This Sword Has a Scabbard
Vol. 5 Ch. 45
“ကြားလား မိဖုရား… မသင့်တော်တာ မရှိဘူးတဲ့”
ယွဲ့လင်း ဖြည်းညှင်းစွာ မိန့်လိုက်သည်။
ကျန်းကျီမြောင် တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း ပြန်မျိုသိပ်လိုက်ပါသည်။
ဒီမှာဆက်နေတာက နေလို့ရပါတယ်… ဒါပေမယ့် သူ့လက်ကို လွှတ်ပေးလို့ မရဘူးလား။
လက်ကြီးကို ကိုင်ထားပြီး ဘာလုပ်နေတာလဲ ?
ဇီးရွက်လောက်ပဲ ရှိတော့တဲ့ ဝန်ကြီးကော မျက်နှာကို မမြင်ဘူးလား!
“ကောဟွိုက် ဒီကိစ္စနဲ့ပတ်သတ်ပြီး ကိုယ်တော်တကကယ် စိတ်ပျက်မိတယ်၊ ရေဘေးပြဿနာကို စီမံတာက တစ်ကဏ္ဍပါ၊ ဒါပေမယ့် ကျန်းနန်ဒေသမှာ ပြည်သူတွေရဲ့ ကဏ္ဍက ပိုအရေးကြီးတယ်၊ ဝန်ကြီးကောကို အကူအညီပေးဖို့အတွက် လက်အောက်ငယ်သားတွေ ကိုယ်တော် စေလွှတ်ပေးခဲ့တာပဲ မဟုတ်ဘူးလား”
ယွဲ့လင်းမျက်နှာ အလွန်တည်ငြိမ်နေပါသည်။ ခုနက ယွဲ့လင်းနဲ့ ယခုယွဲ့လင်း တစ်ယောက်တည်းဟု ပြောလျှင် ဘယ်သူမှ ယုံကြည်နိုင်မည် မဟုတ်လောက်ပေ။
“အရှင်မင်းကြီးရဲ့ ဉာဏ်အမြော်အမြင် ကြီးမားလှပါတယ်၊ ကျန်းနန်ဒေသရဲ့ အရေးကြီးတဲ့ နေရာတိုင်းမှာ လူယုံတော်တွေကို ဒီငယ်သား နေရာချထားပြီးသားပါ၊ ဒါပေမယ့် နောက်ပိုင်း စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ နေရာ အတော်များများမှာ ဒီငယ်သားရဲ့ ခွင့်ပြုချက်မရှိဘဲ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းတွေကို အရည်အ သွေးညံ့ကုန်ကြမ်းတွေနဲ့ လျှို့ဝှက်စွာအစားထိုးနေကြမှန်း သိရှိခဲ့ရပါတယ်…”
ကောဟွိုက် တုန်ယင်စွာ လျှောက်တင်လိုက်လေသည်။
ဒါတွေကို ယွဲ့လင်း ခန့်မှန်းထားပြီးသားဖြစ်သည်။ ထို့ နောက် ကောဟွိုက်ကို အသေးစိတ်အချက်များ ဆက် လက်မေးမြန်းခဲ့သည်။
သူတို့နှစ်ယောက် စကားပြောတာ အချိန်အတော်ကြာမည့်ပုံစံပေါက်သဖြင့် ကျန်းကျီမြောင် ပျင်းရိလာပြီး ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲကို ဖွင့်ကြည့်နေလိုက်ပါသည်။
ယွဲ့လင်း အာရုံထဲ ပုံရိပ်တွေ ဆက်တိုက်ဆိုသလိုပေါ်လာခဲ့သည်။ ယွဲ့လင်းခေတ္တ ရပ်တန့်သွားကာ သူ့ရှေ့ကမုန့်ပဲသ ရေစာပန်းကန်အား ကျန်းကျီမြောင်ရှေ့သို့ တွန်းပို့ပေး လိုက်သည်။
ဒါကိုမြင်တော့ ကျန်းကျီမြောင် မျက်လုံးများအရောင်တောက်သွားခဲ့သည်။ အိပ်ငိုက်နေသူအား ခေါင်းအုံးပေး လိုက်သလိုပင်။
သို့သော် သူစိမ်းတစ်ယောက်ရှိနေသဖြင့် ကျန်းကျီမြောင် ဣန္ဒြေသိက္ခာထိန်းထားရပြီး မုန့်များကိုဖြည်းဖြည်းလေး စားသုံးနေလိုက်သည်။
“ဒီပြဿနာမှာ အရေးကြီးတာက အဲ့ဒီ ရေဓားပြတွေကို လျစ်လျူမရှုထားဖို့ပဲ”
ယွဲ့လင်း နှုတ်မှ မိန့်ကြားနေစဉ် လက်ကမူ ရေနွေးကြမ်းတစ်ခွက်ငှဲ့လိုက်ပြီး ကျန်းကျီမြောင်ထံ ကမ်းပေးလိုက်သည်။ ကျန်းကျီမြောင်လည်း ပျော်ပျော်ကြီးလက်ခံလိုက်သည်။
ယွဲ့လင်း၏အပြုအမူများကိုကြည့်ရင်း ကောဟွိုက်စိတ်ထဲ ဗလာကျင်းသွားခဲ့ရသည်။
အရှင်မင်းကြီးရဲ့ အပြုအမူတွေက… အရမ်း အလိုက်တသိဖြစ်နေပါရော့လား…
“ကောဟွိုက် ဆက်လျှောက်တင်လေ!”
ယွဲ့လင်း အေးစက်စွာ မိန့်ကြားလိုက်သည်။
“ကိုယ်တော်တို့ရှေ့မှာ လာအိပ်ငိုက်ရဲသေးတာလား!”
ပြောပြောဆိုဆိုနဲ့ ကျန်းကျီမြောင်အတွက် ကျောမှီခေါင်း အုံးတစ်လုံး ယွဲ့လင်း ခံပေးလိုက်သည်။ ကျန်းကျီ မြောင်လည်း နောက်သို့မှီချလိုက်ရာ သက်တောင့်သက်သာ အလွန်ရှိသွားလေသည်။
ကောဟွိုက် နှုတ်ခမ်းများတွန့်သွားပြီး စိတ်အမြန်ပြန်ထိန်းကာ ဆက်လျှောက်တင်လိုက်ပါသည်။
"အရှင်မင်းကြီး တကယ်တော့ ဒီငယ်သားက အားလုံးကြို တင်စီမံ ကာကွယ်ထားပြီးသားပါ၊ အဲ့ဒီနေ့က ရောက်လာတဲ့ လူတွေက တိုက်ရည်ခိုက်ရည် မြင့်မားကြတယ်၊ သာမန်ရေဓားပြတွေ မဖြစ်နိုင်ဘူး၊ ဒီငယ်သား သံသယဖြစ်မိတာကတော့..”
ကောဟွိုက်တွန့်ဆုတ်သွားသည်။
ထိုစဉ် ယွဲ့လင်းမျက်နှာထား ချက်ချင်းအေးစက်သွားခဲ့သည်။ ကောဟွိုက်ထိတ်လန့်လွန်းသဖြင့် ခြေထောက်တွေတောင် ပျော့ခွေသွားလေသည်။
ကျန်းကျီမြောင်လည်း ဒါကို ခံစားမိပြီး ယွဲ့လင်းထံ မော့ ကြည့်လိုက်သည်။
ယွဲ့လင်း ကျောမှီခေါင်းအုံး၏အနေအထားအား ပြန်ပြင်ပေးလိုက်သည်။
“ဒီလောက်ဆို သက်တောင့်သက်သာ ရှိပြီလား”
ကျန်းကျီမြောင် : “အဆင်ပြေပါတယ်…”
ကောဟွိုက် ခိုးကြောင်ခိုးဝှက် မော့ကြည့်လိုက်ပြီး စိတ်ထဲမှတွေးလိုက်သည်။
အရှင်မကြောင့်ပဲ ဖြစ်ရမယ်!
ထိုစဉ် ယွဲ့လင်း၏စူးစူးရှရှ မျက်လုံးများနဲ့ ကောဟွိုက်အကြည့်ချင်း ဆုံသွားလေည်။
“ကျန်း မိဖုရားကို ဘာအတွက်စိုက်ကြည့်နေတာလဲ ဝန်ကြီးကော”
ကောဟွိုက် ခေါင်းအမြန် ပြန်ငုံ့သွားပြီး လျှောက်တင်လိုက်လေသည်။
“အရှင်မင်းကြီးနဲ့ အရှင်မတို့ရဲ့ ချစ်ခြင်းမေတ္တာက နက်ရှိုင်းလွန်းလို့ ဒီငယ်သားစိတ်ထဲ ကြည်နူးဝမ်းသာမိတာပါ…”
ယွဲ့လင်း သရော်ကာ မေးလိုက်သည်။
“ကြည်နူးဝမ်းသာတယ်ဟုတ်လား ? ဝန်ကြီးကောသာ တာဝန်ကို ဖြစ်ဖြစ်မြောက်မြောက် ထမ်းဆောင်ခဲ့ရင် အခုချိန် စံအိမ်ကိုပြန်ပြီး ဇနီးဟည်နဲ့ ကြည်နူးနေနိုင်လောက်ပြီ၊ အခုတော့ ဒီလိုကြီးကြီးမားမား ပြဿနာတစ်ခု ဖြစ်လာလို့ ကျန်းတို့ ခွင့်လွှတ်ပေးချင်ရင်တောင် ခွင့်လွှတ်လို့ရမှာ မဟုတ်ဘူး”
ကောဟွိုက်တွန့်ဆုတ်သွားသည်။ သူတစ်ခုခု လျှောက်တင်ချင်သော်လည်း ကျန်းကျီမြောင်ကိုတွန့်ဆုတ်စွာ မော်ကြည့်လိုက်သည်။
“လျှောက်တင်စရာရှိတာ လျှောက်တင်လေ! အရှင်မရှေ့မှာ ဘာမှ ဖုံးကွယ်ထားစရာမရှိဘူး”
ယွဲ့လင်း မိန့်ကြားလိုက်သည်။
ယွဲ့လင်းအား ကြည့်ရင်း ကျန်းကျီမြောင် တွေးလိုက်သည်။
[ဒီဘော့စ်က သူများတွေကို အယုံသွင်းတဲ့နေရာမှာ တော်သားပဲ၊ ဘယ်ဆိုးလို့လဲ]
ယွဲ့လင်း ထပ်မိန့်လိုက်သည်။
“ခင်ပွန်းသည်နဲ့ ဇနီးသည်ဆိုတာ ဖြစ်တည်မှုတစ်ခုတည်းပဲ၊ မိဖုရားကို ကျန်းတို့ ဘာမှဖုံးကွယ်ထားစရာအကြောင်းမရှိဘူး၊ လျှောက်တင်စရာရှိတာ ပွင့်ပွင့်လင်းလင်းသာ လျှောက်တင်ပါ”
ထိုအခါမှ ကောဟွိုက် တိုးညှင်းစွာ လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီး… ကျန်းနန်ဒေသမှာ ဒီငယ်သား သဲလွန်စတချို့ ရရှိခဲ့ပါတယ်၊ ကျန်းနန်ဒေသမှာ တစ်စုံတစ်ယောက်က ကိုယ်ပိုင်တပ်သားတွေ လျှို့ဝှက် စုဆောင်း မွေးထုတ်နေတယ်၊ ဒီအရေးကိစ္စက မင်းသားအန်းဟယ်နဲ့ ဆက်နွယ်မှုရှိနေမယ်လို့ ဒီငယ်သား သံသယဖြစ်မိပါတယ်၊ ဒီငယ် သားကို အချိန်နည်းနည်းလောက် ထပ်ပေးနိုင်မယ်ဆိုရင် ခိုင်လုံတဲ့ သက်သေတစ်ခုခုရလာနိုင်မှာပါ”
ကျန်းကျီမြောင်လည်း မျက်ခုံးပင့်သွားလေသည်။ ယွဲ့ဟွာရဲ့ ကိုယ်ပိုင်တပ်သားတွေဟုတ်လား…
ထိုအကြောင်းကို သူမတောင် စနစ်ထံမှ မကြားသိရသေး ပါ။ သို့သော် ယွဲ့လင်း၏လက်အောက်ငယ်သားများက သူ့ထက်အရင် သဲလွန်စတွေ ရှာတွေ့နေခဲ့ပါပြီ။ ဒီကောဟွိုက်ဆိုသူသည် အမှားအယွင်းလုပ်ခဲ့သည်ဟု ဆိုသော်လည်း တကယ်အစွမ်းအစရှိသူ ဖြစ်လောက်သည်။
ဝတ္ထုဇာတ်လမ်းအသွားအလာအရသာဆို ယွဲ့လင်း ခေါင်းကိုက်ဝေဒနာ ခံစားနေရစဉ်အတွင်း ကောဟွိုက် ကွပ်မျက်ခံခဲ့ရတာဖြစ်နိုင်သည်။
ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားခဲ့သည်။
[အရှင်မင်းကြီးက အခုလိုအချိန်ကျမှ ဘာလို့ ရုတ်တရက်ကြီး ခေါင်းကိုက်ဝေဒနာထခံစားရတာလဲ၊ တစ်ဖက်မှာ သူ့လူယုံတော်တစ်ယောက်ကို အကြောင်းအရင်းမဲ့ ကွပ်မျက်ပစ်နိုင်သလို နောက်တစ်ဖက်မှာလည်း သူ့ကို မင်းဆိုးမင်းညစ်လို့ ခေါင်းစဉ်တပ်ဖို့ အကြောင်းအရင်းတစ်ခုရသွားနိုင်တယ်။ အဲ့လောက်တိုက်ဆိုင်တာမျိုး တကယ် ရှိပါ့မလား…]
[တိုက်ဆိုင်မှုမဟုတ်ဘူးဆိုရင်တော့ ယွဲ့လင်းရဲ့ ခေါင်းကိုက်ဝေဒနာကို တစ်ယောက်ယောက်ကထိန်းချုပ်နိုင်တဲ့ဆိုတဲ့ သဘောပဲ၊ အဲ့ဒီလူက သူ့ရောဂါအကြောင်း သိနေတဲ့လူတွေထဲက ဖြစ်ရမယ်… ဘယ်သူများလဲ]
ဇာတ်လမ်းတွဲကြည့်ရင်း ကျန်းကျီမြောင်မကြုံစဖူးအတွေး လွန်သွားခဲ့သည်။
ယွဲ့လင်းမျက်နှာထားလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ကောဟွိုက်ကို တည်ငြိမ်စွာ ကြည့်ကာ မိန့်ကြား လိုက်သည်။
“ဒီအရေးကိစ္စက ပေါ့သေးသေး မဟုတ်ဘူး၊ အခု ဆည်တာတမံ ပျက်စီးသွားပြီး ကျန်းနန်ဒေသရဲ့ နေရာတော် တော်များများ ရေဘေးဒဏ်သင့်နေပြီ၊ အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်အတွက် ငယ်သားတာဝန်ယူရမယ် ငယ်သားကို ဒီဘွဲ့ရာထူးဆက်ပြီး မအပ်နှင်းနိုင်တော့ဘူး”
ကောဟွိုက် ခေါင်းငုံ့သွားခဲ့သည်။
“ဒီငယ်သား နားလည်ပါတယ်”
ယွဲ့လင်း ဖြည်းညှင်းစွာဆက်မိန့်ကြားလိုက်၏။
“မနက်ဖြန် ညီလာခံမှာ ငယ်သားကို ရာထူးကချမယ်၊ ပြီးရင် ကျန်းနန်ကို လျှို့ဝှက်သွားရောက်ဖို့အတွက် ငယ်သားနဲ့အတူ လူတချို့လွှတ်ပေးလိုက်မယ်၊ ငယ်သားရဲ့ နာမည်ပျက်ကို ဖယ်ရှားနိုင်မလား၊ ဒီဖြစ်ရပ်တွေနောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့နိုင်မလား၊ မင်းသားအန်းဟယ်ရဲ့ ပုန်ကန်မှု သက်သေတွေကို ရှာဖွေနိုင်မလားဆိုတာတွေကတော့ ငယ်သားရဲ့ အစွမ်းအစပေါ်မှာပဲ မူတည်တယ်”
ကောဟွိုက် စိတ်ဓာတ်များ ပြန်လည်တက်ကြွသွားခဲ့သည်။ သူ့ကို အရှင်မင်းကြီး ဒီလိုထပ်ယုံကြည်လိမ့်မည်ဟုထင်မထားခဲ့ပါ။
ကျန်းနန်ဒေသတွင် ဖြစ်ပွားခဲ့သည့် ကပ်ဘေးနှင့် အပြစ်ကင်းစင်သည့် ရေဘေးသင့် ပြည်သူများအကြောင်းစဉ်း စားရင်း ကောဟွိုက် အံကြိတ်လိုက်မိသည်။
“ဒီငယ်သား တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပါ့မယ်! ကျိန်းသေပေါက် မကျရှုံးစေရပါဘူး!”
သူ့ရန်သူအကြောင်းသူ ကောင်းကောင်း နားလည်သည်။ မင်းသားအန်းဟယ် လှုပ်ရှားနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ကျန်းနန်က သူ့ခံတပ်ဟုပင်ဆိုနိုင်သည်။ ထိုအရပ်မှာ သူ့ကိုယ်ပိုင်တပ်သား ဘယ်နှယောက်လောက်ကို စုဆောင်းထားပြီးပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
ဆည်တာတမံကို လူတွေလွှတ်ပြီး မင်းသားအန်းဟယ် ဖျက်ဆီးခိုင်းနေသည့် သက်သေနဲ့ ကိုယ်ပိုင်တပ်သားတွေ လျှို့ဝှက်စုဆောင်းနေသည့် သက်သေတို့ကို သူရအောင် ရှာဖွေရမည်။ နှစ်ခုစလုံးက မလွယ်ကူနိုင်သော်ငြား ကျန်းနန်ပြည်သူများအတွက် သူပြန်ပေးဆပ်ရပါမည်။
“ကောင်းလေစွ”
ယွဲ့လင်း မျက်နှာ ပျော့ပြောင်းသွားခဲ့သည်။
“ကိုယ်တော်လည်း ကျန်းနန်ဒေသကိုသံတမန်တွေစေလွှတ် ပေးမှာပါ၊ ငယ်သားက သံတမန်တွေနဲ့ လူမြင်ကွင်းမှာကော လူကွယ်ရာမှာကော တွေ့ဆုံဆွေးနွေးရမယ်”
“အမိန့်တော်မြတ်အတိုင်းပါ!”
နက်ရှိုင်းသောအသံဖြင့် ကောဟွိုက် အမိန့်နာခံလိုက်ပါသည်။
ထို့နောက် ၎င်းတို့နှစ်ယောက် အသေးစိတ်အချက်များစွာကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အရှင်မင်းကြီးနှင့် ငယ်သားတို့ရဲ့ ဆွေးနွေးမှုက တစ်နာရီလောက် ကြာမြင့်ခဲ့ပါသည်။ ဘေးဘက်ရှိ မုန့်ပဲသရေစာပန်းကန်ပေါ်မှာလည်း ပြောင်ရှင်းနေလေပြီ။ ကျန်းကျီမြောင် သူ ယူဆောင်လာသည့် ကြာစေ့ပဲနောက်စွပ်ပြုတ်ကို ဖြည်းညှင်းစွာသောက်နေခဲ့သည်။
တော်ဝင်စာကြည့်ဆောင်ကြီး ရုတ်တရက်တိတ်ဆိတ်သွားသဖြင့် ကျန်းကျီမြောင် အူတူတူဖြစ်ကာမော်ကြည့်လိုက်ပါသည်။ သူမထံ ယွဲ့လင်း စူးစူးဝါးဝါးစိုက်ကြည့်နေလေသည်။
“အရှင်မင်းကြီး”
ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်ပါသည်။
“ကြာစေ့ပဲနောက်စွပ်ပြုတ်လေးက အပူငြိမ်းစေတယ်၊ အရှင်မင်းကြီးကော သုံးဆောင်ဦးမလား”
ယွဲ့လင်း မေးလိုက်သည်။
“မိဖုရားကိုယ်တိုင် ပြုတ်ထားတာလား ?”
ကျန်းကျီမြောင်ကလည်း အမှန်တိုင်းပြန်ဖြေလိုက်ပါသည်။
“ဒီမိဖုရား ကိုယ်တိုင်မှာကြားထားတာပါ”
ယွဲ့လင်း ပြုံးသွား၏။
“အရှင်မ ပင်ပန်းသွားပြီပဲ”
ကောဟွိုက် : “…”
သူ့ပါးစပ်ထဲ ခွေးစာတွေ ထပ်ဖြည့်ခံရသလို ခံစားလိုက်ရသည်။
“သခင်ကြီးကော,ကော သုံးဆောင်ဦးမလား”
ကျန်းကျီမြောင် နွေးထွေးစွာကမ်းလှမ်းလိုက်သည်။
ယွဲ့လင်းကတော့ သူ့အား အေးစက်စွာစိုက်ကြည့်နေသည်။
ကောဟွိုက် အမြန်လျှောက်တင်လိုက်သည်။
“မ…မသုံးဆောင်တော့ပါဘူး အရှင်မ၊ ဒီငယ်သားရဲ့ဇနီးသည်က အိမ်မှာစောင့်မျှော်နေဆဲမို့ ဒီငယ်သားကို ပြန်ခွင့်ပြုပါဦး”
ယွဲ့လင်း ဂရုမစိုက်စွာ မိန့်လိုက်သည်။
“ပြန်စေ… ဒီနေ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မမေ့ပစ်လိုက်နဲ့”
ကောဟွိုက် အမိန့်နာခံလိုက်ပြီး တော်ဝင်စာကြည့်ဆောင်မှ ထွက်ခွာသွားခဲ့ပါသည်။
တော်ဝင်စာကြည့်ဆောင် အပြင်ဘက်မှာ နေရောင်က တောက်ပနေဆဲဖြစ်သည်။ နဖူးပေါ်မှ ချွေးတွေကို သုတ်လိုက်ပြီး ကောဟွိုက်မျက်လုံးများ အရောင်လက်သွားခဲ့ပါသည်။
လက်ရှိဧကရာဇ်မင်းကြီး၏ အုပ်ချုပ်ရေး၊ စစ်ရေး စွမ်းပ ကားများက ပြိုင်ဘက်ကင်းသည်။ တစ်ခုတည်းသော ပြဿနာဟူ၍ အရှင်မင်းကြီး၏ ခေါင်းကိုက်ဝေဒနာသာ ရှိပါသည်။ ထိုဝေဒနာကြောင့် ဓားအိမ်ပြင်ပက ဓားတစ်လက်ပမာ အချိန်မရွေးသွေးဆာလာနိုင်သည်။
အခုမူ ထိုဓားထံ ဓားအိမ်တစ်ခု ရှိလာပြီထင်ပါသည်။ ထို အခါမှသာ ကြီးမြတ်သည့်ယုံမင်းဆက်တွင် မြင့်မြတ်သည့် ဧကရာဇ်တစ်ပါးအား ပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည်။