်းနှင့် ယုတ္တိဆန်ဆန်ပြောခြင်း ကြားမှာ ခြားနားချက်တစ်ခုရှိသည်။

‘ဒါပေမယ့် အခုအချိန်မှာ ဒီကောင်ပြောနေတာက လူတွေကို ဖမ်းစားနိုင်တဲ့ အရည်အချင်းမျိုး ရှိနေသလိုပဲမဟုတ်လား’

‘သူ့အကြောင်း မသိတဲ့သူက နားထောင်ရင်တော့ သူ့ကို ပညာရှင်လို့ ထင်ကြလောက်တယ်’

‘ဒါဆို ငါတို့က သူ့ရဲ့အရည်အချင်း အပြည့်အစုံ မမြင်ရသေးဘူးလို့ ဆိုလိုနေတာပေါ့’

ထိုအခိုက်အတန့်မှာ ဘတ်ချုန်းက ချွန်းမြောင်ကို အမြင်အသစ်နှင့် စတင်ရှုမြင်လိုက်သည့် အချိန်ဖြစ်သည်။

“ဒါဆို ကျွန်တော်တို့ ဟွာဆန်း… ဟွာဆန်း…အာ့ နောက်ဘာဆက်…အာ”

“…”

နန်းတော်သခင်၏မျက်နှာသည် ပြောင်းလဲသွားလေသည်။

‘ယား ကောင်စုတ်လေးကောင်းကောင်းအလွတ်ကျက်ဖို့ ပြောခဲ့တာကို’

‘အာ ခဏလေးနေပါဦး ငါမစဉ်းစားနိုင်တော့ဘူး’

တစ်ခုခု လွဲမှားသွားသလိုမျိုး ချွန်းမြောင်က သူ၏အင်္ကျီလက်ကို လွှဲယမ်းလိုက်၏။သူက သူ့မျက်နှာကို တည်ငြိမ်အောင် လုပ်ကာ ဘာမှမဖြစ်ခဲ့သလိုမျိုး စကားကို စပြောလာသည်။

ဘတ်ချုန်းက သူ၏သိမ်းငှက်မျက်လုံးများဖြင့် ထိုအတုံ့အလှယ်ကို လက်လွတ်မခံခဲ့ပေ။

‘သူလှုပ်ရှားလိုက်တဲ့ အင်္ကျီလက်ထဲမှာ တစ်ခုခု ရှိနေတယ်ထင်တယ်’

‘စာရွက်နဲ့တူတယ်...’

‘ဒီကောင်စုတ်လေးတော့!သူက စာတွေ ရွတ်ပြနေတာပဲ’

‘ဒါဆို ရှင်းပါတယ်သူက စကားပဲ ကောင်းကောင်းပြောနိုင်တာပါ’

“ဒါကြောင့် ကျေးဇူးပြုပြီး ဟွာဆန်းရဲ့ စိတ်ရင်းအမှန်ကို နားလည်ပေးပါ အရှင် နောက်ဆုံးမှာ လူသားတွေက အဆက်အသွယ် မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ရင် ဆက်ဆံရေးတစ်ခုက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါပဲ။ကျွန်တော်တို့ဘိုးဘေးတွေက ဒီလို မရည်ရွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့က ဒီမြေကို လာပြီးတော့ သားရဲနန်းတော်သခင်ကရော ဒီလိုစောင့်ရှောက်ပေးပါ့မလား”

“ကျွန်တော်တို့ဘိုးဘေးတွေက ယူနန်ကို သွားဖို့ လမ်းဖွင့်ပေးခဲ့တာပါ။နားလည်ပါရဲ့လား”

“ကျုပ်တို့လည်း ဒီလိုပဲထင်ပါတယ်”

“အမ်”

နန်းတော်သခင်သည် လေးနက်သောအမူအရာဖြင့် မျက်လုံးကိုမှိတ်ထားလေသည်။သူ့မျက်နှာပေါ်က အမူအရာမှာ သူ တစ်ခုခုကို တွေးနေပုံပေါ်သည်။

‘ဒီလောက်ပဲလား’

ဟုတ်ပါသည်။ချွန်းမြောင်နှင့် နန်းတော်သခင်တို့က ဒါကို အတည်ပြုပြီးသားဖြစ်သည်။

သို့သော် ကုန်သွယ်နိုင်ဖို့က ဤပြပွဲကို လိုအပ်ပေသည်။နန်မန်သားရဲနန်းတော်၏ ဥပဒေသည် အမြဲတမ်း အရာအားလုံးအတွက် ကျိုးကြောင်းခိုင်လုံမှုရှိရန် လိုအပ်သည်။ယခုလည်း ပေးအပ်လိုက်ပြီဖြစ်သည်။

နောက်ပြီး နန်းတော်သခင်၏အမြင်အရ ချွန်းမြောင်က ကုန်သွယ်ဖို့ ကမ်းလှမ်းမှုကို လက်ခံလိုက်တာထက် သူနဲ့ ကုန်သွယ်ရေး ဖြစ်ပေါ်လာဖို့ တောင်းဆိုတာက ချွန်းမြောင်ကို အဆင့်နိမ့်သော အနေအထားကို ရောက်သွားစေသလို ခံစားရသည်။

ဤအသေးအမွှားကိစ္စတစ်ခုချင်းစီက နန်းတော်သခင်၏ အာဏာကို ပြသနေမှာဖြစ်သည်။

ထို့ပြင် အလယ်ပိုင်းလွင်ပြင်မှ တခြားသူများနှင့် အတူဘဲ မေဟွားဓားသူတော်စင်၏ မျိုးဆက်များသည် သူတို့၏အရှင် အတော်လေး ရိုသေလေးစားမှုရှိသည်ဟူသောအချက်က အခြားသူများအား သူတို့၏ယုံကြည်မှုကို ပြသပေလိမ့်မည်။

“မင်းတို့ ဘယ်လို ထင်ကြလဲ”

နန်းတော်သခင်က ဘေးဘီဝဲယာကို လှည့်ပတ် ကြည့်လိုက်သည်။ရှေ့တန်းက အဘိုးကြီးတစ်ယောက်က စကားစလာ၏။

“အရှင် ဒီကောင်လေးရဲ့စကားက မမှားပါဘူး ဒါပေမယ့် ဘိုးဘေးတွေရဲ့အလိုကို ထိန်းသိမ်းထားရပါမယ်”

“သူတို့က မေဟွားဓားသူတော်စင်ရဲ့ သားမြေးတွေပဲလေ…ကျုပ်တို့ ကျေးဇူးကြွေးတင်နေတဲ့ခဲ့တဲ့ မေဟွားဓားသူတော်စင်နော် ကျုပ်တို့က သူတို့ကို အကူအညီမပေးနိုင်ဘူးလို့ ပြောနေတာလား”

“ဒါက မေဟွားဓားသူတော်စင် ကိုယ်တိုင်ဆိုရင်တော့ မတူပါဘူး ဒါပေမယ့် သူတို့က တပည့်တွေဖြစ်ရုံပဲလေ သူတို့က ဂိုဏ်းတစ်ခုတည်းကဖြစ်နေရုံနဲ့ တူတူပဲ ဆက်ဆံလို့မရဘူးလေ ဟုတ်တယ်မဟုတ်လား”

“အမ်”

ထိုသို့သောစကားများ ထွက်လာသည်ကို ကြားရသောအခါ နန်းတော်သခင်က မျက်မှောင်ကြုတ်လိုက်၏။

“ဘိုးဘေးတွေရဲ့ အမွေအနှစ်က အရေးကြီးပါတယ် ဒါပေမဲ့ အရှင်သခင်ဖြစ်တဲ့ ကျုပ်ကတော့ ဒါကို လက်မခံနိုင်ဘူး”

“အရှင်...ကျွန်တော်တို့တွေ အလယ်ပိုင်းလွင်ပြင်ကြောင့် ဒုက္ခရောက်ခဲ့ရတာကို မမေ့ပါနဲ့သားရဲနန်းတော်က သူ့ရဲ့မာနကို ဘယ်တော့မှ ဘေးဖယ်မထားသင့်ပါဘူး”

“တစ်ခါတစ်ရံ မာနက အသက်ထက် ပိုအရေးကြီးပါတယ် ကျွန်တော်တို့ရဲ့ မာနကို ကာကွယ်ပေးပါ”

“ကျွန်တော်တို့ရဲ့ မာနကို ထိန်းသိမ်းထားပါ”

လူတွေက ဒူးထောက်ပြီး တညီတညာတည်း အော်ဟစ်နေကြလေသည်။ဒါကို မြင်သည့် နန်းတော်သခင်က မျက်လုံးများကို မှိတ်လိုက်၏။

‘ဒီလိုဖြစ်မနေဘဲ အလုပ်ဖြစ်ရမှာ မဟုတ်ဘူးလား’

နန်းတော်သခင်က ဒါကိုကြောက်လို့ ဒီဇာတ်ကို ဖန်တီးခဲ့တာဖြစ်သည်။သူက ကုန်သွယ်မှုအကြောင်းကို လူသိရှင်ကြား ပြပွဲတစ်ခုလုပ်ချင်ခဲ့သော်လည်း ဘာမှမပြောင်းလဲခဲ့ပေ။

အားလုံးက လူအိုကြီးတွေနှင့် သဘောတူနေကြပုံပေါ်သည်။

‘ဒါက ဒီလောက် နက်နဲနေရသလား’

နေရာနှစ်ခုကြားက စိတ်ဝမ်းကွဲမှုက…ဘယ်လောက်ပဲ ကြိုးစားပါစေ၊ကုစားလို့ မရနိုင်တော့ပေ။

ထိုအချိန်မှာ နန်းတော်သခင်က သက်ပြင်းချမိသည်။

“...မာန”

ဝပ်တွားနေသော ချွန်းမြောင်က ထလာပြီး စကားပြောနေသော လူအိုကြီးများကို ကြည့်လိုက်သည်။

‘သောက်ကျိုးနည်းကွာ’

‘အခုတော့ ရှုပ်ကုန်ပြီ’

‘တားကြလေ သူ့ကို တားကြစမ်းပါ အဲ့ဒီပါးစပ်ပေါက်ကို မဖွင့်စေနဲ့’

ဘတ်ချုန်းက ယွန်းဂျွန်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။

သို့သော်…

ဝှီး

ချွန်းမြောင်က သူ့ဆီသို့ ပြေးလာသော နှစ်ယောက်ကို တွန်းထုတ်လိုက်သည်။

“အာ”

“ဘာလဲဟ’

ယွန်းဂျွန်နှင့် ဘတ်ချုန်းတို့သည် သူတို့တွေ အဝေးသို့ ခြေချော်သွားကြသည်ကို အံ့သြသွားကြသည်။ချွန်းမြောင် ရှောင်ပြေးတတ်တာ ဒါ ပထမဆုံး မဟုတ်ပေမယ့် ချွန်းမြောင်က သူတို့ကို တွန်းပစ်မယ့်သူ သို့မဟုတ် ပစ်ပေါက်မယ့်သူ မဟုတ်ဘူးလား။

သို့သော်လည်း အခုတော့ ချွန်းမြောင်က သူတို့ကို တွန်းထုတ်ရန် သိုင်းပညာကို အသုံးပြုခဲ့သည်။

“ချွန်းမြောင်”

ဘတ်ချုန်းက သူ့ကို လှမ်းခေါ်ပေမယ့် ချွန်းမြောင်ကတော့ သူတို့ကို တစ်ချက်လေးပင် ကြည့်မလာပေ။

“မာနတဲ့လား”

ချွန်းမြောင်က တိုးညှင်းသော အသံဖြင့် ဆက်ပြော၏။

“ဒီမာနက ဘာအတွက်လဲ”

“မင်း-မင်းနဲ့ဘာဆိုင်လို့လဲ”

“မာနဆိုတာ ဘာလဲလို့ မေးနေတယ်လေ…”

အဘိုးကြီးက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ချွန်းမြောင်ကို ကြည့်လိုက်သည်။

“ကျုပ်တို့ ဘိုးဘေးတွေက အလယ်ပိုင်းလွင်ပြင်က လူတွေနဲ့ ဘယ်တော့မှ မပေါင်းဖို့ ပြောထားတယ် အဲဒီ စည်းမျဉ်းကို ဖောက်ဖျက်တဲ့ သူတွေက သေဒဏ် ပေးခံရမှာပဲ”

“ဒါဆို ဒီမှာရှိတဲ့လူတိုင်း သေသင့်တာပေါ့”

“ဘယ်လို”

“ကျုပ်တို့က ဘာလို့ သေရမှာလဲ...”

“…”

“ဘာလို့ ကွမ်မင်မှာ ငြိမ်းချမ်းရေး ကုန်သည်အဖွဲ့က ရှိနေတာလဲခင်ဗျားတို့ စောစောကပြောခဲ့သလိုပဲ ယူနန်ထဲကို ဝင်လာတဲ့ အလယ်ပိုင်းလွင်ပြင်က လူတွေကို မတားဘဲနဲ့ ခင်ဗျားတို့ ဘာလုပ်နေကြလဲ”

လူအိုကြီး၏ မျက်နှာသည် နီရဲသွားလေသည်။သို့သော် ချွန်းမြောင်ကတော့ ဆက်ပြောလာသည်။

“ဒါပေါ့ ကျွန်တော်နားလည်ပါတယ် ဒါက အသက်မွေးဝမ်းကြောင်းကိစ္စပဲလေ ဒါပေမယ့် ဒါက ရိုးရှင်းတဲ့ နေထိုင်မှုပြဿနာကို ဖုံးဖိဖို့ သုံးနေကျလေ”

“မင်း သားရဲနန်းတော်ကို စော်ကားနေတာလား”

“မစော်ကားရပါဘူး ကျွန်တော်က ခင်ဗျားကို စော်ကားနေတာ နန်းတော်မဟုတ်ဘူး သားရဲနန်းတော်ကို ဒိုင်းလုပ်ပြီး သုံးမနေပါနဲ့”

“အား…လူယုတ်မာကောင်…”

“အမွေအနှစ်ကို ထိန်းသိမ်းတာတဲ့လား ခင်ဗျားတို့ဘိုးဘေးတွေက တကယ်ပဲ ဒီအမွေအနှစ် တစ်ခုတည်းကို ချန်ထားခဲ့တာလား”

လူအိုကြီးက နည်းနည်းတော့ ရှက်သွားလေသည်။

“…ဘာကိုဆိုလိုတာလဲ”

“ခင်ဗျားတို့ ဘိုးဘေးတွေက လူတွေရဲ့ အမွေအနှစ်တွေကို မထားရစ်ခဲ့ဘူးလား သူတို့က ခင်ဗျားတို့တွေကို ယူနန်ပြည်သူတွေကို ကောင်းကောင်း ဂရုစိုက်စေချင်ခဲ့တာ မဟုတ်ဘူးလား”

“…”

လူအိုကြီးက ပါးစပ်ကို ပိတ်နေလေသည်။

သူ့ကို ကြည့်နေသည့် ချွန်းမြောင်က နန်းတော်သခင်ဘက်သို့ လှည့်သွားလေသည်။

“ဘိုးဘေးတွေက အဲဒါကိုပဲ ချန်ထားခဲ့တာလား”

နန်းတော်သခင်က သက်ပြီးချပြီး ပြောလိုက်၏။

“မဟုတ်ဘူး...ဒီလိုမျိုး နမူနာယူဖွယ်ကတော့ သေချာပါတယ် ဒါကိုသိလည်း သိသင့်ပါတယ်”

“ဒါဆို ဘယ်အမွေကို ထိန်းသိမ်းထားမှာလဲ”

“…”

ချွန်းမြောင်က လူတိုင်းကို ကြည့်ပြီး အော်လိုက်သည်။

“ခင်ဗျားတို့ ဘိုးဘေးတွေက အခုအချိန် ယူနန်ကို မြင်ရင် ပျော်နေကြတော့မှာပဲဒီလောက်လူတွေအများကြီး ငတ်သေတဲ့အထိ အမွေအနှစ်ကို ထိန်းသိမ်း လိုက်နာတဲ့ ယူနန်ပြည်သူတွေကို လက်ခုပ်ဩဘာပေးနေကြတော့မှာပဲ နေရာချင်းလဲပြီး စဉ်းစားကြလေ ခင်ဗျားတို့ရဲ့သားစဉ်မြေးဆက်တွေကလည်း ဒီလိုနေရာမျိုးကို သဘောကျမယ်ထင်လား”

သူတို့အားလုံး၏ မျက်နှာများမှာ နီရဲကုန်ကြသည်။

“ဘိုးဘေးတွေ…”

“သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်တဲ့သူတွေကပဲ ဘိုးဘေးတွေအကြောင်း ဆက်ပြောနေတာပဲ ခင်ဗျားတို့ရဲ့ဘိုးဘေးတွေက သူတို့ရဲ့သားစဉ်မြေးဆက်တွေကို ဒီလိုဖြစ်စေချင်ခဲ့တာလား ဘယ်မိဘကမှ သူတို့ရဲ့ကလေးကို သူတို့မပြောင်းလဲနိုင်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်နဲ့ ကူကယ်ရာမဲ့နေတဲ့ ရုပ်သေးရုပ်အဖြစ် ပြောင်းမသွားစေချင်ကြဘူး”

ချွန်းမြောင်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

“အာ…အာ…”

သူ့စကားများကို နားထောင်နေသည့် ယွန်းဂျွန်က တစ်ခုခုကို မြင်လိုက်လေသည်။အသိစိတ်မရှိဘဲနှင့် သူ ထိုနေရာတွင် အမူအရာမဲ့စွာ ရပ်နေခဲ့သည်။

“ကျွန်တော်တို့ ဆာဟျောင်း ယွန်းဂျွန်ဆိုရင် ကွမ်မင်ကို ရောက်တာနဲ့လေ ယူနန်ပြည်သူတွေကို ကူညီဖို့ သူ့မှာ ရှိသမျှ အားလုံးကို ထုတ်ရောင်းခဲ့တာ ပြီးတော့ သူ့ဓားကိုတောင် ထုတ်ပြီး ရောင်းလိုက်သေးတယ်”

“...ကျေးဇူးပဲနော် ကိုငတုံးရေ”

‘ဒါပေမယ့် ဘာလို့ အခု ဒီကိစ္စကိုပါ ဆွဲထည့်လာတာလဲ’

“ဒါဆို ကျွန်တော် ခင်ဗျားတို့ကို မေးမယ်”

ချွန်းမြောင်က ဟိန်းနေအောင် အော်ဟစ်လိုက်သည်။

“ခင်ဗျားတို့ဘိုးဘေးတွေရဲ့ မျက်လုံးထဲမှာ ယူနန်ပြည်သူတွေကို ဘယ်သူက အကူအညီပိုပေးသလဲ ဆာလောင်နေတဲ့ ပြည်သူတွေရဲ့ဗိုက်ကိုဖြည့်ဖို့ သူတတ်နိုင်သလောက် လုပ်ပေးချင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ဆာဟျောင်းလား ဒါမှမဟုတ် ပြည်သူတွေကို လျစ်လျူရှုပြီး ပြည်သူတွေသေကြေနေတာကိုလည်း မသိကျိုးကျွံပြုနေတဲ့သူတွေလား”

ဘယ်သူကမှ မဖြေသဖြင့် ချွန်းမြောင်ကို ဒေါသထွက်လာစေသည်။

‘အမွေအနှစ်တဲ့ သောက်ချေးလိုပဲ’

လူတွေသေတဲ့အခါမှ ဘယ်လိုလူယုတ်မာတွေက အမွေအနှစ်ဆိုတဲ့ စကားလုံးကို သုံးကြဦးမလဲ။ပြိုလဲသွားသော ဂိုဏ်း၏ ဘိုးဘေးတစ်ဦးဖြစ်သည့် ချွန်းမြောင်၏ အမြင်တွင်ပင် ဒီလူတွေကို သူ နားမလည်နိုင်ပေ။

အမွေအနှစ်သည် အမွေသာဖြစ်သည်။သင်ယူနိုင်တဲ့ သင်ခန်းစာတစ်ခုပါ...စည်းမျဉ်းတော့ မဟုတ်ပေ။

‘ကမ္ဘာကြီးက ဒီလောက် မြန်မြန် ပြောင်းလဲနေတာကို...‘အမွေအနှစ်’ဆိုတဲ့စကားကို ဆင်ခြေတစ်ခုအနေနဲ့ ဘယ်လောက်ကြာကြာ ဆက်သုံးနိုင်မှာလဲ’

ချွန်းမြောင်က သူ့ရှေ့ကလူတွေကို စိုက်ကြည့်နေ၏။ဘာစကားမှ ထပ်ပြောစရာ မလိုတော့ပါ။

“ဒီနေရာမှာ အချိန်လာဖြုန်းမိနေတာပဲ သွားကြရအောင်”

ချွန်းမြောင်က နောက်ထပ် ဘာမတွေးဘဲ လှည့်ပြန်ရန် လုပ်သည့်အချိန်တွင်...

“ခဏလေး နေပါဦး”

ချွန်းမြောင်က ဒေါသတကြီးဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

နန်းတော်သခင်က ယွန်းဂျွန်ကို ကြည့်လိုက်၏။

“ဒါ ယွန်းဂျွန်လား”

“ဟုတ်ကဲ့”

“ကျုပ် မင်းကို တစ်ခုလောက်မေးချင်လို့”

ယွန်းဂျွန်က အနည်းငယ် ကြောက်ရွံ့နေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

All Chapters