Leaving the Palace
Vol. 5 Ch. 49
ရှဲ့မိသားစု စံအိမ်တွင်…
အစကတော့ မြို့စားရှဲ့ နာမကျန်းဖြစ်ချင်ယောင်ဆောင်နေခဲ့သော်လည်း စံအိမ်အစောင့်တစ်ယောက် လာဆက်သသည့် အမိန့်ပေးတံဆိပ်ပြားကိုမြင်သောအခါ ချွေးသီးချွေးပေါက်များ ချက်ချင်းကျကာ ငုတ်တုတ် ထထိုင်မိလေသည်။
“ဒီတံဆိပ်ပြား ပေးလိုက်တဲ့လူ အခု ဘယ်မှာလဲ”
ရှဲ့ချန်း တုန်ယင်နေသော အသံဖြင့် မေးမြန်းလိုက်ပါသည်။
“ဝင်ပေါက်မှာ စောင့်နေတုန်းပါပဲ သခင်ကြီး”
“ဘာ… ဝင်ပေါက်မှာ စောင့်နေတုန်း ဟုတ်လား 9? ဘာလို့ မြန်မြန် ဝင်ခွင့်မပေးလိုက်တာလဲကွ!”
ပြောပြောဆိုဆိုနဲ့ ရှဲ့ချန်း အိပ်ရာထဲမှ ကောက်ကာငင်ကာထလိုက်လေသည်။
“ရှိစေတော့ ရှိစေတော့! ငါ့ဖာသာငါ သွားတွေ့လိုက်မယ်!”
ရှဲ့ချန်း အဝတ်အစားအမြန်လဲလိုက်ပြီး စံအိမ်အပြင်သို့ ခပ်သုတ်သုတ် ပြေးထွက်လာခဲ့သည်။
စံအိမ်ဝင်ပေါက်တွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို ရှဲ့ချန်း တကယ်မြင်ခဲ့ရသည်။ ရှဲ့ချန်း မျက်နှာအလွန်ပျက်သွားပြီး ချက်ချင်းဂါဝရပြုဖို့ ပြင်လိုက်လေသည်။
ယွဲ့လင်း ခပ်ပါးပါး အပြုံးဖြင့် မိန့်လိုက်၏။
“မြို့စားရှဲ့ ကျုပ်တို့ကို အိမ်ထဲဝင်ခွင့် မပေးတော့ဘူးလား”
ရှဲ့ချန်း ချွေးတွေသုတ်ရင်း အမြန်ပြန်ဖြေလိုက်ပါသည်။
“ကြွကြပါ အိမ်ထဲကြွကြပါ!”
ယွဲ့လင်း သရုပ်မှန်ကို အပြင်ဘက်မှာ သူထုတ်မပြောရဲပါ။ ထို့ကြောင့် ယွဲ့လင်းနဲ့အတူတူ စံအိမ်ထဲ သတိကြီးစွာ ပြန်ဝင်လာခဲ့ပါသည်။
လူသူကင်းမဲ့သည့် ခန်းမဆောင်တစ်ခုထဲ ရောက်ခါမှ ရှဲ့ချန်း ဒူးထောက်ချကာတောင်းပန်လေတော့သည်။
“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ကြွမြန်းလာမယ်မှန်း ဒီငယ်သား မသိခဲ့လို့မဆီးကြိုနိုင်ခဲ့ဘူး၊ ဒီငယ်သားကို အပြစ်ပေးတော်မူပါ!”
ယွဲ့လင်း လက်တစ်ဖက်မြှောက်ကာ မိန့်လိုက်သည်။
“ထပါ မြို့စားရှဲ့၊ မြို့စားရှဲ့ နာမကျန်းဖြစ်နေတယ်လို့ ကိုယ်တော် သတင်းကြားမိလို့ မိဖုရားကြီးနဲ့ ဒုတိယမင်းသမီးတို့ကိုခေါ်ပြီး သတင်းလာမေးရခြင်းပါ”
ရှဲ့ချန်း နေရာပေါင်းစုံမှ ချွေးတွေတစ်ပြိုင်တည်း စီးကျလာသည်။
ကျန်းကျီမြောင်ကလည်း စနောက်ကျီစယ်စွာမေးမြန်းလိုက်သည်။
“မြို့စားကြီး ကျန်းမာရေး ပြန်ကောင်းနေတဲ့ ပုံစံပဲနော်”
ရှဲ့ချန်း ချွေးတွေသုတ်ကာ လျှောက်တင်လိုက်သည်။
“ဒီငယ်သားက… ဒီငယ်သား လေပြည်လေအေးအနည်း ငယ် ခံမိလို့ အအေးမိဖျားနာပြီး တစ်ရက်လောက်သာ အနားယူလိုက်ရတာပါ၊ အခုလုံးဝ သက်သာလုနီးနီးဖြစ်နေပါပြီ”
“ဪ… ကျန်းတို့က မြို့စားရှဲ့ ဟန်ဆောင်နေမကောင်းဖြစ်ပြနေတယ် ထင်ထားတာ”
ယွဲ့လင်း ပြုံးလိုက်သည်။
ရှဲ့ချန်း ခြေထောက်တွေ မခိုင်တော့ဘဲ နောက်တစ်ဖန် ဒူးထပ်ထောက်ချလိုက်လေသည်။
“ဉာဏ်အမြော်အမြင် ကြီးမားလှပါတယ် အရှင်မင်းကြီး၊ သို့ပေမယ့် ဒီငယ်သားက အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိပြီး မိဖုရားကြီးကိုလည်း လှည့်ဖျားတဲ့လုပ်ရပ်မျိုးမလုပ်ဝံ့ပါဘူး”
ယွဲ့လင်း သူ့ကို အပြုံးဖြင့်သာကြည့်နေလေသည်။
ရှဲ့ချန်း ရင်ထဲမှာ ဗလောင်ဆူနေရပါပြီ။
အရှင်မင်းကြီး ဒေါသထွက်လာလျှင် ငယ်သားတွေကို တကယ် ကွပ်မျက်ပစ်နိုင်သည်။
ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေစဉ် ကြမ်းပြင်ပေါ် ခေါင်းလိမ့်သွားမည့် ဖြစ်ရပ်မျိုး ရှဲ့ချန်း မကြုံချင်ပေ။
ရှဲ့ချန်း ဟန်ဆောင် နာမကျန်းဖြစ်ပြနေမှန်း ဦးနှောက်ပါသည့်လူတိုင်းသိသည်။ ယွဲ့ဟွာအား ရှောင်ချင်တာကြောင့် သူ ယခုလို ဟန်ဆောင်နေရခြင်းဖြစ်သည်။
အရှင်မင်းကြီးလည်း ဒါကို သိသင့်သည်။ အစကမူ အရှင် မင်းကြီး ဝမ်းတောင်သာလိမ့်မည်ဟုပင် ရှဲ့ချန်း ထင်ထားခဲ့သည်။ မိဖုရားကြီးအားခေါ်ဆောင်ပြီး အိမ်တော်အထိကြွ မြန်းလာမည်ဟုတော့ ထင်မထားခဲ့ပါ။
ဒါဘာအဓိပ္ပာယ်လဲ…
ရှဲ့မိသားစုကို အရှင်မင်းကြီး နှိမ်နင်းတော့မလို့လား…
မဟုတ်ဘူး… မဖြစ်နိုင်ပါဘူး…
ရှဲ့ချန်းအာရုံထဲ သူ့ကြင်ယာတော် နန်းတော်မှပြန်ရောက် လာချိန်တုန်းက ဆိုခဲ့သည့် စကားတစ်ခွန်း ပြန်ပေါ်လာခဲ့သည်။
“သခင်ကြီး၊ ရှင် ဘယ်သူ့ဘက်မှမပါဘဲ ကြားနေဖို့ပဲ စဉ်း စားနေတော့မှာလား၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ မမှားပါဘူး၊ ဒါပေမယ့် သေချာစဉ်းစားကြည့်စမ်းပါ။ ကျွန်မတို့ ကြားနေအဖြစ် ဆက်နေလို့ ရပါဦးမလား ? ချိုးအာလေးက မင်းသားအန်းဟယ်နဲ့လုံးဝ လက်မဆက်နိုင်ဘူးလို့ငြင်း ဆန်လိုက်ပြီ၊ မင်းသားအန်းဟယ်အကြောင်း ရှင်လည်း ကောင်းကောင်းသိမှာပါ၊ သူက သဘောထားပြည့်ဝပြီးကြင်နာတတ်တဲ့လူမို့လို့လား ? အရှင်မင်းကြီး ဖိနှိပ်ထားလို့သာ သူငြိမ်နေရတာ၊ သူသာ ပုန်ကန်လာပြီး ထီးနန်းကို သိမ်းပိုက်သွားတဲ့အခါ ချိုးအာလေးရဲ့ကံကြမ္မာ ဘာဖြစ်သွားမလဲ၊ ရှဲ့မိသားစုရဲ့ ကံကြမ္မာ ဘာဖြစ်သွားမလဲ!”
“အဲ့ဒီ လက်ဆက်ထိန်းမြှားမှုကို ငြင်းဆန်လိုက်တဲ့အချိန်ကစလို့ ကြားနေဖို့ဆိုတာ ကျွန်မတို့အတွက် မဖြစ်နိုင်တော့ဘူး”
ရှဲ့ချန်း တွေးတောရင်း ချွေးသီးချွေးပေါက်တွေ တစ်ပေါက်ပေါက်ကျလာပါသည်။ ရှဲ့မိသားစု ကြားနေလို့မဖြစ်တော့မှန်း သူလည်း နားလည်ပါသည်။
သို့သော် ယခင်ဧကရာဇ်မင်းကြီး နတ်ရွာမစံခင်တုန်းက သူနဲ့ တွေ့ဆုံခဲ့ပြီး လျှို့ဝှက်ချက်တစ်ခု မိန့်ကြားခဲ့သည်။
ယွဲ့လင်းက သက်တမ်းရှည်ရှည်နေနိုင်မည့်လူမဟုတ်ပါ။ သူ့အား ထီးနန်းပေးအပ်လိုက်ရခြင်းက ဘိုးဘေးများ၏ အစဉ်အလာ စည်းမျဉ်းစည်းကမ်းကြောင့်သာဖြစ်သည်။ မင်းသားအန်းဟယ်ကမှ တကယ်ပါးနပ် အမြော်အမြင်ရှိပြီး သူတကယ်တန်ဖိုးထားသည့် ဆက်ခံသူဖြစ်မှန်း နှောင်းဧကရာဇ်မှ မိန့်ကြားထားခဲ့သည်။
ထို့အပြင် သူတို့ ရှဲ့မိသားစုမှသခင်မလေးကို မိဖုရားအဖြစ် တင်မြှောက်ဖို့လည်း နှောင်းဧကရာဇ် ရည်ရွယ်ခဲ့သည်။
ထိုအချိန်တုန်းက ခံစားခဲ့ရသည့် ခံစားချက်များကို ရှဲ့ချန်း ရှင်းမပြနိုင်ပါ။ ပျော်ရွှင်မှုမဟုတ်ဘဲ ချောက်ချားမှုသာ ဖြစ်သည်။
နှောင်းဧကရာဇ်မှ စည်းမျဉ်းစည်းကမ်း အစဉ်အလာတွေကိုအလေးထားတတ်သူဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။ သားအကြီးဆုံးဖြစ်သည့် ယွဲ့လင်းကိုလည်း တန်ဖိုးထားသည်ဟု ဆိုကြသည်။
သို့သော် ယွဲ့လင်းအကြောင်း ဆွေးနွေးခဲ့စဉ်တုန်းက ယခင် နှောင်းဧကရာဇ်၏ မျက်ဝန်းတွေထဲ နွေးထွေးမှုစိုးစဉ်းမျှ ရှဲ့ချန်း မမြင်ခဲ့ရချေ။ နှောင်းဧကရာဇ်အတွက် ယွဲ့လင်းမှာ ယွဲ့ဟွာနန်းတက်နိုင်စေဖို့ ခြေနင်းခုံအဆင့်သာရှိသည်။
ယခင်ဧကရာဇ်မင်းကြီး သူ့ကို ဒီလိုအရာတွေ မိန့်ကြားသွားရသည့် ရည်ရွယ်ချက်ကိုလည်း ရှဲ့ချန်းနားလည်ပါသည်။ မင်းသားအန်းဟယ်ကို ကာကွယ်စောင့်ရှောက်ဖို့ သူ့ကို တာဝန်ပေးခဲ့ခြင်းပင်။
သို့သော်လည်း ဒါတွေက ရှဲ့ချန်းရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထို့ကြောင့် ယခင်ဧကရာဇ်မင်းကြီး နတ်ရွာစံသွားသောအခါ နန်းတွင်းရေးရာတွေကို စိတ်ကုန်လေပြီ ဆင်ခြေပေးပြီး နန်းတော်ထဲမှ ထွက်ခွာ လာခဲ့တော့သည်။
အစကတော့ မင်းသားအန်းဟယ်အား စွဲစွဲလမ်းလမ်း သဘောကျနေသည့် သမီးတော်ဖြစ်သူ ရှဲ့ချိုးကြောင့် ရှဲ့ချန်း အတော်လေး အခက်တွေ့ခဲ့ရသည်။ ရှဲ့ချိုးသာမင်းသား အန်းဟယ်နဲ့ လက်ဆက်လိုက်ပါက သူ့မိဖုရားလောင်းဖြစ်သွားနိုင်သလို နန်းတော်ထဲမှာ သူမ လျှောက်လမ်းရမည့်လမ်းများကမူ ခက်ခဲကြမ်းတမ်းလာနိုင်သည်။
သို့သော် ချိုးအာလေးက တည်ငြိမ်အေးဆေးသော စရိုက်ရှိသဖြင့် ဒီလိုလမ်းမျိုးကို လျှောက်လှမ်းနိုင်မည်မဟုတ်ပါ။ ညစဉ်ညတိုင်း ရှဲ့ချန်း အိပ်မပျော်နိုင်ဘဲ ချိုးအာလေး စိတ်ပြောင်းလဲသွားပါစေဟုသာ ဆုတောင်းနေခဲ့မိသည်။
သူ့ဆုတောင်း တကယ်ကြီးပြည့်ဝလာလိမ့်မည်ဟု ရှဲ့ချန်း ထင်မထားခဲ့ပေ။
အကြောင်းအရင်းတစ်ခုကြောင့် လူတိုင်းကလေးစားကြည် ညိုရသည့် စာပေပါရမီရှင်တစ်ဦးအဖြစ်မှ စက်ဆုပ်ရွံရှာစရာကောင်းသော ခိုးကူသူအဖြစ် ယွဲ့ဟွာ ပြောင်းလဲသွားခဲ့သည်။
ယွဲ့ဟွာကို အလွန်စွဲလမ်းတပ်မက်နေသော ရှဲ့ချိုးလည်း အမှန်တရားကို သိလိုက်ရပြီးနောက် သူမကိုယ်တိုင် လက် ဆက်ထိန်းမြှားမှုကို ပြတ်ပြတ်သားသားဖျက်သိမ်းခဲ့သည်။
ထိုအကြောင်းကြားပြီး ရှဲ့ချန်းဝမ်းသာလွန်းသဖြင့်ထပင်ခုန်မိသည်။ ရှဲ့ချိုး စိတ်ပြောင်းသွားမည်စိုးသဖြင့် ကြင်ယာတော်နဲ့ သမီးတော်တို့ကို မယ်တော်ကြီးထံ အခစားဝင်ရောက်ပြီး ထိန်းမြှားမှုကိုဖျက်သိမ်းမည်ဟု သွားရောက် လျှောက်ထားစေခဲ့သည်။
သို့သော် မင်းသားအန်းဟယ်က လက်မလျှော့နိုင်သေးဘဲ သူတို့မိသားစုကို အနှောင့်အယှက်ပေးနေဆဲဖြစ်သည်။ ထို့ကြောင့် ရှဲ့ချန်းလည်း မတတ်သာဘဲ နာမကျန်းဖြစ်ချင်ယောင် ဆောင်လိုက်ရခြင်းသာ။
သူနာမကျန်းဖြစ်ချင်ယောင် ဆောင်လိုက်သဖြင့် မင်းသားအန်းဟယ်ကို ရှောင်ရှားနိုင်ခဲ့သော်လည်း အရှင်မင်းကြီးကိုယ်တိုင် ကြွရောက်လာမည်ဟု ထင်မထားခဲ့ပါ။
ယွဲ့လင်းဒီလို ကြွမြန်းလာရခြင်း၏အကြောင်းအရင်းကိုလည်း ရှဲ့ချန်းကောင်းကောင်း သိပါသည်။ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ အတူတူ ကြွမြန်းလာသဖြင့် သူ့အား သစ္စာခံခိုင်းဖို့ လာခဲ့ခြင်းသာဖြစ်လိမ့်မည်။
အစကတော့ ကောင်းကင်ဘုံ၏သားတော်ထံမှာ သစ္စာခံရတာ သူ့အတွက် ဘာမှ မခက်ခဲပါ။ သို့သော် ယွဲ့လင်းက အသက်ရှည်မည့်လူ မဟုတ်မှန်း သူ သိထားသည်။ ထို့ ကြောင့် သူ့မိသားစု၏အသက်တွေကို ယွဲ့လင်းအပေါ်မှာ ဘယ်လိုစိတ်ဖြင့် စိတ်ချပုံအပ်နိုင်မည်နည်း။
ယခု လက်ဆက်ထိန်းမြှားမှုကို ဖျက်သိမ်းခဲ့ပြီး ယွဲ့ဟွာကို စော်ကားမော်ကားပြုမိသလို ဖြစ်သွားသော်လည်း နှစ်ဖက်စလုံးမှာ အခြေအနေတွေက ဆိုးဆိုးရွားရွားဖြစ်မလာသေး ပါ။ အနာဂတ်မှာ အပြောင်းအလဲရှိလာနိုင်သည်။
သို့သော် သူသာ ယွဲ့လင်းထံမှာ သစ္စာခံလိုက်လျှင် ယွဲ့ဟွာ နန်းတက်သည့်အခါ… ရှဲ့မိသားစုတစ်စုလုံး ရှင်သန်နိုင်မှာ မဟုတ်ပေ။
ချွေးတွေကြောင့် ရှဲ့ချန်းကျောပြင်တစ်ခုလုံး စိုရွှဲနေပါပြီ။
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“သခင်ကြီး! ရှင် နေပြန်မကောင်းသေးတာကို ဘာလို့ အိပ် ရာထဲမှာနားမနေဘဲ လျှောက်သွားနေတာလဲ!”
သခင်မရှဲ့ ဒေါကြီးမောကြီးဖြင့် ရောက်လာလေသည်။
ထို့နောက် ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ကိုမြင်သောအခါ သူတို့ရောက်နေတာ အခုမှ သိလိုက်ရသကဲ့သို့ ချောက်ချား တုန်လှုပ်သွားလေသည်။
သူမ ခပ်မြန်မြန် ဒူးထောက်ချလိုက်ပါသည်။
“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ကြွမြန်းလာမှန်း ဒီငယ် သား မသိခဲ့ပါဘူး! ဒါ့ကြောင့် ဒီငယ်သားရဲ့ ခင်ပွန်းက နာမကျန်းဖြစ်နေလျက်နဲ့ အရှင်မင်းကြီးတို့ကို ထွက်ပြီးဆီးကြိုခဲ့တာကိုး…”
“သခင်မ ဘာတွေလျှောက်ပြောနေတာလဲ”
ရှဲ့ချန်း ငေါက်လိုက်လေသည်။
သခင်မရှဲ့က စိတ်မကောင်းဖြစ်သွားသော မျက်နှာမျိုးဖြင့် ပြန်ပြောလိုက်ပါသည်။
“ကျွန်မက သခင်ကြီးရဲ့ ကျန်းမာရေးကိုတောင် စိုးရိမ်ပူပန်ခွင့် မရှိတော့ဘူးလား’
“ငါ့ကျန်းမာရေး ပြန်ကောင်းနေပြီ! ပေါက်ကရတွေပြောပြီး အရှင်မင်းကြီး စိုးရိမ်ပူပန်ရအောင် မလုပ်စမ်းနဲ့” ရှဲ့ချန်း ပြောလိုက်သည်။
လင်မယားနှစ်ယောက်က တစ်လေသံတည်းထွက်ပြီး ဇာတ်တိုက်ထားသည့်အလား ချောချောမွေ့မွေ့ သရုပ် ဆောင်ပြနေကြသည်။
ဒါကိုမြင်တော့ ကျန်းကျီမြောင် ရယ်မောလိုက်လေသည်။
ဒီနှစ်ယောက်က စိတ်ဝင်စားဖို့ကောင်းသားပဲ။
ရှဲ့ချန်းနဲ့ သခင်မရှဲ့တို့ အချိန်အတော်ကြာအောင် ငြင်းခုံပြီးနောက် မဝံ့မရဲ ခေါင်းမော်ကြည့်လိုက်ရာ ခံစားချက်မဲ့နေသော ယွဲ့လင်း၏မျက်နှာကို မြင်လိုက်ရပါသည်။
“အရှင်မင်းကြီး! ဒီငယ်သားရဲ့ဇနီးသည်က ဆင်ခြင်တုံ တရား နည်းပါးလွန်းပါတယ်! သူ့ကို ဒီငယ်သား နောက်မှ ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်” ရှဲ့ချန်း ခပ်မြန်မြန် လျှောက်တင်လိုက်ပါသည်။
ယွဲ့လင်း နှုတ်ခမ်းများ အနည်းငယ်ကွေးတက်သွားသည်။
“ဘာလို့ နောင်အချိန်ထိ စောင့်နေဦးမှာလဲ၊ အခုချက်ချင်း ဆုံးမလိုက်ပါလား ? ကျန်းလို့လည်း နားထောင်လို့ရတာပေါ့”
ရှဲ့ချန်း ကြက်သေသေသွားရသည်။
ဒါ…
အရှင်မင်းကြီးက သူ ထင်ထားသလို မတုန့်ပြန်ပါလား…
“အရှင်မင်းကြီးက ကျီစားနေတာပါ”
ကျန်းကျီမြောင် ကြားဝင်ဖြေပေးလိုက်သည်။ ထို့နောက် စံအိမ်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးမေးမြန်းလိုက်သည်။
“သခင်မလေးရှဲ့ စံအိမ်ထဲမှာမရှိဘူးလား ? သူ့ကို ဘာလို့မမြင်မိပါလိမ့်”
[ယွဲ့ဟွာက လက်မလျှော့သေးဘူး၊ သူ့စကားလုံးချိုချိုလေးတွေကြောင့် ရှဲ့ချိုး စိတ်ပြောင်းမသွားပါစေနဲ့ဆု တောင်းရမယ်၊ အချစ်ကြောင့် ဘဝပျက်သွားတဲ့မိန်းက လေးတွေရဲ့ ပုံပြင်တွေ ငါ ကြိုပြင်ဆင်ထားပြီးသား! သခင်မလေးရှဲ့ကို တစ်ပုဒ်ချင်းပြောပြရမယ်၊ ရင်ကွဲနာကျနေတဲ့ နှလုံးသားလေးတွေကို ကုစားတဲ့နေရာမှာ ငါက ဆရာတစ်ဆူပဲ!]
သခင်မရှဲ့ ခေတ္တ ရီဝေသွားသည်။
အချစ်ကြောင့် ဘဝပျက်သွားတယ်ဟုတ်လား…
ရင်ကွဲနာကျနေတဲ့ နှလုံးသားကို ကုစားမယ်ဟုတ်လား…
မိဖုရားကြီး အတွေးတွေကို သူ သိပ်နားမလည်သော် လည်း ချိုးအာလေးကို စိတ်မပြောင်းအောင် ဖြောင်းဖြဖို့ ဆိုတာတော့သေချာပါသည်။
သခင်မရှဲ့ အမြန် လျှောက်တင်လိုက်သည်။
“အမှန်ပါပဲ အရှင်မ၊ ချိုးအာလေး စံအိမ်မှာ မရှိပါဘူး၊ အစေခံယွဲ့ရှင်းနဲ့ အတူတူ စိတ်အပန်းဖြေဖို့အတွက် အပြင်ထွက်သွားပါတယ်”