Firmness
Vol. 6 Ch. 53
ဒီအသံက…
ဖူးယောင်နေသည့် မျက်လုံးများကို ယွဲ့ဟွာ ခက်ခက်ခဲခဲ ဖွင့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းရှိ အခါးရည်စားပွဲတွင် ထိုင်နေသော ယွဲ့လင်းကိုမြင်လိုက်ရသည်။
ယွဲ့ဟွာ ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။
ယွဲ့လင်း… ဘယ်တုန်းက ရောက်လာတာလဲ!
ရောက်လာတာကိစ္စမရှိပေမယ့် သူဒီလိုထိုးကြိတ်ခံနေရတာကို ဒီတိုင်း ထိုင်ကြည့်နေတာလား!
ထိုင်ကြည့်နေရုံတင်မဟုတ်ဘူး ကျန်းကျီမြောင်အတွက် အခါးရည်ပါငဲ့ပေးနေသေးတယ်!
ရန်ပွဲကို တားဖို့ တစ်ခွန်းမှဝင်မမိန့်ဘူး!
“အစ်… အစ်ကိုတော်!”
ယွဲ့လင်းအား ယွဲ့ဟွာ ခက်ခက်ခဲခဲမော်ကြည့်လိုက်ပါသည်။
ယွဲ့လင်း အမိန့်ကြောင့် မြို့စားရှဲ့လည်း လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပါသည်။
“အရှင်မင်းကြီး!”
မြို့စားရှဲ့ ဒေါသတကြီး လျှောက်တင်လိုက်သည်။
“မင်းသားအန်းဟယ်က ဒီငယ်သားရဲ့ သမီးကို ပြန်ပေးဆွဲပြီး ပြစ်မှုကျူးလွန်ဖို့ ကြိုးစားခဲ့တယ်! ရှဲ့မိသားစုအတွက် တရားမျှတမှုရရှိအောင် လုပ်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်”
ဒီတစ်ခါတော့ မြို့စားရှဲ့ တွန့်ဆုတ်မနေတော့ဘဲ ယွဲ့လင်းရှေ့မှာ ပြတ်ပြတ်သားသား ဒူးထောက်ချလိုက်ပါသည်။ ဒါကိုမြင်တော့ ရှဲ့ချိုးကို ကူတွဲပေးနေသည့် သခင်မရှဲ့လည်း ယွဲ့လင်းရှေ့မှာ ဒူးထောက်လိုက်ပါသည်။ ရှဲ့မိသားစုဝင် သုံးယောက်စလုံး ယွဲ့လင်းရှေ့မှာ ဒူးထောက်နေကြသည်။ ယွဲ့ဟွာကလည်း ကြမ်းပြင်ပေါ်မှာ မလှုပ်မလျက် ရှိနေဆဲ ပင်။
နူးညံ့သိမ်မွေ့သောအသံဖြင့် ယွဲ့လင်း မိန့်ကြားလိုက်သည်။
“စိတ်ချပါ မြို့စားရှဲ့၊ ဒီအရေးကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးတာနဲ့ မြို့စားရှဲ့ စံအိမ်ကို သတင်းပါးပေးပါ့မယ်၊ အားလုံးထကြပါ၊ ပြဿနာတွေ ရှင်းရှင်းလင်း လင်း ဖြစ်သွားအောင် ကိုယ်တော်တို့ မေးစရာမေးခွန်းတွေ ရှိနေသေးတယ်”
ရှဲ့မိသားစုဝင်များ မျက်နှာမကောင်းကြသော်လည်း မတ်တပ်ပြန်ရပ်လိုက်ကြပါသည်။
ကုန်းကုန်းကွကွထဖို့ ကြိုးစားနေသည့် ယွဲ့ဟွာကိုကြည့်ရင်း ယွဲ့မြန်ရင်ထဲ ခံစားချက်တွေ ရှုပ်ထွေးသွားခဲ့သည်။
မင်းသားအန်းဟယ် မသမာသည့် နည်းလမ်းတွေကို အသုံး ပြုနိုင်သည်ဟု ယောက်မတော်ပြောခဲ့တုန်းက ယွဲ့မြန် သိပ်ပြီး မယုံကြည်ခဲ့ပါ။ သို့သော် ယခုတော့ သူ့ မျက်စိနှင့်တပ် အပ် မြင်လိုက်ရပြီဖြစ်သည်။ သူမတို့သာ နည်းနည်းလောက် နောက်ကျပြီး ရောက်လာကြပါက သခင်မလေးရှဲ့ဘဝမှာ မတွေးဝံ့စရာပင်။
ဒါနှစ်ပေါင်းများစွာ ဂုဏ်သတင်းမွှေးပျံ့ခဲ့တဲ့ မင်းသားအန်းဟယ်တဲ့လား…
သူမ နှလုံးသားထဲက ဂုဏ်သရေမြင့်မြတ်သည့် မင်းသားအန်းဟယ်၏ပုံရိပ် တဖြည်းဖြည်းကြေမွပျက်စီးသွားသလို ယွဲ့မြန် ခံစားလိုက်ရသည်။
ကျန်းကျစ်ဖျင်အကြောင်းကိုလည်း ယွဲ့မြန်တွေးမိပါသည်။ ကျန်းကျစ်ဖျင်နဲ့ မင်းသားအန်းဟယ်တို့ အလွန်ရင်းနှီးကြမှန်း လူတိုင်းသိပြီးသားဖြစ်သည်။ မင်းသားအန်းဟယ်ကို ကျန်းကျစ်ဖျင်က အမြဲတမ်း ချီးမွမ်းထောပနာပြုတတ်လေ့ရှိသည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဟူသည့်အတိုင်း ကျန်းကျစ်ဖျင်ကကော လူကောင်းဖြစ်နိုင်ပါဦးမလား ?
အထူးသဖြင့် ဒီအခန်းကို ကျန်းကျစ်ဖျင်ကိုယ်တိုင်က ကြို တင်ငှားရမ်းခဲ့တာဖြစ်သော်လည်း ပြစ်မှုကျူးလွန်ဖို့ရောက် လာသည့်လူက ယွဲ့ဟွာဖြစ်နေသည်။ ဒီကိစ္စမှာ ကျန်းကျစ်ဖျင်၏ပယောဂလုံးဝ မပါဘူးဟုဆိုလျှင်တောင် ယွဲ့မြန် ယုံကြည်နိုင်တော့မည် မဟုတ်ပါ။
ရှဲ့ချိုး၏ ဖြူရော်ဖြူဖပ်ဖြစ်နေသော မျက်နှာကို ကြည့်ရင်း ယွဲ့မြန်ရင်ထဲ မွန်းကျပ်သွားခဲ့သည်။
မိန်းမသားတွေဖြစ်တဲ့ သူမတို့က သူများတွေလှည့်စားထိန်းချုပ်တာကိုပဲ ခံနေရမှာလား…
ရှဲ့ချိုးနဲ့ သူမရဲ့ဘဝက သိပ်မကွာခြားလှပေ။ ယခု အစ်ကိုတော်နှင့် ယောက်မတော်တို့ရှိနေသဖြင့် သခင်မလေးရှဲ့ကတော့ ဘာမှမဖြစ်လောက်ပါ။
သို့သော် သူမ အတွက်ကကော…
သူမ သာဆို ဘာဆက်လုပ်ရမလဲ…
ကိုယ့်အခြေအနေကိုယ်စဉ်းစားရင်း ယွဲ့မြန်မျက်လုံးများ နီမြန်းသွားခဲ့သည်။
ထိုစဉ် သူမလက်ပေါ်မှာ နွေးနွေးထွေးထွေးထိတွေ့မှုတစ်ခုကို ခံစားလိုက်ရပါသည်။ ယွဲ့မြန် ခေါင်းမော့ကြည့်လိုက်ရာ သူမလက်ကို သိမ်သိမ်မွေ့မွေ့ ဆုပ်ကိုင်ထားသည့် ကျန်းကျီမြောင်ကို မြင်လိုက်ရလေသည်။
ယွဲ့မြန်လည်း စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ ကျန်းကျီမြောင်က လက်ကိုင်ပဝါတစ်ထည် ကမ်းပေးသဖြင့် ယွဲ့မြန် မျက်ရည်တွေကိုအမြန်သုတ်ပစ်လိုက် ခေါင်းကိုဆက်ငုံ့ထားခဲ့သည်။
ကျန်းကျီမြောင်လည်း ရင်ထဲ စိတ်မကောင်းဖြစ်သွားခဲ့သည်။
[ဒုတိယမင်းသမီးရဲ့ ဘဝကမလွယ်ဘူးပဲ၊ တော်ဝင်မင်း သမီးဖြစ်နေတဲ့အတွက် သူ့အိမ်ထောင်ရေးမှာသူ ဆုံးဖြတ်ပိုင်ခွင့် အရမ်းနည်းတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမင်္ဂလာပွဲက မိသားစုချင်း အကျိုးစီးပွားဖလှယ်တဲ့ မင်္ဂလာပွဲပဲ။ မယ်တော်ကြင်ယာတော်ယို့က မင်းသားအန်းဟယ်နဲ့ ပူးပေါင်းချင်တာကြောင့် သူ့သမီးကို ကျန်းကျစ်မြောင်နဲ့ လက်ဆက်ထိန်းမြှားပေးဖို့ ဆုံးဖြတ်ခဲ့တာ]
[မယ်တော်ကြီးနဲ့ မင်းသားအန်းဟယ်တို့က ဒုတိယမင်း သမီးရဲ့ထိန်းမြှားမှုကို အသုံးချပြီး ကျန်းမိသားစုကို ထိန်းချုပ်နိုင်လိမ့်မယ်၊ ပြီးတော့ ဒုတိယမင်းသမီးရဲ့အစ်ကိုရင်း စတုတ္ထမင်းသားကိုလည်း သူတို့ဘက်ပါလာအောင် လုပ်နိုင်လိမ့်မယ်၊ ဘယ်လိုပဲကြည့်ကြည့် သူတို့အတွက် အောင်ပွဲပဲ]
[မယ်တော်ယို့အတွက်လည်း သူ့သမီးရဲ့ အနာဂတ်ကို စတေးပြီး သားဖြစ်တဲ့သူအတွက် မဟာမိတ်ကောင်းရှာပေးလိုက်သလိုပဲ]
[အကုန်လုံး အကျိုးအမြတ် ကိုယ်စီရသွားကြတယ်၊ အလဲ အလှယ်ပစ္စည်းတစ်ခုလို အသုံးချခံလိုက်ရတဲ့ ဒုတိယမင်းသမီးရဲ့ရင်ထဲ ဘယ်လိုတွေခံစားနေရမလဲဆိုတာကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး]
[ပြီးတော့ စတုတ္ထမင်းသား… သူကော မယ်တော်ယိုနဲ့ မယ်တော်ကြီးတို့ရဲ့ အကြံအစည်ကို သိထားပြီးသားလား]
ယွဲ့ဟွာကို ယွဲ့လင်း ခံစားချက်မဲ့စွာကြည့်နေသည်။ အချိန်အတော်ကြာအောင် ခက်ခက်ခဲခဲကြိုးစားပြီးနောက် ယွဲ့ဟွာ လေးဘက် ပြန်ကုန်းနိုင်ခဲ့ပါသည်။ ထို့နောက် ယွဲ့ဟွာ မတ်တပ်ရပ်ဖို့ ပြင်လိုက်စဉ် ယွဲ့လင်းက အကြည့်ဖြင့်အမိန့်ပေး လိုက်သည်။ ထိုအခါ အနီးနားရှိ အစောင့်တပ်သားတစ်ဦးမှ ယွဲ့ဟွာ၏ ဒူးကောက်ခွက်ကိုခြေထောက်ဖြင့် ဆောင့်ကန်လိုက်ရာ ယွဲ့ဟွာ ဒူးထောက်လျက်သား ပြန်ကျသွားလေသည်။
လခွီးပဲ!!!
ယွဲ့ဟွာ ရင်ထဲကြမ်းကြုတ်စွာ ကျိန်ဆဲလိုက်သည်။ ‘ကံကြ မ္မာ၏သားတော်’ဖြစ်သော်လည်း ဒီနေ့ သူအလွန် အရှက်ကွဲနေရသည်။ နလံပြန်ထူနိုင်သည့်အခါကျမှ သူ့ကို ထိုးကြိတ်ခဲ့သည့် မြို့စားရှဲ့ကိုသတ်ပစ်မည်။ ယွဲ့လင်းကိုလည်း သတ်ပစ်မည်။ ယနေ့ ဒီမှာရှိနေခဲ့သူအားလုံးကို ခြွင်းချက်မရှိ အကုန်သတ်ပစ်မည်။
ရှဲ့ချိုးကို ယွဲ့ဟွာ လှမ်းကြည့်လိုက်သေးသည်။ ရှဲ့ချိုး၏ အလှကပြိုင်ဘက်ကင်းပါသည်။ သူ့ပုံစံက အထိမခံနိုင်သည့် ကြွေအိုးလေးတစ်လုံးလိုပင်။ သူမကိုကြည့်ရင်း ယွဲ့ဟွာရင်ထဲ ဗလောင်ဆူသွားခဲ့ပါသည်။
ထားလိုက်စမ်းပါ!
ဒီမိန်းမက ပြဿနာကြီးတယ်! အခု ငါ့ မိဖုရားလာလုပ်ချင်ရင်တောင် လုပ်လို့ မရတော့ဘူး!
ငါထီးနန်းရတဲ့အခါကျမှ အဆင့်နိမ့်တဲ့ ကိုယ်လုပ်တော်အဖြစ်ပဲ သတ်မှတ်ပေးလိုက်မယ်!
ဒီလိုအဖြစ်မျိုး ယွဲ့ဟွာတစ်ခါမှမကြုံဖူးသဖြင့် စိတ်ခံစားချက်တွေအားလုံး သူ့မျက်နှာပေါ်မှာ အထင်းသားပေါ်လွင်နေသည်။ ယွဲဟွာမျက်နှာကို ကြည့်ရင်း မြို့စားရှဲ့နဲ့ သခင်မရှဲ့တို့ မျက်နှာတွေလည်း အကျည်းတန်သွားခဲ့ကြပါသည်။ ယွဲ့ဟွာမျက်လုံးထဲက သတ်ဖြတ်လိုစိတ်ကို သူတို့အကုန် မြင်ကြသည်။
ယနေ့ပြဿနာတွေ ပြီးဆုံးသွားပြီးနောက် ရှဲ့မိသားစု နှင့်မင်းသားအန်းဟယ်တို့အကြား အငြှိုးအတေးတစ်ခုဖြစ်သွားတော့မည်။ ယွဲ့ဟွာသာ အာဏာရလာပါက ရှဲ့မိသားစု ကံကြမ္မာလှပမည်မဟုတ်ပေ။
ရှဲ့ချန်း မျက်နှာတွေ ဆက်တိုက်ဆိုသလို ပြောင်းလဲနေ သည်။ ယခင်ဧကရာဇ်မင်းကြီး နတ်ရွာမစံခင်တုန်းက ယွဲ့လင်း၏ထီးနန်း ခိုင်မြဲလွန်းမည်စိုးသဖြင့် ယွဲ့လင်း သက် တမ်းတိုတောင်းမှုအကြောင်းကို တခြားအာဏာရှိ ဝန်ကြီးမှူးမတ်တွေကိုပါ အသိပေးခဲ့လောက်သည်။ နန်းတော်ထဲက ဘယ်ဝန်ကြီးမှူးမတ်တွေ ထိုအကြောင်းကိုသိထားသလဲဆိုတာ ရှဲ့ချန်း တပ်အပ်မပြောနိုင်ပါ။ သို့သော် ထိုလူတွေအားလုံးက နှောင်းဧကရာဇ်၏ ဘက်တော်သားများဖြစ်သဖြင့် ၎င်းတို့မိသားစုများ ကြီးပွားချမ်းသာစေဖို့အတွက် မင်းသားအန်းဟယ်ကိုသာ ထောက်ခံပေးကြပါလိမ့်မည်။
နှောင်းဧကရာဇ်၏အစီအစဉ်များက သူ့ခံယူချက်များဖြင့် မကိုက်ညီသဖြင့် ရှဲ့ချန်း ဘယ်ဘက်ကိုမှမကူညီဘဲ ကြားနေအဖြစ်သာရပ်တည်ခဲ့သည်။ သို့သော်… ယခုမူ ရှဲ့မိသားစုမှာ ရွေးချယ်စရာမရှိတော့ချေ။
ယွဲ့လင်းက သက်တမ်းရှည်မှာမဟုတ်ကြောင်း နှောင်းဧကရာဇ်မင်းကြီး မိန့်ကြားခဲ့သော်လည်း နှောင်းဧကရာဇ်မှာ သေမင်းမဟုတ်သဖြင့် သေခြင်းရှင်ခြင်းများကိုအဆုံး အဖြတ်ပေးနိုင်သူ မဟုတ်ပေ။ နန်းတော်အတွင်းရှိ သမားတော်များက ကယ်နိုင်စွမ်းမရှိလျှင် နန်းတော်အပြင်ဘက်မှာ သွားရှာပါမည်။ ကျယ်ပြောလှသော တာ့ယုံတိုင်း ပြည်တွင် အရှင်မင်းကြီး၏အသက်ကို ကယ်တင်နိုင်မည့်လူ တစ်ဦးတစ်ယောက်မှမရှိတာ မဖြစ်နိုင်ပါ။
ဟူတို့ သမားတော်မရှာဖွေနိုင်ခဲ့လျှင်ပင် အရှင်မင်းကြီးတစ်ခုခုမဖြစ်ခင် မင်းသားအန်းဟယ်အားရှင်းထုတ်ပစ်လို့ ရနိုင်သည်။ အရှင်မင်းကြီးမှာ ညီအစ်ကိုဟူ၍ မင်းသားအန်းဟယ်တစ်ယောက်တည်းရှိခြင်း မဟုတ်ပေ။
ကိုယ်ရေးကိုယ်တာ အရေးကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ တိုင်းသူ ပြည်သားများဘက်မှ ကြည့်လျှင်ပဲဖြစ်ဖြစ် ယွဲ့ဟွာလို လူမျိုးကို နန်းတက်ခွင့် လုံးဝမပြုသင့်ပါ။ နှောင်းဧကရာဇ် ၏ နောက်ဆုံးဆန္ဒဖြစ်နေလျှင်တောင် ရှဲ့ချန်းဂရုမစိုက်တော့ပေ။
ယွဲ့ဟွာအကြည့်တစ်ချက်ကြောင့် မြို့စားရှဲ့ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့ပါသည်။
“အစ်ကိုတော်…”
ယွဲ့ဟွာ အံကြိတ်လျက် ခံပြင်းစွာလျှောက်တင်လိုက်သည်။
“ဒါ… နား…နားလည်မှုလွဲတာပါ…ညီတော်က သခင်မလေးရှဲ့နဲ့… ဒီ…ဒီတိုင်းစကားထိုင်ပြောချင်လို့ပါ…”
ယွဲ့လင်း သက်ပြင်းချလိုက်သည်။
“ပဉ္စမညီတော်က ကျန်းတို့ကို ဘာပြောစေချင်သေးလို့လဲ? လက်ဆက်ထိန်းမြှားမှုတစ်ခုမှာ နှစ်ဦးနှစ်ဖက်စလုံးရဲ့ သဘောဆန္ဒလိုအပ်တယ်လို့ ကိုယ်တော်မိန့်ကြားခဲ့တယ်နော်၊ အတင်းအကြပ်လုပ်ယူလို့ ရတဲ့အရာမှ မဟုတ်တာ။ ကံကောင်းစွာနဲ့ ဒီနေ့ ဘာမှမဖြစ်ခဲ့ဘူ၊ ညီတော်သာ ရူးသွပ်တဲ့ လုပ်ရပ်တစ်ခုခုကို ကျူးလွန်ခဲ့ရင် မြို့စားရှဲ့သေတဲ့အထိ ထိုးသတ်ရင်တောင် ကျန်းတို့ ဝင်တောင်းပန်ပေးလို့ ရမှာမဟုတ်ဘူး”
ယွဲ့ဟွာ ရှက်ရွံ့မှုကိုသာ ခံစားနေရပြီး လက်သီးကိုကျစ် ကျစ်ပါအောင် ဆုပ်ထားမိသည်။
အဲ့လို အောက်ခြေလွတ်နေတဲ့ လေသံနဲ့ ပြောစရာလိုလို့လား!
စောင့်ကြည့်စမ်းပါ!
တစ်နေ့ကျရင် ယွဲ့လင်းကို မြေမြှုပ်စရာနေရာတောင်မရှိစေရဘဲ သေအောင်လုပ်ပေးမယ်!
သူ့ရှေ့မှာ ခွေးတစ်ကောင်လို ခခယယတောင်းပန်စေရမယ်!
သူ့ဘက်ကလည်း ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး!
“ဒီညီတော်မှာ တကယ် တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး…” ယွဲ့ဟွာရှင်းပြဖို့ ကြိုးစားနေဆဲပင်။
“တရားခံကို ရှာတွေ့ပါပြီ အရှင်မင်းကြီး”
အနက်ရောင်ဝတ်ရုံခြုံထားသည့် လူက အခြွေအရံတစ်ယောက်ကို ပွေ့ချီဖမ်းချုပ်လာပြီး ကြမ်းပြင်ပေါ် ပစ်ချပေးလိုက်သည်။
ထိုအခြွေအရံကို ရှဲ့ချိုးမြင်သောအခါ မျက်လုံးတွေထဲ နာကျင်မှုတွေ ထင်ဟပ်လာခဲ့သည်။ ပြဿနာတွေ ဖြစ်နေစဉ် တစ်ချိန်လုံး ရှဲ့ချိုး ရီဝေနေခဲ့သော်လည်း ထိုအခြွေ အရံကိုမြင်သောအခါ သူမ အားတင်းကာပြောလိုက်လေသည်။
“ယွဲ့ရှင်း! ငါ နင့်အပေါ် ညီအစ်မတစ်ယောက်လိုအမြဲတမ်း ဆက်ဆံခဲ့တာလေ! ဘာလို့ ဒီလိုလုပ်ရပ်မျိုးလုပ်ရတာလဲ!”