A Letter from Home
Vol. 5 Ch. 41
ဆောင်းရာသီအလယ် အေးခဲနေသည့် နှင်းစက်တွေကြားထဲ သူ့အား စေလွှတ်ခဲ့ကြသည်။
သူ့အား စိတ်ဓာတ်မာကျောလာအောင် လေ့ကျင့်ပေးနေခြင်းဟု အကြောင်းပြချက်ပေးခဲ့ကြသည်။ ထိုအချိန်တွင် ယွဲ့ဟွာကတော့ အနွေးဓာတ်ပေးထားသည့် အခန်းထဲ ခမည်းတော်ရင်ခွင်ထဲမှာ သက်တောင့်သက်သာ နားခိုနေခဲ့သည်။
ငယ်စဉ်ကတည်းက ယွဲ့လင်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့ရသည်။ ပျော့ညံ့ခြင်း၊ သူများကို မှီခိုခြင်း စသည့် လက္ခဏာများကိုထုတ်ပြမိပါက ရက်ရက်စက်စက် ဆုံးမခံရသည်။
ထို့ကြောင့် ယွဲ့လင်း တကယ်ပဲ အမှီအခိုကင်းလာခဲ့သည်။ ထိုအခါကျပြန်တော့လည်း သူ့အားသွေးအေးပြီးနှလုံးသား မဲ့ကာ ယွဲ့ဟွာလောက် နှစ်လိုဖွယ်မကောင်းကြောင်းဝေဖန်လာကြပြန်သည်။
သူ့ခေါင်းထဲ ထိုသို့သော မှတ်ဉာဏ်များစွာရှိခဲ့သည်။
ယခင် ထိုမှတ်ဉာဏ်များစွာထဲ သူအချစ်ခံရသည့် မှတ် ဉာဏ်လေးတစ်ခုလောက် တွေ့နိုင်မလားဟူသည့်မျှော်လင့် ချက်ဖြင့် ယွဲ့လင်း ရှာဖွေခဲ့ဖူးသည်။ သို့သော် ယခုတော့ ထိုစိတ်ကူးယဉ်မှုမျိုးကို မေ့ဖျောက်ခဲ့တာကြာပြီဖြစ်သည်။
မယ်တော်ကြီးဝမ်းတွင်းမှာ ရှိနေခဲ့စဉ်ကတည်းက အဆိပ်ခတ်ခံရတာဖြစ်သဖြင့် အဆိပ်ခတ်ခဲ့သူမှာ နီးစပ်သူတစ်ယောက်သာဖြစ်ရမည်။ သို့တိုင် ‘မိသားစုသံယောဇဉ်’ဆိုတာကို ဆက်ပြီးမျှော်လင့်နေသေးလျှင် ထိုကံကြမ္မာနဲ့ သူတကယ်ထိုက်တန်ပါသည်။
“ပြောစရာ များများစားစားမရှိပါဘူး”
ယွဲ့လင်း တည်ငြိမ်စွာ မိန့်ကြားလိုက်သည်။
“ငယ်ငယ်ကတည်းက ကျန်းက လူမုန်းများခဲ့တယ်လို့ပြောလို့ရတယ်၊ ငယ်ဘဝတစ်ခုလုံးနီးပါးကို ကျန်းတစ်ယောက် တည်းဖြတ်သန်းခဲ့တာ”
ယွဲ့လင်း အသံက အလွန်တည်ငြိမ်လွန်းသဖြင့် ထိုစကားကို ကြားပြီး ကျန်းကျီမြောင် အနည်းငယ်စိတ်မကောင်းဖြစ်သွားခဲ့သည်။
“အရှင်မင်းကြီး အခုတစ်ယောက်တည်း မဟုတ်တော့ပါဘူး” ကျန်းကျီမြောင် နူးညံ့စွာလျှောက်တင်လိုက်သည်။
သူမကို ယွဲ့လင်း ငေးကြည့်လိုက်သည်။ ကျန်းကျီမြောင်က ပြုံးလျက် ဆက်လျှောက်တင်လိုက်၏။
“အနောက်နန်းဆောင်ထဲမှာ ညီအစ်မတွေ အများကြီးရှိတယ်၊ ဒီမိဖုရားလည်း ရှိတယ်၊ အားလုံးအဖော်ပြုပေးမှာပေါ့၊ အခုနန်းဆောင်မှာ ဘယ်လောက်တောင်သက်ဝင်စည်ကားနေလဲ ကြည့်စမ်းပါဦး!”
ယွဲ့လင်း နှုတ်ခမ်းတွန့်သွားသည်။ အနောက်နန်းဆောင် စည်ကားတာတော့မှန်ပါသည်။ သို့သော် ထိုစည်ကားမှုက သူနဲ့ ဘာမှမသက်ဆိုင်တာ သေချာသည်။
သို့သော် ကျန်းကျီမြောင်၏တောက်တောက်ပပ မျက်ဝန်းများကိုကြည့်ရင်း သူ့အား စိတ်ရင်းနှင့်နှစ်သိမ့်ပေးနေတာဖြစ်မှန်း ယွဲ့လင်း သိနိုင်သည်။
“မိဖုရားအကြောင်း ကျန်းကို ပြောပြပါလား”
ကျန်းကျီမြောင် ပျင်းရိပျင်းတွဲ သမ်းဝေလိုက်လေသည်။ “ဒီမိဖုရားရဲ့ အတိတ်ဘဝကတော့ ခန်းဆောင်ထဲက သာမန် အပျိုစင်တစ်ယောက်ရဲ့ဘဝမျိုးပါပဲ၊ ဘယ်မှလည်း မသွားဖူးသလို ဘာမှလည်းမစွန့်စားဖူးဘူး၊ အဲ့တာကြောင့် ပြောပြစရာ ဘာမှသိပ်မရှိဘူး”
“ဟုတ်လား” ယွဲ့လင်း မျက်လုံးထဲအပြုံးတချို့ပေါ်လာသည်။
“ဒါပေမယ့် ကိုယ်တော်ကြားချင်တယ်”
[ပြီးရော ပြီးရော သနားစရာကောင်းနေတာမို့ တစ်ခါတော့ အလျှော့ပေးလိုက်မယ်!]
မူလ ကျန်းကျီမြောင်၏စွမ်းရည်တွေ သူ့ထံ မရှိသော် လည်း မှတ်ဉာဏ်တွေတော့ရှိပါသည်။ လက်တွေ့နှင့် စိတ် ကူးယဉ်မှုကို ပေါင်းစပ်ပြီး ပုံပြင်တစ်ပုဒ်စပြောခဲ့သည်။
နဂိုကတည်းက ကျန်းကျီမြောင်မှာ စကားအလွန်များတတ်သူဖြစ်သည်။ စကားပြောရင်းပြောရင်း သူမ အိပ်ငိုက်လာသော်လည်း ခေါင်းမော့ကြည့်လိုက်ရာ စိတ်ဝင်တစားနား ထောင်နေဆဲဖြစ်သည့် ယွဲ့လင်းကို မြင်လိုက်ရသည်။
“မိဖုရား ဘာလို့ ဆက်မပြောတော့တာလဲ”ယွဲ့လင်း မေးလိုက်၏။
[ဒီဧကရာဇ်အစုတ်ပလုတ် မေတ္တာငတ်လွန်းလို့ စကားပြောဖော်တစ်ယောက် လိုချင်နေတာလား]
ကျန်းကျီမြောင် အသက်ဝဝရှူလိုက်ပြီး ခေါင်းထဲပေါ်လာသမျှ အကုန်ထုတ်ပြောလိုက်သည်။ တလျှပ်လျှပ်တောက် ပနေသည့် မီးခွက်ရောင်များအောက် စားပွဲကိုခေါင်းဖြင့်မှီရင်း ကျန်းကျီမြောင် တဖြည်းဖြည်းအိပ်မောကျသွားလေတော့သည်။
သူမကို ယွဲ့လင်း တိတ်ဆိတ်စွာငေးကြည့်နေသေး၏။ ပုံမှန်ဆိုအေးစက်တည်ငြိမ်နေတတ်သည့် သူ့မျက်နှာပေါ်မှာ ထူးထူးခြားခြား နူးညံ့သိမ်မွေ့မှုများထင်ဟပ်လာခဲ့သည်။
ကျန်းကျီမြောင်ကြောင့် သူ့ကမ္ဘာကြီးသက်ဝင်နေသလို ပထမဆုံးအကြိမ်အဖြစ် ခံစားခဲ့ရသည်။ သူမ အိပ်ပျော်သွားသည့် အချိန်မှာပင် ယခင်ကလောက် သူအထီးကျန်မနေတော့ချေ။
ခေါင်းထဲမှာတော့ တဖြည်းဖြည်းပြန်လည်ထိုးကိုက်လာခဲ့ပြီဖြစ်သည်။ ဒီနေ့ည ကျန်းကျီမြောင်သာရှိမနေပါက ထိုနာကျင်မှုကြောင့် သူရူးသွပ်သွားနိုင်သည်။
ကျန်းကျီမြောင်ကို ယွဲ့လင်း အသာအယာပွေ့ချီလိုက်ပြီး ကုတင်ပေါ်တင်ပေးလိုက်သည်။ သူ့ဘေးမှာ ဝင်လှဲလျောင်းစဉ် သူမလက်ကို မတော်တဆထိမိသွားခဲ့သည်။
ထိုအခါ သူ့ခေါင်းကိုက်ခဲမှုဝေဒနာတွေ ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။
သူ တစ်ကြိမ် နှစ်ကြိမ်လောက် ထပ်စမ်းသပ်ကြည့်သေးသည်။ သူတို့အသားချင်း ထိတွေ့ထားသရွေ့ခေါင်းကိုက်မှု ဝေဒနာကို သက်သာစေမှာဖြစ်မှန်း ယွဲ့လင်း သိခဲ့ရသည်။ ကျန်းကျီမြောင်၏မျက်နှာလေးကို သူ့လက်ဖြင့် အသာအ ယာထိတွေ့ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်သွားသကဲ့သို့ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။
သူမကို မှီခိုလွန်းရာကျနေပြီလား…
ဒီနာကျင်မှုကို တစ်သက်လုံး သူတစ်ယောက်တည်းကြိတ်မှိတ် သည်းခံလာခဲ့တာဖြစ်သည်။
တစ်နေ့နေ့ သူမ မရှိတော့တဲ့အခါ ဒီနာကျင်မှုကို သူခံနိုင် ရည်ရှိပါဦးမလား…
နာကျင်မှုက အပြီးအပြတ်ပျောက်ကွယ်သွားခြင်းမျိုးမဟုတ်ဘဲ အချိန်မရွေးတိုက်ခိုက်ဖို့ ချောင်းမြောင်းနေသော သားကောင်သဖွယ်ပင်။ ယခုမူ သူအနည်းငယ် သက်သာနေပါပြီ။
ယွဲ့လင်း ခေတ္တရပ်တန့်သွားပြီးနောက် သူမ လက်ကလေးကို သိမ်သိမ်မွေ့မွေ့ဆုပ်ကိုင်လိုက်သည်။ ထိုအခါ နာကျင်မှု လုံးဝပျောက်ကွယ်သွားခဲ့သည်။
“မင်းက ငါ့မိဖုရားပဲဥစ္စာ…”
ယွဲ့လင်းတီးတိုး ရေရွတ်လိုက်သည်။
“အဲ့တာကြောင့် နည်းနည်းလောက်လေးမှီခိုလို့ ဘာမှမဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား ?”
သူ့မှာ အသက်ရှင်ချိန် ငါးနှစ်သာကျန်တော့တာဖြစ်သည်။ ထို ငါးနှစ်အတွင်း သူ့ကိုယ်သူ အနည်းငယ်သက်ညှာကာ အလိုလိုက်,လိုက်ပါမည်။
သေဆုံးခါနီးအချိန်ကျမှ သူ အားလုံးစီစဉ်ပေးခဲ့မည်။
သူမကို လွတ်မြောက်အောင်လုပ်ပေးမှာဖြစ်သလို အားလုံးကိုလည်း လွတ်မြောက်အောင်လုပ်ပေးခဲ့မည်။
--- --- ---
နောက်တစ်နေ့မနက်…
ကျန်းကျီမြောင် အိပ်ချင်မူးတူးဖြင့် အိပ်ရာနိုးလာသော အခါ ဘေးမှာ ယွဲ့လင်း မရှိတော့ပေ။
“အရှင်မင်းကြီး ဘယ်ရောက်သွားလဲ ? ဒီမနက်တုန်းက ဘာအသံမှလည်း မကြားမိပါဘူး”
ယွင်ရှန်းက တောက်ပနေသောအပြုံးဖြင့် လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး နိုးလာတုန်းက အရှင်မကိုမနှိုးဖို့ အထူးတ လည် မိန့်ကြားသွားတာပါ၊ အရှင်မကို အရှင်မင်းကြီး တကယ် ကရုဏာသက်နေပြီထင်တယ်နော်”
[အထူးတလည် မိန့်ကြားသွားတာတဲ့လား ? ငါ့ဘော့စ်က ပိုပိုပြီး သိတတ်လာတာပဲ!]
သူမ အိပ်ရာထလိုက်သောအခါ လီသဲ့ဟွိုက်ယူဆောင်လာပေးသည့် ရွှေဖရဲစေ့များဖြင့် ပြည့်နှက်နေသောသေတ္တာတစ်လုံးကို မြင်လိုက်ရကာ ပိုလို့ပင်စိတ်ရွှင်သွားခဲ့ရသည်။
သူမ သုံးဖို့ဒီလောက်ကြီး မလိုအပ်သော်လည်း ရွှေတွေအပုံလိုက် မြင်လိုက်ရတာနဲ့ကို ပျော်ရွှင်နေလေပြီ။
ယွဲ့လင်း သူ့အား ရိုမတ်တစ်ဆန်ဆန် ချစ်ကျွမ်းဝင်နေတာဖြစ်မည်ဟု ကျန်းကျီမြောင် မထင်မိပါ။ သူ တာဝန်ကျေသဖြင့် ယွဲ့လင်း ယုံကြည်စပြုလာတာဟုသာ ထင်ပါသည်။ ဒီရွှေတွေကလည်း ဘောနပ်စ်သဘောမျိုးပေးခြင်းသာ ဖြစ်ပါလိမ့်မည်။
--- --- ---
မနက်ခင်း အတင်းအဖျင်းဖတ်ချိန်တင်ွ…
ရှေ့ခန်းမဆောင်ထဲမှာ ကိုယ်လုပ်တော်တွေ အားလုံးစုံလင်နေကြပြီဖြစ်သည်။ ကျန်းကျီမြောင် စနစ်ကို ဖွင့်လိုက်ပြီး နောက်ဆုံးရ အတင်းအဖျင်းများကို ဖတ်ရှုလိုက်ပါသည်။
[ဒီနေ့အတွက် မနက်ခင်းအတင်းအဖျင်းများကတော့… ရှဲ့မိသားစုရဲ့ ကန့်ကွက်မှုအကြောင်း ယွဲ့ဟွာကြားသွားပြီတဲ့၊ မနေ့က ရှဲ့မိသားစု စံအိမ်ရှေ့မှာ တစ်နေ့လုံး မတ်တပ်သွားရပ်နေခဲ့တာ၊ ဒီနေ့မနက် မိုးသောက်ချိန်မှာလည်းရှဲ့မိသားစု စံအိမ်ရှေ့ကိုရောက်နေပြန်တယ်။ မြို့စားရှဲ့က သူ့ကိုရှောင် ဖို့အတွက်နဲ့ နာမကျန်းဖြစ်နေတယ်လို့ ဆင်ခြေပေးပြီး ညီလာခံကိုတောင် မတက်ရောက်ခဲ့ဘူးတဲ့]
ကျန်းကျီမြောင် မျက်ခုံးပင့်ကာတွေးလိုက်သည်။
[ဒီယွဲ့ဟွာက လွယ်လွယ်နဲ့ လက်မလျှော့တတ်ဘူးပဲ၊ ဒါပေမယ့် ရှဲ့ချိုး စိတ်မပြောင်းသေးသရွေ့ ဒီမင်္ဂလာပွဲအထ မြောက်မှာ မဟုတ်ဘူး]
ထို့နောက် ဆက်လက် ဖတ်ရှုလိုက်သည်။
[ဝန်ကြီးချန်က နန်းတော်ကို စာတစ်စောင်ပို့ဆောင်ထားတယ်၊ ယွဲ့ဟွာ ကိုယ်တိုင်ဖန်တီးထားတဲ့ ရေမွှေးတစ်ပုလင်းလည်း အတူပါတယ်တဲ့၊ အဲ့ဒီရေမွှေးကိုအသုံးပြုပြီး အရှင် မင်းကြီးကို မြှူဆွယ်ဖြားယောင်းဖို့အတွက် ချန်ရှုယိကိုစာထဲမှာ ညွှန်ကြားထားတယ်တဲ့]
ချန်ရှုယိအား ကျန်းကျီမြောင် လှမ်းကြည့်လိုက်သည်။
ချန်ရှုယိလည်း မျက်နှာချက်ချင်းဖြူရော်သွားခဲ့သည်။ ထိုအကြောင်းကို မနေ့ကတည်းက အရှင်မအားလျှောက်တင်ဖို့ စိတ်ကူးရှိခဲ့သည်။ သို့သော် ဘယ်ကနေ ဘယ်လို လျှောက်တင်ရမှန်း သူ မသိခဲ့ပေ။
သူမသည် ဝန်ကြီးချန်၏သမီးတော်ဖြစ်သည်။ ယခင်တုန်းက မင်းသားအန်းဟယ်နဲ့ ခမည်းတော်ဖြစ်သူတို့ ရင်းနှီးကျွမ်းဝင်နေတာကို သွေးရိုးသားရိုးသာထင်ခဲ့သည်။ သို့ သော်လည်း ယခုမူ ဖခင်ဖြစ်သူမှ သူမတို့အားလုံးကွပ် မျက်ခံရနိုင်သည့် ပြစ်မှုကြီးတစ်ခုကို ကျူးလွန်နေခြင်းဖြစ်မှန်း ချန်ရှုယိ သိခဲ့ရချေပြီ။
သို့သော် အရှင်မထံ သူမ အမှန်အတိုင်းလျှောက်တင်လိုက်လျှင်ပင် အရှင်မ ယုံကြည်မတဲ့လား ?
ချန်ရှုယိ လမ်းဆုံးတစ်ခုကို ရောက်နေသလိုခံစားလိုက်ရပြီး အကြီးအကျယ်စိတ်သောကရောက်သွားလေတော့ သည်။