What if Her Majesty Misunderstands
Vol. 5 Ch. 42
“ချန်ရှုယိ! ဒီနေ့မနက်တုန်းက ငါ အငန်အဆာသွပ်မုန့်လေးတစ်ခုပဲ လုစားမိတာပါ၊ အဲ့လောက်ကြီး စိတ်ဆိုးပြနေစရာ လိုလို့လား ? မနက်ဖြန် နှစ်ခု ပြန်ပေးမယ်”
ကြင်ယာတော်အန်းမှ ရုတ်တရက်ဝင်ပြောလိုက်လေသည်။
ချန်ရှုယိလည်း စိတ်အမြန်ပြန်ထိန်းလိုက်ပြီး မျက်နှာကို ရှုံ့မဲ့မဲ့လုပ်ပြကာ ပြန်ပြောလိုက်ပါသည်။
“ငါ ဝမ်းနည်းတာက မုန့်မစားရလို့ မဟုတ်ဘူး၊ နင့်ရဲ့ အရိုင်းဆန်တဲ့ လုရက်မှုကို မကျေနပ်တာ!”
“ဟင်း… အဲ့လောက် ကပ်စေးနဲနေရင်လည်း အစောကြီးကတည်းက ကြိုပြောထားလေ”
ကြင်ယာတော်အန်း အေးစက်စွာပြောလိုက်သည်။
အသေးအဖွဲပြဿနာလေးကြောင့် ငြင်းခုံနေကြတာကို ကြည့်ရင်း ကျန်းကျီမြောင် ကြားဝင်ဖြေရှင်းပေးလိုက်သည်။
“ကြင်ယာတော်အန်း နောက်ဆို အဲ့လိုစည်းကမ်းမဲ့တဲ့ အပြု အမူမျိုး မလုပ်ရဘူးနော်၊ မနက်ဖြန် ကြင်ယာတော်ချန်ကို နှစ်ခုပြန်လျော်ပေးလိုက်၊ ပြီးတော့ အပြစ်ဒဏ်အနေနဲ့ ကိုယ်ပိုင်စားဖိုဆောင်ကို အသုံးပြုခွင့် တစ်လတိတိ ပိတ်ပင်တယ်!”
ကျန်းကျီမြောင်က အနောက်နန်းဆောင်ကို လျှော့လျှော့ ပေါ့ပေါ့သာအုပ်ချုပ်ခဲ့သည်။ သို့သော် ယခုလိုစည်းမျဉ်းစည်းကမ်းများမရှိပါက အားလုံး ဗရုတ်သုက္ခဖြစ်သွားနိုင်တာကိုလည်း နားလည်သည်။
“အမိန့်အတိုင်းပါ”
ကြင်ယာတော်အန်း အမိန့်နာခံလိုက်သည်။
ကြင်ယာတော်အန်းကို ချန်ရှုယိလှည့်ကြည့်လိုက်ပြီး ရင်ထဲမှာသက်ပြင်းချလိုက်သည်။ သူမ စိတ်သောကရောက်နေ သည်အား ဖုံးကွယ်နိုင်ဖို့အတွက် အန်းကျောက်ရီ ကူညီပေးနေတာဖြစ်မှန်း ချန်ရှုယိ နားလည်ပါသည်။
‘စာအုပ်’ဇာတ်သိမ်းအကြောင်း တွေးလိုက်မိတိုင်း အန်းမိသားစုပျက်စီးကာ ကြင်ယာတော်အန်းလည်း ဘုရားကျောင်းဆောင်တစ်ခုထဲမှာ တစ်သက်လုံးအထီးကျန်စွာ နေထိုင်သွားရမှာကို မြင်ယောင်မိပြီး နှလုံးသားကိုဓားဖြင့် အကြိမ်ကြိမ် အထိုးခံနေရသကဲ့သို့ ချန်ရှုယိ ခံစားနေရပါသည်။
နောက်ကွယ်မှာ သူ့ ခမည်းတော် ဝန်ကြီးချန် ဘာတွေ ကြံစည်နေသလဲ ချန်ရှုယိ မသိပေ။
သူ့တစ်ဦးတစ်ယောက်တည်း ဂုဏ်အဆင့်အတန်းမြင့်မားဖို့အတွက်နဲ့ မိသားစုကို တကယ်စတေးလိုက်တော့မှာလား ?
အဲ့လို ဖြစ်ခွင့် လုံးဝ မပေးနိုင်ဘူး!
ထိုအတွေးဖြင့် ချန်ရှုယိမျက်လုံးများ ပြတ်သားခိုင်မာသွားရသည်။
ကြင်ယာတော်နှစ်ယောက်အကြား ကျန်းကျီမြောင် ကြားဝင်ဖြေရှင်းပေးခဲ့သည်။ အရှင်မင်းကြီးအား မြှူဆွယ်ဖြား ယောင်းဖို့ တွန်းအားပေးခံထားရသည့် ချန်ရှုယိကိစ္စကိုတော့ သူမ သိပ်မတွေးခဲ့ပါ။
[ဒါဧကရာဇ်မင်းကြီးရဲ့ အနောက်နန်းဆောင်လေ၊ အရှင် မင်းကြီးကို ပြိုင်လုတာကလွဲပြီး ကိုယ်လုပ်တော်တွေမှာ တခြား ဘာလုပ်စရာရှိသေးလို့လဲ ? ဒါပေမယ့် အခုလက်ရှိ အရှင်မင်းကြီးရဲ့ကျန်းမာရေးအခြေအနေကို သိသွားရင်တော့ ချန်ရှုယိ စိတ်ပျက်သွားလိမ့်မယ်]
[အရှင်မင်းကြီးက ငယ်ငယ်ကတည်းက ဆေးရည်စိမ်ပြီး မျိုးဆက်မပြန့်ပွားနိုင်တော့ဘူးတဲ့၊အဲ့တာကြောင့် ‘ပန်းသေပန်းညှိုး’ဖြစ်နေတာပဲ နေမှာ]
ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။ တကယ်တော့ ဆေးစစ်မှုရလဒ်ထဲမှာ ယွဲ့လင်း ကလေးမရနိုင်သည့်အ ကြောင်းသာ ဖော်ပြထားသည်။ သူ ပန်းသေနေသည်ဟု အတိအကျဖော်ပြထားခြင်း မဟုတ်ပေ။ ကျန်းကျီမြောင် ကိုယ့်စိတ်ကူးဖြင့် ကိုယ် ကောက်ချက်ချလိုက်ခြင်းဖြစ် သည်။
ထို့နောက် နောက်ဆုံးအတင်းအဖျင်းကို ဆက်ဖတ်ကြည့်လိုက်သည်။
[ယွဲ့ဟွာ နန်းတက်သွားတော့ နန်းတော်ထဲမှာ ‘ပါရမီရှင် ကြင်ယာတော်ယွဲ့’ဆိုပြီး ပေါ်လာတယ်တဲ့၊ နာမည်အရင်းက ယွဲ့ရှင်း…]
ကျန်းကျီမြောင် မျက်ခုံးပင့်သွားသည်။
[ယွဲ့ဟွာမှာ ကိုယ်လုပ်တော်အများကြီး ရှိတဲ့အထဲကမှ အဲ့ဒီ ယွဲ့ရှင်းက ထူးခြားတယ်ပေါ့…၊ သူ့အကြောင်း ငါစုံစမ်းကြည့်ရမယ်]
ဒီနေ့မနက်ခင်း ဂါဝရပြုချိန်ပြီးဆုံးသောအခါ မကြုံစဖူးအရာတစ်ခုကြုံခဲ့ရသည်။ ချန်ရှုယိသည် ဖုန့်ယီနန်းဆောင်မှာဆက်မနေဘဲ ကိုယ့်နန်းဆောင် ကိုယ်ပြန်ကြွတော့မည်ဟု ကျန်းကျီမြောင်အား လျှောက်တင်ခဲ့လေသည်။
ချန်ရှုယိ တစ်ကိုယ်လုံး ဖြူရော်ဖြူဖပ်ဖြစ်နေသဖြင့် အနား ယူဖို့ လိုအပ်သည်ဟုဆိုသည်။ ထိုအခါ ကြင်ယာတော်အန်းလည်း နေထိုင်မကောင်းဖြစ်နေသည်ဟုဆိုကာ ဖုန့်ယီနန်းဆောင်မှ ချက်ချင်းထွက်သွားဖို့ပြင်လိုက်သည်။ နှစ်ယောက်စလုံးအားကျန်းကျီမြောင် ခွင့်ပြုပေးခဲ့သည်။
ထိုနှစ်ယောက် ထွက်သွားတာကိုကြည့်ရင်း ကြင်ယာတော်သဲ့ မျက်စောင်းထိုးလိုက်သည်။ ချန်ရှုယိနှင့် သူမ ရင်းနှီးမှု သိပ်မရှိသော်လည်း ထိုသို့ခမည်းတော်မျိုးရရှိထားသည့် အတွက် ချန်ရှုယိ အတော်ကံဆိုးသည်ဟု ထင်မိသည်။ အမှန်တရားကို ချန်ရှုယိမြင်နိုင်ပါစေဟုလည်း သူမ မျှော် လင့်မိသည်။ သူမ ခမည်းတော်ခြေရာအတိုင်းလိုက်နင်းလျှင်တော့ ကြုံဆုံရမည့် ကံကြမ္မာနှင့်ထိုက်တန်သည်။
အပြန်လမ်းတွင် ချန်ရှုယိ ခြေလှမ်းများကိုနှေးလိုက်သည်။ ထိုအခါ အန်းကျောက်ရီ အနောက်မှ အမှီလိုက်လာနိုင်ခဲ့ပါသည်။
“ငါ့ကို စကားမပြောတော့ဘူးလို့ ထင်ထားတာ” ချန်ရှုယိ မဲ့ပြုံးပြုံးကာ ဆိုလိုက်သည်။
အန်းကျောက်ရီက အစေခံများကို ပြန်လွှတ်လိုက်ပြီး ချန်ရှုယိ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပါသည်။
“နင့်ကို လမ်းမှား မရောက်စေချင်ရုံပါ၊ ငါ ဘာကိုဆိုလိုလဲ သိတယ်မလား”
မိဖုရားကြီးရဲ့စိတ်ထဲက အတွေးတွေအကြောင်း အန်းကျောက်ရီ နှုတ်မှထုတ်ပြောလို့မရပါ။ သို့သော် အန္တရာယ်ကို ချန်ရှုယိ နားလည်လိမ့်မည်ဟု သူမ ယုံကြည်သည်။
ခမည်းတော်ထံမှ ရရှိထားသည့်စာကို အန်းကျောက်ရီအား ချန်ရှုယိ ပေးဖတ်လိုက်သည်။ စာကို ဖတ်ပြီးသွားသော အခါ အန်းကျောက်ရီ အလွန်ခံပြင်းသွားခဲ့သည်။
စာထဲမှာ အရှင်မင်းကြီးအား မြှူဆွယ်ဖို့သာ ချန်ရှုယိကို ညွှန်ကြားထားခြင်းမဟုတ်ပေ။ အနောက်နန်းဆောင်ထဲမှာ ချန်ရှုယိ အရေးမပေးခံရသဖြင့် မယ်တော်ဖြစ်သူမှာ အစိုး ရိမ်လွန်ပြီး ကျန်းမာရေးချို့ယွင်းနေသည်ဟုရေးသားထား သည်။ မယ်တော်၏ကျန်းမာရေးသည် ‘သတင်းကောင်း’ (ကိုယ်ဝန်)မကြားရမချင်း ပြန်ကောင်းလာနိုင်မည့်ပုံ မပေါ်ပေ။
မိဖုရားကြီး အတွေးထဲကအတိုင်းသာဆို ထိုစာသည် ဝန်ကြီးချန် စိုးရိမ်ပူပန်မှုဖြင့် ရေးသားလိုက်သည့်စာ မဖြစ်နိုင်ပေ။ ခြိမ်းခြောက်သည့်စာသာ ဖြစ်သည်။ ချန်ရှုယိသာ တာဝန်အားမအောင်မြင်လျှင် မယ်တော်တစ်သက်လုံး ကျန်းမာရေး ပြန်ကောင်းလာနိုင်တော့မည် မဟုတ်ပေ။
“မယ်တော့်အသက်က သူ့လက်ထဲမှာလေ…ငါ့မှာ ရွေးချယ် စရာမရှိဘူး”
ချန်ရှုယိ သွေးမဲ့နေသော မျက်နှာဖြင့် ဆိုလိုက်သည်။
“ချန်ရွှမ်းယွီ! (ရှုယိ၏ အမည်အရင်း) အူကြောင်ကြောင် လုပ်မနေစမ်းနဲ့!” အန်းကျောက်ရီ ငေါက်လိုက်သည်။
“အရှင်မင်းကြီးကို မြှူဆွယ်ဖို့ဆိုတာ ပထမအဆင့်ပဲ ရှိသေးတယ်၊ ဒုတိယအဆင့်က ဘာဖြစ်မယ်ထင်လဲ ? တခြား ကိုယ်လုပ်တော်တွေကို အဆိပ်ခတ်ဖို့လား ? မိဖုရားကြီးကို လုပ်ကြံဖို့လား ? နင်ဒီအဆင့်ကို နာခံလိုက်တာနဲ့ ပြန်လမ်းမရှိတော့ဘူးနော်!”
လက်ရှိမှာ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ မဟာမိတ်ဖွဲ့ထားကြပြီး ဝန်ကြီးချုပ်ကျန်းကလည်း သူတို့ဘက်မှာရှိနေမှန်း အန်းကျောက်ရီ ကောင်းကောင်းသိသည်။ ဝန်ကြီးချန် ၎င်းတို့အကြား သွေးကွဲအောင်ကြံစည်နေခြင်းသာ။
“ငါ နားလည်ပါတယ်”
အန်းကျောက်ရီ၏ စိုးရိမ်ပူပန်မှုကိုမြင်သောအခါ ချန်ရှုယိမျက်နှာပေါ် ခပ်ပါးပါးအပြုံးတစ်ခု ပေါ်လာခဲ့သည်။
“နင်က နားလည်တယ်ဟုတ်လား ? အဲ့တာဆို မိဖုရားကြီးကို အမြန်ဖွင့်ပြောပြီး လျှောက်တင်ရှင်းပြလိုက်လေ!”
အန်းကျောက်ရီ အနည်းငယ် စိုးရိမ်ပူပန်နေပါသည်။
“အရှင်မသာ နားလည်မှုလွဲသွားရင် ဘယ်လိုလုပ်ကြမလဲ”
“ခမည်းတော်ဖြစ်စေချင်တဲ့အတိုင်း ငါ မလုပ်ပါဘူး၊ ဒါပေမယ့် ငါ သူ့သမီးလေ၊ ရုတ်တရက်ကြီး ဘက်ပြောင်းလိုက်ရင် အရှင်မ ယုံကြည်မှာမဟုတ်လောက်ဘူး”
“အဲ့တာ ဘာအဓိပ္ပာယ်လဲ”
“ငါသစ္စာရှိကြောင်း သက်သေပြဖို့အတွက် အရှင်မကို တစ်ခုခု အရင်ဆောင်ရွက်ပေးရမယ်၊ ပြီးတော့ ငါ့ရဲ့တစ်ခုတည်းသော အားနည်းချက်ဖြစ်တဲ့ မယ်တော့်ကိုလည်း ချန်အိမ်တော်ကနေ ကယ်ထုတ်ရမယ်”
“အဲ့တာဆို နင်ဘယ်လိုလုပ်ဖို့ ကြံရွယ်ထားလဲ”
အန်းကျောက်ရီ မေးလိုက်သည်။
“ဒီကိစ္စအတွက် နင့်အကူအညီကို လိုအပ်နိုင်တယ်”ချန်ရှုယိ ပြောလိုက်သည်။
အန်းကျောက်ရီ စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။
“ငါတို့က ညီအစ်မတွေပဲ၊ ပြောစရာရှိတာ ပြောစမ်းပါ”
အန်းကျောက်ရီအနားသို့ ချန်ရှုယိ ကပ်လိုက်ပြီး တီးတိုး ပြောဆိုလိုက်လေသည်။
“နင့်ခမည်းတော်မှာ အဆက်အသွယ်တွေ အများကြီးရှိတယ်မဟုတ်လား ? နေရာတချို့ကို စုံစမ်းဖို့ သူ့အကူအညီ လိုအပ်နိုင်တယ်…”
ထို့နောက် သူမ စုံစမ်းလိုသည့် နေရာတချို့ကို ရွတ်ပြလိုက်လေသည်။
ထို့နောက် ချန်ရှုယိ စိတ်ပူစွာမေးလိုက်၏။
“နင်အကုန် မှတ်မိရဲ့လား ? ဒီကိစ္စကို စာနဲ့ပို့ဆောင်လို့မဖြစ်ဘူးနော်၊ ယုံကြည်ရတဲ့လူတစ်ယောက်နဲ့ သတင်းစကားပါးလိုက်မှ စိတ်ချရမယ်”
“နားလည်ပြီ” အန်းကျောက်ရီ ခေါင်းညိတ်လိုက်သည်။
သူမသည် မြင့်မြတ်သည့် အိမ်တော်တစ်ခုမှာကြီးပြင်းလာရသူဖြစ်သည်။ တခြား ကိုယ်လုပ်တော်များနှင့် ယှဉ်လိုက် ပါက အနည်းငယ် ရိုးအနိုင်သော်လည်း ဉာဏ်နီဉာဏ်နက် မများနိုင်ဟု မဆိုလိုပေ။
“အဲ့တာဆို ငါ သတင်းထူးစောင့်နေမယ်နော်” ချန်ရှုယိ ပြောလိုက်သည်။
“နေပါဦး အဲ့ဒီနေရာတွေက ဘာများ ထူးခြားနေလို့လဲ” အန်းကျောက်ရီ တွန့်ဆုတ်စွာ မေမြန်းလိုက်သည်။
ချန်ရှုယိ ခေါင်းခါလိုက်သည်။
“ဒီတိုင်း စိတ်ထင်တဲ့နေရာတွေပါ၊ စုံစမ်းကြည့်မှ သိနိုင်မယ်”
အဖြေတိတိကျကျ မရနိုင်သော်လည်း အန်းကျောက်ရီ လက်ခံဖို့သာ ရှိသည်။
ကျန်းကျီမြောင်၏ယုံကြည်မှုကို ရရှိနိုင်ဖို့အတွက် ချန်ရှုယိ အကြံထုတ်နေစဉ် ကျန်းကျီမြောင်ကတော့ စိတ်ဖိစီးနေလေသည်။
အခုလေးတင် စနစ်မှမစ်ရှင်အသစ်များ ရရှိလိုက်သောကြောင့်ဖြစ်သည်။