← Chapters

Dazed

Vol. 6 Ch. 54

Dazed

Vol. 6 Ch. 54

ရှဲ့ချိုးက ငတုံးမဟုတ်ပေ။

သေခြာပြန်စဉ်းစားကြည့်လျှင် ဒီနေ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တိုင်းက ယွဲ့ရှင်းနဲ့ ပတ်သတ်နေသည်။ မနက်တုန်းက စိတ်အပန်းပြေအောင် အပြင်ထွက်ဖို့ အကြံပေးခဲ့တာလည်း ယွဲ့ရှင်းဖြစ်သည်။ သွားရောက်မည့် နေရာကို ရွေးချယ်ခဲ့တာလည်း ယွဲ့ရှင်းပင်။

နီရှန့်ဆောင်အပေါ်ထပ်တွင် ယွဲ့ရှင်းပေးသည့် ရေတစ်ခွက်ကို သောက်မိပြီး သူမတစ်ကိုယ်လုံး အားအင်တွေ ချည့်နဲ့သွားခဲ့ပါသည်။ ထို့နောက် တစ်စုံတစ်ယောက်က သူမကို ပွေ့ချီခေါ်ဆောင်သွားခဲ့လေသည်။ သူမ ပြန်ခုခံဖို့ ခွန်အားစိုးစဉ်းမျှ မရှိခဲ့ပါ။

သူမ ပြန်ပေးဆွဲခံခဲ့ရစဉ်က ယွဲ့ရှင်း ဒီတိုင်းရပ်ကြည့်နေခဲ့သည်။ ဝင်တားဆီးဖို့ အစီအစဉ်မရှိခဲ့သည့်အပြင် သေသေ ချာချာ ခေါ်ဆောင်သွားဖို့ပင် သတိပေးခဲ့သေးသည်။ ယွဲ့ရှင်းနဲ့ မင်းသားအန်းဟယ်တို့ တစ်ဖွဲ့တည်းသားချင်း ဖြစ်မှန်း ဦးနှောက်ပါသူတိုင်း သိနိုင်ပါလိမ့်မည်။

သူမကလည်း ဦးနှောက်မရှိသူ မဟုတ်သဖြင့် အဖြစ်မှန်ကို သိရှိသွားခဲ့ပါပြီ။ သို့သော် သူမ နားမလည်နိုင်သေးပါ။ ယွဲ့ရှင်းနဲ့ သူမ ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့တာဖြစ်သည်။

ယွဲ့ရှင်းကို ညီအစ်မရင်းသဖွယ် သဘောထားခဲ့ပြီး သူမ ပေးနိုင်တာမှန်သမျှပေးကမ်းခဲ့သည်။ အိမ်ထောင်ပြုဖို့အရွယ် ရောက်ရှိလာချိန်မှာလည်း ယွဲ့ရှင်းအတွက် ခင်ပွန်းကောင်းရှာပေးဖို့ မယ်တော်ဖြစ်သူကို ရှဲ့ချိုး တောင်းဆိုခဲ့သေးသည်။ ထို့ကြောင့် သူမကို ဘာကြောင့် ဒီလို ကြံစည်ခဲ့ရတာလဲဆိုတာ ရှဲ့ချိုး နားမလည်နိုင်ပါ။

ယွဲ့ရှင်း မျက်နှာ သွေးမဲ့ဖြူရော်နေလေသည်။ မြို့စားရှဲ့နှင့် မြို့စားကတော်တို့၏ အကျည်းတန်နေသောမျက်နှာများကို သူ လှမ်းကြည့်လိုက်သည်။ ထို့နောက် ထိုးကြိတ်ခံထားရပြီး ဝက်ခေါင်းပမာဖြစ်နေသည့် မင်းသားအန်းဟယ်ကိုလည်း သူ မြင်သွားပြီး ဘာပြောရမှန်းမသိတော့ချေ။

“အဲ့တာ သခင်မလေးရှဲ့ရဲ့ အခြွေအရံမဟုတ်ဘူးလား”

ယွဲ့ဟွာ မေးလိုက်သည်။

“သူကဘာပြစ်မှု ကျူးလွန်လို့လဲ”

ယွဲ့ဟွာ ဘယ်နည်းနဲ့မှ ဝန်ခံမည်မဟုတ်မှန်း သိသာသည်။

ယွဲ့ရှင်းလည်း အသိစိတ်ပြန်ကပ်ကာ အမြန်ရှင်းပြလိုက်သည်။

“မင်းသားအန်ဟယ်က သခင်မလေးရှဲ့ကို ဒီတိုင်း အခါးရည်အတူတူ သုံးဆောင်ရင်း စကားပြောဖို့ ဖိတ်ကြားခဲ့တာပါ၊ မင်းသားအန်းဟယ်ကို သခင်မလေးရှဲ့ အရင်က တည်းက လေးစားကြည်ညိုမှု ရှိခဲ့တာလို့ ဒီအခြွေအရံထင်ခဲ့တာ.. အခု ပဋိပက္ခဖြစ်ခဲ့တာတွေကလည်း နားလည်မှုလွဲတာလို့ပဲ ထင်မိတယ်၊ တစ်ယောက်ခံစားချက်ကိုတစ်ယောက် ဖွင့်ပြောပြီး ပြန်အဆင်ပြေသွားကြရင် မကောင်းနိုင်ဘူးလား ? ဒီအခြွေအရံက သခင်မလေးရှဲ့ကောင်းကျိုးအတွက် ဆောင်ရွက်ပေးခဲ့ရုံပါ…”

ရှဲ့ချိုး ဒေါသဖြင့် တစ်ကိုယ်လုံးတုန်ယင်သွားခဲ့သည်။

“ငါ့ကောင်းကျိုးအတွက် ဆောင်ရွက်ပေးခဲ့တာဟုတ်လား ? နင့်ရှေ့မှာ ငါ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောထားပြီးသားလေ! ပြီးတော့ ဒီလက်ဆက်ထိန်းမြှားမှုကို ငါကိုယ် တိုင် ငြင်းဆန်ခဲ့မှန်းလည်း နင် သိတယ်၊ အခု နင်က ငါ့ကောင်းကျိုးအတွက် နင့် ဆုံးဖြတ်ချက်နဲ့ နင် ဆောင်ရွက်ပေးခဲ့တာပေါ့ ဟုတ်လား”

ယွဲ့ရှင်း ခေါင်းငုံ့သွားသည်။

“သခင်မလေးရဲ့ယာယီမိုက်မဲမှုကြောင့် သင့်တော်တဲ့ ကြင်ယာဖက်ကို ဆုံးရှုံးသွားပြီး အနာဂတ်မှာနောင်တရ,ရမှာ စိုးရွံ့မိတဲ့အတွက် ဒီအခြွေအရံကူညီပေးခဲ့ရတာပါ၊ ဒီအခြွေအရံမှာ သခင်မလေးကို ကောင်းစေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းသာ ရှိပါတယ်”

ရှဲ့ချိုး ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပါ။ သခင်မရှဲ့က ရှဲ့ချိုးအားတွဲထားရင်း အေးစက်စွာ ပြောလိုက်သည်။

“ချိုးအာလေးကောင်းဖို့အတွက် လုပ်ပေးတာဟုတ်လား ? နင့်အတွက် နင် ကောင်းဖို့လုပ်ပေးတာ မဟုတ်ဘူးလား! ငါရှာပေးထားတဲ့ ကုန်သည်မိသားစုကိုအထင်မကြီးလို့ အဲ့ဒီထက် ဂုဏ်အဆင့်အတန်းမြင့်မားတဲ့ မိသားစုကို ရှာဖွေချင်နေတာမလား”

“အရှင်မင်းကြီး”

မြို့စားရှဲ့ ယွဲ့လင်းအား လျှောက်တင်လိုက်သည်။

“ဒီအခြွေအရံရဲ့ စိတ်က ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်နီ ဉာဏ်နက်အလွန်များပါတယ် အရှင်မင်းကြီး၊ ဒီငယ်သားတို့ ရှဲ့မိသားစုက ဒီအခြွေအရံကို လုံးဝသည်းခံနေမှာ မဟုတ်ပါဘူး၊ အရှင်မင်းကြီး စီရင်ချက် ချမှတ်ပေးတော်မူပါ”

“အစ်ကိုတော် တကယ်တော့…”

ယွဲ့ဟွာ တစ်ခုခုပြောဖို့ ကြံလိုက်သည်။

သို့သော် ယွဲ့လင်းက ခံစားချက်မဲ့စွာမိန့်ကြားလိုက်ပါသည်။

“သခင်ကို သစ္စာဖောက် ကြံစည်ခဲ့တဲ့ အခြွေအရံ သေသည်အထိ ကြိမ်ဒဏ်သင့်ခံစေ၊ သေဆုံးတဲ့အခါ သူ့အလောင်းကို နီရှန့်ဆောင်အတွင်း ပို့ဆောင်ထားစေ”

ယွဲ့လင်းကို ကျန်းကျီမြောင်လှည့်ကြည့်လိုက်သည်။

[နီရှန့်ဆောင်ကို ထိန်းချုပ်ခဲ့တုန်းက လူသတ်မှုဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ကို ယွဲ့လင်းသုံးခဲ့တာ၊ အခုတော့ သက်သေပြစရာ အလောင်းတစ်ခုရှိသွားပြီပေါ့]

ထိုအကြောင်းပြချက်ကို သုံးဖို့ဆုံးဖြတ်ခဲ့သည့်အချိန်က တည်းက ယွဲ့ရှင်းအားကြိမ်ဒဏ်ဖြင့် ကွပ်မျက်ဖို့ ယွဲ့လင်း စီရင်ချက် ချမှတ်ပြီးသားဖြစ်သည်။

ကျန်းကျီမြောင်လည်း ဝင်စွက်ဖက်ဖို့ အစီအစဉ်မရှိဘဲ တည်တည်ငြိမ်ငြိမ်သာ စောင့်ကြည့်နေခဲ့သည်။ ရန်သူတစ်ယောက်ကိုကြင်နာခြင်းက ကိုယ့်အပေါ်ကိုယ် ရက်စက်ခြင်းပင်။ ယွဲ့ဟွာအနားကလူတွေကို ဖြည်းဖြည်းချင်းရှင်းထုတ်မသွားလျှင် ရှင်းထုတ်ခံရမည့်လူက သူမနှင့် ကျန်းမိသားစုတစ်စုလုံး ဖြစ်သွားနိုင်သည်။

“အပြင်ဆွဲထုတ်သွားပြီး ကြိမ်ဒဏ်ပေးလိုက်ကြ၊ ဒီအနိဋ္ဌာရုံကို သူများတွေ ရှုမြင်စရာမလိုဘူး”

ယွဲ့လင်း မိန့်လိုက်သည်။

အစောင့်တပ်သားနှစ်ယောက် ရှေ့ထွက်လာပြီး ယွဲ့ရှင်းကို တရွတ်တိုက် ဆွဲထုတ်သွားကြလေသည်။ ယွဲ့ရှင်း အလွန်သွေးပျက်ကာ ယွဲ့ဟွာကိုလှမ်းကြည့်လိုက်ပါသည်။

“အရှင်မင်းသား! ကယ်ပါဦး!!”

ယွဲ့ဟွာမျက်နှာ အလွန်အကျည်းတန်သွားပြီး မျက်နှာချက် ချင်း လွှဲလိုက်လေသည်။

“အရှင်မင်းသား!!!”

ယွဲ့ရှင်း အလွန်စိတ်ချောက်ချားနေပါပြီ။

“အရှင်မင်းသားရဲ့အမိန့်ကြောင့် ဒီအခြွေအရံ ဒီလိုတွေ လုပ်ခဲ့ရတာလေ! ဒီအခြွေအရံရဲ့ ခန္ဓာကိုယ်ကိုလည်း အရှင်မင်းသားထံ အပ်နှင်းထားပြီးသား မဟုတ်လား! ဒီလို လုပ်လို့ မရ…”

“တိတ်စမ်း!”ယွဲ့ဟွာ ချက်ချင်း ဖြတ်ပြောလိုက်သည်။

“ဒီအခြွေအရံ ရူးသွပ်သွားပြီ အစ်ကိုတော်၊ သူ့ကို ဒီတိုင်း ဆက်ထားလို့ မဖြစ်ဘူး”

ယွဲ့ဟွာအား ယွဲ့လင်း အဓိပ္ပာယ်ပါစွာကြည့်လိုက်ပြီး လက်ဝှေ့ရမ်းလိုက်ပါသည်။ ထိုအခါ အစောင့်တပ်သားများက ယွဲ့ရှင်းကို အပြင်သို့ ဆက်ဆွဲခေါ်သွားကြတော့သည်။

ဘယ်လိုနည်းလမ်းတွေကို အသုံးပြုနေသလဲ မသိနိုင်သော် လည်း အပြင်ဘက်မှ အသံတစ်စုံတရာထွက်မလာခဲ့ပါ။ သိပ်မကြာလိုက်ဘဲ ယွဲ့ရှင်းအလောင်းကို နီရှန့်ဆောင်သို့ ပို့ဆောင်လိုက်ပြီဟု တပ်သားတစ်ဦးက အစီရင်လာခံလေသည်။

ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်၏။

“နီရှန့်ဆောင်မှာ လူသတ်မှုဖြစ်ပွားခဲ့တာဆိုတော့ အဲ့ဒီနေရာကို ချက်ချင်းစုံစမ်းစစ်ဆေးဖို့ မြို့တော်ရဲ့တာဝန်ရှိသူတွေကို အသိပေးလိုက်၊ အဲ့ဒီ နီရှန့်ဆောင်မှာ တရားမဝင်တဲ့ လုပ်ငန်းတချို့ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ကျန်းတို့ သံသယဖြစ်မိတယ်၊ ပဉ္စမညီတော်ကော ဘယ်လိုသဘောရလဲ”

ယွဲ့ဟွာကို စိုက်ကြည့်ရင်း ယွဲ့လင်းမေးလိုက်ခြင်းဖြစ် သည်။ ယွဲ့ဟွာ မျက်နှာက စက္ကန့်နှင့်အမျှပိုပိုပြီး အကျည်း တန်လာနေပါသည်။

ထိုနီရှန့်ဆောင်ဆိုတာ သူ့ပိုင်ဆိုင်မှုဖြစ်သည်။ ခေတ်သစ်၏ အဝတ်အစားဒီဇိုင်းများကိုအသုံးပြုပြီး ဒီခေတ်မှာ ထူးခြားဆန်းပြားသည့် အဝတ်အစားများစွာကို ယွဲ့ဟွာဖန်တီးခဲ့သည်။ ထို့ကြောင့် အရာရှိများနဲ့ တော်ဝင်မိသားစုများအကြား နီရှန့်ဆောင်အလွန်ရေပန်းစားနေရခြင်းဖြစ်သည်။

အာဏာရှိသူများနဲ့ အဆက်အသွယ်ရနိုင်ဖို့အတွက် နီရှန့်ဆောင်က သူ့ ခံတပ်လည်းဖြစ်သည်။ ဒီတစ်ခေါက် ရှဲ့ချိုး ကိစ္စကြောင့် သူ့ခံတပ်အကြောင်းကို လူတွေသိကုန်လေပြီ။ ယွဲ့လင်းလည်း သိသွားလောက်ပြီဆိုတာ သေချာသဖြင့် နီရှန့်ဆောင်ကို ဖျက်ဆီးဖို့ကြိုးစားနေခြင်းဖြစ်လိမ့်မည်။

သို့သော်ယွဲ့ဟွာ ဘာမှမပြောနိုင်ပါ။ လောလောဆယ် သူ့ရှေ့ကယ အခက်အခဲကိုတောင် ကျော်ဖြတ်နိုင်ပါ့မလား မသေချာပေ။ ယွဲ့ရှင်းတွေ၊ နီရှန့်ဆောင်တွေကို သူ ဂရုမစိုက်အားပါ။ သူ့စိတ်ထဲမှာ အငြှိုးအတေးတစ်ခုတော့ထားရှိခဲ့ပါသည်။ တစ်နေ့နေ့ကျလျှင် သူအားလုံးကိုပြန်သိမ်းပိုက်မည်။

“အစ်ကိုတော်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ”

ယွဲ့ဟွာ အကျည်းတန်သော အပြုံးဖြင့် လျှောက်တင်လိုက်ပါသည်။

ယွဲ့လင်း တည်ငြိမ်စွာမိန့်လိုက်၏။

“ယွဲ့ရှင်းက သေသွားပြီ၊သခင်မလေးရှဲ့နဲ့ ပတ်သတ်တဲ့ ကောလဟာလတွေ ထွက်လာမယ်ဆိုရင်… အဲ့ဒီကောလ ဟာလတွေဖြန့်တဲ့လူက ပဉ္စမညီတော်ပဲ ဖြစ်နိုင်လိမ့်မယ်”

ယွဲ့ဟွာ နဖူးပေါ်မှာ ဇောချွေးတွေပြန်လာပြီး ဖြည်းညှင်းစွာ လျှောက်တင်လိုက်ပါသည်။

“ဘာကောလဟာလမှာ ရှိလိမ့်မယ် မထင်ပါဘူး အစ်ကိုတော်”

ပြဿနာတွေက ဒီအဆင့်ထိတောင် ရောက်နေပြီဖြစ်သဖြင့် မြို့စားရှဲ့ ခခယယတောင်းပန်လျှင်တောင် ရှဲ့ချိုးကို သူမိဖုရားအဖြစ် ယွဲ့ဟွာ လက်ခံမှာမဟုတ်တော့ပါ။ ရှဲ့ချိုး သူ့မိဖုရားဖြစ်ဖို့ မထိုက်တန်ဟု ယွဲ့ဟွာ ခံစားမိသည်။ နောက် ပိုင်း ရှဲ့မိသားစုတစ်စုလုံး ပျက်စီးသွားသည့်အခါကျမှ သူမကို သိမ်းပိုက်ပစ်မည်သာ။

“ခုနက ယွင်ရွှေကျန့်ဆီ ရာဇဝတ်သားတစ်ယောက် ရုတ်တ ရက်ရောက်လာတယ်၊ ရာဇဝတ်သားကို မြို့စားရှဲ့ ရှာတွေ့သွားတော့ နန်းတော်ကို အစီရင်ခံဖို့ အချိန်မရှိလို့ သူကိုယ် တိုင် ဖမ်းဆီးနှိမ်နင်းခဲ့ရတယ်၊ ဧည့်သည်တော်တွေကို ထွက်ခွင့်မပေးခဲ့တာကလည်း သူတို့ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်ပဲ” ယွဲ့လင်း မိန့်လိုက်သည်။

ယွဲ့လင်းဆိုလိုသည့် အဓိပ္ပာယ်ကို မြို့စားရှဲ့ နားလည်သွားပြီး အမြန်ခေါင်းညိတ်နာခံလိုက်သည်။

“ပဉ္စမညီတော်ရဲ့ မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကလည်း အချိန်တိုအတွင်း ပျောက်သွားမှာမဟုတ်ဘူး၊ အဲ့တာကြောင့် အပြင်သိပ်မထွက်ပါနဲ့”

ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။

ယွဲ့ဟွာရင်ထဲ ရှက်ရွံ့သော ခံစားချက်တစ်ခုသာရှိနေပြီး တိုးညှင်းသော အသံဖြင့် အမိန့်နာခံလိုက်ရတော့သည်။

ယွဲ့ဟွာ ထွက်သွားသောအခါ ကျန်းကျီမြောင်ကို ယွဲ့မြန်တီးတိုးမေးမြန်းလိုက်ပါသည်။

“ယောက်မတော်… ဒီတိုင်းပဲ ပြီးသွားတော့မှာလား ? မင်းသားအန်းဟယ်ကို ဘာပြစ်ဒဏ်မှ မပေးကြဘူးလား ? ဒီနှမတော် နားမလည်နိုင်ဘူး၊ အဲ့ဒီ ယွဲ့ရှင်းကိုကော ဘာလို့ ကွပ်မျက်ပစ်လိုက်တာလဲ၊ သူ့ကို မျက်မြင်သက်သေအဖြစ် အသုံးချရင် ပိုမကောင်းဘူးလား”

ကျန်းကျီမြောင် တိုးညှင်းသောအသံဖြင့် ပြန်ဖြေလိုက်ပါသည်။

“တခြားကိစ္စတွေဆိုရင်တော့ မင်းသားအန်းဟယ်ကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးလို့ရတယ်၊ ဒါပေမယ့် ဒီကိစ္စက သခင်မလေးရှဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာ၊ အဲ့တာကြောင့် ဒီလိုနည်းလမ်း သုံးလိုက်ရတာပါ၊ မင်းသားအန်းဟယ်ကို ပြစ်ဒဏ်ပေးဖို့ ယွဲ့ရှင်းကို အသုံးချမယ် ဆိုရင်လည်း သခင်မလေးရှဲ့ တစ်နည်းနည်းနဲ့ ပါလာရမှာပဲ၊ အဲ့တာကြောင့် ကြိုးရှုပ်ကို ဖြည်ဖို့မကြိုးစားဘဲ ဓားပြတ်နဲ့ ဖြတ်လိုက်တာက အကောင်းဆုံးနည်းလမ်းပဲ၊ ပြီးတော့ မင်းသားအန်းဟယ်လည်း သူနဲ့ထိုက်သင့်တဲ့ ပြစ်ဒဏ်အစစ်အမှန်ကို ခံခဲ့ရပြီးပြီးလေ”

ဒီအဖြစ်အပျက်ကြောင့် မင်းသားအန်းဟယ်နှင့် ရှဲ့မိသားစုတို့ ရန်သူတော်လုံးလုံး ဖြစ်သွားကြလိမ့်မည်။ ရှဲ့မိသားစုကမူ ယွဲ့လင်း၏ဘက်တော်သားများဖြစ်သွားကြပါပြီ။ သူမလည်း ကြမ္မာဆိုးသော ဇာတ်သိမ်းကိုရှောင်လွှဲနိုင်ဖို့ တစ်ဆင့် ပိုနီးစပ်လာပြီဟု ဆိုနိုင်သည်။

ယွဲ့မြန် နားလည်သလိုလို ခေါင်းညိတ်လိုက်သော်လည်း တကယ်တမ်း သိပ်နားမလည်သေးပါ။ ဒီလိုကိစ္စမျိုးမှာတောင် မိန်းမသားတွေဘက်ကသာ ပိုပြီးထိခိုက်နာကျင်ရသည်။ သခင်မလေးရှဲ့ စိတ်ဒဏ်ရာရသွားခဲ့တာဖြစ်သော် လည်း တရားခံဖြစ်သည့် ယွဲ့ဟွာ၏သရုပ်မှန်ကို လူတွေသိအောင် ဖော်ထုတ်ပြသလို့မရနိုင်ပေ။

ကမ္ဘာကြီးက မိန်းမသားတွေအတွက် မတရားလှပါ။ လက် ဆက်ထိန်းမြှားမှုကို အတည်ပြုရသေးခင်မှာပင် ရှဲ့ချိုး ပြဿနာတွေ အများကြီးကြုံတွေ့ခဲ့ရသည်။

သူမသာ ကျန်းကျစ်ဖျင်နဲ့ တကယ်လက်ဆက်ထိန်းမြှားမိပါက နောက်ပိုင်းလွတ်မြောက်ချင်လျှင်တောင် ဒဏ်ရာ ဒဏ်ချက်မဲ့ လွတ်မြောက်နိုင်မည် မဟုတ်လောက်တော့ချေ။

ယွဲ့မြန် ရီဝေသွားခဲ့သည်။ သူမက စိတ်ပျော့သူဖြစ်သည်။ ကလေးဘဝကတည်းက မယ်တော်ယို၏လိုအင်ဆန္ဒကို တစ်ကြိမ်တစ်ခါမှ မငြင်းဆန်ခဲ့ဖူးပါ။ ဒီကိစ္စကိုသာ ငြင်း ဆန်လိုက်လျှင် မယ်တော်ယို ဘယ်လောက်တောင် ဒေါသထွက်သွားမလဲ ယွဲ့မြန် မသိပေ။

သူမ… ကံစီမံရာကိုပဲ လိုက်ခံလိုက်ရတော့မလား…

ယွဲ့မြန် ရီဝေနေစဉ် အခြွေအရံယွင်ရှန်း ရောက်လာပြီး ကျန်းကျီမြောင်အား တစ်စုံတစ်ခု တီးတိုးလျှောက်တင်လိုက်သည်။ ကျန်းကျီမြောင် ခေါင်းညိတ်ကာ ယွဲ့မြန်အား လှမ်းကြည့်လိုက်သည်။

All Chapters