← Chapters

Blood Flow

Vol. 5 Ch. 47

Blood Flow

Vol. 5 Ch. 47

[အရေးအကြီးဆုံးက ဒီလို ပွဲကြီးပွဲကောင်းမျိုးကို ငါ့မျက် လုံးနဲ့ တပ်အပ်မမြင်ရရင် နောက်သုံးလလောက် စားမဝင်၊ အိပ်မပျော်ဖြစ်သွားလိမ့်မယ်! ဖရဲသီး… ဖရဲသီးစားရမှကိုဖြစ်မယ်!]

ကျန်းကျီမြောင် အတွေးထဲကြွေးကြော်နေမိသည်။

မျှော်လင့်ချက် ကြီးမားနေသော ကျန်းကျီမြောင်၏ မျက် နှာကို ကြည့်ရင်း ယွဲ့လင်း ပြုံးသွားရသည်။

သူ့ဘဝကြီးက အမြဲတမ်း ဉာဏ်နီဉာဏ်နက်တွေ၊ အမှောင်ထုတွေနဲ့ ပြည့်နှက်နေခဲ့တာဖြစ်သည်။ ထို့ကြောင့် ဒီလော ကကြီးအပေါ်မှာ ယွဲ့လင်း မျှော်လင့်ချက်တွေ၊ တောင့်တမှုတွေ ဘာမှ မထားရှိတော့ပါ။

သို့သော်… တည်ငြိမ်ချင်ယောင်ဆောင်ပြီး စိတ်ထဲမှာ အတင်းအဖျင်းကြည့်ရဖို့ကြွေးကြော်နေသည့် ကျန်းကျီမြောင်၏မျက်နှာလေးကို မြင်သောအခါ ယွဲ့လင်းရင်ထဲမှာလည်း ထို ‘ပွဲကြီးပွဲကောင်း’ အတွက် မျှော်လင့်စိတ်လေးတစ်ခု ဖြစ်တည်လာရသည်။

“အရှင်မင်းကြီး”

ယွဲ့လင်းကို ကျန်းကျီမြောင် စိတ်အားထက်သန်စွာမော် ကြည့်လိုက်သည်။ အရှင်မင်းကြီးက ရုတ်တရက် ပြုံးပြနေပါသည်။

ဒါဆို သူ နန်းတော်အပြင်ထွက်ရဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ သဘောလား…

ယွဲ့လင်း လည်ချောင်းရှင်းလိုက်ပြီး မိန့်လိုက်သည်။

“နန်းတော်စည်းကမ်းအရတော့ အမိန့်ပြန်တမ်းမပါဘဲ နန်း တော်ပြင်ပကို ကြင်ယာတော်တွေ ထွက်ခွာခွင့်မရှိဘူး”

ထိုစကားကြားတော့ ကျန်းကျီမြောင် စိတ်ပိုလှုပ်ရှားသွားခဲ့သည်။

[စည်းကမ်းအရ ‘မလုပ်ရဘူး’ဆိုရင် လက်တွေ့မှာ ‘လုပ်လို့ရတယ်’ဆိုတဲ့ သဘော၊ စည်းကမ်းထဲမှာ ‘လုပ်ရမယ်’ဆိုရင် လက်တွေ့မှာ ‘လုပ်စရာမလိုဘူး’ဆိုတဲ့ သဘောပဲ! ငါနားလည်တယ်!]

ယွဲ့လင်း ခပ်သဲ့သဲ့ရယ်မောလိုက်ပြီး ဆက်မိန့်လိုက်သည်။

“သို့ပေမယ့် နန်းတော်ပြင်ပကို ထွက်ခွာရမှဖြစ်မယ်ဆိုရင်တော့ နည်းလမ်းတွေ ရှိပါတယ်”

ယွဲ့လင်းကို ကျန်းကျီမြောင် မျှော်လင့်တကြီး စိုက်ကြည့်နေလိုက်သည်။

ယွဲ့လင်း စိတ်ပျော့သွားပြီး ဆက်မိန့်လိုက်သည်။

“မြို့စားရှဲ့က မင်းဆက်နှစ်ခုတိုင် အမှုထမ်းခဲ့တဲ့ အရာရှိတစ်ယောက်ပဲ၊ သူရုတ်တရက် နာမကျန်းဖြစ်နေတယ်လို့ ကြားသိရတယ်၊ တော်ဝင်မိသားစုရဲ့စေတနာကို ပြသဖို့အတွက် တော်ဝင်သမားတော်တွေကို ခေါ်ဆောင်ပြီး မြို့စားရှဲ့ရဲ့ စံအိမ်ကိုကြွမြန်းကြစို့၊ အရှင်မလည်း လိုက်ပါခဲ့ရမယ်”

ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားသည်။ မြို့စားရှဲ့ ယွဲ့ဟွာအား ရင်မဆိုင်ချင်သဖြင့် ဟန်ဆောင်ပန်ဆောင် နာမကျန်းဖြစ်ပြနေမှန်း အားလုံးသိကြသည်။ သို့ သော် ၎င်းတို့ သွားရောက်လည်ပတ်ချင်ပါက မည်သူမှ တားလို့မရချေ။

မြို့စားရှဲ့ဂုဏ်အဆင့်အတန်းကြောင့် သူမကိုခေါ်ဆောင်ပြီး ယွဲ့လင်းကြွမြန်းလာတာက မသင့်တော်ကြောင်း ဝေဖန်ခံရမှာ မဟုတ်သင့်အပြင် အနည်းငယ်စီမံလိုက်ပါက ဇာတ် လမ်းကောင်းတစ်ပုဒ်ပင် ဖြစ်သွားနိုင်ပါသေးသည်။

“ကျန်း တို့နဲ့အတူ လိုက်ပါလာဖို့ ဒုတိယမင်းသမီးကိုလည်း အမိန့်ပေးလိုက်မယ်၊ အဲ့ဒီအချိန်ကျရင် ကျန်းကျစ်ဖျင်ရဲ့ သရုပ်မှန်ကို ဒုတိယမင်းသမီးတွေ့သွားအောင် ကျန်းတို့ စီစဉ်လို့ ရပါတယ်”

ကျန်းကျီမြောင်လည်း ခေါင်းညိတ်လိုက်သည်။

“မနက်ဖြန် ညီလာခံမှာ ကောဟွိုက်ကို ယွဲ့ဟွာဘက်တော် သားတွေက တိုက်ခိုက်ရှုတ်ချကြလိမ့်မယ်၊ ကောဟွိုက်ကို ကိုယ်တော် ရာထူးကဖြုတ်ချလိုက်မယ်၊ ပြီးရင် ညီလာခံကနေ ကျန်း ဒေါသတကြီးပြန်ကြွလာမယ်”

ယွဲ့လင်း ခေတ္တ ရပ်တန့်သွားပြီး ဆက်မိန့်လိုက်သည်။

“ညီလာခံပြီးဆုံးတဲ့အခါ ကျန်းတို့ နန်းတော်ထဲကနေ လျှို့ ဝှက်ထွက်ခွာပြီး မြို့စားရှဲ့ဆီကြွမြန်းကြမယ်”

“နားလည်ပါပြီ နားလည်ပါပြီ”

ကျန်းကျီမြောင် အကြိမ်ကြိမ် ခေါင်းညိတ်ထောက်ခံလိုက်သည်။

[ပွဲကြီးပွဲကောင်းကြည့်ဖို့ နန်းတော်ကနေ ထွက်နိုင်မယ်ဆို ဘာပဲလုပ်ရလုပ်ရ အဆင်ပြေတယ်]

ယွဲ့လင်း အကြည့်တွေ ပိုနူးညံ့သွားသလို မျက်လုံးထဲလိပ် ပြာမလုံမှု အရိပ်အယောင်တွေလည်း ရောယှက်ပါဝင်နေသည်။

ကျန်းကျီမြောင်၏ အကျင့်စရိုက်က ဒီလိုနန်းတော်တံတိုင်း နီတွေထဲ နေထိုင်ဖို့မသင့်တော်ပါ။ သို့သော် သူမ မိဖုရားကြီးအဖြစ်တင်မြှောက်ခံခဲ့ရသဖြင့် နန်းတော်အတွင်းမှာသာ တစ်သက်လုံးအချိန်ကုန်ဆုံးရပေတော့မည်။

ယွဲ့လင်းစိတ်ထဲ အတွေးတစ်ခုပေါ်လာခဲ့သည်။ အနာဂတ်တွင် သမုဒ္ဒရာကြီးလေးစင်းငြိမ်းချမ်းသည့်အခါ အမည်တွေ၊ ဘွဲ့ရာထူးတွေကိုစွန့်ပယ်ပြီး ကျန်းကျီမြောင်နှင့်အတူ တူကမ္ဘာလောကတစ်ခုလုံးကို ခရီးလှည့်လည် သွားလာချင်မိသည်။

အလွန်နှစ်လိုဖွယ်ကောင်းသည့် အိပ်မက်လေးတစ်ခုဖြစ်သဖြင့် ယွဲ့လင်းနှုတ်ခမ်းပါးများထက် မမြင်သာသည့် အပြုံးလေးတစ်ခု အလိုလိုပေါ်လာခဲ့သည်။

“အရှင်မင်းကြီး”

ကျန်းကျီမြောင် သူ့အားထူးထူးဆန်းဆန်း ကြည့်နေသည်။

ယွဲ့လင်း အသိစိတ်ပြန်ကပ်သွားပြီး အနည်းငယ် ရီဝေသွားခဲ့သည်။ ပုံမှန်ဆို အနာဂတ်တွေအကြောင်း သူစိတ်ကူးမယဉ်တတ်ပါ။ သူ့လိုလူမျိုးထံမှာ ‘အနာဂတ်’ဆိုတာတောင် မရှိလောက်ဟု အမြဲတမ်းခံစားခဲ့ရသည်။

သို့သော်… အခုချိန်မှာတော့ အနာဂတ်တစ်ခုကို အလိုလို သူ စိတ်ကူးယဉ်နေမိသည်။

ယွဲ့လင်း ယွဲ့လင်း…

မင်း တော်တော်ပျော့ညံ့သွားတာပဲ…

ယွဲ့လင်း စိတ်ခံစားချက်များကို ပြန်လည်ချုပ်ထိန်းလိုက်ပြီး ဖြည်းညှင်းစွာ မိန့်လိုက်သည်။

“မနက်ဖြန် ကျန်း သတင်းပါးမယ့်အချိန်ကို စောင့်နေပါ”

ထို့နောက် အစီအစဉ်အသေးစိတ်ကို ဆက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုပြီးဆုံးသောအခါ ကျန်းကျီမြောင် တစ်စုံ တစ်ခုကို ရုတ်တရက် သတိရသွားလေသည်။

“တော်ဝင်စာကြည့်ဆောင်ထဲမှာ ဘာအမွှေးတိုင်ထွန်းထားတာလဲ”

ကျန်းကျီမြောင် ရုတ်တရက် မေးမြန်းလိုက်သည်။

ယွဲ့လင်းလည်း ဇဝေဇဝါဖြစ်သွားခဲ့၏။

“စာကြည့်ဆောင်ထဲ ဘာအမွှေးတိုင်မှ ထွန်းမထားပါဘူး၊ အရှင်မ ရနံ့တစ်ခုခုရတယ်ဆိုရင် သစ်သီးရနံ့သာဖြစ်ပါလိမ့်မယ်”

“မဖြစ်နိုင်ဘူး…”

ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“စာကြည့်ဆောင်ထဲ ဒီမိဖုရား ကြွမြန်းလာတုန်းက အမွှေးတိုင်နံ့လို ခပ်စူးစူးအနံ့တစ်ခုကို ရခဲ့တယ်… ဒါပေမယ့် သိပ်မကြာလိုက်ဘဲ အဲ့ဒီရနံ့ပျောက်ကွယ်သွားတယ်၊ အခုတော့ ဒီမိဖုရား အဲ့ဒီအနံ့ကို ရှာလို့တောင် မရတော့ဘူး”

ကျန်းကျီမြောင် အသက်ပြင်းပြင်းရှူသွင်းကြည့်လိုက်သည်။ သေချာပါသည်။ ထိုခပ်စူးစူးရနံ့အား အစအနပင် ရှာမရတော့ပါ။

မွှေးရနံ့ဟုတ်လား…

သိပ်မကြာဘဲ ပျောက်သွားတယ်တဲ့…

အစကတော့ ယွဲ့လင်း စိတ်ထဲမထားခဲ့ချေ။ သို့သော် ကျန်းကျီမြောင်၏စကားကို နားထောင်ရင်း မျက်နှာရုတ်တရက် ပျက်သွားခဲ့သည်။ အမွှေးတိုင်ရနံ့များကို သူ အမြဲတမ်း မုန်းတီးခဲ့ပါသည်။ ထိုရနံ့များက သူ့ခေါင်းကိုက်ဝေဒနာကို နှိုးဆွပေးနိုင်သောကြောင့်ပင်။

ဒီတစ်ခါ သူ ဘာရနံ့မှ မရရှိခဲ့သော်လည်း ကျန်းကျီမြောင်ကတော့ လိမ်စရာအကြောင်းမရှိပေ။ သူရုတ်တရက်ကြီး အမျက်ဒေါသတွေ ထွက်လာတာကလည်း တိုက်ဆိုင်မှုမဖြစ်နိုင်ပါ။ တော်ဝင်စာကြည့်ဆောင်ထဲ တစ်စုံတစ်ယောက် ခိုးဝင်ခဲ့တာသာဖြစ်လိမ့်မည်။

ယွဲ့လင်းတစ်ခုခုကို တွေးမိသွားသည်။ ယခင်တုန်းက ဝန်ကြီးမှူးမတ်တွေ အခစားဝင်ရောက်တိုင်း သူ့ဒေါသတွေ အလိုလိုထွက်ပေါ်လာလေ့ရှိသည်။ ထို့ကြောင့် သူပုံမှန်မဟုတ်လောက်အောင် စိတ်ဆတ်လာတတ်သည်။ သို့သော် ထိုအချိန်တွေတုန်းက စာကြည့်ဆောင်ထဲ ဓားတစ်ချောင်းမှမရှိခဲ့ပေ။ ထို့ကြောင့် ယွဲ့လင်း အမျက်ဒေါသထွက်သော်ငြား အသက်ဆုံးရှုံးမှုများ တစ်ခါမှမဖြစ်ခဲ့ဖူးချေ။

သို့သော်လည်း ယခုတစ်ခေါက်တွင်မူ တော်ဝင်ဓားတစ်ချောင်းစာကြည့်ဆောင်ထဲ ဆန်းကြယ်စွာရောက်ရှိနေလေသည်။ ကျန်းကျီမြောင်သာ အချိန်မှီရောက်ရှိမလာပါက ကောဟွိုက်အား သူကွပ်မျက်မိလောက်သည်။

ယွဲ့လင်း မျက်နှာအတော်လေး ပျက်လာပါပြီ။

ယွဲ့လင်း အလုပ်ရှုပ်နေသည်ဟု ကျန်းကျီမြောင်ထင်သွားပြီး မတ်တပ်ထရပ်လိုက်ပါသည်။

“နန်းတွင်းရေးရာတွေကြောင့် အရှင်မင်းကြီး မအားလပ်တဲ့ပုံပဲ၊ ဒီမိဖုရား ဆက်ပြီးအနှောင့်အယှက် မပြုတော့ဘဲ ပြန်လည်ကြွမြန်းပါတော့မယ်”

ကျန်းကျီမြောင် မတ်တပ်ရပ်လိုက်သောအခါ သူမလက်ကို ယွဲ့လင်း ဆုပ်ကိုင်ထားဆဲဖြစ်မှန်း သတိထားမိသွားသည်။ လက်ကိုဆွဲထုတ်ဖို့ သူမ ကြိုးစားခဲ့ပါသည်။

ဒီတစ်ခါတော့ ယွဲ့လင်းက လွှတ်ပေးခဲ့သည်။

“ဒီနွေက ပူလွန်းတယ်၊ နောက်တစ်ခါ အရေးကိစ္စတစ်ခုခု ရှိခဲ့ရင် မိဖုရား ကိုယ်တိုင် ကြွလာစရာမလိုပါဘူး၊ အခြွေ အရံတစ်ယောက်နဲ့သာ သတင်းစကားပါးလိုက်ပါ၊ ကျန်း ဖုန့်ယီနန်းဆောင်ကို ကြွမြန်းခဲ့မယ်”

ယွဲ့လင်းကို ကျန်းကျီမြောင်စိုက်ကြည့်လိုက်သည်။

[ဒီဘော့စ်က တော်တော်လေး သိတတ်လာပြီပဲ]

ထို့နောက် အမိန့်နာခံလိုက်ပြီး တော်ဝင်စာကြည့်ဆောင်ထဲမှကျန်းကျီမြောင် ထွက်ခွာသွားတော့သည်။

သူမ ထွက်ခွာသွားတာကို ယွဲ့လင်း ငေးကြည့်နေခဲ့သည်။ ထို့နောက် တော်ဝင်စာကြည့်ဆောင်ထဲကို သူစစ်ဆေးရှာ ဖွေခဲ့ပါသည်။ တချို့တွေရဲ့ လက်က ရှည်လျားလွန်းသည်ဟု ဆိုနိုင်သည်။ ဒီတော်ဝင်စာကြည့်ဆောင်ထဲ တစ်စုံတစ် ယောက် လျှို့ဝှက်ဝင်ရောက်ခဲ့တာ သေချာနေပါပြီ။

ယွဲ့လင်း နှုတ်ခမ်းထက်အေးစက်သော အပြုံးတစ်ခု ပေါ် လာခဲ့သည်။

“လီသဲ့ဟွိုက်!” ယွဲ့လင်း ဆင့်ခေါ်လိုက်သည်။

လီသဲ့ဟွိုက်လည်း ရင်တထိတ်ထိတ်ဖြင့် စာကြည့်ဆောင်ထဲ အမြန်ဝင်လာခဲ့သည်။ အရှင်မင်းကြီး မျက်နှာမကောင်း လှပါ။ ဒီတစ်ခါတော့ သွေးချောင်းတွေ စီးတော့မည်ထင် သည်။

“ရွှေသစ်ရွက်လေးတွေ ပြင်ဆင်ပြီး ဖုန့်ယီနန်းဆောင်ကို ပို့ဆောင်ပေးလိုက်”

ယွဲ့လင်း ရုတ်တရက် မိန့်ကြားလိုက်သည်။

ဟမ်…

လီသဲ့ဟွိုက် ခေတ္တ ကြက်သေသေသွားခဲ့ရသည်။ အရှင် မင်းကြီးအကြောင်း သူနားလည်ထားသလောက်ဆို ဒီလို မျက်နှာမျိုးက လူသတ်ချင်နေသည့် မျက်နှာမျိုးဖြစ်သည်။

သို့သော် အရှင်မင်းကြီးက အရှင်မကို လက်ဆောင်ပဏ္ဍာ ဆက်သဖို့သာ အမိန့်ပေးတာတဲ့လား…

“လက်ဆောင်ပဏ္ဍာကို ဆက်သတဲ့အခါ အရှင်မ စိတ်ပျော်ရွှင် ကျေနပ်ရဲ့လားဆိုတာပါ သေချာစောင့်ကြည့်ခဲ့၊ ပြီးရင် ကျန်းကို အသေးစိတ်ပြန်လာလျှောက်တင်ရမယ်” ယွဲ့လင်း ညွှန်ကြားလိုက်သည်။

လီသဲ့ဟွိုက် အမြန် အမိန့်နာခံလိုက်ပါသည်။ ထို့နောက် မိန်းမစိုးတချို့ကို ဦးဆောင်ပြီး ရွှေသစ်ရွက်များဖြင့် ဖြည့်ထားသည့် သေတ္တာတစ်လုံးကိုယူဆောင်ကာ ဖုန့်ယီနန်းဆောင်သို့ ထွက်ခွာလာခဲ့ကြသည်။

ကျန်းကျီမြောင် နန်းဆောင်သို့ ပြန်ရောက်ပြီး သိပ်မကြာလိုက်ဘဲ ယွဲ့လင်းထံမှ လက်ဆောင်ပဏ္ဍာတစ်ခုကိုရရှိလိုက်ပြန်သည်။ သူမ ပျော်လွန်းသဖြင့် မျက်လုံးများပင် ပျောက်သွားခဲ့ရသည်။

လီသဲ့ဟွိုက်လည်း အရှင်မင်းကြီးထံပြန်လျှောက်တင်ခဲ့သည်။ ယွဲ့လင်း နားဆင်ရင်း မျက်လုံးတွေထဲ ပျော်ရွှင်မှု အရိပ်အယောင်တွေ ပေါ်လွင်လာခဲ့ပါသည်။

ထို့နောက် သူ့ဘဏ္ဍာတွေကို အသေးစိတ် စတင်တွက်ချက်လေသည်။ ရွှေငွေရတနာပစ္စည်းများကို သပ်သပ်ရပ်ရပ် ဖြစ်အောင်စီမံပြီး မိဖုရားကြီးထံ ဖြည်းဖြည်းချင်းပို့ဆောင် သွားဖို့ ရည်ရွယ်ထားပါသည်။

အရှင်မင်းကြီး စိတ်ရွှင်နေပုံရသဖြင့် လီသဲ့ဟွိုက်လည်း အခြေအနေကို အကဲခတ်ကာ သက်ပြင်းချဖို့ကြံရုံရှိသေးသည်။

ထိုစဉ် ယွဲ့လင်း ရုတ်တရက် လက်ဝှေ့ရမ်းလိုက်ရာ ခန္ဓာ ကိုယ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ လူတစ်ယောက်ထွက်ပေါ်လာခဲ့လေသည်။

“လီသဲ့ဟွိုက်”

ယွဲ့လင်း မိန့်ကြားလိုက်သည်။

“စစ်သူကြီးစွန်းနဲ့အတူ တော်ဝင်စာကြည့်ဆောင်ကို စောင့်ကြည့်ထားပါ၊ တော်ဝင်စာကြည့်ဆောင်ထဲ တစ်စုံတစ် ယောက်က အမွှေးနံ့သာတစ်မျိုးမျိုးလာထည့်ထားသလား ဆိုတာလည်း စစ်ဆေးလိုက်၊ ပြီးတော့ မနေ့တုန်းက စာကြည့်ဆောင်ထဲ ဒီဓားမရှိခဲ့ဘူး၊ ကောဟွိုက် အခစား ဝင်တဲ့အခါကျမှ ရုတ်တရက်ပေါ်လာခဲ့တယ်…”

ယွဲ့လင်း အေးစက်သောအပြုံးဖြင့် ဆက်မိန့်လိုက်သည်။

“တရားခံကို မိတဲ့အခါ နှိပ်စက်ပြီး နောက်ကွယ်ကကြိုးကိုင် သူကို သိရအောင်မေး၊ ဘာမှ မထွက်ဆိုဘူးဆိုရင်တော့ သတ်ပစ်လိုက်တော့”

သတ်ပစ်လိုက်တော့တဲ့…

ထိုစကားကို ယွဲ့လင်း ပေါ့ပေါ့တန်တန် မိန့်ကြားလိုက်ခြင်းဖြစ်သည်။ လီသဲ့ဟွိုက် ရင်တုန်သွားခဲ့၏။ ဒါသူရင်းနှီးပြီးသားဖြစ်သည့် အရှင်မင်းကြီး၏သရုပ်မှန်ပင်။

မိဖုရားကြီးအကြောင်း ပြောဆိုနေစဉ် အရှင်မင်းကြီး မျက် လုံးတွေထဲ နူးညံ့သိမ်မွေ့မှုများ ထင်ဟပ်နေခဲ့ခြင်းက သူအမြင်မှားနေခဲ့ခြင်းကြောင့်လား…

All Chapters