အဲဒီတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ(၅)
Vol. 17 Ch. 235
ယွန်းဂျွန်က တံတွေးမျိုချလိုက်သည်။
အခုဆို လူတော်တော်များများက သူ့ကို ရုတ်တရက် ကြည့်လာကြသည်။ထိုအထဲတွင် နန်းတော်သခင်၊သူ့လူများနှင့် အစောင့်များ ပါဝင်သည်။
သူ့ခြေထောက်တွေကလည်း ဒယီးဒယိုင်ဖြစ်သလို ခံစားနေရသည်။
ထိုအချိန်တွင် နန်းတော်သခင်၏ဟိန်းဟောက်သံက သူ့နားထဲသို့ ရောက်လာသည်။
“ကွမ်မင်မှာ ဆင်းရဲသားတွေကို ကူညီဖို့ မင်းပိုက်ဆံတွေ အကုန်သုံးခဲ့တယ်လို့ ကြားတယ်။"
ယွန်းဂျွန်က ခေါင်းညိတ်လိုက်သည်။
သူစကားပြောဖို့ကြိုးစားရင်တောင် သူ့အသံက ထွက်မလာလောက်မှန်း သူသိပါသည်။
"ဘာလို့လဲ"
“…အာ”
သားရဲနန်းတော်သခင်က သူ့ကို ကြောင်အမ်းအမ်း ဖြစ်ဖွယ် မေးခွန်းတစ်ခု မေးလာသည်။
“မင်းက အလယ်ပိုင်းလွင်ပြင်ကလူတစ်ယောက် ဒီနေရာကိုလာခဲ့တာလည်း တာဝန်တစ်ခုကြောင့် ရောက်လာခဲ့တာလေ ဒါပေမယ့် ဘာကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ ပေါ်လွင်ထင်ရှားသွားတာက တာဝန်အတွက် အဆင်မပြေဘူး မဟုတ်လား”
ယွန်းဂျွန်က နှုတ်ဆိတ်နေလေသည်။
ဒီအကြောင်းကို ဂျိုဂုအား သူပြောပြထားပြီးသားဖြစ်သည်။သို့သော် ယခုမူ…မတူညီသော ဇာတ်လမ်းကို ပြောပြရတော့မည်။သူ၏မျက်လုံးများကို မှိတ်ထားလျက် အတွေးတွေကို စနစ်တကျ စီစဉ်ပြီးမှ ယွန်းဂျွန်က ခေါင်းကိုမော့ပြီး နန်းတော်သခင်ကိုကြည့်လိုက်သည်။
"ကျွန်တော် မေးခွန်းရဲ့ အဓိပ္ပာယ်ကို နားမလည်ပါဘူး"
"မင်းကို ဘာလို့ ဒီလိုလုပ်ခဲ့တာလဲလို့ မေးလိုက်တာ"
"ကျွန်တော် နားမလည်သေးပါဘူး"
"အာ"
ယွန်းဂျွန်က တုန်ယင်နေတာ ရပ်သွားလေသည်။ထို့နောက် အသက်ပြင်းပြင်းရှူကာ ရှေ့ကို လှမ်းကြည့်လိုက်သည်။
"လူသားတစ်ယောက်က တခြားသူတွေကို ကူညီဖို့ အကြောင်းပြချက်လိုလို့လား"
“…”
သားရဲနန်းတော်သခင်သည် ဤသို့ မထင်မှတ်ထားသောအဖြေကို ကြားလိုက်သဖြင့် အနည်းငယ် တုန်လှုပ်သွားလေသည်။
"ကျွန်တော်တို့က ယူနန်ပြည်နယ်ကလား ဒါမှမဟုတ် အလယ်ပိုင်းလွင်ပြင်ကလားဆိုတာ အရေးမကြီးပါဘူး...ကျွန်တော့်ရှေ့မှာ အကူအညီလိုနေတဲ့ တစ်စုံတစ်ယောက်ရှိနေရင် ကူညီပေးမှာပဲလေ"
ယွန်းဂျွန်က ယုံကြည်မှုအပြည့်နှင့် ပြောနေသည်ကိုမြင်သောအခါ ချွန်းမြောင်က ယွန်းဂျွန်ကို တိုးတိုးပြောလိုက်၏။
"ဒါတော့ များသွားပြီထင်တယ်"
“အ…တကယ်ပါ”
'ဒီကောင်တွေတော့...'
“အဟမ်း”
ယွန်းဂျွန်က သူတို့စကားများကို ကြားသဖြင့် ချောင်းဆိုးပြီး ချက်ချင်းပင် အရှေ့သို့ နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။
"ဒါဆို မင်းက ဒီလိုအခြေအနေမျိုး ထပ်တွေ့ခဲရင်လည်း ဒီလိုပဲလုပ်မှာပဲလို့ ပြောနေတာလား"
“မဟုတ်ပါဘူး”
ယွန်းဂျွန်က ခေါင်းယမ်းလိုက်သည်။
"တာအိုရဲ့နည်းလမ်းက ဒီလိုမျိုး သွားတာမဟုတ်ပါဘူး တိုက်ဆိုင်မှုတွေ ကြုံလာမှသာ တာအိုလို့ ခေါ်တာပါ အခြေအနေနဲ့ အခြားသူတွေကို ကူညီနေတဲ့သူသာ ပြောင်းလဲသွားရင် တူညီတဲ့ အခြေအနေမျိုးပဲ ဖြစ်လာနိုင်ပါ့မလား ကျွန်တော့်နှလုံးသားက ပြောတဲ့အတိုင်းပဲ လုပ်လိုက်တာပါ"
"မင်းရဲ့နှလုံးသားက ဘာပြောလို့လဲ"
နန်းတော်သခင်၏ နှုတ်ခမ်းများသည် အနည်းငယ် ပြုံးသွားလေသည်။
“ဒါဆို မင်းဆိုလိုတာက မင်းက အဲဒီအခိုက်အတန့်မှာ ဒီအတိုင်း ကူညီပေးချင်စိတ်ပေါ်လာလို့ လုပ်ခဲ့တာပေါ့”
“ဟုတ်ကဲ့”
"မင်းရဲ့ဓားကိုရောင်းပြီးတောင်လား"
“…”
'ဘာလို့ လူတွေက ဓားအကြောင်းပဲ ပြောနေကြတာလဲ'
“ကျွန်တော် အဲ့ဒီကိစ္စကို ပြန်သုံးသပ်နေပါတယ်”
"နောင်တရလို့လား"
"နောင်တရလားဆိုတော့ နောင်တရပါတယ်။ဒါပေမယ့် တစ်ချိန်တည်းမှာပဲ နောင်တမရပြန်ပါဘူး”
ယွန်းဂျွန်က ဂုဏ်ယူစွာပြောလိုက်၏။
ထိုအခါ နန်းတော်သခင်က သူ့ခေါင်းကို စောင်း၍ မေးလိုက်၏။
“ထူးဆန်းတဲ့စကားတွေပဲ။အဲ့ဒါ ဘာကိုဆိုလိုတာလဲ"
ယွန်းဂျွန်က ခေတ္တ နှုတ်ဆိတ်နေပြီး သူ့အတွေးများကို ပြန်စုစည်းပြီးမှ တဖန် စကားထွက်လာပြန်၏။
“ဒါက ကျွန်တော် ဆင်ခြင်သင့်တဲ့ကိစ္စပါ ကျွန်တော့်ရဲ့ မဆင်မခြင် လုပ်ရပ်တွေက ကျွန်တော့်ရဲ့ ဆာဟျောင်းတွေနဲ့ ဆာဂျေးတွေကို အန္တရာယ် ဖြစ်စေခဲ့ပါတယ် ဒီအတွက် ကျွန်တော် အပြစ်တင်ခံရသင့်ပါတယ်”
ယွန်းဂျွန်က မျက်လုံးများကိုမှိတ်ထားလေသည်။ထို့နောက် နန်းတော်သခင်ကိုကြည့်က စကားပြောပြန်သည်။
“ဟွာဆန်းက ကျွန်တော့်အတွက် အရာအားလုံးပါပဲ အဲ့ဒါကြောင့် ကျွန်တော်လုပ်ရပ်တွေအတွက် နောင်တမရပါဘူး ကျွန်တော်သိတဲ့ဟွာဆန်းက ဓားတစ်လက်ထက် ဆာလောင်နေတဲ့သူတွေရဲ့ လုံခြုံမှုကို တန်ဖိုးပိုထားတဲ့ နေရာပါ အနည်းဆုံးတော့ ကျွန်တော် သင်ယူခဲ့တာကို ကျွန်တော် ပြီးအောင် လုပ်နိုင်ခဲ့ပါတယ်”
"မင်းရဲ့ဘိုးဘေးတွေရဲ့ အဆုံးအမတွေကို ဆန့်ကျင်နေရင်တောင်လား"
"ဓားတွေက သေတော့မယ့်လူတွေထက် ပိုအရေးကြီးတယ်လို့ ဟွာဆန်းက ကျွန်တော့်ကို ဘယ်လိုလုပ် သင်ပေးမှာလဲ"
ယွန်းဂျွန်၏ အသံသည် စကားပြောနေရင်း တဖြည်းဖြည်း ဒေါသများဖြင့် ပြည့်နှက်လာသည်။
"တောင်တွေပေါ်ကိုတက်ပြီး တာအို အကြောင်းပြောနေတဲ့ တာအိုကျင့်ကြံသူတစ်ယောက်က သူသက်သာရာရဖို့အတွက် ကမ္ဘာကြီးအပေါ် ကျရောက်နေတဲ့ လှိုင်းတွေ လေတွေကို မသိကျိုးကျွံပြုတတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ပဲဖြစ်ရမယ် တာအိုကျင့်ကြံသူတစ်ယောက်က ကမ္ဘာကြီးအကြောင်းကို သိရမယ် ကြည့်ရှုရမယ် နှလုံးသားနဲ့တင်မဟုတ်ဘဲ သူ့လက် သူ့ခြေတွေနဲ့ လက်တွေ့ကြည့်ရမှာပဲ”
ယွန်းဂျွန်၏အသံသည် လူတိုင်း၏နားထဲတွင် ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်နေသည်။
“ဒီနေရာမှာ ဂိုဏ်းခေါင်းဆောင်သာ ရှိခဲ့ရင်လည်း လူတွေကိုကူညီဖို့ သူ့ဓားနဲ့ သူ့မှာရှိတဲ့အရာအားလုံးကို ရောင်းမယ်ဆိုတာ ကျွန်တော်သိနေတယ် ဟွာဆန်းရဲ့ဂုဏ်သတင်းက သေချာပေါက် အရေးကြီးပါတယ် ဒါပေမဲ့ လူတွေရဲ့ဘဝတွေကိုတောင် မကူညီပေးနိုင်ရင် အဲ့ဒီဂုဏ်ကျက်သရေက ဘာအတွက်များလဲ။တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားဖို့လား”
တဖြည်းဖြည်းနှင့် သူသည် သားရဲနန်းတော်သခင်၏ ပြင်းထန်သော ဖိအားရှေ့တွင် မားမားမတ်မတ် ရပ်နိုင်လာခဲ့သည်။သူ့ရင်တွင်း၌ တွေးကြောက်နေခဲ့သည့် အရာအားလုံး ပြိုပျောက်သွားကာ သူ့ကိုယ်သူ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်လာသည်။
“ကျွန်တော် တစ်လျှောက်လုံး ဒီတိုင်းပဲ တွေးနေခဲ့တာပါ ဘာလို့ ဟွာဆန်းက ဒီလိုဖြစ်ရမှာလဲ ဟွာဆန်းက သူ့ရဲ့ အရင်ကရှိတဲ့ ဂုဏ်ကျက်သရေကို ဘာလို့ ရှာဖွေနေရတာလဲ ကျွန်တော် ရှာတွေ့ခဲ့တဲ့အဖြေကို သိလား"
"အဖြေကဘာလဲ"
"ဘာအကြောင်းပြချက်မှ မရှိဘူး"
“…”
လုံးလုံးကို ထူးဆန်းလှသည့် အဖြေတစ်ခု ဖြစ်သည်။
သို့သော် ယွန်းဂျွန်က အခိုင်အမာ ပြောနေခဲ့သည်။
“အကြောင်းပြချက်မရှိရင် အကြောင်းပြချက်ကို ဖန်တီးရမယ်လေ တကယ်လို့ ဟွာဆန်းရဲ့ ဂုဏ်သရေက ကမ္ဘာပေါ်မှာ သက်ရှိတွေရဲ့ ဘဝကို ကောင်းကောင်းမွန်မွန် နေနိုင်အောင် လွယ်ကူသက်သာစေခဲ့ရင် ဟွာဆန်းရဲ့ တပည့်တွေလုံး ဂုဏ်ယူနေကြမှာပဲလေ ဒါပေမယ့် အဲ့ဒါက ဟွာဆန်းပါ အရိပ်အောက်မှာရှိနေသရွေ့ ဟွာဆန်းက တာအိုဝါဒီရဲ့ ဆုံးမသွန်သင်မှုတွေကို လိုက်နာပြီး ဆက်ပြီးကူညီသွားမှာပါ...အချိန်မရွေး အခြားဂိုဏ်းတစ်ခုနဲ့ အစားထိုးခံရပါစေ ဒါကို ကျွန်တော်တို့ လုပ်နေမှာပါပဲ"
ယွန်းဂျွန်က ပြတ်ပြတ်သားသား ပြောလိုက်၏။ဤသည်မှာ သူ့ကိုယ်သူ မေးနေခဲ့တာကြာပြီဖြစ်သည့် မေးခွန်း၏ အဖြေပင်ဖြစ်သည်။နောက်ပြီး ထိုအဖြေကို အခုတော့ အဆက်စပ်ရသွားပြီဖြစ်သည်။
"ဟွာဆန်းကို အစားထိုးလို့မရတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်မယ် ဟွာဆန်းရဲ့ ဂုဏ်သရေကို ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြမယ့် နေရာဖြစ်အောင် လုပ်မယ် ဒါဟွာဆန်းက တပည့်တစ်ယောက် ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ပဲ”
နန်းတော်သခင်က တုန်လှုပ်သွားလေသည်။
'သူက ဒါကို ဘယ်လို….'
ခိုင်မာသောဆုံးဖြတ်ချက်ပင်။
မှားသည်၊မှန်သည်က အရေးမကြီးတော့ပေ။
'ဒီကလေးက သူရဲကောင်းတစ်ယောက်အနေနဲ့ သူလုပ်ရမယ့် အရာတွေနဲ့ တစ်ချိန်တည်းမှာ တာအိုဝါဒီလို့ခေါ်ဖို့ ဘာကို လိုက်စားရမယ်ဆိုတာကိုပါ နားလည်တာပဲ'
'နန်းတော်တွင်းက ဘယ်သူကများ ဒီကလေးလောက် နည်းနည်းလေးတောင် ထိုးထွင်းသိမြင်နိုင်ပါ့မလား'
'ဟွာဆန်း'
‘မေဟွားဓားသူတော်စင်ကို မွေးထုတ်ပေးလိုက်တဲ့ ဂိုဏ်း'
သူတို့ကတော့ ဓား၏ ကြီးမြတ်မှုကိုသာ ကြားထားကြသော်လည်း...
'ဟုတ်တယ် ဟွာဆန်းက တာအိုဝါဒီကျင့်ကြံတဲ့ဂိုဏ်းပဲ’
ဟွာဆန်းက တာအိုလမ်းစဉ်ကို လိုက်နာသည့် သိုင်းပညာဂိုဏ်းတစ်ခုဖြစ်သည်။ဒီကလေးက နန်းတော်ထဲက အကြီးအကဲတွေတောင် ဦးညွှတ်ရတဲ့ အတိုင်းအတာအထိ တာအိုလမ်းစဉ်ကို လိုက်နာနေတာပင်။
နန်းတော်သခင်က သူ၏ မျက်များကို မှိတ်လိုက်၏။သူလည်း လက်တွေ့ဘဝမှာ ရှိနေသည့် ဖရိုဖရဲ အခြေအနေများကို ရှောင်ရှားလွန်းခဲ့သည်။
'ရှက်မနေပါနဲ့တော့'
ထို့နောက် သူက မျက်လုံးများကို ဖွင့်လိုက်သည်။
"အားလုံး နားထောင်ကြ"
“ဟုတ်ကဲ့”
“ဒီအချိန်ကစပြီး အလယ်ပိုင်းလွင်ပြင်က ဘယ်ကုန်သည်တွေမှ ယူနန်ပြည်နယ်ထဲကို ဝင်ခွင့်မရှိတော့ဘူး”
“ဟုတ်ကဲ့”
“အခုအချိန်ကစပြီး ယူနန်နဲ့ အလယ်ပိုင်းလွင်ပြင်ကြားက ကုန်သွယ်မှုအားလုံး ဟွာဆန်းကိုပဲ ခွင့်ပြုမယ်”
“အရှင်"
"ထပ်စဥ်းစားတော်…"
"ပါးစပ်ပိတ်ထားကြစမ်း"
နန်းတော်သခင်က ဟိန်းဟောက်လိုက်၏။
"မင်းတို့ ငါ့ကို အရှက်ခွဲနေကြဦးမှာလား ယူနန်နဲ့ အဆက်အစပ်မရှိတဲ့ လူတစ်ယောက်က ကျုပ်တို့ပြည်က ဆင်းရဲသားတွေကို ကျွေးမွေးဖို့အတွက်နဲ့ သူ့ဓားကို ရောင်းပေးခဲ့တယ် နန်းတော်သခင်ဖြစ်တဲ့ ကျုပ်က ဒီလိုလူတွေကို အကူအညီလိုတဲ့အခါကျ ရှောင်နေသင့်တယ်လို့ ပြောနေတာလား”
နန်းတော်သခင်က ကျယ်လောင်စွာ အော်ငေါက်လိုက်၏။ဒါ သူ ဘယ်လောက် ဒေါသ ထွက်နေတယ်ဆိုတာ ပြသနေပေသည်။
"သူတို့ပြောတာတွေက တစ်ခုခုများ မှားနေလို့လား ကျုပ်တို့ ဘိုးဘေးတွေကြောင့် ကျုပ်တို့ပြည်သူတွေကို အငတ်ထားရမှာလား အဲဒီလိုသာဆိုရင် ကျုပ်တို့က ဒီနေရာကို တည်ထောင်ခဲ့တဲ့ လူတွေကို မလေးစားတာပဲ အသက်ရှင်နေတဲ့လူတွေက မရှိတော့တဲ့သူတွေရဲ့ ဆန္ဒထက် အမြဲတမ်း ပိုတန်ဖိုးရှိတယ်”
လူအပေါင်းတို့က ဦးညွှတ်ကြလေသည်။
သူတို့က ဒီမြေကလူတွေဖြစ် ပေမယ့် ယူနန်ပြည်သူတွေအတွက် ဘာကြောင့် စိတ်နှလုံးကောင်း မရှိကြတာလဲ။
ထိုအချိန်တွင် အရှေ့တန်းရှိ လူအိုကြီးက ဦးညွှတ်ပြီး ပြောလိုက်လေသည်။
“အရှင့်သဘောကျသာ လုပ်ပါအရှင်”
“…”
“ကျွန်တော်က ကျွန်တော်တို့ ဘိုးဘေးတွေကို တမလွန်မှာ ပထမဆုံး သွားတွေ့တဲ့သူဖြစ်မှာပါ ယူနန်ပြည်သူတွေ ပျော်ရွှင်ဖို့အတွက် အလဲအလှယ်အနေနဲ့ စော်ကားခံရမယ်ဆိုရင် ပြဿနာရှိသေးရဲ့လား”
“…ပထမကာကွယ်စောင့်ရှောက်သူ”
"တော်တော်ကြာခဲ့ပြီပဲ ဒီလောက်ထိကြာခဲ့တာ ကျွန်တော်တို့ လုပ်ခဲ့တာ လုံလောက်ပြီထင်ပါတယ် ကျွန်တော်တို့က အသက်ကြီးပြီး ဗဟုသုတနည်းတော့ ဘာကမှန်လဲဆိုတာ မသိနိုင်တော့ပါဘူး ဟွာဆန်းက တပည့်လေးက ဒါကို သဘောပေါက်စေခဲ့တယ် ကျွန်တော်က ဘာမဟုတ်တဲ့ အရာနောက် အချည်းနှီး လိုက်နေခဲ့မိတယ်”
နန်းတော်သခင်က ခေါင်းညိတ်လိုက်၏။
“နားထောင်ကြ”
"ဟုတ်ကဲ့ပါ အရှင်"
“နောက်ထပ် ဘာသဘောထားကွဲလွဲခွင့် မပေးတော့ဘူး မင်းတို့ ငါ့ကို သားရဲနန်းတော်ရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုပြီး ငါ့ရဲ့အခွင့်အာဏာကို လေးစားသေးရင် ဒီအကြောင်းကို မငြင်းကြနဲ့တော့ ဟွာဆန်းကို ငါတို့နဲ့ ကုန်သွယ်မှုလုပ်ပိုင်ခွင့်ကို ပေးရလိမ့်မယ်”
"အရှင့်ရဲ့အမိန့်ကို အလေးထားပါတယ်”
လူအားလုံးက တညီတညွတ်တည်း ဒူးထောက်ထိုင်ကြလေသည်။
မုန့်ဆုက လှေကားပေါ်မှဆင်းလာစဉ် လူတိုင်းကို လှည့်ပတ်ကြည့်လိုက်၏။ချွန်းမြောင်နှင့် ယွန်းဂျွန်တို့ရှိနေသည့်နေရာသို့ ပြုံးပြကာ လျှောက်လာခဲ့သည်။
"ကျေးဇူးတင်တာလွဲလို့ တခြားဘာမှတော့ ပေးစရာမရှိပါဘူး"
“ဘာမှ မဖြစ်ပါဘူး။အဆင်ပြေသွားလို့ ဝမ်းသာပါတယ်"
ချွန်းမြောင်၏ စကားကိုကြားသောအခါ သူက ပြုံးပြီး ခေါင်းညိတ်လိုက်၏။
"မေဟွားဓားသူတော်စင်ရဲ့ သားမြေးတွေကို ကျုပ်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေအဖြစ် လက်ခံပါတယ်"
“…”
“ဒါပေမယ့် အခုအချိန်ကစပြီး… မင်းတို့ကို မေဟွားဓားသူတော်စင်ရဲ့သားမြေးတွေအဖြစ်တင် အသိအမှတ်ပြုတာမဟုတ်ဘဲ ဟွာဆန်းရဲ့တပည့်တွေကို ကျုပ်တို့သားရဲနန်းတော်ရဲ့ မိတ်ဆွေတွေအဖြစ်ပါ အသိအမှတ်ပြုပါတယ် ဒီနေရာမှာ မင်းတို့ထဲက ဘယ်သူကမှ ထပ်ပြီး ခွဲခြားဆက်ဆံတာမျိုး ခံရမှာမဟုတ်တော့ဘူး”
ဘတ်ချုန်းက ရှေ့ကို တိုးလာခဲ့သည်။ချွန်းမြောင်နှင့် ယွန်းဂျွန်တို့က ဘယ်နှင့်ညာသို့ ဆုတ်ပေးလိုက်ရာ ဘတ်ချုန်းက အလယ်ကို ရောက်သွားလေသည်။
"ဟွာဆန်းကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးတင်ပါတယ်"
"ရပါတယ် တကယ်တော့…”
နန်းတော်သခင်က ကောင်းကင်ကို မော့ကြည့်လိုက်၏။
သူက ယူနန်ပြည်အထက်တွင် အရှိန်ပြင်းပြင်းတောက်ပနေသည့် နေမင်းကြီးကို ခဏလောက် စိုက်ကြည့်နေပြီးမှ ခေါင်းငုံ့လိုက်၏။ထို့နောက် ချွန်းမြောင်၏လက်ကို ကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"မင်း တကယ်ကို ကောင်းကောင်းလုပ်ခဲ့ပါတယ်"
"ငါတို့ ယူနန်ကို လာခဲ့တာကိုက ကောင်းတဲ့အလုပ် ဖြစ်မယ်ထင်တယ်"
ဘတ်ချုန်းက ပြုံးပြီး ခေါင်းညိတ်၏။ဒီတစ်ခါတော့ နန်းတော်သခင်က ယွန်းဂျွန်ဘက်ကို လှည့်လာသည်။
"ပြီးတော့...တပည့် ယွန်းဂျွန်"
“ဟုတ်ကဲ့ပါ အရှင်”
“တပည့်ယွန်းဂျွန်ဆီက အများကြီး သင်ယူခဲ့ရပါတယ် ကျုပ်က သူရဲကောင်းတစ်ယောက်ဖြစ်ပေမဲ့ တာအိုဝါဒီကို မသိပါဘူး ဒါမှမဟုတ် တာအိုဝါဒီမှာ ဘယ်ဟာမှန်တယ် မှားတယ်ဆိုတာ အတိအကျမသိပါဘူး ဒါပေမယ့် အနည်းဆုံးတော့ ဟွာဆန်းက တာအိုကို ဆက်ထိန်းသိမ်းထားနိုင်တယ်ဆိုတာ အခိုင်အမာ ပြောနိုင်ပါတယ်”
"ဒါက နည်းနည်းတော့ ရှက်စရာကောင်းပါတယ်"
"ကျေးဇူးပြုပြီး အချိန်ရတိုင်း ယူနန်ကို ခဏတဖြုတ် ဝင်လာပြီး ကျုပ်တို့ကို သင်ပြပေးပါဦး"
“ကျွန်တော်က သင်ယူနေဆဲ တပည့်တစ်ယောက်ပါ ဟွာဆန်းရဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ ယှဉ်ရင် ကျွန်တော့်ရဲ့တာအိုက ဘာမှမဟုတ်သေးပါဘူး”
"ဟားဟားဟား ဒါဆို ကျုပ်က ဂိုဏ်းချုပ်ဆီကို လာသင့်တာပေါ့ သူ့ကို ဒီအထိ လာဖို့တော့ မတောင်းဆိုရဲပါဘူး”
ဂုဏ်ယူနေသော မျက်နှာဖြင့် နန်းတော်သခင်က ပြုံးပြီး ချွန်းမြောင်၏ပခုံးကို သူ၏လက်ဖြင့် အားထည့်၍ပုတ်လိုက်လေသည်။
“ဟွာဆန်းမှာ တာအိုနဲ့ သိုင်းပညာပါရှိနေတော့ သူ့ရဲ့အရင်ဂုဏ်အသရေကို သိပ်မကြာခင်မှာ ပြန်လည်မရရှိမှာပါ သားရဲနန်းတော်က ဟွာဆန်းဘေးမှာ ရှိနေလို့ရမလား”
“အာ ဒီလိုဆိုရင်တော့ အရှင်တော့ အခက်တွေ့တော့မှာပဲ"
"ဘယ်လို ဟားဟားဟားဟား"
နန်းတော်သခင်က ရယ်မောရင်းနှင့် ချွန်းမြောင်၏ပခုံးကို နောက်တစ်ကြိမ် ပုတ်လိုက်ပြန်၏။
"...ကျွန်တော်တော့ ဒီလိုနဲ့ သေတော့မှာပဲ"
“အား ဟုတ်သား”
ကြမ်းပြင်ပေါ် ဒူးထောက်နေခဲ့သည့် ချွန်းမြောင်က သူ့ဘာသူ ထလိုက်၏။
ထို့နောက် ညည်းညူလေသည်။
“ဘာပဲဖြစ်ဖြစ် နေရာက ကိစ္စအားလုံးကို ဖြေရှင်းပြီးပြီ စာချုပ်လည်း ချုပ်ပြီးသွားပြီ ဒီတော့ စာချုပ်ကို လိုက်နာပေးပါ”
“ဒါတော့ ပြောစရာကို မလိုပါဘူး”
“ဟုတ်ပါပြီ ကျုပ် မင်းတို့ကိုယုံပါတယ် ကျုပ်တို့က မိတ်ဆွေတွေပဲ”
“ဟားဟားဟား ဟုတ်သား မိတ်ဆွေတွေ”
နှစ်ယောက်သား တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ကာ ပြုံးပြနေကြလေသည်။
“ဟုတ်သား ရက်အနည်းငယ်လောက် အနားယူပါဦးလား မက်မွန်သီးအနှစ်တွေ ပြန်ပြီး အသင့်ဖြစ်မယ့် အချိန်ရောက်တော့မှာ”
“အမ် အရသာရှိမယ်ဆိုတာတော့ သေချာပါတယ် ဒါပေမယ့်...ကျွန်တော်တို့ အခု ပြန်သွားမှရမှာမို့ပါ"
"အသင့်ဖြစ်နေပြီလား"
“ဖြစ်ပါပြီ ကျွန်တော်တို့ ပြန်လာမှာကို စောင့်နေတဲ့ လူတွေ ရှိလို့ပါ”
ချွန်းမြောင်က ခေါင်းလေးကို စောင်းပြီး နောက်ကို လှည့်ကြည့်လိုက်၏။
'တော်တော်ကို ကြာနေခဲ့ပါပြီ'
'ငါလည်း လွမ်းနေပြီ'
'တောင်စောင်းလေးရယ် ပူဇော်ခန်းမထဲမှာ ထွန်းထားတဲ့ အမွေးတိုင်အနံ့လေးတွေ’
'သူ့ကို ပြုံးပြနေကြတဲ့ အကြီးအကဲတွေရဲ့ ရယ်သံတွေ’
“ဟွာဆန်းရဲ့ တပည့်တစ်ယောက်ဟာ ဟွာဆန်းမရှိဘဲ အကြာကြီး မရှင်သန်နိုင်ပါဘူး ကျွန်တော်တို့ အခု သွားရမှဖြစ်မှာမို့ပါ"
"စိတ်မကောင်းစရာပဲ"
"စိတ်မပူပါနဲ့ ကျွန်တော်တို့ ပြန်တွေ့ကြမှာပါ ဒီနေရာမှာ ပြဿနာတစ်ခုခုရှိရင် ကျွန်တော်တို့ကို ချက်ချင်း လာတွေ့လှည့်ပါ”
"ဟားဟား ဒါတော့ စိတ်ချပါ"
ဟွာဆန်း၏တပည့်များအားလုံး နန်းတော်တံခါးဝသို့ရောက်သည်အထိ သူတို့၏အိတ်များကို ပခုံးပေါ်တင်ကာ သယ်လာပေးသော နန်းတော်သခင်ကို နှုတ်ဆက်လိုက်ကြသည်။
ထိုအချိန်တွင်
"ဧည့်သည်တွေက သွားတော့မှာ"
တန်းစီနေကြသည့် အစောင့်များအားလုံးက စတင်၍ မြေပြင်ပေါ်သို့ ခြေဆောင့်ကြလေသည်။အင်အားပြင်းလွန်းသဖြင့် သူတို့ခြေထောက်အောက်ရှိ မြေပြင်သည် တုန်ခါသွားသလို ခံစားလိုက်ရသည်။
"သားရဲနန်းတော်က သူ့မိတ်ဆွေတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"
သူတို့အားလုံးက ငယ်သံပါအောင် ဟစ်ကြွေးကြလေသည်။
ထိုသို့ အော်ဟစ်နေကြသည့် လူများ၏ ပုံရိပ်တွေက သူတို့မျက်လုံးထဲမှာ ရှင်းရှင်းလင်းလင်း စွဲထင်ကျန်ရစ်နေခဲ့သည်။ဟွာဆန်း၏ တပည့်များသည် သူတို့ခံစားလိုက်ရသည့် စိတ်ခံစားချက်များကြောင့် အနည်းငယ် တုန်လှုပ်သွားကြလေသည်။
သူတို့တွေ ဝင်လာတုန်းကတော့ အဖမ်းခံထားရပေမယ့် အခုတော့ မိတ်ဆွေများအဖြစ်နှင့် ထွက်ခွာနေကြရသည်။
"နောက်တော့ ထပ်ဆုံကြတာပေါ့"
ဘတ်ချုန်းက ကျယ်လောင်စွာ အော်လိုက်ပြီး စတင် လှုပ်ရှားလိုက်သည်။
ပြန်လှည့်ကြည့်ပြီးနောက် သူ၏နှလုံးသားထဲက မကျေမချမ်းဖြစ်မှုအနည်းငယ်ကို ဖယ်ရှားပစ်လိုက်သည်။
ကောင်းသောနှုတ်ဆက်ခြင်းတစ်ခုဖြစ်ခဲ့ပါသည်။
သူတို့တွေ ပြန်ဆုံတွေ့ကြရင် နောင်တရစရာအကြောင်းမရှိတော့ပါ။
'ဒါဆို…'
'ပြန်ကြရအောင်'
'ငါတို့ကို စောင့်နေတဲ့ ဟွာဆန်းကို'