The Emperor and Empress’s Display of Affection
Vol. 5 Ch. 44
သေချာပြန်စဉ်းစားကြည့်လိုက်မှ…
မိဖုရားကြီးနှင့် ဆုံလိုက်တိုင်း အရှင်မင်းကြီး အမျက် ဒေါသအား လွန်စွာထိန်းချုပ်နိုင်စွမ်းရှိခဲ့သည်။
မိဖုရားကြီးက စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် လုပ်ရပ်များစွာကို သိသိသာသာကျူးလွန်ခဲ့ဖူးသည်။ သို့သော် အရှင်မင်းကြီးက တစ်ခါမှမငြူစူခဲ့ပါ။ မငြူစူသည့်အပြင် လက်ဆောင်ပဏ္ဍာများပါချီးမြှင့်ခဲ့သေးသည်။
ယခုလို အလိုလိုက်မှုမျိုးကို တစ်ချိန်တုန်းက အနောက်နန်းဆောင်မှာ ဦးစားအပေးခံရဆုံး ကြင်ယာတော်လင်း(ယခုရံရွေတော်လင်း)ပင် မခံစားခဲ့ရဖူးပေ။
ထိုအတွေးဖြင့် လီသဲ့ဟွိုက် ရွှင်ပျစွာပြုံးလိုက်ပြီး အသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။
“အရှင်မ… အခု တော်ဝင်စာကြည့်ဆောင်ထဲမှာ လုပ်သားရေးရာဝန်ကြီးဌာနရဲ့ဝန်ကြီးကော အခစားဝင်နေပါတယ်၊ အရှင်မင်းကြီးက ဝန်ကြီးကော်ကို အားထားပြီး ကျန်းနန်ဒေသရဲ့ ရေစီးရေလာစနစ်ကို စီမံဖို့ စေလွှတ်ခဲ့တယ်၊ ဒါပေမယ့် သုံးနှစ်သုံးမိုးကြာခဲ့တာတောင် ရေစီးရေလာစနစ်က မကောင်းမွန်သေးဘူး၊ မကြာသေးခင်က ကျန်းနန်ဒေသမှာ မိုးတွေ မရပ်မနား ရွာသွန်းသည်းထန်ခဲ့တယ်၊ ဝန်ကြီးကော သုံးနှစ်သုံးမိုး တည်ဆောက်ခဲ့ရတဲ့ဆည်တာ တမံက အာနိသင်မရှိဘဲ ရေတက်လာတာနဲ့ ပျက်စီးသွားတယ်၊ အဲ့တာကြောင့် ကျန်းနန်ဒေသမှာ ရေဘေးဒုက္ခ သင့် နေပြန်ပါပြီ၊ ဒီနေ့ ဝန်ကြီးကော နန်းတော်ကိုပြန်ရောက်လာတာနဲ့ အရှင်မင်းကြီးက ချက်ချင်း ဆင့်ခေါ်ခဲ့တယ်၊ အခု ကျန်းနန်ဒေသ ပြဿနာကိုဆွေးနွေးတိုင်ပင်ကြရင်း အရှင် မင်းကြီး အမျက်ဒေါသထွက်နေရတာပါ”
ကျန်းကျီမြောင် ကြက်သေသေသွားသည်။
ကျန်းနန်ဒေသရဲ့ ရေဘေးပြဿနာတဲ့…
ဒီလောက်ကြီးမားတဲ့ကိစ္စကို သူ ဘာမှ မသိရပါလား…
မနေ့ညက ယွဲ့လင်းကြွမြန်းလာတုန်းကလည်း ထိုကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှမမိန့်ကြားခဲ့ပါ။
ကျန်းကျီမြောင် ခေတ္တစဉ်းစားလိုက်ပြီးယူဆောင်လာသည့် ကြာစေ့ပဲနောက်စွပ်ပြုတ်ကို လီသဲ့ဟွိုက်ထံ အပ်လိုက်သည်။
“ဒါဆို ဒီမိဖုရား အထဲမကြွတော့ပါဘူး၊ အရှင်မင်းကြီး အားလပ်တဲ့အချိန်ကျမှ မိန်းမစိုးကြီးလီကပဲ ဒီစွပ်ပြုတ်ကို ဆက်သပေးလိုက်နော်၊ ပြီးတော့ အရှင်မင်းကြီးအားလပ်ရင် ဖုန့်ယီနန်းဆောင်ကို ကြွမြန်းခဲ့ပါဦးလို့လည်း သတင်း စကားပါးပေးပါဦး”
လီသဲ့ဟွိုက် အမိန့်အမြန်နာခံလိုက်သည်။
သူ့လက်ထဲ စွပ်ပြုတ် ရောက်ရှိလာတာနဲ့တစ်ပြိုင်နက်…
ရုတ်တရက်ဆိုသလိုတော်ဝင်စာကြည့်ဆောင်ထဲမှ ဝုန်းဒိုင်း ကြဲဆူညံသံများ အော်သံများထွက်ပေါ်လာခဲ့သည်။
လီသဲ့ဟွိုက် ချက်ချင်းမျက်နှာပျက်သွားပြီး စာကြည့်ဆောင်ထဲ ပြေးဝင်ဖို့ခြေဦးပြင်လိုက်ပါသည်။
သို့သော် ကျန်းကျီမြောင်ကို ရုတ်တရက်လှည့်ကြည့်လိုက် ကာ စိတ်ပြောင်းသွားလေသည်။
ထို့နောက် ကျန်းကျီမြောင်အား သူလျှောက်တင်လိုက်သည်။
“ဒီစွပ်ပြုတ်ကို အရှင်မကိုယ်တိုင် သွားရောက် ဆက်သလိုက်ပါလား…”
မိန်းမစိုးကြီးလီကို ကြည့်ရင်း ကျန်းကျီမြောင် ဆွံ့အသွားလေသည်။ သူ အားအကိုးရဆုံး အမာခံပရိတ်သတ်ကြီးက အနည်းငယ် နားလည်ရခက်နေပြန်သည်။
ခုနက ပြန်လွှတ်တော့လည်းသူပဲ…
အရှင်မင်းကြီးကို ကိုယ်တိုင်သွားဆက်သခိုင်းတော့လည်း သူပဲ…
လီသဲ့ဟွိုက် အနည်းငယ်ရှက်ရွံ့သွားပြီး တိုးညှင်းသော အသံဖြင့် ရှင်းပြလိုက်လေသည်။
“အရှင်မင်းကြီးရဲ့ အမျက်ဒေါသက ထိန်းချုပ်ဖို့ခက်ခဲတယ်၊ ဒါပေမယ့် အရှင်မင်းကြီးအတွက် အရှင်မက ခြားနားမှန်း ဒီလူအိုကြီး သိထားလို့ အရှင်မသာဆို အရှင်မင်း ကြီး စိတ်ပြေအောင်ဖြောင်းဖြပေးနိုင်မယ်လို့ ယုံကြည်လို့ပါ”
“ကျန်တာတွေထက် အရှင်မင်းကြီးသာ ဒီလိုဆက်ပြီး အမျက်ထွက်နေဦးမယ်ဆို သူ့ကျန်းမာရေး ထိခိုက်သွားမှာ ဒီလူအိုကြီး စိတ်ပူမိလို့ပါ”
ကျန်းကျီမြောင် နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။
ဇာတ်လမ်းအကျဉ်းချုပ်ထဲက စာကြောင်းတစ်ကြောင်းကိုလည်း ကျန်းကျီမြောင် ရုတ်တရက်ပြန်သတိရသွားသည်။
ဇာတ်လမ်းအကျဉ်းချုပ်ထဲမှာ ‘ယွဲ့ဟွာက မင်းဆိုးမင်းညစ်ယွဲ့လင်းကို ပုန်ကန်ပြီး ထီးနန်းကိုရယူခဲ့သည်’ဟု ဖော်ပြထားသည်။
မင်းဆိုးမင်းညစ် ယွဲ့လင်းတဲ့…
သို့သော်လည်း ဒီကာလအတွင်း ယွဲ့လင်းနှင့် ကျန်းကျီမြောင် ပတ်သတ်ကြည့်ရသလောက်တော့ မင်းဆိုးမင်းညစ်ဟူသည့် အခေါ်အဝေါ်က သူနှင့် မကိုက်ညီလှပေ။
ထို့နောက် ဆေးစစ်ချက် ရလဒ်တွေကို ကျန်းကျီမြောင် ပြန်စဉ်းစားခဲ့သည်။ ယွဲ့လင်း ခေါင်းကိုက်ဝေဒနာ ခံစားနေရချိန် စဉ်းစားဆင်ခြင်ဉာဏ် လျော့နည်းနေသဖြင့် ရုန့်ရင်း ကြမ်းတမ်းသည့် လုပ်ရပ်များကို လုပ်နိုင်သည်ဟု ဖော်ပြထားသည်။
ဧကန္တ အခုလည်း ယွဲ့လင်း ခေါင်းကိုက်ဝေဒနာ ခံစားနေရလို့များလား…
ကျန်းကျီမြောင် သိပ်မစဉ်းစားတော့ဘဲ လီသဲ့ဟွိုက်နဲ့အတူ တူတော်ဝင်စာကြည့်ဆောင်ထဲသို့ ဝင်လာခဲ့သည်။
စာကြည့်ဆောင်ထဲရောက်တာနဲ့တစ်ပြိုင်နက် ထူးထူးဆန်းဆန်း ရနံ့တစ်ခုကို ကျန်းကျီမြောင် ရသွားပါသည်။
ထိုရနံ့၏ဇစ်မြစ်အား ကျန်းကျီမြောင် မစုံစမ်းနိုင်ခင် ဆံပင်တွေရှုပ်ပွကာ မျက်လုံးတွေသွေးချင်းနီနေပြီး လက်ထဲမှာလည်း တော်ဝင်ဓားကိုဆုပ်ကိုင်ထားသည့် ယွဲ့လင်းအား မြင်လိုက်ရလေသည်။
မိန်းမစိုးများစွာက သူ့ရှေ့မှာ ပိတ်ကာတားဆီးနေကြသည်။
“လမ်းဖယ်ကြစမ်း!”
ယွဲ့လင်း၏ မျက်နှာ အလွန်ကြမ်းကြုတ်နေလေသည်။
“အသုံးမကျတဲ့ ဒီငယ်သားကို အခုချက်ချင်း ခုတ်သတ်ရမှ ကျေနပ်နိုင်မယ်!”
ဝန်ကြီးကောဟွိုက် ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထားပြီး ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေသည်။ သို့သော် မျက်နှာထက် ခါးသက်သည့်အပြုံးသာ ပြုံးထားပြီး ယွဲ့လင်းအား ခခယယဦးချတောင်းပန်နေလေသည်။
“အရှင်မင်းကြီးအပေါ် ဒီငယ်သား တာဝန်မကျေပွန်ခဲ့လို့ သေထိုက်ပါတယ်!”
ထို့နောက် ကောဟွိုက် ခေါင်းကိုဆက်ငုံ့ထားလိုက်ပြီး နည်းနည်းလေးပင် ရှောင်ဖို့စိတ်ကူးမရှိချေ။
ယွဲ့လင်း ဒေါသပိုထွက်သွားပြီး မျက်လုံးတွေလည်း ကြောက်စရာကောင်းအောင် နီမြန်းလာကာ ရှေ့မှာ ပိတ်ရပ်နေသည့် မိန်းမစိုးတစ်ယောက်ကို ခြေထောက်ဖြင့် ဆောင့်ကန်လျက် ကောဟွိုက်အား ဓားဖြင့် ခုတ်ချလိုက်တော့သည်။
ထိုမြင်ကွင်းကို မြင်သွားပြီး ကျန်းကျီမြောင် ရင်တုန်သွားလေသည်။
ယွဲ့လင်း သားရဲတစ်ကောင်လို စိတ်လွတ်နေသည့် မြင်ကွင်းအား သူမ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။
“အရှင်မင်းကြီး!”
ကျန်းကျီမြောင် အော်ဟစ်လိုက်ပြီး တွန့်ဆုတ်မှုမရှိဘဲ ပြေးထွက်သွားခဲ့သည်။
“အရှင်မ!”
လီသဲ့ဟွိုက်လည်း အလွန်ထိတ်လန့်သွားခဲ့သည်။
တော်ဝင်စာကြည့်ဆောင်ထဲမှာ အခြေအနေတွေ ဒီလောက် ဆိုးရွားနေမည်ဟု သူလည်းမထင်ခဲ့ပေ။ အရှင်မင်းကြီး၏ စိတ်တွေ ထိန်းမနိုင်သိမ်းမရဖြစ်နေချိန် မိဖုရားကြီးသာ မတော်တဆ ထိခိုက်သွားလျှင် အကျိုးဆက်တွေ ဆိုးရွားပါလိမ့်မည်။
သို့သော်… ယွဲ့လင်း လက်ထဲမှာ ကိုင်ထားသည့်ဓားက ကောဟွိုက်အပေါ် မကျရောက်ခင် လေထဲမှာ ရပ်တန့်သွားခဲ့သည်။
ထို့နောက် ယွဲ့လင်း ခေါင်းမော့လိုက်ပြီး ကျန်းကျီမြောင်အား ရီဝေစွာကြည့်လိုက်သည်။
“မိ… မိဖုရားကြီး…”
ယွဲ့လင်း အံကြိတ်လျက် ထိုစကားကို ခက်ခက်ခဲခဲမိန့်လိုက်ရခြင်းဖြစ်သည်။
ယွဲ့လင်းလည်း သူ့ကိုယ်သူ ဘာတွေဖြစ်နေသလဲ နားမလည်တော့ပါ။ ယခင် အတွေ့အကြုံများအရခေါင်းကိုက်ခဲမှု ဝေဒနာအားတစ်ခါခံစားရပြီးလျှင် အနည်းဆုံး ရက်ပိုင်းလောက်ကြာမှ ပြန်ခံစားရတတ်သည်။
မနေ့ညကတင် သူခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရပြီးပြီ ဖြစ်သည်။
ဒီနေ့ ကျန်းနန်ဒေသရှိ အခြေအနေကို အသေးစိတ်မေး မြန်းဖို့အတွက် ကောဟွိုက်အား ဆင့်ခေါ်ခဲ့သည်။ ဒီတာတ မံကိစ္စမှာ ပြဿနာတစ်ခုခု ရှိနေသည်ဟု ယွဲ့လင်း ခံစားနေရပါသည်။ ကောဟွိုက်၏အစွမ်းအစကို ယွဲ့လင်း ယုံကြည်ထားပြီးသားဖြစ်သည်။ ကောဟွိုက်အား နှောင်းဧကရာဇ်မင်းကြီးနှင့် ယွဲ့လင်းကိုယ်တိုင် မိတ်ဆက်ထောက်ခံပေးခဲ့တာဖြစ်သည်။ ယခင်ဧကရာဇ်မင်းကြီးသည်လည်း ယွဲ့လင်း၏အကြံဉာဏ်ကို လက်ခံခဲ့ပြီး ကျန်းနန်ဒေသ၏ ရေဘေးပြဿနာကို ဖြေရှင်းဖို့အတွက် ကောဟွိုက်အား တာဝန်ပေးအပ်ခဲ့သည်။
သို့သော်လည်း သုံးနှစ်တောင် ကြာမြင့်ခဲ့လေပြီ။
ကောဟွိုက် အလေးထားတည်ဆောက်ထားခဲ့သည့် ဆည်တာတမံကြီးက ရေတက်လာသည်နှင့် ချက်ချင်းဆိုသလို ပျက်စီးကျိုးပဲ့သွားခဲ့သည်။ ထို့ကြောင့် ကျန်းနန်အရေးကိစ္စက သံသယဖြစ်စရာကောင်းလာခဲ့လေသည်။
သို့သော်…
ဘာကြောင့်မှန်းမသိဘဲ ကောဟွိုက်နဲ့ ကျန်းနန်အရေးကိစ္စဆွေးနွေးတိုင်ပင်နေစဉ် သူ့ခေါင်းကိုက်ဝေဒနာ ပြန်ပေါ်လာခဲ့သည်။
ဒီနေ့ ခေါင်းကိုက်ခဲမှုက ယခင်တုန်းထက် အများကြီးပိုပြင်းထန်သည်။ သူ့ဦးနှောက်ထဲက စဉ်းစားဆင်ခြင်ဉာဏ်ဟူသည့် ကြိုးမျှင်လေးလည်း ပျက်စီးသွားခဲ့ပြီး အမျက် ဒေါသများ ရုတ်တရက်ထွက်လာကာ တော်ဝင်ဓားကို ကောက်ကိုင်ပြီး ကောဟွိုက်ကို ချက်ချင်းခေါင်းဖြတ်ကွပ်မျက်ဖို့ စိတ်ကူးများပေါ်လာခဲ့သည်။
ကျန်းကျီမြောင် အော်သံကြောင့်သာမဟုတ်လျှင် ကြမ်း ပြင်ပေါ်မှာ ကောဟွိုက်၏ခေါင်း လိမ့်နေလောက်ပါပြီ။
ယွဲ့လင်း မျက်လုံးများပြောင်းလဲသွားသည်။ ဇောချွေးတွေလည်း တစ်ပေါက်ပေါက်ကျလာခဲ့ပါသည်။
ကောဟွိုက်မှာ အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဝန်ကြီးတစ်ယောက်အား တော်ဝင်စာကြည့်ဆောင်လိုနေရာ မျိုးမှာ တရားလက်လွတ် ကွပ်မျက်ခြင်းကမမှန်ကန်ပေ။
ထိုကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက သူ့အား သမိုင်းကြောင်းထဲက မင်းဆိုးမင်းညစ်များနှင့် နှိုင်းယှဉ်ကြလိမ့်မည်။ ထိုအတွေးဖြင့် သူ့လက်ထဲရှိ တော်ဝင်ဓားလည်း ရုတ်တရက် လွတ်ကျသွားခဲ့ပြီး ကြမ်းပြင်နှင့် ထိရိုက်ကာ ချွင်ခနဲ မြည်သံထွက်ပေါ်လာခဲ့ပါသည်။
ယွဲ့လင်း အံကြိတ်လိုက်မိသည်။ ဒီနေ့ ခေါင်းကိုက်ခဲမှုက ဘာကြောင့်မှန်းမသိဘဲ အလွန်ပြင်းထန်နေပါသည်။
အခုချက်ချင်း ထိုဝေဒနာကို ချုပ်ထိန်းရမည်။
ကျန်းကျီမြောင်ထံ ယွဲ့လင်းလျှောက်လာခဲ့သည်။
“အရှင်မင်းကြီး ပြဿနာတစ်ခုခုရှိရင် စိတ်အေးအေးထားပြီး ဆွေးနွေး…”
ဖြောင်းဖြစကား လျှောက်တင်ဖို့ ကျန်းကျီမြောင် နှုတ်ဟလိုက်စဉ်…
ကျန်းကျီမြောင်၏လက်ကို ယွဲ့လင်း ရုတ်တရက် ဆုပ်ကိုင်လိုက်ပါသည်။
ကျန်းကျီမြောင်: “???”
လီသဲ့ဟွိုက်လည်း မျက်လုံးများပြူးကျယ်သွားလေသည်။
ဒူးထောက်နေသည့် ကောဟွိုက်ပင် မော်ကြည့်မိကာ မျက်လုံးထဲ တုန်လှုပ်ချောက်ချားသွားခဲ့သည်။
သူနဲ့ ယွဲ့လင်း ရင်းနှီးကျွမ်းဝင်ခဲ့တာကြာပါပြီ။ ယွဲ့လင်း ယလို ရုတ်တရက် အမျက်ဒေါသထွက်သည့် အခိုက်အတန့်မျိုး ယခင်ကလည်း ရှိခဲ့ဖူးသည်။
ယခင်တုန်းကဆို ယွဲ့လင်း အမျက်ဒေါသအားဖြေဖျောက်ဖို့ရာ လွယ်ကူသည့် ကိစ္စမဟုတ်ခဲ့ပေ။ သို့သော် ဒီတစ်ခေါက်မူ…
သူ့ကိုယ်သူ သေလူဟု ကောဟွိုက် ခံယူပြီးသားဖြစ်သည်။ သို့သော် မိဖုရားကြီးကြွမြန်းလာသည်နှင့် တစ်ပြိုင်နက် အရှင်မင်းကြီးစိတ်တွေ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
“အရှင်မင်းကြီး…”
အားလုံးရဲ့ ထူးထူးဆန်းဆန်း အကြည့်တွေကြောင့် ကျန်းကျီမြောင် အနည်းငယ်ပင် ရှက်ရွံ့လာရသည်။
ယွဲ့လင်းလည်း ခေါင်းငုံ့လိုက်ပြီး ဆုပ်ကိုင်လျက်သား ရှိနေသည့် သူတို့ လက်နှစ်ဖက်ကိုငေးကြည့်လိုက်သည်။
သူ့အပြုအမူက ရုတ်ခြည်းဆန်တာမှန်သည်။
သို့သော်…
ဒါ သူ့မိဖုရားပဲ မဟုတ်လား ?
ရုတ်ခြည်းဆန်တော့ ဘာဖြစ်လဲ ?
သူ့ခေါင်းကိုက်ဝေဒနာကို ချုပ်ငြိမ်းနိုင်စေဖို့ ကျန်းကျီမြောင်နှင့် အသားချင်းထိတွေ့ခြင်းက သူမ အသံကို နား ထောင်ရသည်ထက် ပိုပြီးအာနိသင်ရှိသည်။ ဒီအတိုင်းပဲ ဆက်နေရမည်။ ယခုလို အချိန်မှာ ကျန်းကျီမြောင်လက် ကို လုံးဝလွှတ်လိုက်လို့မဖြစ်ပါ။
“အရှင်မကို မတွေ့ရတဲ့ တစ်ရက်တာက တစ်သက်တာလို ခံစားရတယ်… အရှင်မကို လွန်စွာမှ လွမ်းဆွတ်သတိရနေလို့ပါ”
ယွဲ့လင်း ရုတ်တရက်ကြီး မိန့်လိုက်သည်။
ကျန်းကျီမြောင် တစ်ကိုယ်လုံး ကြက်သေးမွေးညှင်းများ ပင်ထသွားခဲ့ရသည်။
ဒီ ယွဲ့လင်း…
နှာဘူးနာနာဘာဝတစ်ကောင် ပူးကပ်ခံလိုက်ရတာတော့ မဟုတ်လောက်ပါဘူးနော်…
လီသဲ့ဟွိုက်တို့ကို လှည့်ကြည့်လိုက်ပြီး ယွဲ့လင်း မိန့်လိုက်သည်။
“အားလုံး သွားလို့ရပြီ”
လီသဲ့ဟွိုက်လည်း နားလည်မှုဖြင့် အမိန့်နာခံကာ တခြားသူတွေကို ဦးဆောင်ပြီး စာကြည့်ဆောင်ထဲမှ အမြန်ထွက်ခွာသွားတော့သည်။
တော်ဝင်စာကြည့်ဆောင်ထဲမှာ ဒူးထောက်နေသည့် ကောဟွိုက်နဲ့ လက်ချင်းဆုပ်ကိုင်ထားကြသည့် အရှင်မင်းကြီး၊ မိဖုရားကြီးတို့သာ ကျန်ခဲ့လေသည်။
ကောဟွိုက် အတော်လေး စိတ်ပင်ပန်းနေပါပြီ။
ဒီတစ်ခေါက် နန်းတော်ကိုပြန်ရောက်လာချိန်ဝယ် ဇနီးသည်ကိုပင် သွားမတွေ့ရသေးဘဲ အရှင်မင်းမြတ်ထံမှဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်။ အခုမူ အရှင်မင်းကြီးနှင့် အရှင်မတို့ ထံမဇ ခွေးစာကျွေးခြင်းခံနေရပြန်သည်။
“အရှင်မင်းကြီး…” ကျန်းကျီမြောင် ရှက်လာပြီး လက်ကို ပြန်ရုတ်သိမ်းဖို့ ကြိုးစားပါသည်။
သို့သော် ယွဲ့လင်းက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လွှတ်ပေးဖို့ အစီအစဉ်မရှိပေ။
“အရှင်မင်းကြီး စိတ်ပြန်တည်ငြိမ်သွားရင် လုံလောက်ပါပြီ၊ ကျန်တဲ့နန်းတွင်းရေးရာ ကိစ္စတွေကို ဒီမိဖုရားကြားသိဖို့ မသင့်တော်ဘူး ထင်တယ်နော်”
ကျန်းကျီမြောင် ဆင်ခြေပေးလိုက်သည်။
“မသင့်တော်တာ ဘာမှမရှိဘူး”
ထို့နောက် ကောဟွိုက်ကို ယွဲ့လင်း မေးမြန်းလိုက်သည်။
“ဝန်ကြီးကောရော မသင့်တော်တာရှိတယ်လို့ ခံစားရလား”
ကောဟွိုက် ခေါင်းကို တဆတ်ဆတ်ခါပြလိုက်လေသည်။
သူ ခုနလေးတင်ကမှ ခေါင်းပြတ်တော့မလိုဖြစ်ခဲ့တာလေ…
ဒီ့ထက် မသင့်တော်တာ ဘာရှိဦးမှာလဲ…
ဒီကို မိဖုရားကြီး ရောက်ရှိနေခြင်းက သူ့အတွက် အားတစ်ခုလိုဖြစ်စေပြီး ပိုလို့တောင်စိတ်ချယုံကြည်ရပါသေးသည်။