Underhanded Tactics
Vol. 5 Ch. 50
ယွဲ့ရှင်း ဟုတ်လား…
ကျန်းကျီမြောင် ခေတ္တကြက်သေသေသွားပြီး မျက်နှာထားလည်း ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
“ချိုးရွှယ်အနားက အခြွေအရံကို ယွဲ့ရှင်းလို့ခေါ်တာလား” ကျန်းကျီမြောင် စိတ်ဝင်စားသွားလေသည်။
သခင်မရှဲ့လည်း ကြောင်စီစီဖြစ်သွားကာ အမြန်လျှောက်တင်လိုက်ပါသည်။
“ဟုတ်တယ် ယွဲ့ရှင်းက ချိုးအာလေးနဲ့ အတူတူကြီးပြင်းလာခဲ့တာလေ၊ နှစ်ယောက်စလုံးက ညီအစ်မတွေလိုပဲ ချစ်ခင်ကြတာ၊ ခဏလေးတောင် ခွဲထားလို့မရဘူး”
[… အတူတူကြီးပြင်းလာကြတာ… ညီအစ်မတွေလို ချစ် ခင်ကြတာတဲ့လား၊ နောက်ပိုင်း ရှဲ့ချိုးအရေးနိမ့်ပြီး နန်းဆောင်ထဲ တစ်ယောက်တည်း ပိတ်လှောင်နေရချိန် ယွဲ့ရှင်းက ယွဲ့ဟွာရဲ့ကြင်ယာတော်တစ်ယောက် ဖြစ်လာတာ မဟုတ်ဘူးလား!]
သခင်မရှဲ့ မျက်နှာချက်ချင်း ပျက်သွားခဲ့သည်။
ဘာ…
ယွဲ့ရှင်းက ယွဲ့ဟွာရဲ့ ကြင်ယာတော်တစ်ယောက် ဖြစ်လာတယ် ဟုတ်လား!
မဖြစ်နိုင်တာ…
ချိုးအာလေးက ယွဲ့ရှင်းအား ညီအစ်မအရင်းတစ်ယောက်သဖွယ်သဘောထားခဲ့သည်။ သိပ်မကြာသေးခင်ကပင် ယွဲ့ရှင်းအတွက် အိမ်ထောင်ဖက်ကောင်းရှာဖွေပေးရန် ချိုးအာလေး တောင်းဆိုခဲ့သေးသည်။
ယွဲ့ရှင်းမှာလည်း အခက်အခဲတွေကိုခံနိုင်ရည်ရှိမည့် မိန်းက လေးမျိုး မဟုတ်သဖြင့် သူမအတွက် ချမ်းသာကြွယ်ဝသည့် ကုန်သည်မိသားစုတစ်စုကို သခင်မရှဲ့ရှာဖွေပေးခဲ့သည်။
ကုန်သည်မိသားစုများက ဂုဏ်အဆင့်အတန်းသိပ်မမြင့်ကြသော်လည်း ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝကြသည်။ လက် ထပ်ပြီးသွားပါက ယွဲ့ရှင်း ထိုမိသားစု၏ပဏာမဇနီးဖြစ်သွားမည်ဖြစ်ကာ ရှဲ့မိသားစုကလည်း သူမကို ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်သည်။
သားသမီးရလာပါကလည်း အကောင်းဆုံး ပညာသင်ဆရာတွေကို ငှားရမ်းပေးပြီး နန်းတွင်းစာမေးပွဲများဖြေဆိုနိုင်သည့်အထိ ကလေးကိုထောက်ပံ့ပေးမည်။ ကုန်သည်မိသားစုမှ ယွဲ့ရှင်းအားအနိုင်ကျင့်ရဲကြမည်မဟုတ်ပေ။ ထို့ကြောင့် ယွဲ့လင်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ပါလိမ့်မည်။
ယွဲ့ရှင်း၏သဘောထားကိုလည်း သခင်မရှဲ့မေးမြန်းခဲ့သည်။ ယွဲ့ရှင်းကလည်း ဒီထိန်းမြှားမှုကိုသဘောတူ လက်ခံခဲ့သည်။ အမှားအယွင်းမရှိပါက ဒီလပိုင်းထဲ မင်္ဂလာပွဲအား ကျင်းပပေးမှာတော့ဖြစ်သည်။ ချိုးအာနှင့် ယွဲ့ဟွာတို့လက် ဆက်ထိန်းမြှားဖြစ်ခဲ့လျှင်ပင် ယွဲ့ရှင်း၏မင်္ဂလာပွဲအား သူမ ကျိန်းသေပေါက် ကူညီပေးမှာဖြစ်ပါသည်။
ဘယ်လိုပဲကြည့်ကြည့် ယွဲ့ရှင်း ယွဲ့ဟွာ၏ကြင်ယာတော်ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။
“သခင်မရှဲ့” ယွဲ့လင်း ရုတ်တရက် မေးလိုက်သည်။
“သခင်မလေးရှဲ့ အပြင်သွားတော့ အဲ့ဒီယွဲ့ရှင်းတစ် ယောက်တည်းကိုပဲ ခေါ်သွားခဲ့တာလား”
သခင်မရှဲ့ ခေါင်းအမြန်ခါလိုက်သည်။
“အဲ့လိုတော့ မဟုတ်ပါဘူး၊ယွဲ့ရှင်းအပြင် တခြားအခြွေအရံ လေးယောက်လည်းပါသွားတယ်။ ပြီးတော့ သူတို့ကို ကာကွယ်ပေးဖို့ အစောင့်တွေလည်းပါသွားတယ်၊ ချိုးအာ ဒီတစ်ခေါက် အပြင်ထွက်တာက အဝတ်အစားတွေရွေးဖို့နဲ့ လက်ဝတ်ရတနာတွေ ရွေးဖို့အဓိကပါ၊ အဲ့ဒီ ဆိုင်နေရာတွေမှာ အမျိုးသမီးဧည့်သည်တော်တွေပဲများတယ်။ ဘာပြဿနာမှ မရှိလောက်ပါဘူး”
“အမျိုးသမီးဧည့်သည်တော်တွေ ဟုတ်လား”
ယွဲ့လင်း မျက်ခုံးပင့်သွားသည်။
"ဒါဆို အစောင့်တွေ ဝင်ခွင့်မရှိဘူးပေါ့၊ သခင်မလေးရှဲ့ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ ရွေးချယ်တဲ့အချိန်မှာ သူနဲ့အတူ ယွဲ့ရှင်းပဲရှိနေမှာလား”
ယွဲ့လင်းက ရုတ်တရက်ကြီး အရေးမပါဘူးဟု ထင်ရသော မေးခွန်းများကိုမေးမြန်းလာသည်။
ကျန်းကျီမြောင်၏အတွေးသံများကို မကြားနိုင်သည့် ရှဲ့ချန်းကတော့ ဘာမှနားမလည်နိုင်ဖြစ်နေရသည်။ “အရှင်မင်းကြီး ချိုးအာလေးတို့က ဒီတိုင်း အပြင်ထွက်သွားကြတာပါ၊ မသင့်တော်တာ တစ်ခုခုရှိလို့လား”
“တိတ်စမ်း!!”
သခင်မရှဲ့ ဒေါသတကြီး အော်ငေါက်လုက်သည်။
ရှဲ့ချန်း လန့်ဖျပ်သွားလေသည်။
သူ့ဇနီးသည် အကြောင်းအရင်းမရှိဘဲ ဘာလို့ရုတ်တရက်ကြီး ဒေါသထွက်သွားရတာလဲ ?
သခင်မရှဲ့ ရူးသွပ်ချင်သွားရသည်။ သူမ တစ်စုံတစ်ခုကို နားလည်သွားတာကြောင့်ဖြစ်သည်။
ယွဲ့ရှင်းက နောင်တစ်ချိန်မှာ ယွဲ့ဟွာ၏ကြင်ယာတော်ြဖစ်လာမည့်သူဖြစ်သည်။ ထို့ကြောင့် ယွဲ့ဟွာနဲ့ ယွဲ့ရှင်း ပတ် သက်မှုရှိနေတာ ကြာလောက်ပါပြီ။ ယွဲ့ဟွာ၏နှောင့်ယှက်မှုများကြောင့် ရှဲ့ချိုး စိတ်ညစ်နေစဉ် အပြင်ထွက်ပြီး စိတ်အပန်းဖြေဖို့ ယွဲ့ရှင်းကသာ အကြံပေးခဲ့ခြင်းဖြစ်သည်။
ရှဲ့ချိုးနှင့် လိုက်ပါသွားသူတွေ အများကြီးရှိသော်လည်း ထိုယွဲ့ရှင်းကိုသာ ရှဲ့ချိုးယုံကြည်မှု လွန်ကဲနေသည်။
ယွဲ့ရှင်းသာ ယွဲ့ဟွာနဲ့ ပူးပေါင်းပြီး ရှဲ့ချိုးကို တစ်ခုခုလုပ်ဖို့ ကြံစည်လိုက်ပါက လွယ်ကူလွန်းလိမ့်မည်သာ။
သခင်မရှဲ့ ဆုံးဖြတ်ချက်တစ်ခု ချက်ချင်းချခဲ့ပြီး ယွဲ့လင်းရှေ့မှာ ဒူးထောက်လိုက်သည်။
“အရှင်မင်းကြီး! ဒီငယ်သားရဲ့သမီးတော်ကို ကယ်တင်ပေးတော်မူပါ! ချိုးအာလေး ဘေးအန္တရာယ်ကင်းရှင်းမယ်ဆိုရင် ချဲ့မိသားစုတစ်စုလုံး အရှင်မင်းကြီးဆီမှာ မတွ့န်မဆုတ်ဘဲ သစ္စာခံပါ့မယ်!”
ရှဲ့ချန်း မျက်လုံးများ ကျွတ်ကျမတတ်ပြူးကျယ်သွားရသည်။
ဘာဖြစ်တာလဲ… ဘယ်လိုဖြစ်သွားတာလဲ!
ချိုးအာကို အရှင်မင်းကြီးကယ်တင်ပေးဖို့ ဘာလို့ ရုတ်တ ရက်ကြီး လိုအပ်သွားတာလဲ!
ပြီးတော့ ဒီလိုကတိမျိုး လွယ်လွယ်နဲ့ပေးလိုက်စရာလား!
ရှဲ့ချန်း တစ်ခုခုဝင်ပြောဖို့ ကြံလိုက်သော်လည်း သခင်မရှဲ့က သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သတိပေးလိုက်သည်။ ရှဲ့ချန်းလည်း ပါးစပ်ပိတ်သွားပြီး ဘာမှ ဆက်မပြောရဲတော့ချေ။
ယွဲ့လင်းက သခင်မရှဲ့ကို အဓိပ္ပာယ်ပါစွာကြည့်လိုက်ပြီး မတွန့်မဆုတ် မိန့်ကြားလိုက်သည်။
“စိတ်ချပါ သခင်မရှဲ့၊ ကျန်းတို့ နန်းတော်ပြင်ပကိုထွက်လာတုန်းက ကိုယ်ရံတော်တွေ အများကြီးခေါ်ဆောင်လာပြီးသားပါ၊ သခင်မလေးရှဲ့ အသက်အန္တရာယ်မရှိနိုင်ပါဘူး”
သို့သော်လည်း သခင်မရှဲ့ မျက်နှာကတော့ စိတ်သက်သာရာရသွားပုံ မပေါ်ပေ။ ရှဲ့ချိုး အသက်အန္တရာယ်မရှိနိုင်မှန်း သူမလည်းသိသည်။ တခြားအန္တရာယ်တွေကိုသာ စိတ်ပူတာဖြစ်သည်။
မင်းသားအန်းဟယ်က ချိုးအာကို လက်ဆက်ဖို့ ခေါင်းမာနေသော်လည်း ရှဲ့မိသားစုက လျစ်လျူရှုထားခဲ့တာဖြစ် သည်။ ချိုးအာနဲ့ ရှဲ့မိသားစုတို့ ဆုံးဖြတ်ချက်ကိုမပြောင်း လဲသဖြင့် ယွဲ့ဟွာက ဘယ်လိုနည်းလမ်းတွေကို အသုံးပြုလာနိုင်မလဲ မပြောတတ်ပေ။
ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်လျှင်တော့ ထိုထိန်းမြှားမှုကို လိုက်လျောပေးဖို့အတွက် အရှင်မင်းကြီးထံ ယွဲ့ဟွာ တောင်းဆိုလိမ့်မည်။ အရှင်မင်းကြီးသာ အမိန့်အာဏာ ထုတ်ပြန်လိုက်ပါက ရှဲ့မိသားစု မနာခံလို့မရတော့ပါ။ သို့သော် အရှင်မင်းကြီးကတော့ ထိုသို့အမိန့်ထုတ်ပြန်မည် မဟုတ်ပေ။
ထို့ကြောင့် ကောက်ကျစ်သည့်နည်းလမ်းတွေကိုသာ ယွဲ့ဟွာ သုံးနိုင်လိမ့်မည်။ ထိုနည်းလမ်းတွေက မသမာသော် လည်း အောင်မြင်သွားခဲ့လျှင်…
ထိုအတွေးဖြင့် သခင်မရှဲ့ ဇောချွေးများပြန်လာခဲ့သည်။
“သခင်မရှဲ့ ကျေးဇူးပြုပြီး မတ်တပ်ရပ်ပြီး လျှောက်တင်ပါ၊ သခင်မလေးရှဲ့ ဘယ်တွေကိုသွားနိုင်မလဲဆိုတာ စဉ်း စားကြည့်ပါဦး၊ ဒီမိဖုရားတို့အားလုံး အတူတူသွားရှာလို့ရတယ်” ကျန်းကျိမြောင် ပြောလိုက်သည်။
သခင်မရှဲ့ ရီဝေစွာခေါင်းညိတ်လိုက်ပါသည်။
“အမိန့်အတိုင်းပါ…”
ထို့နောက် ရှဲ့ချိုး မကြာခဏ သွားတတ်သည့် နေရာများကို သခင်မရှဲ့တင်ပြခဲ့ပါသည်။ ထိုနေရာများထံသို့ ရှဲ့မိသားစုစံအိမ်မှ လူတွေစေလွှတ်ပြီး ရှာဖွေခိုင်းထားပြီဖြစ်သည်။ ထို့နောက် ရှဲ့ချိုး အသွားတတ်ဆုံး နေရာတစ်ခုကိုရွေး ချယ်ကာ ယွဲ့လင်းတို့ကိုခေါ်ဆောင်ပြီး သခင်မရှဲ့ ထွက်ခွာလာခဲ့သည်။
သခင်မရှဲ့ပုံပန်းသဏ္ဌာန်က အလွန်အမင်း စိုးရိမ်ပူပန်နေပုံရသည်။ ရှဲ့ချန်းကတော့ ဘေးမှာအလွန်နားမလည်နိုင်ဖြစ်နေသည်။ သို့သော် မည်သူ့ကိုမှမမေးရဲသဖြင့် စိတ်မွန်းကျပ်နေရသည်။
ယွဲ့မြန်လည်း စိတ်ဝင်စားနေပါသည်။ ထို့ကြောင့် သူမ တိုးညှင်းစွာမေးကြည့်လိုက်သည်။
“ယောင်းမတော်… ဘာတွေဖြစ်နေတာလဲ”
ခုနက စကားဝိုင်းကို နားထောင်ကြည့်ရသလောက်တော့ ဘာပြဿနာမှ မရှိဟု သူ ခံစားမိသည်။ သို့သော် သခင်မရှဲ့ ရုတ်တရက် မျက်နှာပျက်သွားခဲ့ပြီး ရှဲ့ချိုးအား ချက်ချင်း ထွက်ရှာဖွေနေပါသည်။
ကျန်းကျီမြောင်လည်း တိုးညှင်းစွာပြန်ဖြေလိုက်သည်။
“ဒီကမ္ဘာကြီးထဲက မိန်းမသားတွေရဲ့ ဘဝကတော်တော် ခက်ခဲတာပဲ၊ တော်ဝင်မိသားစုက မိန်းကလေးအတွက်တောင် အန္တရာယ်မကင်းဘူး၊ သခင်မရှဲ့ ဒီတိုင်းကြောက် စိတ်မွှန်နေတာပါ”
ကြောက်စိတ်မွှန်နေတာ ဟုတ်လား…
ဘာအတွက် ကြောက်စိတ်မွှန်နေတာလဲ…
ယွဲ့မြန် နားမလည်နိုင်ပါ။
“မြန်မြန်သွားရမယ် မြန်မြန်သွားမှဖြစ်မယ်”
သခင်မရှဲ့ ပါးစပ်မှ တတွတ်တွတ် ရေရွတ်ရင်းခြေလှမ်းများလည်း မြန်ဆန်သထက် မြန်ဆန်လာခဲ့ပါသည်။
မကြာမီ ဆွေကြီးမျိုးကြီးမိသားစုများအတွက် အဝတ်အ စားသီးသန့် ချုပ်လုပ်ပေးသည့် နီရှန့်ဆောင် အမည်ရသော ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ နီရှန့်ဆောင်၏ အပြင်ဘက်တွင် စောင့်ကြပ်နေကြသည့် အစောင့်များအား သခင်မရှန့် မြင်သွားခဲ့ပါသည်။ ထိုအစောင့်တွေက ရှဲ့ချိုးနဲ့အတူ လိုက်ပါသွားကြသည့် အစောင့်တွေပဲဖြစ်သည်။
သခင်မရှဲ့ မျက်နှာပျက်သွားပါသည်။
“နင်တို့ သခင်မလေး ဘယ်မှာလဲ”
အစောင့်တစ်ယောက်က အမြန်ဖြေကြားလိုက်သည်။
“သခင်မလေး အထဲမှာရှိနေပါသေးတယ်၊ ထွက်မလာသေးပါဘူး”
အထဲမှာပဲ ရှိနေသေးတယ် ဟုတ်လား…
သခင်မရှဲ့ စိတ်မထိန်းနိုင်တော့ဘဲ ဆိုင်ထဲ ချက်ချင်းပြေးဝင်သွားခဲ့သည်။
ထိုဆိုင်ထဲကို ယောက်ျားလေးများ ဝင်ခွင့်မရှိသဖြင့် ကျန်းကျီမြောင်နဲ့ ယွဲ့မြန်တို့သာလိုက်ဝင်သွားခဲ့ကြပါသည်။
နီရှန့်ဆောင်ထဲတွင်…
ရှဲ့ချိုးနဲ့အတူ လိုက်ပါသွားသည့် အခြွေအရံများကမူ အောက်ထပ်မှာ ရေနွေးကြမ်းသောက်ရင်း စကားပြောဆိုနေကြလေသည်။
“နင်တို့ သခင်မလေး ဘယ်မှာလဲ!”
သခင်မရှဲ့မျက်နှာ အလွန်အကျည်းတန်နေပါပြီ။
အခြွေအရံများလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြပြီး အမြန်ဖြေလိုက်သည်။
“သခင်မလေးနဲ့ ယွဲ့ရှင်းတို့ အပေါ်ထပ်က အဝတ်အစားလဲခန်းထဲမှာ ရှိပါတယ် သခင်မကြီး၊ ဆိုင်ရှင်က အဝတ်အစားတချို့ ပို့ဆောင်ပေးနေလို့ သခင်မလေး စမ်းဝတ်ကြည့်နေတာ ဖြစ်နိုင်ပါတယ်…”
သခင်မရှဲ့ နှလုံးသား အောက်ဆုံးထိထိုးကျသွားခဲ့သည်။
ဒါဆို အပေါ်ထပ်မှာ ချိုးအာနဲ့ ယွဲ့ရှင်းတို့ နှစ်ယောက်တည်း ရှိနေတာပေါ့!
သခင်မရှဲ့မျက်နှာ ဖြူရော်သွားပြီး အပေါ်ထပ်သို့ ချက် ချင်းတက်လာခဲ့သည်။ သို့သော် ခြေထောက်များက မခိုင်သဖြင့် ခြေလှမ်းအနည်းငယ်သာလှမ်းရသေးပြီး ခြေချော်ကာ လှေကားပေါ်မှ ပြုတ်ကျမလို ဖြစ်သွားခဲ့သည်။
ထိုစဉ် သူမကို လက်တစ်စုံက လာရောက်ကူတွဲပေးခဲ့ပါသည်။ သခင်မရှဲ့ နောက်လှည့်ကြည့်လိုက်ရာ ကျန်းကျီမြောင်ကို မြင်လိုက်ရသည်။ တုန်ယင်နေသောာ နှုတ်ခမ်းများဖြင့် သခင်မရှဲ့ ပြောလိုက်ရသည်။
“ကျေးဇူးတင်ပါတယ်…”
ဒီလိုနေရာမှာ ကျန်းကျီမြောင်ကို ‘အရှင်မ’ဟု မခေါ်ဆိုရဲပါ။
ကျန်းကျီမြောင် ခေါင်းခါလိုက်သည်။
“ကျေးဇူးတင်မစောပါနဲ့၊ အပေါ်မှာ အရင်သွားရှာကြရ အောင်”
အပေါ်ထပ်သို့ ရောက်ရှိသောအခါ နီရှန့်ဆောင် ဆိုင်ရှင်က အခန်းတံခါးရှေ့မှာ ကိုယ်တိုင်စောင့်ကြပ်နေပါသည်။ သခင်မရှန့်ကို မြင်တော့ သူမ မျက်နှာ အနည်းငယ်ပျက်သွားပြီး အမြန်ပြောလိုက်သည်။
“သခင်မကြီး… သခင်မလေးရှဲ့က အထဲမှာ အဝတ်အစားတွေ စမ်းဝတ်ကြည့်…”
“လမ်းဖယ်စမ်း!”
သခင်မရှဲ့ စိတ်မရှည်ဘဲ ဆိုင်ရှင်ကိုတွန်းထုတ်ကာ တံခါးကို ဖွင့်ကြည့်လိုက်သည်။
အခန်းထဲမှာ ရှဲ့ချိုးအရိပ်အယောင်ကိုပင် မတွေ့ရဘဲ တစ်ခန်းလုံး ဗလာကျင်းဖြစ်နေပြန်သည်။
သခင်မရှဲ့ စိတ်သောကရောက်လွန်းသဖြင့် သတိလစ်မေ့မျောမတတ်ဖြစ်သွားခဲ့သည်။
“လူတွေ ဘယ်ရောက်ကုန်လဲ ? ချိုးအာလေး ဘယ်မှာလဲ!”
သခင်မရှဲ့ စူးစူးဝါးဝါး မေးမြန်းလိုက်လေသည်။