← Chapters

Taking Control

Vol. 6 Ch. 51

Taking Control

Vol. 6 Ch. 51

ဆိုင်ရှင်မျက်နှာ သွေးမဲ့ဖြူရော်သွားသည်။

သခင်မကြီးရှဲ့ တံခါးရှေ့ထိ တကယ်ရောက်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။ မူလအစီအစဉ်အရဆို အကြံအ စည်တွေ အထမြောက်သည်အထိ စောင့်ပြီးမှ ရှဲ့မိသားစုစံအိမ်ထံ သတင်းပေးပို့ကာ အခြေအနေကို အခွင့်ကောင်းယူပြီး အကြပ်ကိုင်ဖို့ဖြစ်သည်။

သို့သော်လည်း ခုနလေးတင်မှ ရှဲ့ချိုးကို အနောက်ဘက်တံခါးမှ ခေါ်ထုတ်သွားခဲ့တာဖြစ်သည်။ သတ်မှတ်ထားသည့် နေရာကိုပင် မရောက်လောက်သေးပါ။ ထို့အပြင် ရှဲ့ချိုးရုတ်တရက် ပျောက်သွားတာကို သခင်မကြီးရှဲ့ သိရှိသွားပြီဖြစ်သဖြင့် သူမ မည်သို့တာဝန်ယူရမှန်း မသိတော့ချေ။

“သခင်မကြီး…” ဆိုင်ရှင်က အချိန်ဆွဲဖို့ ကြိုးစားလိုက်သည်။

“ဧ… ဧကန္တ ကျွန်မအမှတ်မှားတာ ဖြစ်ပါလိမ့်မယ်၊ သခင်မလေးရှဲ့က ဒီအခန်းထဲမှာ မဟုတ်လောက်ဘူး၊ ကျွန်မတို့ တစ်ခန်းချင်းစီ လိုက်ရှာကြရအောင်လား”

ဆိုင်ရှင်ကို သွေးချင်းနီနေသော မျက်လုံးများဖြင့် သခင်မရှဲ့ စိုက်ကြည့်လိုက်သည်။ ထို့နောက် မြို့စားကတော်ဟုသည့် ဂုဏ်သိက္ခာကိုပင် မထိန်းနိုင်တော့ဘဲ ဆိုင်ရှင်၏ အင်္ကျီလည်ခွံကို ဆောင့်ဆွဲလိုက်လေသည်။

“ချိုးအာလေးတစ်ခုခု ဖြစ်သွားလို့ကတော့ နင်တို့အားလုံးကို မြေမြှုပ်ပစ်မယ်!”

“သခင်မကြီး ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး၊ နားလည်မှုလွဲနေတာပါ…”

အစကတော့ ဆိုင်ရှင် အနည်းငယ် ထိတ်လန့်သွားသော် လည်း ခပ်မြန်မြန်ပဲ စိတ်ပြန်တည်ငြိမ်သွားခဲ့ပါသည်။ အစီအစဉ်တွေသာ အောင်မြင်သွားပါက သူမကို မင်းသားအန်းဟယ် ကျိန်းသေပေါက်ကာကွယ်ပေးပါလိမ့်မည်။ အခုချိန်မှာ သူမအတွက် အရေးအကြီးဆုံးတာဝန်က ရှဲ့မိသားစုကို အချိန်ဆွဲထားဖို့သာ။

ကျန်းကျီမြောင် အခန်းထဲဝင်သွားပြီး ပြူတင်းပေါက်ကို ဖွင့်လိုက်သည်။ ထို့နောက် ပြူတင်းပေါက်မှတဆင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ယွဲ့လင်းနဲ့ အကြည့်ချင်းဆုံသွားလေသည်။ ဘာစကားမှပြောစရာမလိုဘဲ နှစ်ယောက်သား အချင်းချင်း နားလည်သွားကြပါသည်။

ယွဲ့လင်း လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ နီရှန့်ဆောင်တစ်ခုလုံးကို အစောင့်တပ်သားများ ဝန်းရံလိုက်ကြသည်။

ထို့နောက် လူတစ်ယောက်က အပေါ်ထပ်သို့ အလော တကြီး ပြေးတက်လာကာ ဆိုင်ရှင်ကိုပြောလိုက်ပါသည်။

“အခြေအနေမကောင်းဘူး! မြို့စားရှဲ့က လူတွေခေါ်လာပြီး နီရှန့်ဆောင်ကို ဝန်းရံခိုင်းထားတယ်!”

ဆိုင်ရှင်လည်း မျက်နှာချက်ချင်းပျက်သွားကာ သခင်မရှဲ့ကို ကြည့်လိုက်ပါသည်။

“သခင်မရှဲ့ ဘာလို့ ဒီလောက် ပုံကြီးချဲ့နေရတာလဲ၊ နီရှန့်ဆောင်ကို ဒီမြို့တော်မှာ ကျွန်မဖွင့်ထားခဲ့တာ နှစ်ပေါင်းများစွာကြာပြီ၊ အမြဲတမ်း ဂုဏ်သိက္ခာကို ရှေ့တန်းတင်ပြီး အလုပ်လုပ်ခဲ့တယ်! ဝန်ကြီးမှူးမတ်တွေ၊ တော်ဝင်မိသားစုတွေကတောင် ကျွန်မတို့ဆိုင်ကို ယုံကြည်စိတ်ချကြတယ်! ဒါလူတိုင်းသိပြီးသား အရာပဲ!”

“အခုတောင် နီရှန့်ဆောင်ထဲမှာ တော်ဝင်သခင်မလေးတွေ အများကြီး ရှိနေတယ်နော်၊ မြို့စားကြီးရဲ့ လုပ်ရပ်ကြောင့် တော်ဝင်ဧည့်သည်တော်တွေကို စော်ကားမိသလိုဖြစ်သွားမှာ မကြောက်ကြဘူးလား!”

သခင်မရှဲ့ ဒေါသထွက်လွန်းသဖြင့် ရယ်မောမိသည်။

ဘာမဟုတ်တဲ့ ဆိုင်ရှင်တစ်ယောက်ဆိုပေမယ့် စကားလုံးတွေက ခြိမ်းခြောက်သံတွေနဲ့ ပြည့်နေပါလား!

ဘယ်သူ့အားကိုးနဲ့ ဒီလောက် သတ္တိရှိနေတာလဲ ? မင်းသားအန်းဟယ်လား!

ဆိုင်ရှင်ကို ကြည့်လျက် ကျန်းကျီမြောင် တည်ငြိမ်စွာ ပြောလိုက်ပါသည်။

“တော်ဝင်ဧည့်သည်တော်တွေက ဆင်ခြင်တုံတရား ရှိပြီးသားမို့ နားလည်ပေးကြမှာပါ၊ ဒါပေမယ့် ရှင့်ရဲ့ နီရှန့်ဆောင်က စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ ရုတ်တရက်ကြီး လူနှစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့တာ… ဧကန္တ ဒီဆိုင်က မှောင်ခိုဆိုင်များလား၊ မြို့တော်မှာ အဲ့လို ဆိုင်မျိုးရှိနေရင် သေသေချာချာ စုံစမ်းစစ်ဆေးသင့်တယ်”

ဆိုင်ရှင်မျက်နှာ အလွန်အကျည်းတန်သွားသည်။

“ငါ မြို့စားကတော်နဲ့ စကားပြောနေတယ်လေ၊ နင်က ဘယ်သူမို့လို့ အတင့်ရဲပြီး…”

ဆိုင်ရှင်စကားမဆုံးခင် အောက်ထပ်မှတက်လာသည့် ယွင်ရှန်းက သူမကို ပါးဖြတ်ရိုက်လိုက်ပါသည်။ ယွင်ရှန်းက အခုဆို ပါးရိုက်နည်းကို လွန်စွာကျွမ်းကျင်တတ်မြောက်နေပြီ ဖြစ်သည်။ ဆိုင်ရှင် အရှိန်ပြင်းပြင်း ရိုက်ခံလိုက်ရသဖြင့် ခန္ဓာကိုယ်ပင် တစ်ပတ်လည်သွားပြီး ကြက်သေသေသွားလေသည်။

“သူ့ကို ကြိုးတုပ်ထားလိုက်”

ကျန်းကျီမြောင် အမိန့်ပေးလိုက်သည်။

“ရှဲ့ချိုးပျောက်သွားတဲ့သတင်း အပြင်ကိုမပြန့်စေနဲ့ဦး”

ကျန်းကျီမြောင် အမိန့်ပေးပြီးသွားသောအခါ ဒုတိယထပ်ရှိ တော်ဝင်သခင်မများနဲ့ သခင်မလေးများ တစ်ယောက်ပြီး တစ်ယောက် စတင်ထွက်ခွာကြလေသည်။ ယွဲ့လင်းက အခြွေအရံတချို့ကိုဆိုင်ထဲ စေလွှတ်ပြီး သူမတို့ကို ထွက်ခွာခိုင်းထားတာကြောင့် ဖြစ်ပါသည်။ အကြောင်းပြချက်ကိုတော့… နီရှန့်ဆောင်မှာ လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုခဲ့သည်။

လူသတ်မှုဖြစ်ပွားသည်ဟု ကြားသဖြင့် တော်ဝင်ဧည့်သည်တော်များလည်း ဆက်မနေရဲကြတော့ဘဲ နီရှန့်ဆောင်ထဲမှ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ကြသည်။ နီရှန့်ဆောင်တစ်ခုလုံးကို ဝန်းရံထားသည့် အစောင့်တပ်သားများအား မြင်သောအခါ သူမတို့ တီးတိုးပြောဆိုလိုက်ကြပါသည်။

“မြို့စားရှဲ့ကိုယ်တိုင် တပ်သားတွေကို ဦးဆောင်လာတာပဲ”

“သခင်မလေးရှဲ့ရဲ့ အခြွေအရံတစ်ယောက် မတော်တဆမှုဖြစ်သွားလို့တဲ့”

“သခင်မလေးရှဲ့ ကြောက်နေတော့မှာပဲ၊ အဲ့တာကြောင့် မြို့စားကတော်က အဲ့လောက်ဒေါသကြီးနေတာကိုး”

“နီရှန့်ဆောင်မှာ ဒီလိုလူသတ်မှုမျိုးဖြစ်တယ်ဆိုတော့… ဒီနေရာကြီးက တကယ်နိမိတ်မကောင်းတာပဲ၊ နောက်တစ်ခါဆို တခြားဆိုင်ပြောင်းသွားမှ ဖြစ်မယ်”

ဧည့်သည်တော်များ ထွက်ခွာသွားတာနဲ့တစ်ပြိုင်နက် နီရှန့်ဆောင်တစ်ခုလုံးကို ယွဲ့လင်းထိန်းချုပ်နိုင်သွားသည်။

ရှဲ့ချန်း ချွေးတွေသုတ်လိုက်ရင်း ရင်ထဲမှာလည်း လေးလံလာပါသည်။

ဘာတွေဖြစ်နေကြတာလဲ!

အရှင်မင်းကြီးက အထည်ဆိုင်တစ်ခုကို ရုတ်တရက်ကြီး ဝန်းရံနေသည်။ မြို့စားကတော်ကလည်း အလွန်အမင်း စိတ်သောကရောက်နေပုံပေါ်သည်။

ထို့ကြောင့် သူတစ်ယောက်တည်း ချန်လှပ်ထားခံရသလို ခံစားနေရပါသည်။

ကျန်တဲ့သူတွေ အားလုံး နားလည်နေပြီး သူတစ်ယောက် တည်း အူကြောင်ကြောင် ဖြစ်နေရအောင် ဘာတွေများ ဖြစ်ခဲ့လို့လဲ…

“အထဲဝင်ကြည့်ကြစို့”

ယွဲ့လင်း ရှေ့မှ ဦးဆောင်ကာ ဝင်သွားခဲ့သည်။ မြို့စားရှဲ့လည်း အမြန်လိုက်လာခဲ့ပါသည်။

အပေါ်ထပ်သို့ရောက်သွားပြီး သခင်မရှန့်ကို မြင်သောအခါ မြို့စားရှဲ့ အမြန်မေးလိုက်ပါသည်။

“ချိုးအာဘယ်မှာလဲ ? ချိုးအာဒီမှာ မရှိဘူးလား”

ဘေးပတ်လည်ကို ရှဲ့ချန်း လှည့်ပတ်ကြည့်လိုက်သည်

သခင်မရှဲ့က မြို့စားရှဲ့ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

ဒီငတုံးက အခုချိန်ထိ ဘာဖြစ်နေမှန်းတောင် မသိသေးဘူးလား!

အဲ့တာကြောင့် ရှဲ့မိသားစုကို ယွဲ့ဟွာ အနိုင်ယူသွားခဲ့တာနေမှာ!

ဒီလောက်တုံးနေရတဲ့ အကြောင်းအရင်း ကျိန်းသေပေါက် ရှိရမယ်!

သခင်မရှဲ့ ထုတ်မပြောသော်လည်း သူမ မျက်နှာကို ကြည့်လိုက်ရုံနဲ့ အခြေအနေမကောင်းမှန်းသိသဖြင့် မြို့စားရှဲ့ ခေါင်းငုံ့သွားခဲ့ပါသည်။

“သခင်မလေးရှဲ့နဲ့ ယွဲ့ရှင်းတို့နှစ်ယောက်စလုံး ပျောက်သွားကြပြီ” ကျန်းကျီမြောင် ပြောလိုက်ပါသည်။

ထိုစဉ် အနက်ရောင်ဝတ်ရုံခြုံထားသူတစ်ယောက်က ပြူတင်းပေါက်မှ ခုန်တက်လာပြီး ယွဲ့လင်းအားတီးတိုး လျှောက်တင်လိုက်သည်။

ယွဲ့လင်းလည်း ခေါင်းညိတ်ကာ ပြောလိုက်ပါသည်။

“နီရှန့်ဆောင်ရဲ့ ခြံဝန်းထဲမှာ လျှို့ဝှက်တံခါးပေါက်တွေ ရှိတယ်၊ အဲ့ဒီတံခါးတွေထဲကတစ်ချပ်မှာ အဖွင့်ခံထားရတဲ့ လက္ခဏာရှိနေလိမ့်မယ်၊ သခင်မလေးရှဲ့ကို အဲ့တံခါးကနေ ခေါ်ဆောင် သွားတာ ဖြစ်နိုင်တယ်၊ ခုနက ဝတ်ရုံနက်နဲ့လူက ခြေရာခံကျွမ်းကျင်တဲ့လူတစ်ယောက်ပဲ၊ သခင်မလေးရှဲ့နောက်ကို ခြေရာခံလိုက်ဖို့ သူ့ကို တာဝန်ပေးထားတယ်”

“နည်းလမ်းနှစ်ခုနဲ့ချဉ်းကပ်ကြမယ်၊ သခင်မရှဲ့က မင်းသားအန်းဟယ်ရဲ့စံအိမ်ကို အမြန်သွားပြီး သူအခု ဘယ်မှာ ရှိနေမလဲဆိုတာ စုံစမ်းလိုက်ပါ”

ကျန်းကျီမြောင် ပြောလိုက်သည်။

ယွဲ့လင်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။

“ဒီကိစ္စက သူနဲ့ဘာမှမသက်ဆိုင်ဘူးဆိုရင် သခင်မရှဲ့ လာရောက် လည်ပတ်တဲ့အခါ အပျော်လွန်သွားပြီးချက်ချင်း ဧည့်ခံလိမ့်မယ်”

ကျန်းကျီမြောင်နှုတ်မှ မင်းသားအန်းဟယ်၏အမည်ထွက်ပေါ်လာသောအခါ ဆိုင်ရှင်မျက်နှာ အနည်းငယ်ပျက်သွားခဲ့သည်။ သူမ ရင်ထဲ ချောက်ချားမှုများဖြင့် ပြည့်နှက်နေပါပြီ။ စိတ်ထဲမှာလည်း အတွေးတစ်ခုသာရှိတော့သည်။

သူတို့ သိနေတာပဲ! အကုန်လုံး သိနေကြတယ်! ပြီးတော့ ဒီယောက်ျားနဲ့ မိန်းမက ဘယ်သူတွေလဲ!

သူတို့ရှေ့မှာ မြို့စားရှဲ့နဲ့ မြို့စားကတော်တို့ ဘာလို့ အရမ်းကျိုးနွံနေတဲ့ပုံစံပေါက်နေတာလဲ။

မြို့စားလို အဆင့်အတန်းမျိုးကိုတောင် ကျိုးနွံသွားအောင် ဘယ်သူလုပ်နိုင်တာလဲ…

ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့၏စကားကို နားထောင်ရင်း ရှဲ့ချန်းမျက်လုံးများ ပြူးသထက် ပြူးကျယ်လာခဲ့သည်။ ထို့နောက် တုန်ယင်နေသော နှုတ်ခမ်းများဖြင့် သူပြောလိုက်သည်။

“မိန်းမ… ချိုး…ချိုးအာလေး…”

“ငတုံး!” သခင်မရှဲ့ အံကြိတ်ကာ ငေါက်လိုက်လေသည်။

“မင်းသားအန်းဟယ်စံအိမ်ကို အခုချက်ချင်း သွားမယ်!”

ရှဲ့ချန်း အလွန်ချောက်ချားသွားပြီး အမြန်ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်တယ်၊ မင်းသားအန်းဟယ် စံအိမ်ကို သွားရမယ်!”

မြို့စားရှဲ့နဲ့ မြို့စားကတော်တို့ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။ ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ကတော့ နီရှန့်ဆောင်မှာသာ ဆက်စောင့်နေခဲ့ကြပြီး ခဏကြာတော့ သဲလွန်စ တစ်ခုခုသိရဖို့အတွက် ဆိုင်ရှင်ကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

ကျန်းကျီမြောင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးသဖြင့် ဆိုင်ရှင်ကို တခြားတစ်နေရာရာခေါ်သွားပြီး စုံစမ်းမေးမြန်းဖို့ သူ့လူတွေကို ယွဲ့လင်း အမိန့်ပေးလိုက်ပါသည်။

“ယောက်မတော်…”

ကျန်းကျီမြောင်နားကပ်ကာ ယွဲ့မြန် မဝံ့မရဲမေးမြန်းလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ ? သခင်မလေးရှဲ့က ဘာလို့ ရုတ်တ ရက်ကြီးပျောက်သွားတာလဲ ? မင်းသားအန်းဟယ်နဲ့ကော ဘာသက်ဆိုင်လို့လဲ”

တစ်ခုခုမူမမှန်တာကို သိသော်လည်း ယွဲ့မြန် မေးမြန်းရမှာ ရှက်ရွံ့နေခဲ့ပါသည်။

အံ့အားသင့်မှင်သက်နေသည့် ယွဲ့မြန်၏ မျက်နှာကို ကြည့်ရင်း ကျန်းကျီမြောင်သက်ပြင်းချလိုက်သည်။

[ဒီကလေးမ တော်တော် ရိုးအသေးတာပဲ]

ကျန်းကျီမြောင်ကို ယွဲ့လင်း လှည့်ကြည့်လိုက်ပါသည်။

ကလေးမတဲ့လား…

ကျန်းကျီမြောင်ကလည်း ယွဲ့မြန်ထက် အသက်ဘယ် လောက်မှ ပိုမကြီးပါ။

ကျန်းကျီမြောင် နူးညံ့စွာပြောလိုက်သည်။ “ခုနက ပြောခဲ့တဲ့အတိုင်းပဲလေ၊ ဒီကမ္ဘာကြီးထဲမှာ မိန်းမသားတွေရဲ့ ဘဝက အရမ်းခက်ခဲတယ်လို့”

ယွဲ့မြန်လည်း ခေါင်းညိတ်ပြလိုက်ပါသည်။

“မိန်းကလေးတစ်ယောက်က အဆင့်အတန်းမြင့်တဲ့ တော်ဝင်မိသားစုဝင်ဖြစ်နေရင်တောင် မှားယွင်းတဲ့ ယောက်ျားနဲ့ လက်ဆက်ထိန်းမြှားမိမယ်ဆိုရင် နောက်ပိုင်းပြန်ကွဲကွာဖို့ အရာရာ အစွမ်းကုန်ကြိုးစားမယ်ဆိုရင်တောင် အနာအဆာမရှိဘဲ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ကျန်းကျီမြောင် သိမ်မွေ့စွာရှင်းပြလိုက်သည်။

All Chapters