Leaving the Palace
Vol. 5 Ch. 48
“အမိန့်တော်အတိုင်းပါ!”
စစ်သူကြီးစွန်းနဲ့ လီသဲ့ဟွိုက်တို့ နှစ်ယောက်စလုံး အမိန့်နာ ခံလိုက်ကြသည်။
လီသဲ့ဟွိုက် ခေတ္တတွန့်ဆုတ်သွားပြီး ယွဲ့လင်းကို မဝံ့မရဲ မေးမြန်းလိုက်သည်။
“အရှင်မင်းကြီး… ဒီငယ်သားတို့ စုံစမ်း စစ်ဆေးကြည့်လိုက်လို့ တရားခံတွေ အရမ်းများနေရင်…”
ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။
“ဘာလဲ နန်းတော်မှာ လူရှားလို့လား”
လီသဲ့ဟွိုက် နဖူးပေါ် ဇောချွေးများပြန်လာပြီး ချက်ချင်း ဒူးထောက်လိုက်ပါသည်။
“ဒီငယ်သား အမိန့်နာခံပါ့မယ်”
“အားလုံး သွားနိုင်ပြီ”
ယွဲ့လင်း လက်ရမ်းကာ မိန့်လိုက်သည်။
စစ်သူကြီးစွန်းနဲ့ လီသဲ့ဟွိုက်တို့ ခပ်မြန်မြန် ထွက်ခွာလာခဲ့ကြသည်။ လီသဲ့ဟွိုက် ချွေးတွေသုတ်ရင်း စစ်သူကြီးစွန်းကို ပြောလိုက်ပါသည်။
“စစ်သူကြီးစွန်း အရှင်မင်းကြီးရဲ့ အမိန့်တော်က ပြတ်သားတယ်၊ ဒီတစ်ခေါက် တရားခံတွေ ဘယ်လောက်ပဲ များပြားနေပါစေ တစ်ယောက်မကျန် စစ်ဆေးဖော်ထုတ်ရမယ်တဲ့”
“လူသတ်တယ်ဆိုတာ ကျုပ်အကျွမ်းကျင်ဆုံး အလုပ်ပဲ” စစ်သူကြီးစွန်း ခပ်ပြတ်ပြတ်ပြောလိုက်သည်။
လီသဲ့ဟွိုက် ခါးသီးစွာသာ ပြုံးနိုင်တော့သည်။
သို့သော် တစ်ဖက်မှ တွေးကြည့်လျှင်လည်း တော်ဝင်စာကြည့်ဆောင်ကို အရှင်မင်းကြီး ယခုလိုစေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးနိုင်စွမ်းရှိသေးတာ ဝမ်းသာစရာကောင်းပါသည်။ ဒီနေ့ တော်ဝင်စာကြည့်ဆောင်ထဲ ကောဟွိုက်သာကွပ်မျက်ခံခဲ့ရလျှင် စာကြည့်ဆောင်မှာ ပြဿနာတစ်ခုခုရှိနေမှန်း အရှင်မင်းကြီး ရိပ်မိလျှင်တောင် စုံစမ်းဖို့ အားအင်ကျန်တော့မည် မဟုတ်ပေ။
ဒီတစ်ခေါက် ယွဲ့လင်း၏အမိန့်များက ပြတ်သားလှသည်။ ဆက်နွယ်မှုတစ်ခုခု တွေ့ရှိတာနဲ့ တရားခံမှာ မယ်တော်ကြီးနန်းဆောင်အတွင်းမှ ဖြစ်နေလျှင်ပင် ထိုတရားခံအား စစ်သူကြီးစွန်း ကျိန်းသေ သွားဖမ်းဆီးမည်သာ။
ထိုအကြောင်းကို ကြားတော့ မယ်တော်ကြီး ဒေါသအလွန်ထွက်သွားခဲ့သည်။ ယွဲ့လင်းကို ချက်ချင်းဆင့်ခေါ်ပြီး ကြမ်းကြုတ်စွာ ဆုံးမခဲ့လေသည်။
သူမ ဘယ်လောက်ဆုံးမပါစေ ယွဲ့လင်းက ခေါင်းငုံ့ကာသာ နားထောင်နေပြီး နောက်ဆုံးကျမှ တစ်ခွန်းတည်းပြန်လျှောက်တင်လိုက်သည်။
“ဒီသားတော်က မယ်တော်ဘေးကင်းစေဖို့အတွက် ဆောင် ရွက်နေတာပါ၊ မယ်တော့်ဘေးမှာ ယုတ်ညံ့တဲ့လူတွေပုန်း ကွယ်နေမယ်ဆိုရင် ဒီသားတော် စိတ်နှလုံးအေးချမ်းနိုင်ပါ့မလား”
မယ်တော်ကြီး ခေါင်းမီးတောက်နေပါပြီ။ သို့သော် ယွဲ့လင်းကို သူမ ဘာမှ မတုန့်ပြန်နိုင်ပါ။ ယွဲ့လင်း ပြန်ကြွသွားပြီးနောက် မယ်တော်ကြီး မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
“ငါ့ကိုလျှောက်တင်စမ်း ကျင်းဖျင်၊ အရှင်မင်းကြီး ငါ့စကားကို အရင်ကထက် ပိုပိုပြီးပုန်ကန်လာတယ်လို့ မထင်ဘူးလား”
အထိန်းတော်ဖန့် မျက်ခွံများလှုပ်သွားခဲ့ပြီး တိုးညှင်းစွာ လျှောက်တင်လိုက်ပါသည်။
“မယ်တော်ကြီး… ယုံမင်းဆက်မှာ သားသမီးကျင့်ဝတ်ကို ဘယ်သူမှ ချိုးဖောက်လို့ မရဘူး၊ အရှင်မင်းကြီးဖြစ်နေရင်တောင် ချိုးဖောက်လို့ မရပါဘူး”
“အမှန်ပဲ…”
မယ်တော်ကြီး မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်သည်။
“ဒါပေမယ့် တစ်ခုခု မူမမှန်ဘူး၊ တစ်ခုခုမူမမှန်တာကျိန်းသေတယ်…”
သားသမီးကျင့်ဝတ်ရှိတာ မှန်ကန်သော်လည်း စစ်မှန်သည့် သားသမီးကျင့်ဝတ်နှင့် အပေါ်ယံသားသမီးကျင့်ဝတ်တို့ကလည်း ကွာခြားသေးသည်။ ယခင်တုန်းကဆို သူမအပေါ် ယွဲ့လင်း လေးစားကြည်ညိုမှုနဲ့ သံယောဇဉ်တချို့ ရှိခဲ့သည်ဟု မယ်တော်ကြီး ခံစားမိသည်။ သူမ ဘယ်လောက်ပဲ ကြိမ်းမောင်းခဲ့ပါစေ ယွဲ့လင်း အမြဲတမ်း ခေါင်းငုံ့သည်းခံခဲ့သည်။
သို့သော် ယခုမူ ယွဲ့လင်းက သူ့အပေါ်ဘာမှ မျှော်လင့်ချက် မထားတော့သည့် ပုံစံပေါက်နေသည်။ သူ့မယ်တော်ကို စိတ်ပြောင်းလဲအောင် ဖြောင်းဖြဖို့လည်း စိတ်ကူးမရှိသလို မေတ္တာတရားကိုလည်း မမျှော်လင့်တော့ပါ။ သူ့အား မယ်တော်အဖြစ်မှ စွန့်လွှတ်လိုက်သလိုပင်…
နန်းတော်ထဲမှာတော့ မယ်တော်ကြီးဟူသည့် အာဏာရှိနေဦးမည်ဖြစ်သော်လည်း ယွဲ့လင်းရင်ထဲမှာတော့ သူမကို မယ်တော်အဖြစ် လုံးဝမသတ်မှတ်လောက်တော့ပါ။
ထိုအတွေးဖြင့် မယ်တော်ကြီး ရင်တုန်သွားခဲ့သည်။ ယခင်တုန်းက သူမအပေါ် ယွဲ့လင်းသံယောဇဉ်ရှိနေသေးသည် ဟူသည့် အချက်ကိုအသုံးချခဲ့တာဖြစ်သည်။ ယခုမူ သူမကိုကြည့်သည့် ယွဲ့လင်းမျက်လုံးတွေထဲမှာ နွေးထွေးမှု စိုးစဉ်းမျှမရှိတော့ပေ။
သားတော်ကို… လုံးဝ ဆုံးရှုံးလိုက်ရပြီလား
“မယ်တော်ကြီး သိပ်စိတ်မပူပါနဲ့”
အထိန်းတော်ဖန့်က နှိပ်နယ်ပေးရင်း လျှောက်ထားလိုက်သည်။
“အရှင်မင်းကြီး ငယ်ငယ်လေးကတည်းက အေးတိအေး စက်နိုင်ခဲ့တာ မဟုတ်ပါလား၊ သူ့အပေါ် ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပြပါစေ သူ့ရင်ထဲမှာ နွေးထွေးမှုဆိုတာ မရှိဘူး၊ ဒါပေမယ့် မင်းသားအန်းဟယ်ကတော့ ခြားနားတယ်၊ မင်းသားအန်းငယ်ကို မယ်တော်ကြီးကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာ၊ မင်းသားအန်းဟယ်ကလည်း မယ်တော်ကြီးကို အမြဲတမ်း ချစ်မြတ်နိုးပြီး လေးစားကြည်ညိုမှု ရှိပါတယ်”
ထိုစကား ကြားခါမှ မယ်တော်ကြီး အနည်းငယ် စိတ်သက် သာသွားသည်။ မျက်လုံးတွေကို မှိတ်ကာ နှိပ်နယ်ခံလိုက်ရင်း တိုးညှင်းစွာ မိန့်လိုက်ပါသည်။
"အမှန်ပဲ… ဟွားအာလေး နန်းတက်ရမှ ဖြစ်မယ်၊ ဟွားအာလေး ပလ္လင်ပေါ်ကို ရောက်မှ ငါ့နေ့ရက်တွေ အေးချမ်းနိုင်တော့မှာ"
မယ်တော်ကြီး တတွတ်တတွတ် ရေရွတ်လိုက်သည်။ သူမကိုယ်သူမ ဖြောင်းဖြနေတာလား သူများတွေကို မိန့်ကြားနေတာလား မသဲကွဲတော့ပါ။
ထိုစကားလုံးများက ပုန်ကန်သည့် စကားလုံးများဖြစ်သော် လည်း အထိန်းတော်ဖန့် တုန်လှုပ်မှုမရှိဘဲ မယ်တော်ကြီးကို နှိပ်နယ်ပေးဖို့သာ အာရုံစိုက်ထားလေသည်။
--- --- ---
နောက်တစ်နေ့…
ဒီနေ့က ကျန်းကျီမြောင်၏အချိန်ဇယားထဲ အတန်းပိတ်ရက်တစ်ရက်လည်းဖြစ်သည်။ မိဖုရားကြီးကို လွန်စာသတိရနေသော်လည်း ကိုယ်လုပ်တော်များ စိတ်နှလုံး ချုပ်ထိန်းကာ ကိုယ့်နန်းဆောင်မှာကိုသည်းခံနေခဲ့ကြသည်။
အစကတော့ အချိန်ဇယားထဲရှိ ပိတ်ရက် ၂ ရက်ကို ကျန်းကျီမြောင် အိပ်စက်အနားယူဖို့ ဖန်တီးထားတာဖြစ်သော် လည်း ဒီနေ့တော့ စောစောစီးစီး အိပ်ရာထကာတက်ကြွလျက်ရှိနေသည်။
နန်းတော်အပြင်ဘက်က ပြင်ဆင်မှုတွေလည်း ပြီးဆုံးသွားပြီဖြစ်ကာ ယွဲ့လင်း လာခေါ်မည့် အချိန်ကိုသာ စောင့်မျှော်နေရုံသာ။
“ကောင်းပြီလေ! အားလုံးဖြစ်စေချင်တဲ့အတိုင်းပဲ မဟုတ်လား! ညီလာခံကို ရပ်ဆိုင်းစေ!”
ယွဲ့လင်း ညီလာခံထဲမှ ဒေါသတကြီး ပြန်ကြွသွားခဲ့သည်။
ဟွဲ့ဟွာကတော့ လှောင်ပြုံးပြုံးနေမိပါပြီ။ ကောဟွိုက်ကို သူ့ဘက်တော်သားတွေ အောင်အောင်မြင်မြင် ဆွဲချနိုင်ခဲ့ကြသည်။ ကောဟွိုက်က ယွဲ့လင်း၏အစွမ်းအစရှိသော လူယုံတော်တစ်ယောက် ဖြစ်ပါသည်။ ယွဲ့လင်းလက်ဖြင့် ကိုယ်တိုင်ကွပ်မျက်မည့် အစီအစဉ် မအောင်မြင်ခဲ့သော် လည်း အခုချိန်ကစပြီး သူတို့အတွက် ကောဟွိုက်က ဘာအန္တရာယ်မှ ရှိမည်မဟုတ်တော့ပါ။
ညီလာခံအပြင်ကို ရောက်သောအခါ ယွဲ့လင်း မျက်နှာ ပြန်တည်ငြိမ်သွားခဲ့သည်။ လီသဲ့ဟွိုက်လည်း စကားတစ်ခွန်းမှ မဟရဲဘဲ အနောက်မှ လိုက်လာခဲ့ပါသည်။
အရှင်မင်းကြီး ဒေါသတွေ တော်တော်ထွက်နေတဲ့ပုံပဲ…
စိတ်တိုစရာ ဘာမှ ထပ်မကြုံရပါစေနဲ့လို့ ဆုတောင်းရမယ်…
ယွဲ့လင်း ဦးတည်နေသည့် အရပ်ကို ကြည့်ရင်း လီသဲ့ဟွိုက် မျက်လုံးများ အရောင်လက်သွားသည်။
အရှင်မင်းကြီးက… ဖုန့်ယီနန်းဆောင်ကို ကြွမြန်းမလို့လား…
ဘာကြောင့်မှန်းမသိဘဲ လီသဲ့ဟွိုက် စိတ်သက်သာရာ ရသွားခဲ့သည်။ အရှင်မကိုသာ တွေ့ဆုံလိုက်လျှင် အရှင် မင်းကြီး ဒေါသတွေပြေပျောက်သွားနိုင်ပါသည်။
လီသဲ့ဟွိုက် ထိုသို့တွေးလိုက်သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် အလွန်စိတ်ချောက်ချားသွားခဲ့ရသည်။
အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ဖုန့်ယီနန်းဆောင်တွင် စကားခေတ္တပြောဆိုခဲ့ကြသည်။ ထို့နောက် နှစ်ယောက်စလုံး အရပ်သားဝတ်စုံများ လဲဝတ်လိုက်ကြလေသည်။
“လီသဲ့ဟွိုက် ဘာတွေရပ်ကြည့်နေတာလဲ၊ အရပ်သားဝတ် စုံအမြန်လဲပြီး နန်းတော်အပြင်ကို လိုက်ခဲ့စမ်း”
လီသဲ့ဟွိုက်ကို ယွဲ့လင်း မိန့်လိုက်ပါသည်။
“နန်း… နန်းတော်ပြင်ပကို လိုက်ခဲ့ရမယ် ဟုတ်လား”
လီသဲ့ဟွိုက် ကြက်သေသေသွားခဲ့သည်။
“အရှင်မင်းကြီး… ဒီ… ဒီငယ်သားတို့ပဲ ပါမှာ ပါလား…”
ယွဲ့လင်း မျက်ခုံးပင့်သွားသည်။
“ဘယ်ဟုတ်ပါ့မလဲ၊ ကိုယ်တော်တို့ကို စောင့်ကြည့်ကာကွယ်ပေးဖို့ စစ်သူကြီးစွန်းကိုလူတွေ လွှတ်ခိုင်းထားတယ်၊ စိတ်မပူပါနဲ့ ဘာအမှားအယွင်းမှ မဖြစ်နိုင်ပါဘူး”
“အရှင်မ…”
ကျန်းကျီမြောင်ကို လီသဲ့ဟွိုက် အားကိုးတကြီးကြည့်လိုက် ပါသည်။ သူမ တစ်ခုခု ကူညီဝင်ပြောပေးလိမ့်မည်ဟု သူမျှော်လင့်မိသည်။
“ဒီမိဖုရားတို့ မိန်းမစိုးကြီးလီကိုပဲ စောင့်နေကြတာ၊ မြန်မြန်လုပ် မြန်မြန်လုပ်”
ကျန်းကျီမြောင် တိုက်တွန်းလိုက်သည်။
[မိန်းမစိုးကြီးလီက တော်တော် တုံးတာပဲ… ရှိပါစေလေ၊ သူက ငါ့ရဲ့နံပါတ်တစ် အမာခံ ပရိတ်သတ်ကြီးဆိုတော့ သည်းခံပေးလိုက်ပါမယ်!]
အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့နှစ်ယောက်စလုံးစိုက်ကြည့်နေကြသဖြင့် လီသဲ့ဟွိုက် နဖူးပေါ်မှ ဇောချွေးများကိုသုတ် ရင်း အမိန့်နာခံဖို့သာရှိတော့သည်။
အပေါ်ယံမှာတော့ ယွဲ့လင်းက လီသဲ့ဟွိုက်တစ်ယောက် တည်းကို ခေါ်ဆောင်ကာ ကျန်းကျီမြောင်လည်း ယွင်ရှန်း တစ်ယောက်တည်းကိုသာ ခေါ်ဆောင်လာခြင်းဟု ထင်ရသည်။ အခြွေအရံခေါင်းဆောင်နှစ်ယောက်အနက် ကျန်းကျီမြောင်က ကျွေ့ယွဲ့ကိုဖုန့်ယီနန်းဆောင်မှာသာ နေခိုင်းခဲ့ပါသည်။ ဒါမှ သူမလည်း ဖုန့်ယီနန်းဆောင်အတွက် စိတ်ချနိုင်မှာ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း အစီအစဉ်များဖြင့် ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ နန်းတော်မှ လျှို့ဝှက်ထွက်ခွာလာခဲ့ကြသည်။ သူတို့ကို စစ်သူကြီးစွန်း ကာကွယ်ပေးလိမ့်မည်ဟု ယွဲ့လင်းက ဆိုသော်လည်း လီသဲ့ဟွိုက် တစ်လမ်းလုံး ပတ်ဝန်း ကျင်ကို အကဲခတ်ကြည့်ခဲ့သော်လည်း အရိပ်အယောင်ပင် မမြင်ရပါ။ ထို့ကြောင့် သူစိတ်တွေချောက်ချားလာခဲ့သည်။
အရှင်မင်းကြီးသာ တစ်ခုခုဖြစ်သွားပါက သူအသက်ရှင်နိုင်မှာ မဟုတ်တော့ပေ။
စိတ်သောကရောက်နေသည့် လီသဲ့ဟွိုက်ကို ကြည့်ရင်း ကျန်းကျီမြောင် သက်ပြင်းချလိုက်ပါသည်။ အခုချိန်မျိုးမှာသာ လီသဲ့ဟွိုက်၏ ‘စိတ်ချောက်ချားမှု’အမှတ်ကို စုဆောင်းနိုင်မည်ဆိုလျှင် သူမ အမှတ်သူဌေးဖြစ်နေလောက်ပါပြီ။
နန်းတော်ဂိတ်တံခါးပေါက်သို့ ရောက်သောအခါ လီသဲ့ဟွိုက် ခန္ဓာကိုယ် ပိုမိုတောင့်တင်းသွားရသည်။ အဘယ့်ကြောင့်ဆိုသော် အရပ်သားဝတ်စုံဝတ်ပြီး စိုးရိမ်တကြီး စောင့်မျှော်နေသည့် ဒုတိယမင်းသမီးကိုပါ မြင်လိုက်ရခြင်းကြောင့်ပင်။
“အစ်ကိုတော်!”
ယွဲ့မြန် မျက်လုံးများ အရောင်လက်သွားပြီး ယွဲ့လင်းတို့ထံ ခပ်သုတ်သုတ် လျှောက်လာခဲ့လေသည်။
ယွဲ့လင်း ခေါင်းညိတ်ပြလိုက်၏။
“ဒီနေ့ ‘ယွင်ရွှေကျန့်’ကို သွားရောက်ဖို့ ကျန်းကျစ်ဖျင် စီစဉ်ထားတယ်လို့ ကြားသိရတယ်၊ ကိုယ်တော်တို့လည်း သူနဲ့ ဘေးချင်းကပ်ရပ် အခန်းကို ကြိုတင်ငှားရမ်းထားတယ်၊ မြို့စားရှဲ့ဆီ သွားရောက်လည်ပတ်ပြီးရင် မင်းကိုခေါ်သွားပေးမယ်၊ ဒါပေမယ့် ခပ်လှမ်းလှမ်းကပဲ စောင့်ကြည့်ရမယ်နော်၊ စိတ်မထိန်းနိုင်ဘဲ ပြေးထွက်သွားတာမျိုး မလုပ်ရဘူး၊ ပြီးတော့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် လုပ်ရပ်မျိုး လုံးဝ မလုပ်ရဘူး”
ယွဲ့မြန် အနည်းငယ် စိတ်ဖိစီးသွားပြီး ခေါင်းငုံ့သွားပါသည်။ “နှမတော် နားလည်ပါတယ်”
ဒီပြဿနာ ဘယ်လောက် အရေးကြီးမှန်း ယွဲ့မြန်လည်း သိပါသည်။ နန်းတော်ပြင်ပကိုထွက်နိုင်ဖို့က သူမ၏ နောက် ဆုံးဆန္ဒဟု ဆိုနိုင်သည်။
လက်ဆက်ထိန်းမြှားမှုကို ဧကရီမယ်တော်ကြီးက ကမ်း လှမ်းခဲ့ပြီး သူ့ မယ်တော်ကလည်း သဘောတူခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ မယ်တော်ကြီးစကားနား ထောင်ခဲ့ပြီး လိမ္မာယဉ်ကျေးစွာ သူမ နေထိုင်ခဲ့သည်။ မျှော် လင့်မထားသည့် ဘာပြဿနာမှမဖြစ်ခဲ့လျှင် သူ သမီးအလိမ္မာအဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။
ဒီနေ့ ကျန်းကျစ်ဖျင်ကို ဘာကြောင့် အလွန်တွေ့ချင်နေမှန်း သူကိုယ်တိုင်လည်း နားမလည်မိပါ။ သူ့စိတ်ထဲ… ဆန့် ကျင်ကန့်ကွက်ချင်စိတ် ရေးရေးလေး ရှိနေတာကြောင့် ဖြစ်နိုင်သည်။
သို့သော် သူမ စိတ်ကိုပြင်ဆင်ထားပါသည်။ ဧကရီမယ် တော်ကြီးနဲ့ သူ့ မယ်တော်တို့ကိုယ်တိုင် ရွေးချယ်ပေးထားသည့် လူက လူဆိုးမဖြစ်နိုင်ပါ။
တစ်ကြိမ်တစ်ခါလောက်တွေ့ပြီးသည်နှင့် သူမ စိတ်အေးနိုင်ပြီဖြစ်ပြီး ထိန်းမြှားမင်္ဂလာအတွက်အာရုံစိုက်ကာပြင် ဆင်နိုင်ပါလိမ့်မည်။