Gao Huai Didn’t Die?
Vol. 5 Ch. 46
“သခင်ကြီးကော”
ချွေးတွေစိုရွှဲနေသည့် ကောဟွိုက်ကို မြင်သွားပြီး လီသဲ့ဟွိုက်တိုးညှင်းစွာ မေးမြန်းလိုက်ပါသည်။
“အရှင်မင်းကြီး အခြေအနေဘယ်လိုရှိလဲ"
ကောဟွိုက် ပြုံးပြလိုက်သည်။
“အားလုံး အဆင်ပြေသွားပါပြီ၊ အရှင်မင်းကြီးနဲ့ အရှင်မတို့က တကယ်ပဲ နေနဲ့လ ရွှေနဲ့မြလိုလိုက်ဖက်တင့်တယ်လွန်းပါတယ်”
လီသဲ့ဟွိုက် စိတ်ရွှင်သွားကာ အမြန်ထောက်ခံလိုက်လေသည်။
“မှန်တာပေါ့ မှန်တာပေါ့”
“ကောင်းကင်ဘုံက ကောင်းချီးပေးတာ… ကောင်းကင်ဘုံက တကယ်ပဲ ကောင်းချီးပေးတာပဲ”
ကောဟွိုက် တဖွဖွ ရေရွတ်ရင်း တော်ဝင်စာကြည့်ဆောင်ရှေ့မှ ခပ်မြန်မြန် ထွက်ခွာသွားလေတော့သည်။
နန်းတော်အား သူပြန်လာနိုင်ဖို့ အခွင့်အရေးရှားပါးသော် လည်း အချိန်ကြာကြာနေနိုင်မှာမဟုတ်ပါ။ မကြာခင် ကျန်းနန်သို့သွားရောက်ပြီး မှောင်ရိပ်ထဲမှာ ပုန်းကွယ်နေရပါဦးမည်။ ဒီတာဝန်က အလွန်အန္တရာယ်များနိုင်သော်လည်း တိုင်းပြည်နဲ့ ပြည်သူများအတွက် သူ့မှာ တာဝန်အပြည့်အဝရှိသည်။ သူ့ဇနီးသည်မှာတော့ စိုးရိမ်တကြီးစောင့်မျှော်ရပေဦးမည်။
ကောဟွိုက် သက်ပြင်းချလိုက်မိသည်။ ဒီမြစ်ချောင်းတွေတောင်တန်းတွေ အမှန်တကယ်အေးချမ်းသွားသည့် အချိန် ကျမှ သူတကယ် စိတ်လက်သက်သာစွာအနားယူနိုင်လိမ့် မည်။
--- --- ---
မင်းသားအန်းဟယ် စံအိမ်တွင်…
ယွဲ့ဟွာ အလွန်တည်ငြိမ်နေပါသည်။ သူ့ပညာရည်ဂုဏ် သိက္ခာတွေ ပျက်စီးခဲ့ရပြီး ရှဲ့ချိုးနဲ့ လက်ဆက်ထိန်းမြှားမှု ကိစ္စကိုလည်း ဖျက်သိမ်းခံခဲ့ရသည်။ ထို့ကြောင့် အခုလက်ရှိအခြေအနေများက သူ့အတွက်အရေးမသာလှပါ။
အခုလောက်ဆို ယွဲ့လင်းလည်း စိတ်ကြီးဝင်ပြီး ရူးသွပ်နေလောက်ပြီပေါ့…
ကံမကောင်းစွာနဲ့ သူ့စိတ်ကြီးဝင်မှုက ကြာရှည်ခံမှာမဟုတ်ပါ။ မကြာခင် ဝမ်းမြောက်မှုမှ ဝမ်းနည်းမှုအဖြစ်သို့ပြောင်း လဲသွားစေရမည်။
“အရှင်မင်းသား”
အစေခံတစ်ယောက် အလောတကြီး ဝင်ရောက်လာလေသည်။
“တံခါးပိတ်လိုက်”
ယွဲ့ဟွာ လေးပင်နေသော အသံဖြင့် အမိန့်ပေးလိုက်ပါသည်။ စာကြည့်ခန်းတံခါးကို ပိတ်ပြီးသွားခါမှ ယွဲ့ဟွာ ပြုံးကာ မေးလိုက်ပါသည်။
“ကောဟွိုက် သေပြီမလား”
ကောဟွိုက်က တကယ်ပဲ အစွမ်းအစရှိသူတစ်ယောက်ဖြစ်သည်။ ကျန်းနန်ဒေသအပေါ် ယွဲ့ဟွာ၏လွှမ်းမိုးနေမှုကို ဒီလူကြီး ရိပ်မိလုနီးပါးဖြစ်သွားခဲ့သည်။ ကျန်းနန်ဒေသမှာတုန်းက ကောဟွိုက်အားလုပ်ကြံဖို့ သူအကြိမ်ကြိမ် ကြိုး စားခဲ့ဖူးသည်။ သို့သော် ထိုလူသည် လုပ်ကြံမှုတိုင်းကို ရှောင်ရှားနိုင်ခဲ့သည်။ ရင်ဆိုင်ဖို့ လွယ်ကူသည့်လူတစ်ယောက်မဟုတ်ခဲ့ချေ။
သို့သော် ကိစ္စတော့မရှိပေ။ ယွဲ့လင်း သူ့အတွက် ဒီလူယုံတော်အား ကိုယ်တိုင်ကွပ်မျက်ပေးလိမ့်မည်သာ။
ကောဟွိုက်သေဆုံးသွားလျှင် ယွဲ့လင်းထံမှာ ဘယ်သူမှ အမှုထမ်းဆောင်ရဲတော့မည် မဟုတ်ပါ။ ဒီလို မင်းဆိုးမင်းညစ်ဆန်သည့် အပြုအမူကြောင့် ညီလာခံတစ်ခုလုံးတုန် လှုပ်သွားကြလိမ့်မည်။ ထိုသတင်းကို ကြားသောအခါ စိစစ်ရေးအဖွဲ့ဝင်များလည်း စိတ်အပြောင်းအလဲဖြစ်သွားကြပါလိမ့်မည်။
ယွဲ့လင်း၏မင်းဆိုးမင်းညစ်ဆန်သော အပြုအမူနဲ့ယှဉ်လိုက်လျှင် သူ့၏ ခိုးကူးမှုအပြစ်ဒဏ်က ဘာမှမပြောပလောက်ဘဲ မကြာခင် အားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်သည်။
သို့သော် အစေခံမျက်နှာက တွန့်ဆုတ်နေပုံပေါ်သည်။ ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားပြီး ဆက်မေးလိုက်၏။
“ဘာဖြစ်လို့လဲ ? ကောဟွိုက် မသေသေးဘူးလား”
မဖြစ်နိုင်တာ…
ယွဲ့လင်း၏ ခေါင်းကိုက်ခဲဝေဒနာကို နှိုးဆွပေးဖို့အတွက် တော်ဝင်စာကြည့်ဆောင်ထဲမှာ သူပစ္စည်းတစ်ခု ခိုးထည့်ထားခဲ့သည်။ ယွဲ့လင်း ခေါင်းကိုက်ခဲလာတာနဲ့တစ်ပြိုင်နက် စဉ်းစားဉာဏ်ပျက်သုဉ်းကာ ဘယ်သူ့ကိုမှလည်း အရေးစိုက်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ကောဟွိုက်ရှင်သန်နိုင်ချေ လုံးဝမရှိပေ။
“အစကတော့ အရှင်မင်းကြီးက တော်ဝင်ဓားကိုတောင်ထုတ်ပြီး ကွပ်မျက်ဖို့ အသင့်ဖြစ်နေပါပြီ”
အစေခံ တိုးညှင်းသောအသံဖြင့် လျှောက်ထားလိုက်သည်။
“ဒါပေမယ့် မိဖုရားကြီး ရောက်လာခဲ့တယ်”
ယွဲ့ဟွာမျက်မှောင်ပိုကြုတ်သွားသည်။
“ကျန်းကျီမြောင်ကလား သူရောက်လာလည်း ဘာလုပ်နိုင်မှာမို့လို့လဲ”
“သူစကားတစ်ခွန်းပဲ ပြောလိုက်တာ အရှင်မင်းကြီး စိတ်ပြန်တည်ငြိမ်သွားပြီး ဓားကိုပစ်ချလိုက်တယ်၊ အဲ့ဒီနောက် အရှင်မင်းကြီးက အားလုံးကိုပြန်စေလွှတ်လိုက်ပြီး မိဖုရားကြီး၊ ကောဟွိုက်တို့နဲ့အတူတူ ဆက်ပြီးဆွေးနွေးတိုင်ပင်ခဲ့တယ်၊ သူတို့ တစ်နာရီကြာလောက် ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရတယ်။ ပြီးတော့ တစ်နာရီလုံးလုံး အရှင်မင်းကြီးက မိဖုရားကြီးရဲ့လက်ကို တစ်ခါတောင်မလွှတ်ဘဲဆုပ် ကိုင်ထားတာတဲ့”
အစေခံ လျှင်မြန်စွာလျှောက်ထားလိုက်ပါသည်။
ယွဲ့ဟွာမျက်နှာ ချက်ချင်းပျက်သွားခဲ့၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
ယခင် ယွဲ့လင်းအိမ်ရှေ့စံအဖြစ် ရှိနေစဉ်ကတည်းက ဒီနည်းလမ်းကို သူအကြိမ်ကြိမ်အသုံးချခဲ့ဖူးပါသည်။ ယွဲ့လင်း အောင်မြင်မှုတစ်ခုခုရရှိသည့်အတိုင်း ယွဲ့ဟွာ နည်းလမ်းတစ်ခုခု ရှာကာ သူ့ခေါင်းကိုက်ဝေဒနာကိုနှိုးဆွခဲ့သည်။ ယွဲ့လင်း စိတ်လွတ်သွားသည်နှင့်တစ်ပြိုင်နက် အမတ်များစိတ်ပျက်စေမည့် လုပ်ရပ်တွေကိုသာလုပ်ခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာတိုင်သည်အထိ ယွဲ့လင်းကို သူရင်ဆိုင်နိုင်ခဲ့တာဖြစ်သည်။ မဟုတ်ပါက သားအကြီးဆုံး ဖြစ်သည့် ယွဲ့လင်းအားဝန်ကြီးမှူးမတ်များက ဒီလောက်ထိ ဝေဖန်မည် မဟုတ်ပေ။ အကြိမ်ကြိမ်အလုပ်ဖြစ်ခဲ့ဖူးသည့် ထိုနည်းလမ်းက ဒီတစ်ကြိမ်ကျမှ ဘာကြောင့် အလုပ်မဖြစ်ခဲ့ရတာမှန်း ယွဲ့ဟွာ နားမလည်နိုင်တော့ချေ။
“တော်ဝင်စာကြည့်ဆောင်ကနေ ကောဟွိုက်ပြန်ထွက်ခွာသွားပါပြီ၊ အခု ကောစံအိမ်ကို ပြန်နေပြီလို့ ကြားသိရတယ်" အစေခံ တီးတိုး လျှောက်တင်လိုက်သည်။
“အရှင်မင်းသား နောက်တစ်ဆင့် ဆက်ဆောင်ရွက်လိုက်ရတော့မလား”
ယွဲ့ဟွာမျက်နှာ အေးစက်သွားသည်။
“လောလောဆယ်တော့ ခဏငြိမ်နေလိုက်ဦး”
နန်းတော်အတွင်းမှာ သူသာ စိတ်လိုက်မာန်ပါ လုပ်လိုက်ပါကလက်ပူးလက်ကြပ်မိသွားနိုင်သည်။ ကောဟွိုက် ယခု မသေသေးလည်း ကိစ္စမရှိပါ။ ဘာပဲဖြစ်ဖြစ် သူလုပ်ခဲ့သည့် အပြစ်ဒဏ်က အသေးအဖွဲမဟုတ်ပေ။
ထို့ကြောင့် ကောဟွိုက် လုပ်သားရေးရာဒုဝန်ကြီးအဖြစ် ဆက်မရှိနိုင်စေဖို့ ယွဲ့ဟွာဘက်တော်သားများက ပူးပေါင်း အသနားခံလွှာတင်ကြမည်။ ထိုရာထူးကို ဆုံးရှုံးသွားတာနဲ့ ကောဟွိုက်ကို သုတ်သင်ဖို့ အခွင့်အလမ်းတွေ အလိုလိုပြန် ပေါ်လာပါလိမ့်မည်။
“ဝန်ကြီးချန်ကို အသိသွားပေးလိုက်၊ မနက်ဖြန် ညီလာခံမှာ ကောဟွိုက်ကို ရာထူးက ကျိန်းသေပေါက် ချနိုင်အောင် လုပ်ရမယ်”
ယွဲ့ဟွာ အေးစက်စွာအမိန့်ပေးလိုက်သည်။
အစေခံအမိန့်နာခံလိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ယွဲ့ဟွာတစ်ယောက်တည်း မျက်မှောင်ကြုတ်ရင်း ထိုင်နေခဲ့သည်။
ကျန်းကျီမြောင်…
ခုတလော ထိုကျန်းကျီမြောင်ကို သူ သတိထားမိသည်။ သူ့ကံဆိုးမှုတိုင်းက ထိုကျန်းကျီမြောင်နဲ့ သက်ဆိုင်နေသည်ဟု ဆိုနိုင်သည်။
ဧကန္တ သူခက်ခက်ခဲခဲ ရှာဖွေနေတဲ့ ကူးပြောင်းလာသူနောက်တစ်ယောက်က ကျန်းကျီမြောင်များလား…
ယွဲ့ဟွာ ခေါင်းခါလိုက်ပြီး ထိုအတွေးကို ခေါင်းထဲမှချက် ချင်းထုတ်ပစ်လိုက်ပါသည်။ ကျန်းကျီမြောင်က သာမန်မိန်းမ တစ်ယောက်မျှသာ။ သူ့လို မင်းသားတစ်ပါးအားချောင်ပိတ်သွားလောက်သည့်အထိ အကွက်ကျကျအစီစဉ်ချနိုင်စွမ်းရှိမည် မဟုတ်ပါ။
ထိုကူးပြောင်းလာသူမှာ ဝန်ကြီးချုပ်ကျန်းအနားက လူတစ်ယောက်ဖြစ်လောက်သည်။ ထိုကူးပြောင်းလာသူကို သူအမြန်ဆုံး ရှာဖွေဖမ်းဆီးသင့်ပါသည်။
ပြီးတော့ လင်းချင်ချင်ကကော ဘာဖြစ်နေတာလဲ…
သူပြောတော့ အရှင်မင်းကြီးက သူ့ကို စွဲလမ်းနေတာဆို…
အဲ့တာဆို အခု ယွဲ့လင်းနဲ့မိဖုရားကြီးက ဘာလို့ အဲ့လောက် ချစ်မြတ်နိုးပြနေကြတာလဲ…
ယွဲ့လင်းနှင့်မိဖုရားတို့ကို သွေးခွဲနိုင်ပါက ယွဲ့လင်းနှင့်ဝန်ကြီးချုပ်ကျန်းတို့အား သွေးခွဲလိုက်ခြင်းနှင့် ညီမျှနိုင်ပါသည်။
အနောက်နန်းဆောင်၏အမှုကိစ္စများသည် ညီလာခံအမှုကိစ္စများထဲမှာ ပါဝင်သည်။ လင်းချင်ချင်အား အမြန်ဆုံး လှုပ်ရှားဖို့ သူဖိအားပေးရမည်။ အလုပ်မဖြစ်ပါက နည်းလမ်းပြောင်းလဲဖို့လိုအပ်သည်။ အရှင်မင်းကြီး ‘လရောင်ဖြူ’ဟု စိတ်ကြီးဝင် မောက်မာမနေဘဲ ယွဲ့လင်းအပေါ် လက်တွေ့ ဂရုစိုက်ကြင်နာပြသင့်သည်။
ယွဲ့ဟွာ စာတစ်စောင် ရေးသားလိုက်ပြီး အနက်ရောင်ဝတ်ရုံခြုံထားသည့် လူတစ်ယောက်ကို ပေးလိုက်သည်။ ထို့နောက် ချိုးရွှယ်နန်းဆောင်သို့ပို့ဆောင်ရန် မိန့်ကြား လိုက်၏။ ချန်ရှုယိလည်း ရထားသည့် တာဝန်ကိုထမ်းဆောင်နေလောက်ပါပြီ။။ ချန်ရှုယိသာ အမိန့်နာခံပါက သူ့အတွက် ဒုတိယလင်းချင်ချင် ဖြစ်လာနိုင်သည်။
ထိုအခါ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ဒီလောက်ထိ ကြည်နူးနိုင်ဦးမလား သူ စောင့်ကြည့်ပါဦးမည်။
--- --- ---
တော်ဝင်စာကြည့်ဆောင်ထဲတွင်…
ကျန်းကျီမြောင်နဲ့ ယွဲ့လင်းတို့ ကြာစေ့ပဲနောက်စွပ်ပြုတ်ကို အတူတူ သုံးဆောင်နေကြသည်။ ကိုယ်ပိုင်ဓားရှင် ဇာတ် လမ်းတွဲကိုလည်း ဖွင့်ထားဆဲဖြစ်သည်။
ယွဲ့လင်း၏သည်းခံနိုင်စွမ်းက အတော်လေး အံ့အားသင့်ဖို့ကောင်းပါသည်။ သို့သော် တစ်ခါတလေတော့ သူ့မျက်နှာထက် အပြုံးတစ်ခုပေါ်ပေါ်လာတတ်သည်။
‘ဇာတ်လမ်းတွဲများက အစားအသောက်ကို ပိုအရသာရှိစေသည်’ဟူသော ကျန်းကျီမြောင်၏အတွေးကို သူနား လည်သွားသည်။ အခုဆို ကြာစေ့ပဲနောက်စွပ်ပြုတ်နောက်တစ်ပန်းကန်လောက် သုံးဆောင်ရလျှင် သိပ်ကောင်းမည်ဟု ယွဲ့လင်း တွေးနေမိပါပြီ။
“ဒီနေ့ မိဖုရားကြွမြန်းလာတာ အကြောင်းကိစ္စတစ်ခုခုရှိလို့လား” ယွဲ့လင်း မေးလိုက်သည်။
ကျန်းကျီမြောင် အသိစိတ်ပြန်ကပ်သွားပြီး ဒီကိုရောက်လာရခြင်း၏ရည်ရွယ်ချက်ကို သတိရသွားပါသည်။
“အရှင်မင်းကြီး… ဒီနေ့ မနက် မယ်တော့်ထံမှာ ဒုတိယမင်းသမီးအခစားဝင်ပြီး ကျန်းကျစ်ဖျင်နဲ့ လျှို့ဝှက်တွေ့ဆုံနိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ ကြားသိရပါတယ်”
ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ၊ ဒီကိစ္စက ဂုဏ်သိက္ခာအရကော အကျိုးအ ကြောင်းအရကော မှားယွင်းတယ်၊ မယ်တော် ကန့်ကွက်ပြီးသားပါ”
“ကန့်ကွက်တယ်ဟုတ်လား”
ကျန်းကျီမြောင် မျက်ခုံးပင့်သွားသည်။
“အရှင်မင်းကြီး ဒီလက်ဆက်ထိန်းမြှားမှုက ကောင်းမွန်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာ တခြားသူတွေ မသိသေးဘူး၊ အရှင် မင်းကြီးသာ အမိန့်အာဏာကိုအသုံးချပြီး မင်္ဂလာပွဲကို ဖိအားပေး ဖျက်သိမ်းလိုက်မယ်ဆိုရင် လူတွေအတင်း အဖျင်းပြောကြလိမ့်မယ်၊ ဒုတိယမင်းသမီး ပျော်ရွှင်မှာကို အရှင်မင်းကြီး မကြည့်နိုင်လို့ ဒီလိုလုပ်ရတာလို့ ဆိုကြလိမ့်မယ်၊ အဲ့တာကြောင့် ဒီမင်္ဂလာပွဲကို ဒုတိယမင်းသမီးကိုယ် တိုင်ဖျက်သိမ်းနိုင်ရင် အကောင်းဆုံးပဲ”
ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။
“မိဖုရား ဘာကို ဆိုလိုတာလဲ”
ကျန်းကျီမြောင် သွားပေါ်အောင်ရယ်လိုက်ပြီး မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
“ဒီမိဖုရား… နန်းတော်အပြင်ကို အပန်းဖြေခရီးတစ်ခေါက် ထွက်ကြရအောင်လေ၊ ဒုတိယမင်းသမီးကိုပါ ခေါ်ခဲ့ပေါ့”
ဒီလိုသာဆို ဒရမ်မာစတင်သည့်အခါ စိတ်လှုပ်ရှားစရာပိုကောင်းပါလိမ့်မည်။
ဒီတစ်ခါ အချိန်အကန့်အသတ် အတင်းအဖျင်းမစ်ရှင်ကို နန်းတော်အပြင်ဘက်မှာ ဆောင်ရွက်ရလိမ့်မည်။ ယခင် မစ်ရှင်မှာ နန်းတော်အတွင်းဘက်မှာဖြစ်သဖြင့် လီသဲ့ဟွိုက်နှင့် ကြင်ယာတော်အန်းတို့လိုလူမျိုးများမှ အထောက်အကူ အများကြီးပြုခဲ့သော်ငြားလည်း ကြည့်ရှုသူအရေအတွက်က နည်းပါးလွန်းလှသည်။
အချိန်အကန့်အသတ် အတင်းအဖျင်းမစ်ရှင်ကို နန်းတော်အပြင်ဘက်မှာ ဆောင်ရွက်သောအခါ နည်းလမ်းမှန်မှန် စီစဉ်ပါက ကြည့်ရှုသူအရေအတွက် ရာဂဏန်း၊ ထောင်ဂဏန်းအထိ ရှိလာနိုင်သည်။
ဒီလိုသာဆို သူ အမှတ်တွေ ဘယ်လောက်တောင်ရလိုက်မလဲ!
စဉ်းစားကြည့်လိုက်ရုံနှင့် ကျန်းကျီမြောင် ရင်တွေခုန်နေမိပါပြီ။