← Chapters

ဒါက ငရဲပဲ(၄)

Vol. 17 Ch. 239

ဒါက ငရဲပဲ(၄)

Vol. 17 Ch. 239

"သူတို့သွားကြပြီလား"

“…ဟုတ်ကဲ့”

"သွားနှင့်ကြပြီပေါ့"

“ဟုတ်ကဲ့”

ထန်ဂန်းက ထန်ကျန့်ကို ငေးကြောင်ကြောင်ဖြင့် ကြည့်နေခဲ့သည်။

“ဟွာဆန်းကတပည့်တွေ ယူနန်က ပြန်လာပြီဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ တစ်နာရီလောက်ကမှ ရခဲ့တာပါ ဒါပေမယ့် သူတို့က ရှန်းရှီကို ခရီးစထွက်သွားပြီလို့ ပြောနေတာလား”

“… ကျွန်တော်လည်း အဲ့ဒီအကြောင်းကို တွေးမရဖြစ်နေတာပါ”

“ဟမ်”

ထန်ဂန်းက ထိုစကားကိုကြားသောအခါ သက်ပြင်းချလိုက်လေသည်။သူလည်း စိတ်ပျက်သွား၏။

"ဘာကြောင့်ဖြစ်နိုင်လဲ လက်ဖက်ရည်တစ်ခွက် သောက်ဖို့တောင် မရပ်နိုင်လောက်အောင် အလောတကြီး လှုပ်ရှားနေကြတာလား”

သူတို့ ဘယ်လောက်အလုပ်များနေပါစေ၊ထန်မိသားစုအိမ်ခြံထဲကို အနည်းဆုံး တစ်ခေါက်လောက် ခဏတဖြုတ် ဝင်နားလိမ့်မည်ဟု သူထင်ခဲ့သည်။သို့သော် သူတို့က ထန်မိသားစုကို တစ်ကြိမ်တောင် မရှာဘဲ ထွက်သွားကြသည်...

'အဲဒါ သူနဲ့တူတယ်'

ထန်ဂန်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ဒီအကြောင်းကို သူထပ်တွေးကြည့်မှ သူတို့တွေ ဒီနေရာကိုလာစရာ အကြောင်းပြချက်မရှိကြောင်း သိလိုက်သည်။ဟွာဆန်းနှင့် ထန်မိသားစုသည် ၎င်းတို့၏အခြေအနေကို သတင်းပို့ရမည့် အထက်အောက်လူများထက် မိတ်ဆွေများဖြစ်နေသောကြောင့်ဖြစ်သည်။

'ဘယ်လိုပဲဖြစ်ဖြစ် သူတို့သတင်းမပေးတဲ့အတွက် စိတ်မကောင်းဖြစ်နေမိတာက သူတို့က ငါ့အတွက် တစ်မူထူးခြားနေလို့ပဲ’

ထန်ဂန်း၏မျက်နှာထက်တွင် ခါးသက်သော အပြုံးတစ်ခုရှိနေသည်။

'ငါ ဘာတွေ ခံစားနေရတာလဲ'

သူနှင့် အချိန်အတော်ကြာ အတူကစားဖို့ စီစဉ်ထားသည့် သူငယ်ချင်းက ရုတ်တရက် ဖျက်သိမ်းလိုက်သလို ခံစားနေရသည်။

"ဒါက အတည်မပြုရသေးပေမယ့်..."

"ဘာကိုလဲ"

"ဟွာဆန်းက တပည့်တွေက ယူနန်လက်ဖက်ခြောက်အတွက် တစ်ဦးတည်းပိုင်တဲ့ အခွင့်အရေးကို ရရှိထားပုံရပါတယ်"

“… တစ်ဦးတည်းပိုင်တဲ့ အခွင့်အရေး”

"ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ် အတည်ပြုချက် ရလာနိုင်ပါတယ်"

"ဘာမှ စစ်ဆေးစရာ မရှိလိုဘူး"

သခင်ကြီး၏ စကားကိုကြားသောအခါ ထန်ကျန့်မှာ အနည်းငယ် ထိတ်လန့်သွားလေသည်။

“တကယ်လို့ သူသာဆိုရင် ကုန်သွယ်မှုအတွက် တစ်ဦးတည်းပိုင်တဲ့ အခွင့်အရေးကို ရခဲ့တာ ဖြစ်နိုင်ပေမယ့် သားရဲနန်းတော်ကိုလည်း ဓားပြတိုက်လာတာဖြစ်နိုင်တယ် ငါတို့ထန်မိသားစုမှာ ငါတို့ဝှက်ထားခဲ့တာတွေကိုတောင် လုယက်ခံခဲ့ရတယ်ဆိုမှတော့ သားရဲနန်းတော်လည်း ဘာထူးမှာလဲ”

“ဒါပေမယ့်…”

ချွန်းမြောင်၏မျက်နှာကို မှတ်မိနေသော ထန်ကျန့်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူတို့တွေက ထွက်သွားပြီပဲ"

ထန်ဂန်းတစ်ယောက် အနည်းငယ်နောင်တရမိသည့်အခိုက်အတန့်ဖြစ်သည်...

အပြင်ဘက်မှ အနည်းငယ် ရောထွေးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

“သခင်ကြီး”

"အဲဒါကဘာလဲ"

“ပင်လယ်လေးစင်းကုန်သည်ကုန်သည်များအသင်း အကြီးအကဲက သခင်ကြီးကို တွေ့ဖို့ တောင်းဆိုလာလို့ပါ”

"ဟမ်"

ထန်ဂန်းက မျက်မှောင်ကြုတ်လိုက်လေသည်။

'ပင်လယ်လေးစင်းကုန်သည်များအသင်း'

“သူတို့ကို အထဲ ခေါ်လာခဲ့ကြ”

“ဟုတ်ကဲ့”

သိပ်မကြာခင်မှာပဲ တံခါးမကြီးကပွင့်လာပြီး ဂျိုဖြောင်းက အခန်းကျယ်ကြီးထဲသို့ ဝင်လာ၏။

"နှုတ်ဆက်ပါတယ် ထန်သခင်"

“မတွေ့ရတာ အတော်ကြာပြီပဲ ဒါပေမယ့် ခင်ဗျား လာလည်ရတဲ့ ရည်ရွယ်ချက်က ဘာများပါလဲ"

"စာတစ်စောင်ပို့ဖို့ လာခဲ့တာပါ"

"စာတစ်စောင်'

ထန်ဂန်းက သူ့ခေါင်းကို စောင်းလိုက်၏။

'ပင်လယ်လေးစင်း ကုန်သည်များအသင်း အကြီးအကဲက ပေးတဲ့စာဆိုရင်...'

"ဟွာဆန်းရဲ့ နတ်နဂါးလား"

“ဟုတ်ပါတယ်”

ထန်ဂန်းက ပြုံးလိုက်လေသည်။

ထိုအပြုံးကိုမြင်သောအခါ ဂျိုဖြောင်းပင် အနည်းငယ် အံ့အားသင့်သွားလေသည်။

"ကျုပ် ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့မိပါတယ်"

"ကိစ္စမရှိပါဘူး။ကျွန်တော်က ရယ်စရာကောင်းလို့ ပြုံးလိုက်မိတာပါ"

"ဘာကိုရယ်တာလဲဆိုတာ မေးလို့ ရမလား"

“စဉ်းစားကြည့်ပါဦး စီချွမ်မှာ အင်အားစုဆောင်းပြီး အခြားသူတွေရဲ့ လည်ပင်းကို ချိန်ထားတဲ့လူတွေရှိပါတယ် ဒါပေမဲ့ လူငယ်တစ်ဦးက ပင်လယ်လေးစင်း ကုန်သည်များအသင်းက ခေါင်းဆောင်တစ်ယောက်ကို ကျွန်တော့်ဆီ စာတစ်စောင်ပို့ခိုင်းလိုက်တာ အဓိပ္ပာယ်မရှိဘူးလေ"

ဂျိုဖြောင်းက တောက်ပစွာ ပြုံးလိုက်သည်။

"အသက်အရွယ်က အရေးမကြီးပါဘူး"

“အဲဒါကို ကျွန်တော် ထပ်ပြီး သဘောပေါက်လိုက်ပါတယ် စာက…"

"ဒီမှာ"

ထန်ဂန်းက စာကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် စာအိတ်ကိုဖွင့်ကာ စာထဲကအကြောင်းအရာများကို စိတ်ဝင်တစားဖတ်လေသည်။

ဂရုတစိုက် ဖတ်ကြည့်ပြီးနောက် အမူအရာ ကင်းမဲ့စွာနှင့် စာကို အောက်သို့ ချလိုက်၏။ထို့နောက်သူက ဂျိုဖြောင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

"ခင်ဗျား ဒီစာထဲက အကြောင်းအရာတွေကို ဖတ်ပြီးပြီလား"

“ဒါကို ထန်သခင်ဆီ ပေးပေးပြီး ထန်သခင်က ဘယ်လိုလုပ်ဖို့ ဆုံးဖြတ်လဲဆိုတာ စောင့်နေဖို့ ပြောလိုက်တာပါပဲ”

“ရူးလောက်ပါပေတယ်”

ထန်ဂန်းက ပြုံးလိုက်သည်။

“ဒီစာထဲက အကြောင်းအရာတွေက မှန်တယ်ဆိုရင်တော့ ပင်လယ်လေးစင်းကုန်သည်များအသင်းက အနာဂတ်မှာ ယူနန်နဲ့ လက်ဖက်ကုန်သွယ်မှုကို တစ်ဦးတည်းမူပိုင်ခွင့်ရနိုင်မယ် ထင်ပါတယ်”

“တကယ်တော့ ဒါက ဟွာဆန်းက အခွင့်ရှိတာပါ ကျုပ်တို့က အခကြေးငွေနည်းနည်းယူပြီးမှ သူတို့အတွက် အလုပ်လုပ်ပေးတာပါ”

“နည်းနည်းလေးဆိုရင်တောင်မှ အမြတ်ကြီးကြီးရလိမ့်မယ်”

ထန်ဂန်းက သူ့မေးစေ့ကို အသာလေး ပွတ်သပ်နေလေသည်။

“ဟွာဆန်းရဲ့ နတ်နဂါးက ကျွန်တော်တို ထန်မိသားစုကို လက်ဖက်ခြောက်ရောင်းဝယ်ရေးမှာလည်း ပါဝင်စေချင်နေတာ သူတို့တွေ စီချွမ်ကနေ ယူနန်ကို အပြန်ပြန်အလှန်လှန် ခရီးသွားတဲ့အချိန်မှာ ကျွန်တော်တို့က ကုန်သည်တွေကို ဓားပြတွေလက်ကနေ ဘေးကင်းအောင် ကာကွယ်ပေးနိုင်ရင် ဆုလာဘ်ကတော့ တော်တော်မြင့်မယ်ထင်တယ်”

ဂျိုဖြောင်းက စာထဲမှ မထင်မှတ်ထားသော အကြောင်းအရာများကို ကြားလိုက်ရသဖြင့် နှုတ်ဆိတ်သွားလေသည်။သူက ထန်ဂန်းကို ကြည့်လိုက်၏။

'သူဟာ တကယ်ကို နောက်မဆုတ်တတ်တဲ့သူတစ်ယောက်ပဲ'

ဒါက သူ ချွန်းမြောင်အကြောင်း တွေးနေမိတာဖြစ်သည်။

တကယ်တော့ အဆိုပြုချက်က မဆိုးလှပေ။အားထုတ်မှု များများစားစားမလိုဘဲ အောင်မြင်နိုင်တဲ့အရာတစ်ခုဖြစ်သည်။

ယခုပြဿနာမှာ ချွန်းမြောင်က တခြားလူများထက် ထန်မိသားစုကိုသာ ဤအဆိုပြုချက်ကို ပေးခဲ့တာဖြစ်သည်။

အခြားကုန်သည်များအတွက် စောင့်ကြပ်ပေးရမည့်တာဝန်အား ထန်မိသားစုသို့ အပ်နှင်းသည့် စိတ်ကူးသည် ချွန်းမြောင်မှလွဲ၍ အခြားမည်သူကမျှ မလုပ်နိုင်သော အရာဖြစ်သည်။

“ဟမ်”

ထန်ဂန်းက သူ့မေးစေ့ကို ညင်သာစွာ ကုတ်ခြစ်လိုက်၏။

"မင်းရော ဘယ်လိုထင်လဲ"

ထန်ကျန့်ကို တိုက်ရိုက်မေးသော မေးခွန်းတစ်ခုဖြစ်သည်။

ထန်ကျန့်က တခြား ဘာမှ ပြောစရာစကားမရှိသဖြင့် ဦးညွတ်လိုက်၏။

"သခင်ကြီး လက်ခံလိုက်ပါ"

"အကြောင်းပြချက်က"

ထန်ဂန်း၏မေးခွန်းကြောင့် ထန်ကျန့်က သူ့လည်ချောင်းကို ရှင်းလိုက်၏။

“ဟုတ်ပါတယ် ဒီဆုံးဖြတ်ချက်ကိုချဖို့က မလွယ်ပေမယ့် အရမ်းလည်းမခက်ပါဘူး ဒါထက် ဒီကိစ္စက လုပ်ဆောင်ဖို့ရာ တွန့်ဆုတ်နေသင့်တဲ့ ကိစ္စမဟုတ်ပါဘူး ကျွန်တော်တို့တွေ အကျိုးကျေးဇူးတွေ ရလာနိုင်တာကြောင့်…”

"ငါတို့တွေ ပိုက်ဆံဘယ်လောက်ရမယ်ထင်လဲ"

"ဒါက ငွေကြေးရတာမျိုးမဟုတ်ပါဘူး"

"အမ်"

ထန်ဂန်းက ထန်ကျ့န်ကို ကြည့်လိုက်လေသည်။သူ့မျက်လုံးတွေက ဆုံးဖြတ်ချက်ခိုင်မာနေပုံပေါ်သည်။

“ဒီနေရာမှာ ငွေကြေးအမြတ်က အဓိပ္ပာယ်မရှိပါဘူး အရေးကြီးတာက ကျွန်တော်တို့က သူတို့ရဲ့ စောင့်ရှောက်သူတွေလို ဟန်ဆောင်ပြီး ယူနန်ထဲကို ဝင်နိုင်မှာပါ"

"...အဲဒါ ဖြစ်နိုင်ပါ့မလား"

ထန်ဂန်းက သံသယစိတ်ဖြင့် မေးလိုက်ရာ ထန်ကျန့်က ဂျိုဖြောင်းအား စိုက်ကြည့်နေလေသည်။

ထိုအချိန်အထိ နှုတ်ဆိတ်နေခဲ့သော ဂျိုဖြောင်းက စကားဝင်ပြောလာခဲ့သည်။

“ဟွာဆန်းက သားရဲနန်းတော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အကြောင်းနဲ့ ဟွာဆန်းက တပည့်အားလုံးကို ယူနန်မှာ တန်းတူရည်တူဆက်ဆံကြောင်း ကြားထားပါတယ် ခင်ဗျားက ဟွာဆန်းနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ထန်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုရင် ခင်ဗျားလည်း မျှတတဲ့ ဆက်ဆံမှုမျိုး ဆက်ဆံခံရနိုင်တယ်"

“ဟင်”

'ယူနန်လူမျိုးများနှင့် တန်းတူညီသောဆက်ဆံမှု'

ထန်ဂန်းက စတင်တွေးတောလာသည်။

ဂျိုဖြောင်းက ပြောပြီးသည်နှင့် ထန်ကျန့်က ဆက်ပြောလိုက်သည်။

"ကျွန်တော်တို့ ယူနန်ကို သွားမယ်ဆိုရင် သားရဲနန်းတော်နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်တယ်လို့ ဆိုလိုနေတာမဟုတ်ဘူးလား ကျွန်တော်တို့ ဒီအခွင့်အရေးကို လက်လွတ်လို့မဖြစ်ပါဘူး”

"…ဒါတော့ ဟုတ်တယ်"

ထန်ဂန်းက ခေါင်းယမ်းလိုက်လေသည်။

သို့သော် သူ့မျက်နှာထက်တွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင် မတွေ့ရပေ။ထိုသို့ဖြစ်ရမည့်အစား သူ့နှုတ်ခမ်းထောင့်များမှာ ရိုးတိုးရွတဖြစ်လာပြီး ရုတ်တရက် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခြောက်လန့်နေစေသည်။

"ပင်လယ်လေးစင်းကုန်သည်များအသင်းအကြီးအကဲ"

“ဟုတ်ကဲ့ပါ ထန်သခင်”

“ဒီအချိန်ကစပြီး ယူနန်ပြည်နယ်ကို သွားတဲ့ဘယ်သူ့ကိုမဆို စီချွမ်ထန်မိသားစုရဲ့ နာမည်နဲ့ ကာကွယ်ပေးသွားမှာပါ ခရီးအသွားအလာကို နှောင့်ယှက်ဖို့ ကြိုးစားတဲ့သူတွေကို ကျွန်တော်တို့က စီချွမ်ထန်ကို ဆန့်ကျင့်တိုက်ခိုက်တဲ့သူတွေအဖြစ် မှတ်ယူသွားမှာပါ”

"ကျေးဇူးတင်ပါတယ် ထန်သခင်"

ဂျိုဖြောင်းက ဦးညွှတ်လိုက်လေသည်။

ခုတော့ အားလုံး အတူတူဆုံသွားပြီဖြစ်သည်။ယခုအချိန်တွင် ပင်လယ်လေးစင်းကုန်သည်ကြီးများအသင်းသည် ယူနန်ပြည်နယ်နှင့် တစ်ဦးတည်း ကုန်သွယ်မှုပြုလုပ်ခွင့်ရမည်ကို မကျေမနပ်ဖြစ်ကြသည့် ကုန်သည်များသာမက အမြတ်အစွန်းကို ချိန်ရွယ်နေသော ဓားပြများကိုပါ သတိထားရမည်ဖြစ်သည်။

အနည်းဆုံး စီချွမ်တွင် ထန်မိသားစုသည် ဘုရင်သာဖြစ်သည်။ယခုလည်း စီချွမ်နှင့် ယူနန်ကြားက ကုန်သွယ်မှုကို စီချွမ် ထန်မိသားစုနှင့် သားရဲနန်းတော်တို့က တစ်ဖက်တစ်ချက်စီက ကာကွယ်ထားလေသည်။အခုအချိန်မှာ ဘယ်သူက လာရှုပ်ရဲတော့မှာလဲ။

"ဒါနဲ့….လက်ဖက်ရည်တစ်ခွက်လောက် သောက်ပါဦးလား"

“မသောက်တော့ပါဘူး ထန်သခင် ကျုပ်အတွက် လုပ်စရာတွေ အရမ်းများလွန်းနေလို့ပါ ပထမဆုံး ခရီးစတင်တာနဲ့ ကျုပ် ခင်ဗျားကို ခေါ်ဖို့ လာခဲ့ပါ့မယ်"

“ခင်ဗျားတော့ အလုပ်ရှုပ်နေမှာပဲ အလုပ်ရှုပ်ခံပြီး လူကိုယ်တိုင်မလာပါနဲ့ တစ်ယောက်ယောက်ကိုသာ လွှတ်လိုက်ပါ”

"စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဂျိုဖြောင်းက ထွက်ခွာသွားစဉ် ထန်ဂန်းက စားပွဲခုံကို သူ့လက်ချောင်းဖြင့် ပုတ်လိုက်သည်။ခဏလောက် စဉ်းစားပြီးနောက် ထန်ကျန့်ကို ကြည့်လိုက်၏။

"မင်း ဘယ်လိုထင်လဲ"

"ဒါက ကျွန်တော်ထင်ထားတာထက် ပိုကောင်းပါတယ်"

"ဟုတ်လား"

ထန်ကျန့်က ခေါင်းညိတ်လိုက်သည်။

“ဟွာဆန်းရဲ့ နတ်နဂါးလို လူတစ်ယောက်က ကျွန်တော်တို့ကို အစောင့်အကြပ်တွေအဖြစ် သာမန်ရည်ရွယ်ချက်နဲ့ လုပ်ခိုင်းဖို့မဟုတ်လောက်ဘူး ဟွာဆန်းရဲ့မဟာမိတ်အဖြစ် ကျွန်တော်တို့ရဲ့ရာထူးကို အသုံးပြုပြီး နန်မန်သားရဲနန်းတော်နှင့် ချိတ်ဆက်ပေးဖို့ပဲဖြစ်မယ်”

“ဟုတ်တယ်”

"သားရဲနန်းတော် ထန်မိသားစုနဲ့ ဟွာဆန်းက တစ်ဦးနဲ့တစ်ဦး ရင်းနှီးနေကြမယ်ဆိုရင် ရှန်းရှီ စီချွမ်နဲ့ ယူနန်ကို ဆက်သွယ်ထားတဲ့ နယ်နိမိတ်မျဉ်းတစ်ခုကို ဖန်တီးနိုင်လိမ့်မယ် ဒီလိုသာဆို ဒီနေရာသုံးခုက အနောက်ဘက်ဒေသမှာ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုရှိလိမ့်မယ်”

“ဒါက ဂိုဏ်းကြီး ကိုးဂိုဏ်း ဒါမှမဟုတ် ကြီးကျယ်မြင့်မြတ်တဲ့ မိသားစုငါးခုနဲ့ မတူတဲ့ မဟာမိတ်အသစ်တစ်ခုပဲ မဟာမိတ်ဖွဲ့ဖို့အတွက် လုံးဝထူးခြားနေတဲ့ နေရာသုံးနေရာပဲ…”

ကန်ဟိုမြေပုံ၏အနောက်ဘက်တွင် မေဟွားပန်းများ စတင်ပွင့်လာနေပြီဖြစ်သည်။

"ကန်ဟိုမှာ အာဏာစီးဆင်းမှုကို သူက ပြန်ရေးဆွဲချင်နေတာလို့ ပြောနေတာလား"

“နတ်နဂါးက ဒါကို ဘယ်လောက်အထိ တွေးနေမှန်းတော့ မသိပါဘူး ဒါပေမယ့် သူက ယူနန်ကို တစ်ခေါက်လောက် ခရီးထွက်ရုံနဲ့ အများကြီး ရလာနိုင်ခဲ့ပါတယ်”

“ဟုတ်တာပေါ့… သူက သေချာပေါက် လုပ်နိုင်ပါတယ်”

တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်တိုးတက်လာသော အနှောင်အဖွဲ့အသစ်များကို တွေးတောရင်း ပြုံးလိုက်သည်။

'သူက တကယ့်ကို မထိနိုင်တဲ့ တစ္ဆေတစ်ကောင်လိုပဲ’

စီချွမ် ထန်မိသားစုက ဆယ်စုနှစ်များစွာ တွေးတောနေခဲ့သော အရာများကို နှစ်လအတွင်း ဖြေရှင်းနိုင်ခဲ့သည်။

'ဒါက အဆုံးသတ်မဟုတ်သေးဘူးမဟုတ်လား ဟွာဆန်းရဲ့ နတ်နဂါး'

ထန်ဂန်းသည် အနာဂတ်မှာ ဘာတွေ ဖြစ်လာမည်ကို သိချင်နေခဲ့သည်။

“ဒီသဘောတူညီချက်က ထန်မိသားစုကို အကျိုးအမြတ် ကြီးကြီးမားမား ပေးလိမ့်မယ် ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ သိခဲ့ရင် ဟွာဆန်းကို ပိုကြီးတဲ့လက်ဆောင်ကို ပေးခဲ့မှာပေါ့"

“သိပ်တော့ နောက်မကျသေးပါဘူး အခုပဲ ပို့လိုက်ရအောင်လား"

"အခု"

"နတ်နဂါးပြန်မလာခင်မှာ ဟွာဆန်းကို လက်ဆောင်ပေးလိုက်ရင် အဲဒါက သူ့အတွက် နည်းနည်းလောက်ဖြစ်ဖြစ် အားဖြစ်စေပါလိမ့်မယ်ပြီးတော့ သူက ကျွန်တော်တို့ကို ပိုပြီး အကြင်နာပိုသွားပါလိမ့်မယ်"

“တက်စ် သူတို့က ဒီလိုမျိုး နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်ဆံရမယ့်လူတွေ မဟုတ်ဘူးလေ မင်းက လက်တွေ့ဘဝနဲ့ ဝေးကွာလွန်းနေတယ်"

"…တောင်းပန်ပါတယ် ဒါဆို လက်ဆောင်မပေးဘဲနဲ့..."

"မဟုတ်ဘူး ငါ့နာမည်နဲ့ ကြီးတာတစ်ခုခုပြင်ထားလိုက်"

“…”

“….”

"ဘာလဲ"

“…ဘာမှမဟုတ်ပါဘူး”

ထန်ကျန့်က ခေါင်းညိမ့်လိုက်လေသည်။ထန်ဂန်းက နောက်ဆုံးတွင် သူ့သားကို သိမ်မွေ့သော အပြုံးဖြင့် လှမ်းမျှော်ကြည့်လိုက်လေသည်။

'အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး သူ့လက်ထဲမှာ ရှိတော့မှာပဲ’

သို့သော် ထူးထူးခြားခြား သူကတော့ ပျော်နေပုံပင်။

"ဟွာဆန်း ဟွာဆန်း ဘယ်လောက် ဝေးဝေးသွားနိုင်မလဲဆိုတာ ကြည့်ရမှာပေါ့ မဟုတ်ဘူး…ငါက ဝမ်းမြောက်ဝမ်းသာကို သူ့ရဲ့ အတောင်ပံတွေထဲက တစ်ခု ဖြစ်လာမှာပါ”

ထန်ဂန်း၏ မျက်လုံးများမှာ ထိုသို့ဖြစ်လာရန် စိတ်အားထက်သန်နေပုံရသည်။

ဟွတ်...ဟွတ်...ဟွတ်...

"ချွန်းမြောင် ငါတော့ ဒီလိုနဲ့ သေတော့မှာပဲ"

"မင်းမသေပါဘူး သေမှာမဟုတ်ပါဘူး ပြေးရင်းနဲ့ သေသွားတဲ့လူ ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး”

"ယား မင်းက အရူးပဲ အခုထိ... စီချွမ်ကနေ ရှန်ရှီးကို ပြေးလာတာ ဖြစ်နိုင်ပါ့မလား။ငါတို့တွေ မြင်းစီးရအောင်"

"ငါတို့က မြင်းတွေထက် ပိုမြန်တယ်လေ"

"...အ-အင်း အဲဒါတော့ ဟုတ်ပါတယ်"

လူတိုင်းဆီမှ ကန့်ကွက်သံများ ထွက်ပေါ်လာသောကြောင့် ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်လေသည်။

“ညည်းညူနေ‌မယ့်အစား ရှေ့ကို နောက်တစ်လှမ်း လှမ်းလိုက်စမ်းပါ ငါတို့ဂိုဏ်းခေါင်းဆောင်က ငါတို့ခြေထောက်တွေ အားမပြတ်ခင်မှာ သေသွားနိုင်တယ် ငါတို့တွေ အဲဒီကိုရောက်မှ အနားယူကြမယ် သွားထား...ဟွာဆန်းကို မရောက်မချင်း အနားယူလို့ မရဘူး တောင်ထိပ်ရောက်မှ အနားယူကြမယ်”

"ကျာ့"

ဂျိုဂု၏အိမ်ကို ခဏတဖြုတ် ဝင်နားတာတောင် ပြန်ဖို့အတွက် မပြေးခင်မှာ ရေတစ်ခွက်တောင် မသောက်ခဲ့ကြရပေ။ထို့ကြောင့် သူတို့မှာ အသည်းခိုက်အောင် နာကျင်နေကြသည်။

ပြေးဖို့ ဘယ်လောက်ကျန်သေးလဲ။သူတို့ ပြေးတာ ၄ ရက်ရှိနေပြီ။အခုတော့ သူတို့ပါးစပ်ထဲမှာ ချိုချိုမွှေးမွှေး အနံ့တစ်မျိုး ရှိနေပုံပဲ။

တုန်ယင်နေသော ခြေထောက်များကို အားသွန်ခွန်စိုက် ဆွဲယူနေသော ဂျိုဂုက နောက်ကျကျန်နေသည့် ယွန်းဂျွန်ကို ရှေ့သို့ တွန်းလိုက်လေသည်။

"ဆာဟျောင်း ကိုယ့်စိတ်ကိုယ်ထိန်းထားပါ"

“…ဓားပြတွေ”

"အမ်"

“… ငါတို့က ဓားပြတွေအပေါ် ကောင်းခဲ့တယ်လို့ ထင်ခဲ့တာ သူတို့တွေ ဒီလောက်ခက်ခဲနေတယ်ဆိုတာ ငါမသိခဲ့ဘူး”

“…”

'မဟုတ်ဘူး ဒီလူက ကမ္ဘာပေါ်က လူတိုင်းအပေါ် ကောင်းပေးဖို့ တကယ်ကြိုးစားနေတာ စိတ်ထိန်းထားစမ်းပါ'

တစ်ချိန်တည်းမှာပင် သေရေးရှင်ရေးတမျှ အသက်ရှူနေသည့် ဘတ်ချုန်းက ချွန်းမြောင်ကို သံသယမျက်လုံးများနှင့် ကြည့်လိုက်လေသည်။

“ဒါပေမယ့် ချွန်းမြောင်…”

"အမ် ဘာလဲ ရှစ်ရှုန်း"

"မင်းထန်မိသားစုကို ဘာလို့ဆွဲထည့်ပေးတာလဲ ငါဘယ်လောက်ပဲ တွေးတွေး မင်းက အမြတ်ငွေကို တခြားသူနဲ့ ဝေမျှမယ့်သူ မဟုတ်ဘူး"

"အာ ဒါလား"

ချွန်းမြောင်က ပြုံးလိုက်လေသည်။

“အဲဒါ ကျွန်တော့်ပိုက်ဆံမကုန်ပါဘူး”

“…ဟင်?”

“သေချာပေါက် ကုန်သည်အဖွဲ့က ငွေအများကြီးကုန်သွားလိမ့်မယ်”

“…”

"ဟုတ်တယ် တော်တော်များလောက်မှာ ဒါပေမယ့် အစောင့်အကြပ်တွေရှာဖို့ ပိုက်ဆံတွေကရော ဘယ်ရောက်သွားလဲ ထန်မိသားစုကိုက ပိုက်ဆံပေးမှမပေးခဲ့တာ"

“ဟု-ဟုတ်တယ်”

'မဟုတ်သေးပါဘူး...နေပါဦး’

'ဒါအကုန်ပဲလား'

ထင်သည့်အတိုင်း ချွန်းမြောင်က ဆက်ပြောလာလေသည်။

“အဲဒီနေရာမှာ ဓားပြတွေ အရမ်းများတယ်ပြီးတော့ ဆန်တွေနဲ့ လက်ဖက်ခြောက်နဲ့ ပတ်သက်လာရင် သူတို့က ခွေးလို ပြေးလာကြမှာမဟုတ်လား ဒါပေမယ့် ထန်မိသားစုက လူတွေရှိနေရင် ကုန်သည်အဖွဲ့က သက်သာရာမရဘူးလား”

“….ဒါက သိသာတဲ့ အကြောင်းပြချက်ပဲ”

သူတို့စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေသော ဂျိုဂုက ချွန်းမြောင်ဆီသို့ ပြေးသွားလေသည်။

"ယား မင်းဆိုလိုတဲ့သဘောက မင်းက ငါ့အိမ်ကို အသုံးချနေတဲ့ သဘောလား”

ချွန်းမြောင်က ခြောက်ထောက်တွေ နာကျင်နေသည်ကို မေ့သွားပြီး သူ့ဆီပြေးလာသည့် ဂျိုဂုကိုကြည့်ရင်း လျှာသပ်လိုက်လေသည်။ထို့နောက် သူက ဂျိုဂုဖင်ကို ပိတ်ကန်လိုက်၏။

"မဟုတ်သေးပါဘူး မင်းလိုလူတစ်ယောက်က ကုန်သည်မိသားစုကနေ ဘယ်လိုများ မွေးလာတာလဲ ကုန်သည်အဖွဲ့က ဘေးကင်းပြီး ထန်မိသားစုကလည်း ကျေနပ်တယ်လေ နှစ်ဦးနှစ်ဖက် အဆင်ပြေနေတော့ ငါတို့အတွက်လည်း ကောင်းတာပေါ့ အားလုံးအဆင်ပြေနေမှတော့ ဘယ်လိုလုပ် လှည့်စားတာဖြစ်မှာလဲ"

'ဒါကို ဘယ်သူကမှ ရိုက်စားလို့ မခေါ်ဘူး ချွန်းမြောင်’

'မင်းစဉ်းစားနေတာက...'

ချွန်းမြောင်က စိတ်လှုပ်ရှားစွာ စတင်ပြေးပြန်လေသည်။

“အခု ငါတို့ စီချွမ် ဒါမှမဟုတ် ယူနန်ကို ခဏလောက်ကြာအောင် သွားဖြစ်မှာမဟုတ်ဘူး ဒါပေမယ့် ငါတို့မရှိတဲ့အချိန်မှာ ပြဿနာ မဖြစ်သင့်ဘူးလေ ပြီးတော့ ပိုက်ဆံလေ ငွေတွေက ငါတို့ဆီ အရူးလို လှိမ့်ဝင်လာမှာလေ ငါတို့ဘာမှလုပ်စရာကိုမလိုဘူး ငွေတွေက ငါတို့ဆီ ဆက်လိုက်လာလိမ့်မယ် ဒါထက် ဘယ်အရာကများ ပိုပြီးပြည့်စုံနိုင်ဦးမလဲ ဟားဟားဟားဟား!"

ဘတ်ချုန်းက သူ့ကိုကြည့်ကာ ခေါင်းခါလိုက်လေသည်။ခဏလောက်ကြာသောအခါ ချွန်းမြောင်၏ မျက်လုံးများမှာ လခြမ်းကွေးလေးလို ဖြစ်သွားလေသည်။

‘ထူးထူးဆန်းဆန်း ငါတော့ ယူနန်နဲ့ စီချွမ်အတွက် စိတ်မကောင်းဘူး’

'တောင်းပန်ပါတယ်'

'ဒါပေမယ့် မင်းတို့တွေပဲ ဒုက္ခရောက်နေတာ မဟုတ်ပါဘူး ဒါကြောင့် ကျေးဇူးပြုပြီး နားလည်ပေးပါ ဟွာဆန်းကလည်း ခက်ခဲနေလို့ပါ...''

ထိုစဉ်တွင်

"ဟိုမှာ"

"အာ"

ဘာမှမပြောဘဲ ပြေးနေခဲ့သည့် ယုယီဆိုးက မိုးကုပ်စက်ဝိုင်းပေါက်က အဝေးတစ်နေရာကို ညွှန်ပြလိုက်၏။

"ဟွာဆန်း"

“အာ…”

နောက်ဆုံးတော့ သူတို့ ဟွားဆန်းကို မြင်ရပြီ။

ခပ်လှမ်းလှမ်းမှာ

တိမ်တွေဝိုင်းနေတဲ့ ချောက်ကမ်းပါး မြင့်မြင့်မားမား တည်နေတဲ့ ဧရာမတောင်ထွတ်

"...ငါတို့တွေ ရောက်ပြီကွ"

"ဟွာဆန်း"

ခရီးရှည်ကြီး တစ်ခုထွက်ပြီးနောက်တွင် နောက်ဆုံးတော့ သူတို့အားလုံး ဟွာဆန်းသို့ ရောက်လာခဲ့ကြသည်။

"သွားကြစို့"

"ဟုတ်ကဲ့ ရှစ်ရှန်း"

“ဟုတ်ကဲ့”

ဟွာဆန်း၏ တပည့်များသည် နှောင့်နှေးမနေဘဲ ဟွာဆန်းသို့ ပြေးကြလေသည်။

သူတို့အားလုံး၏ ခြေလှမ်းများမှာတော့ တောက်ပ၍ ပေါ့ပါးနေလျက်…..

All Chapters