Serving as a Slave or Maid
Vol. 6 Ch. 57
ဘယ်ကမှန်းမသိ ထွက်လာသည့် အမျိုးသမီးသံတစ်သံကို သခင်မရှဲ့လည်း ကြားသွားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ကျန်းကျီမြောင်၏အတွေးသံကို ရုတ်တ ရက်ကြားလိုက်ရလေသည်။
သခင်မရှဲ့ ချက်ချင်း အော်ရယ်ချင်မိသော်လည်း မနည်းချုပ်တည်းထားရသဖြင့် မျက်နှာပေါ်မှာ အလွန်နာကျင်နေသည့်ပုံစံတောင် ပေါက်နေပါသည်။ ဒီနေ့ သူမ ဟာသဉာဏ်တွေ အလွန်မြူးနေပုံရသည်။ မိဖုရားကြီးကြောင့် သူမဣန္ဒြေသိက္ခာတွေကို ထိန်းသိမ်းဖို့ အလွန်ခက်ခဲနေပါသည်။
“ကျန်းလန်! ကျန်းလန် ဘယ်လိုဖြစ်ရတာလဲ!”
ထိုအသံက ကမ္ဘာပျက်နေသလို စူးရှလွန်းပါသည်။ ထိုစဉ် အမျိုးသမီးတစ်ယောက် အပြေးရောက်ရှိလာလေသည်။ ခြေထောက်တွေက မြန်ဆန်လွန်းသဖြင့် သူမရဲ့ ပိန်ပါးပျော့နေညံ့သည့် ခန္ဓာကိုယ်နဲ့ ဆန့်ကျင်ဘက် ဖြစ်လို့နေပါသည်။
ပိတ်ကားချပ်နောက်မှ ယွဲ့မြန် ခေါင်းပြူထွက်ကာ လှမ်းကြည့်လိုက်သည်။ ထိုနောက် သူမ မျက်လုံးတွေ ချက်ချင်း အေးစက်သွားခဲ့ပါသည်။ တစ်ချက်လောက်ကြည့်ရုံနဲ့ ထိုအမျိုးသမီး ဗိုက်ပူနေမှန်း သိသာသည်။
ဒီမိန်းမ…!
ဗိုက်တောင်ကြီးနေပြီလား!
ပါးစပ်ကလည်း ‘ကျန်းလန်’ဟု အဆက်မပြတ်ခေါ်ဆိုနေသဖြင့် ဘယ်သူ့ကိုယ်ဝန်မှန်း သိသာရှင်းလင်းနေပါပြီ။
ကျန်းကျစ်ဖျင် တကယ် အပြင်မှာအပျော်မယားထားရဲတယ်ပေါ့!
တခြားယောက်ျားသားတွေသာဆို သူမဂရုမစိုက်သော် လည်း ကျန်းကျစ်ဖျင်သည် တော်ဝင်မင်းသမီးတစ်ပါးနဲ့ လက်ဆက်ရမည့်လူ ဖြစ်သည်။ လက်မဆက်ခင်တုန်းက တခြားပတ်သတ်မှုတွေ ရှိခဲ့လျှင်တောင် လက်မဆက်ခင် အရာရာကို ရှင်းလင်းထားခဲ့သင့်ပါသည်။
ယခုတော့ ပဏာမဇနီးသည်ပင် မထိန်းမြှားရသေးဘဲ တခြားအမျိုးသမီးတစ်ယောက်နဲ့ ကိုယ်ဝန်ရအောင် နေပြီးနေပြီဖြစ်သည်…။ သူမလို ဂုဏ်သရေရှိ တော်ဝင်မင်းသမီးတစ်ပါးမဟုတ်ဘဲ သာမန်အပျိုစင် တစ်ယောက်ဆိုလျှင်ပင် ယခုလို စော်ကားမှုမျိုးအား လုံးဝလက်သင့်ခံမည် မဟုတ်ပါ။
“ကျန်းလန်”
ထိုအမျိုးသမီးက ကျန်းကျစ်ဖျင်ဘေးနားကိုပင် ရောက်ရှိနေပါပြီ။ ကျန်းကျစ်ဖျင်ကို သူမ ရင်နာစွာနဲ့ တွဲကူပေးလိုက်သည်။
“ဘာလို့ ဒီလောက်တောင် အထိုးကြိတ်ခံထားရတာလဲ ? ဘယ်သူ့လက်ချက်လဲ! ဒီလို ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုး ဘယ်သူလုပ်ရဲတာလဲ!”
ပြောပြောဆိုဆိုနဲ့ သူမ ငိုကြွေးမြည်တမ်းလိုက်လေသည်။
အခါးရည်ဆိုင်ထဲကလူတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး စတင်တီးတိုး ပြောဆိုကုန်ကြသည်။
“အခြေအနေက ဘယ်လိုတွေလဲ ? အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ”
“ကျန်းကျစ်ဖျင်က ဒုတိယမင်းသမီးနဲ့ လက်ဆက်မှာဆိုပြီး ကျန်းမိသားစု ထုတ်ပြန်ထားပြီးသား မဟုတ်ဘူးလား၊ ဒီအမျိုးသမီးက…”
“သူ့ဗိုက်ကို ကြည့်ပါဦး၊ အနည်းဆုံး ငါးလ ခြောက်လလောက် ရှိပြီထင်တယ်”
“ဒီအချိန်ထိ ကိုယ်ဝန်ကို ထိန်းသိမ်းထားတုန်းပဲဆိုတော့ ကလေးကို မွေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သဘောပဲ”
“ဒုတိယမင်းသမီးကိုတောင် လက်မဆက်ရသေးဘဲ အပျော်မယားနဲ့ မျိုးမစစ်ကလေးတစ်ယောက် ရနေပြီပေါ့…တော်တော်သတ္တိကောင်းတဲ့ကောင်ပါလား”
ချက်ချင်းဆိုသလို ကျန်းကျစ်ဖျင်ကို ကြည့်နေသည့် လူတိုင်း၏မျက်နှာများ ပြောင်းလဲသွားကြသည်။
ဒီကောင် တော်တော် သတ္တိကောင်းတာပါလား!
ပထမတော့ သခင်မလေးရှဲ့အကြောင်း မဟုတ်ကဟုတ်က ပြောဆိုပြီး မြို့စားရှဲ့နှင့် မြို့စားကတော်တို့ကို ဒေါသထွက်အောင် လုပ်ခဲ့သည်။ အခုလည်း အပျော်မယားတစ်ယောက် ပေါ်လာပြီး ဒုတိယမင်းသမီးအပေါ် လေးစားမှု လုံးဝမရှိမှန်း သိသာနေပါပြီ။
ကျန်းကျစ်ဖျင်လည်း ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။ သူ့ အပျော်မယားနဲ့ ကလေးတို့ကို စွန့်ပစ်ဖို့တွန့် ဆုတ်နေသော်လည်း ဒီလောက်ထိ လုပ်ဖို့ မရူးမိုက်ခဲ့ပါ။ သူ့အပျော်မယားကို ထျန်းရွှေလက်ကြားလမ်းထဲမှာသာ ထိန်း သိမ်းထားခဲ့ပြီး တစ်ခါတလေမှ လျှို့ဝှက်စွာလည်ပတ်ခဲ့တာဖြစ်သည်။ ဒုတိယမင်းသမီးနဲ့ လက်မဆက်ရသေးခင် သူမအကြောင်းကို ထုတ်ဖော်ဖို့စိတ်ကူးမရှိခဲ့ပါ။
အခုတော့…
ကိုယ့်သဘောနဲ့ ကိုယ် ထွက်လာခဲ့တာလား!
ကျန်းကျစ်ဖျင် ရူးသွပ်ချင်နေပါပြီ။ နာကျင်မှုကို သည်းခံရင်း အံကြိတ်ကာ ပြောလိုက်ပါသည်။ “နဉ်ရွှယ် မင်း ဘာလို့ ဒီကို ရောက်လာတာလဲ!”
နဉ်ရွှယ် မျက်လုံးများဂနာမငြိမ်ဖြစ်သွားခဲ့ပါသည်။ အပျော် မယားဖြစ်နေရခြင်းက ရှက်စရာကောင်းသဖြင့် သူမကို ကျန်းကျစ်ဖျင် လူရှေ့သူရှေ့ ဘယ်တော်မှမခေါ်ထုတ်ခဲ့မှန်း နဉ်ရွှယ် နားလည်ပါသည်။
သို့သော် သူမ မကျေနပ်ပါ။ ကျန်းကျစ်ဖျင်နှင့် ပထမဆုံးတွေ့ဆုံခဲ့သူက သူမ ဖြစ်သည်။
ဆောင်ကြာမြိုင်က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အဆင့်အတန်းနိမ့်ကျနေတာနဲ့ပဲ အဆင့်အတန်းမြင့်တဲ့ ဒုတိယမင်းသမီးက သူ့ဆီက အရာရာလုယူသွားတာကို ဒီတိုင်း ငြိမ်ခံနေရမှာလား!
ဒုတိယမင်းသမီးက စိတ်ပျော့သည်ဟု ကျန်းကျစ်ဖျင် ပြောခဲ့ဖူးသည်။ လက်ဆက်ထိန်းမြှားပြီးတာနဲ့ ဒုတိယမင်းသမီးကို သူလှည့်စားနိုင်သည်ဟုလည်း ပြောခဲ့ပါသည်။ ထိုအခါ သူမတို့သားအမိကို စံအိမ်သို့ ရအောင် ခေါ်မည်ဟု ကတိပေးခဲ့သည်။ ထို့နောက် သူမ မွေးလာမည့်ကလေးကို ဒုတိယမင်းသမီးအား ပေးနိုင်သည်ဟုပင် ဆိုခဲ့သည်။ ဒါဆို သူမတို့ကလေးက ပထမကြင်ယာတော်မှ မွေးလာသည့် တရားဝင်မျိုးဆက် ဖြစ်နိုင်ပါလိမ့်မည်။
ကျန်းကျစ်ဖျင်၏ အစီအစဉ်က အလွန်ကောင်းမွန်သဖြင့် နဉ်ရွှယ် အစကတော့ စိတ်ကျေနပ်မှု ရှိခဲ့သည်။ သို့သော်လည်း ဒီနေ့ အခြွေအရံတချို့၏ အတင်းအဖျင်းပြောသံများကို နဉ်ရွှယ် ကြားခဲ့ရလေသည်။
“သခင်မနဉ်ရွှယ်က သနားစရာပဲနော်။ သခင်လေးပြောသမျှကို သံသယနည်းနည်းလေးတောင် မဖြစ်ဘဲ ယုံကြည်နေတာ”
“ရှူး! စကားကို တိုးတိုးပြောစမ်း။ သူ့ကို သေချာထိန်းသိမ်းရမယ်လို့ သခင်လေး အမိန့်ပေးထားတယ်လေ! ဒီဆေးတွေ နည်းနည်းလောက် ထပ်သောက်ပြီးသွားရင် သူပွဲသိမ်းသွားလိမ့်မယ်”
“ဟူး… ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။ သခင်လေးက ဒုတိယမင်းသမီးကို ကြောက်တယ်ဆိုရင်လည်း သခင်မနဉ်ရွယ်ကို ဒီတိုင်း လွှတ်ပေးလိုက်လို့ မရဘူးလား”
“လွှတ်ပေးရမယ် ဟုတ်လား။ ဘယ်လိုလုပ် လွှတ်ပေးလို့ ရမှာလဲ ? ကိုယ်ဝန်မရခင်တုန်းကဆိုရင်တော့ လွယ်ရင် လွယ်မှာပေါ့ ? ဒါပေမယ့် သခင်မနဉ်ရွှယ်က သန္ဓေတားဆေးတွေကို မှန်မှန်မသောက်ဘဲ ကလေးယူဖို့ တိတ်တခိုး ကြံစည်နေခဲ့တာလေ! အခုတော့ အဲ့ဒီ မျိုးမစစ်ကလေးက သခင်လေးအတွက် အရှက်ရစရာအကောင်းဆုံး ပြဿနာ ဖြစ်လာပြီ၊ ငါတို့ သူ့ကိုလွှတ်ပေးလိုက်လို့ အပြင်မှာ ပေါက်ကရတွေ လျှောက်ပြောရင် သခင်လေး ဂုဏ်သိက္ခာတွေ တစ်စစီဖြစ်သွားမှာပေါ့၊ ကျန်းမိသားစု ဂုဏ်သိက္ခာအတွက်ကော ဘယ်လိုလုပ်ကြမလဲ!”
“ဒါပေမယ့်လည်း သတ်ဖို့အထိတော့ မလိုလောက်ဘူးထင်တာပဲ…”
“အဲ့တာကတော့ သူ့ထိုက်နဲ့သူ့ကံပဲလေ၊ ကလေးမွေးပေး လိုက်တာနဲ့ ဂုဏ်သိက္ခာရှိတဲ့ ပဏာမဇနီးဖြစ်သွားမယ်လို့ စိတ်ကူးယဉ်ရဲသေးတယ်၊ ကိုယ့်အဆင့်အတန်းကိုယ် သေချာနားမလည်ဘူး၊ ဒုတိယမင်းသမီးက ပျော့ညံ့တဲ့လူဆိုရင်တောင် အရှင်မင်းကြီးကို မေ့ထားကြတာလား ? တော်ဝင်မိသားစုနဲ့ ယှဉ်လိုက်ရင် ကျန်းမိသားစုက အဆင့်မရှိတဲ့ ဆောင်ကြာမြိုင်က မိန်းမတစ်ယောက်ကို အရှက်ကွဲခံပြီး ရွေးပါ့မလား!”
“တကယ်သနားစရာပဲ…”
“လျှောက်ပြောမနေနဲ့တော့! ဆေးကိုမြန်မြန်စပ်ပြီး ပို့ပေးလိုက်”
ထိုစကားသံများကို ကြားပြီးနောက် နဉ်ရွှယ်မျက်နှာ သွေးမဲ့ဖြူရော်သွားခဲ့သည်။ သူမရဲ့တစ်နေ့တာ လုပ်ငန်းဆောင် တာများကို အကူအညီ ပေးနိုင်ဖို့အတွက် ဒီအခြွေအရံနှစ်ယောက်ကို ကျန်းကျစ်ဖျင်ကိုယ်တိုင် ပို့ထားပေးခဲ့တာဖြစ်သည်။
မကြာသေးခင်က သူမ သာမန်အအေးမိဖျားနာခဲ့သော် လည်း ကျန်းကျစ်ဖျင်က ပုံကြီးချဲ့ပြီး သမားတော်တစ်ယောက် ပင့်ကာ တိုင်းရင်းဆေးဝါးတွေ နေ့စဉ် ဖော်စပ်ခိုင်းခဲ့သည်။ သို့သော် ဆေးဝါးမဟုတ်ဘဲ အဆိပ်တွေ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။
နဉ်ရွှယ်ကလည်း ဆောင်ကြာမြိုင်လို နေရာမျိုးမှ လွက်မြောက်လာအောင်လုပ်နိုင်ခဲ့သူ ဖြစ်သဖြင့် ကျန်းကျစ်ဖျင် ထင်ထားခဲ့သလို ‘ဖြူစင်ရိုးအ’သည့် မိန်းကလေး မဟုတ်ပါ။ ထို့နောက်ပိုင်း သူမ လျှို့ဝှက်စုံစမ်းအကဲခတ်ခဲ့ပြီး သဲလွန်စများ ရရှိကာ သူမကို ကျန်းကျစ်ဖျင် တကယ်သတ်ဖို့ ရည်ရွယ်ထားတာဖြစ်မှန်း အတည်ပြုနိုင်ခဲ့သည်။
နဉ်ရွှယ်ရင်ထဲ အငြှိုးတရားများဖြစ်တည်လာခဲ့သည်။
ကျန်းကျစ်ဖျင်က ဒုတိယမင်းသမီးကို လက်ဆက်ချင်နေတာမလား…
မင်းသမီးကို လက်ဆက်နိုင်ဖို့အတွက် သူနဲ့ ဗိုက်ထဲက ကလေးကို ဒုက္ခပေးဖို့ ကြံစည်တယ်ပေါ့!
ဒါဆို သူ့ဘက်ကလည်း ဒီလက်ဆက်ထိန်းမြှားမှုကို ရအောင်ဖျက်ပေးရတာပေါ့!
နဉ်ရွှယ်အတွက် ဘယ်လမ်းကိုပဲ ရွေးရွေး သေလမ်းသာဖြစ်နိုင်သည်။ သူမ အလောင်းအစားလုပ်ပြီး စွန့်စားလိုက် ပါက လွတ်လမ်းတစ်ခုခု ရကောင်းရလာနိုင်ပါသည်။ ကျန်းကျစ်ဖျင်က သူမကို ဖုံးကွယ်ထားချင်လျှင် သူမက လူတိုင်းမြင်အောင် ကိုယ်ထင်ထွက်ပြလိုက်မည်။ ထိုအခါ ကောင်းကင်ဘုံ၏သားတော် အရှင်မင်းကြီးထုတ်ပြန်ထားသည့် ဥပဒေများကြောင့် ကျန်းကျစ်ဖျင် စိတ်လိုက်မာန်ပါ လုပ်နိုင်တော့မှာ မဟုတ်ပါ။
နဉ်ရွှယ်အာရုံထဲ ထိုအတွေးများ ပေါ်လာခဲ့သည်။ ထို့ နောက် ကျန်းကျစ်ဖျင်ကို သနားစရာကောင်းပြီး နာကျင်နေသော မျက်နှာထားမျိုးဖြင့် ကြည့်ကာ ပြောလိုက်ပါသည်။
“ကျန်းလန်! ကျွန်မ ဈေးဝယ်ထွက်နေတုန်း ရှင်ဒီမှာ အနိုင် ကျင့်ခံနေရတယ်လို့ သတင်းကြားမိလို့ စိတ်မထိန်းနိုင်ဘဲ အပြေးရောက်လာခဲ့တာပါ”
နဉ်ရွှယ် မျက်ရည်တွေ သုတ်ရင်း မေးလိုက်သည်။
“ကျွန်မ… ကျွန်မ အမှားလုပ်လိုက်မိပြီလား”
သူမ မျက်နှာပေါ်မှာ ကျန်းကျစ်ဖျင်သဘောအကျဆုံး ကရုဏာသက်စရာ မျက်နှာထားမျိုးလေး လုပ်ပြနေသည်။ ကျန်းကျစ်ဖျင်လည်း ဒါကိုမြင်ပြီး မသင့်တော်ဘူးဟု ခံစားရသော်လည်း စိတ်ပျော့သွားမိသည်။
“နင်ကဘယ်သူလဲ”
အခန်းထဲမှ သခင်မရှဲ့ ထွက်လာပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျက်သားရှိနေသည့် နဉ်ရွှယ်ကို ငုံ့ကြည့်လိုက်သည်။
“ကျန်းကျစ်ဖျင်နဲ့ ဘယ်လိုပတ်သတ်တာလဲ”
နဉ်ရွှယ်မျက်နှာ ဖြူဖပ်သွားခဲ့သည်။ “ကျွန်…ကျွန်မနဲ့ ကျန်းလန်နဲ့ ဘာပတ်သတ်မှုမှ မရှိပါဘူး…”
ပါးစပ်မှ ကျန်းလန်ဟု အဆက်မပြတ် ခေါ်ဆိုနေသော် လည်း ဘာပတ်သတ်မှုမရှိဟု ဆိုနေလေသည်။ အဓိပ္ပာယ်မရှိမှန်း လူတိုင်းသိနိုင်ပါသည်။
သခင်မရှဲ့ သရော်ပြုံး ပြုံးလိုက်သည်။
“စိတ်ဝင်စားစရာပါလား! ဘာပတ်သတ်မှုမှ မရှိဘူးဆိုပြီး သူ့အတွက် တော်တော်စိတ်ပူနေတဲ့ပုံပဲ!”
“ကျွန်…ကျွန်မ…”
သခင်မရှဲ့ကို နဉ်ရွှယ်ရုတ်တရက် ဦးချတောင်းပန်လိုက်လေသည်။
“သခင်မ! ဒီငယ်သားက ကျန်းလန်ကို နှလုံးသားထဲမှာပဲ ချစ်မြတ်နိုးတာပါ၊ ဒုတိယမင်းသမီးနဲ့ ပြိုင်ဆိုင်ဖို့လည်း စိတ်ကူးလုံးဝ မရှိပါဘူး၊ ဒီငယ်သား ဝမ်းထဲက ကလေးကို မွေးဖွားပြီးရင်လည်း ဒုတိယမင်းသမီးကို အပ်နှင်းမှာပါ၊ ဒီငယ်သားအတွက်ကတော့ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် အဆင်ပြေပါတယ်၊ ဘာဘွဲ့ရာထူးမှလည်း မလိုအပ်ပါဘူး၊ ဒီငယ်သားကို မင်းသမီးဘေးမှာ ကျွန်အဖြစ်၊ အစေခံအဖြစ်ထားရင်တောင် ကျေနပ်နေမှာပါ”
နဉ်ရွှယ် ရုတ်တရက်ပြောလိုက်သည့်စကားကြောင့် သခင်မရှဲ့ ကြက်သေသေသွားခဲ့သည်။ ကျန်းကျစ်ဖျင်ကိုလည်း မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်ပါသည်။
ကျန်းကျစ်ဖျင်က ငတုံးမှန်း သူမသိထားသော်လည်း ဒီလောက်ထိ တုံးအလိမ့်မည်ဟု ထင်မထားခဲ့ပေ။