← Chapters

Nauseating

Vol. 6 Ch. 55

Nauseating

Vol. 6 Ch. 55

“ကျန်းကျစ်ဖျင် စံအိမ်ကနေ ထွက်လာပြီတဲ့”

ကျန်းကျီမြောင် နူးညံ့စွာပြောလိုက်ပါသည်။

ယွဲ့မြန် ချက်ချင်းဆိုသလို မျက်နှာပျက်သွားခဲ့သည်။ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် ကျန်းကျစ်ဖျင် ဘယ်လို လူစားမှန်း သူ အကြမ်းဖျင်း သိသလောက် ရှိနေပါပြီ။ မင်းသားအန်းဟယ်အတွက် အခန်းတစ်ခန်း ကြိုငှားပေးခဲ့ပြီး ဒီလိုအချိန်ရောက်မှ စံအိမ်ကထွက်လာခဲ့သည်။။ သူ့ရည်ရွယ်ချက် တခြားရှိနိုင်ပါဦးမလား။

အစ်ကိုတော်နဲ့ ယောက်မတော်တို့သာ ယွင်ရွှေကျန့်ထံ အချိန်မှီရောက်မလာခဲ့လျှင် ကျန်းကျစ်ဖျင် ‘မတော်တဆ’ ရောက်ရှိလာပြီး မင်းသားအန်းဟယ်နှင့် သခင်မလေးရှဲ့တို့ တစ်ခန်းထဲမှာအတူတူရှိနေကြမှန်း မြင်သွားလိမ့်မည်။ ရှဲ့မိသားစု၏ဂုဏ်သိက္ခာအဖတ်ဆယ်မရအောင် ပျက်စီးသွားပါလိမ့်မည်။ ထိုအခါ မင်းသားအန်းဟယ်ကို သခင်မလေးရှဲ့ မထိန်းမြှားချင်ပါက တစ်သက်လုံး သီလရှင်ဝတ်သွားဖို့သာ ရှိတော့သည်။

ယောက်ျားသားတွေဖြစ်သည့်အတွက် မိန်းမသားတွေထက် လွတ်လွတ်လပ်လပ် နေထိုင်နိုင်စွမ်းပိုရှိကြသည်။ ကိုယ့်အားကိုယ် ကိုးနိုင်ကြပြီး အရာရာကို ဦးဆောင်နိုင်စွမ်း ရှိကြပါသည်။ ဒါတောင် မိန်းမသားတွေကို ဘာကြောင့် မသမာသောနည်းဖြင့် ကြံစည် ဒုက္ခပေးနေကြသေးတာလဲဆိုတာ ယွဲ့မြန် နားမလည်နိုင်တော့ပါ။

“အရှင်မင်းကြီး!”

မြို့စားရှဲ့ အံကြိတ်ကာ လျှောက်တင်လိုက်သည်။

“ဒီနေ့ကိစ္စအတွက် ကျန်းကျစ်ဖျင်ကိုလည်း ဒီတိုင်း အလွတ်ပေးလို့ မဖြစ်ပါဘူး! သူ့ကို ဒီငယ်သားကိုယ်တိုင် အပြစ်ပေးပါရစေ!”

မြို့စားရှဲ့ အင်္ကျီလက်တွေ မ,တင်လိုက်ပါသည်။ ခုနက သူ့ဒေါသတွေ အခုချိန်ထိမပြေနိုင်သေးပါ။

“အရှင်မင်းကြီးမှာ သူ့အစီအစဉ်နဲ့သူရှိမှာပေါ့၊ ရှင်ဘာလို့ အဲ့လောက် လျှာရှည်ရတာလဲ”

ခင်ပွန်းဖြစ်သူကို သခင်မရှဲ့ မျက်စောင်းထိုးလိုက်ပါသည်။ ရှဲ့ချန်း ချက်ချင်းမျက်နှာငယ်သွားရလေသည်။

ယွဲ့လင်း မျက်ခုံးပင့်ကာ မိန့်လိုက်သည်။

“တရားခံကို မိသွားခဲ့ပြီပဲ မြို့စားရှဲ့၊ အစောင့်တပ်သားတွေကို ပြန်ခေါ်လိုက်ပါ။ ကျန်းကျစ်ဖျင်ကိုတော့… လာခဲ့ပါစေ၊ သူဒီမှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ ကိုယ်တော် မြင်ချင်တယ်”

မြို့စားရှဲ့ ချက်ချင်းဆိုသလို မျက်လုံးများ တောက်ပသွားခဲ့ပြီး စီစဉ်စရာရှိတာ စီစဉ်ဖို့ထွက်ခွာသွားခဲ့ပါသည်။ မြို့စားရှဲ့အမိန့်ဖြင့် ယွင်ရွှေကျန့်ကို ဝန်းရံထားကြသည့် အစောင့်တပ်သားများလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ထွက်ခွာသွားကြပြီဖြစ်သည်။

သူ့မှာ မြို့စားတစ်ဦး၏ အာဏာအပြည့်အဝရှိသည်။ ဒီကို ရာဇဝတ်သားတစ်ဦး ဖမ်းဆီးဖို့ရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။ ထိုရာဇဝတ်သားဆိုသူကို ဘယ်သူမှ မမြင်လိုက်ရသော်လည်း မေးခွန်းမထုတ်ရဲကြပေ။ ထို့ကြောင့် ပြဿနာက မရေမရာ တီးတိုးပြောသံများဖြင့်သာ အဆုံးသတ်သွားခဲ့လေသည်။

မြို့စားရှဲ့ ပြန်ရောက်လာသောအခါ ယွဲ့လင်း အခန်းတံခါးကိုပိတ်လိုက်သည်။ ကျန်းကျီမြောင်က ယွင်ရှန်းကို အချက်လှမ်းပြလိုက်ပါသည်။ ယွင်ရှန်း ခေါင်းညိတ်လိုက်ပြီး မျက်လှည့်ပြသကဲ့သို့ ဖရုံစေ့ထုပ်တစ်ထုပ်ကို ဘယ်ကမှန်းမသိ ထုတ်ပေးလိုက်လေသည်။

“ကဲ ကဲ ကဲ အားလုံး လာကြ လာကြ၊ စောင့်နေရတာ ပျင်းရောပါ့၊ စားကြသောက်ကြပါဦး၊ အားမနာပါနဲ့”

ကျန်းကျီမြောင်က လူတိုင်းကို ဖရုံစေ့များ စိတ်အားထက် သန်စွာ ဝေငှပေးလိုက်ပါသည်။

ဘယ်လို…

ဘယ်သူမှ မလှုပ်ရဲကြသော်လည်း ယွဲ့လင်းကတော့ ပြုံးလိုက်ပြီး ဖရုံစေ့များကို စတင်ခွာစားနေပြီဖြစ်သည်။

“အားလုံး အားမနာကြပါနဲ့” ကျန်းကျီမြောင် အားပေးအားမြှောက်ဆက်ပြုနေပါသည်။

“ဒီဖရုံစေ့တွေကို ထူးခြားတဲ့ နည်းတစ်ခုနဲ့ လှော်ထားတာ၊ စားလိုက်ရင် အရမ်းကိုမှ မွှေးတယ်”

ထိုအခါမှ တခြားသူတွေလည်း ဖရုံစေ့တွေကို တွန့်ဆုတ်စွာ လက်ခံလိုက်ကြပါသည်။ သိပ်မကြာလိုက်ဘဲ တစ်ခန်းလုံး ဖရုံစေ့ တကျွတ်ကျွတ်ဝါးသံများဖြင့် ပြည့်နှက်သွားခဲ့သည်။

စောင့်ရတာ ပျင်းလာပြီဖြစ်သဖြင့် ‘ကိုယ်ပိုင်ဓားရှင်’ ဇာတ် လမ်းတွဲကို ကျန်းကျီမြောင် ဖွင့်ကြည့်လိုက်လေသည်။

ထိုအခါ သခင်မရှဲ့အာရုံထဲ ပုံရိပ်ကြီးတစ်ခုရုတ်တရက်ပေါ်လာခဲ့သည်။ သခင်မရှဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကျန်းကျီမြောင်ကို မယုံကြည်နိုင်စွာလှမ်းကြည့်လိုက်လေသည်။

သူမ အာရုံထဲ ပေါ်လာတဲ့ ထူးထူးဆန်းဆန်းပုံရိပ်ကြီးက ဘာလဲ။

ဒါလည်း မိဖုရားကြီးနဲ့ သက်ဆိုင်နေတာပဲလား ?

သူမရင်ထဲ ကျန်းကျီမြောင်၏ဆန်းကြယ်မှုက အဆုံးမရှိစွာ ထိုးတက်သွားခဲ့သည်။

အရှင်မက ဘယ်လို နတ်မျိုးနတ်နွယ်လဲ!

အနာဂတ်ကို ကြိုမြင်နိုင်သလို ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကိုလည်းသိတယ်။

ဒီလို ထူးခြားအံ့ဖွယ် စွမ်းရည်တွေကိုပါ ပိုင်ဆိုင်ထားသေးတယ်!

နတ်ဘုရားတစ်ပါး ဝင်စားတာသာမဟုတ်ရင် တခြားဘာဖြစ်နိုင်ဦးမှာလဲ!

အစတုန်းကတော့ ယွဲ့လင်းဘက်မှာ ရပ်တည်ဖို့ ရှဲ့မိသားစု ဆုံးဖြတ်ပြီးသားဖြစ်သော်လည်း အနည်းငယ် စိုးရိမ်ပူပန်မိကြဆဲဖြစ်သည်။ သို့သော် ယခုတော့ သခင်မရှဲ့ စိတ်အေးနိုင်ပါပြီ။ အရှင်မလို မိဖုရားမျိုးသာ အနားမှာရှိနေပါက အရှင်မင်းကြီး ရှုံးနိမ့်စရာအကြောင်းမရှိပေ။

မိသားစုအနာဂတ်နှင့်ပတ်သတ်သည့် လေးလေးနက်နက် အကြောင်းအရာများကို သခင်မရှဲ့တွေးတောနေခဲ့သော် လည်း ဆူညံပွက်လောရိုက်နေသည့် ဇာတ်လမ်းတွဲ စတင်သောအခါ ထိုဆန်းသစ်သည့် ဖျော်ဖြေမှုအားသခင်မရှဲ့ စွဲလမ်းသွားတော့သည်။

ယွဲ့လင်းကလည်း တိတ်ဆိတ်စွာ အကဲခတ်နေပြီး စိတ်ဝင် စားစရာ ကောင်းတာတစ်ခုကို သိရှိခဲ့ရသည်။ လူတွေအ များကြီး ရှိနေသည့်အထဲမှာမှ သူနှင့် သခင်မရှဲ့တို့သာ ကျန်းကျီမြောင်၏အတွေးသံများ၊ သူမ အာရုံထဲက ရုပ်ပုံများကိုမြင်နိုင်ပုံရသည်။ ယွဲ့မြန်၊ မြို့စားရှဲ့နှင့် ရှဲ့ချိုးတို့ အားလုံးက ဘာမှမမြင်ကြသကဲ့သို့ မျက်နှာထားပြောင်း လဲခြင်း မရှိကြပါ။

ဘာကြောင့်လဲ…

ကျန်းကျီမြောင်ရဲ့ အတွေးစကားတွေကိုကြားနိုင်ဖို့လိုအပ် ချက်က ဘာလဲ…

ယွဲ့လင်း သေချာ စဉ်းစားသုံးသပ်ကြည့်လိုက်သည်။ လက် ရှိမှာ ကျန်းကျီမြောင်၏အတွေးသံတွေကို ကြားနိုင်သူက အနောက်နန်းဆောင်ရှိကိုယ်လုပ်တော်များနဲ့ သူကိုယ်တိုင်လည်းပါသည်။ နန်းတော်ပြင်ပမှာတော့ သခင်မရှဲ့ တစ်ဦးတည်းသာ ကြားနိုင်သေးသည်။ လင်းချင်ချင်လည်း ကျန်းကျီမြောင်၏အတွေးသံကို ကြားနိုင်ပုံ မပေါ်ပေ။

မိန်းမသားတွေသာ ကြားနိုင်သည်ဟု ဆိုရအောင်လည်း သူကိုယ်တိုင်က ခြွင်းချက်ဖြစ်နေသည်။ ထို့အပြင် မိန်းမသားများဖြစ်ကြသည့် ယွဲ့မြန်၊ ရှဲ့ချိုးနဲ့ တခြားအခြွေအရံတွေလည်း မကြားနိုင်ကြပေ။ ကိုယ်လုပ်တော်တွေသာ ကြားနိုင်သည်ဟု ဆိုပြန်လျှင်လည်း လင်းချင်ချင်က မကြားရဘဲ သခင်မရှဲ့ကတော့ ကြားနေရသည်။

သူ့ကိုယ်သူ ခြွင်းချက်ထားလိုက်လျှင် သခင်မရှဲ့နှင့် အနောက်နန်းဆောင် ကိုယ်လုပ်တော်တို့ကြားထဲ ဘုံဆင်တူနေသည့် အချက်တစ်ချက်က ဘာဖြစ်နိုင်မည်နည်း…

ယွဲ့လင်း မျက်လုံးများ အနည်းငယ်အရောင်လက်သွားသည်။ တစ်ချက်တော့ရှိပါသည်။

သခင်မရှဲ့က မြို့စားကတော်ဘွဲ့ရာထူးကို တရားဝင်ပိုင် ဆိုင်ထားသူဖြစ်သည်။ ရှဲ့ချိုးက သခင်မလေးတစ်ယောက် ဖြစ်သော်လည်း ဘာဘွဲ့ရာထူးမှ မပိုင်ဆိုင်သေးပါ။ ယွဲ့မြန်ကမူ တော်ဝင်မင်းသမီးဖြစ်သော်ငြားလည်း အစဉ်အလာအရဆို လက်ဆက်ထိန်းမြှားပြီးမှ သူမအား ယွဲ့လင်း ဘွဲ့ရာ ထူးချီးမြှင့်ရမှာဖြစ်သည်။

ထို့ကြောင့် ကျန်းကျီမြောင်၏အတွေးသံကို ကြားနိုင်ဖို့ လိုအပ်ချက်တစ်ခုက… ဘွဲ့ရာထူးတစ်ခုခုကိုပိုင်ဆိုင်ထားဖို့ ဖြစ်မည်။ သို့သော် ဘွဲ့ရာထူး ပိုင်ဆိုင်ထားပြီးသားဖြစ်သည့် လင်းချင်ချင်ကမူ မကြားနိုင်ခဲ့သဖြင့် နောက်ထပ် လိုအပ်ချက် တစ်ခုခုရှိနေနိုင်သေးသည်။ သူသေသေချာချာ အကဲခတ်လိုက်ပါက ဖြည်းဖြည်းချင်းနားလည်လာပြီး မကြာမီ ကောက်ချက်ချနိုင်ပါလိမ့်မည်။

ကျန်းကျစ်ဖျင် စံအိမ်မှ ထွက်လာပြီဟု ဆိုသော်လည်း အလွန်နှေးကွေးပါသည်။ ယွဲ့ဟွာ အကြံအစည်အထ မြောက်သည့် အချိန်အထိ စောင့်နေတာဖြစ်လောက်သည်။ ကျန်းကျစ်ဖျင်၏ယုတ်ညံ့သော အကြံအစည်များကို တွေးမိပြီး မြို့စားရှဲ့ဒေါသဖြင့် အံကြိတ်လိုက်မိသည်။ သူ့ကိုတွေ့တာနဲ့ ခန္ဓာကိုယ်တစ်ခြမ်းသေလောက်သည့်အထိ ရိုက်နှက်ပစ်ပါမည်။

မြို့စားရှဲ့ ဒေါသမီးတောက်လောင်နေချိန် သခင်မရှဲ့ ရုတ် တရက် ထရယ်မောလိုက်လေသည်။

ရှဲ့ချန်း : “???”

ဝမ်းဗိုက်ကိုဖိကာ ဟက်ဟက်ပက်ပက် ရယ်မောနေသော သခင်မရှဲ့ကို သူလှည့်ကြည့်လိုက်ပြီးမှင်သက်သွားခဲ့သည်။

သူ့ဇနီး ဘာတွေ ရယ်နေတာလဲ…

သခင်မရှဲ့ကတော့ ရူးသွပ်ချင်နေပါပြီ။ ရယ်ချင်စိတ်ကိုမနည်းထိန်းရင်း မျက်ရည်တွေကိုသုတ်နေရသည်။

မိဖုရားကြီးရဲ့အာရုံထဲက ပုံရိပ်တွေက… ဘာတွေလဲ!

အဓိပ္ပာယ်မဲ့မှန်း သိသော်လည်း ရယ်ချင်စိတ်ထိန်းမရ အောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။ လုပ်ကြံသတ်ဖြတ်သူ ကျီးဝူမင် ရောက်ရှိလာသည့်အခန်းက ဇာတ်ရှိန်တက်ရမည့်အခန်း ဖြစ်သော်လည်း ဟာသတွေနှီးနှောပါဝင်နေ သည်။

“သခင်မ…” ရှဲ့ချန်း ကြောင်စီစီဖြင့် ခေါ်လိုက်သည်။

သခင်မရှဲ့ ရယ်ချင်စိတ်ကို ထိန်းပြီး ပြန်ပြောလိုက်ပါသည်။

“ခဏနေရင် ဝက်ခေါင်းလိုဖြစ်တဲ့အထိ ထိုးကြိတ်ဆုံးမခံရတော့မယ့် ကျန်းကျစ်ဖျင်ကို မြင်ယောင်ပြီး ကျွန်မ ရယ်ချင်သွားလို့ပါ”

ရှဲ့ချန်းလည်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်ပါသည်။ သူ့ဇနီးက ‘ဝက်ခေါင်း’ဟူသော အသုံးအနှုန်းကိုပင် သုံးနေသဖြင့် တကယ်ပျော်ရွှင်နေတာဖြစ်လောက်သည်။

“စိတ်ချစမ်းပါ! အဲ့ဒီကောင် သေချာပေါက် ဝက်ခေါင်းဖြစ်သွားစေရမယ်!” ရှဲ့ချန်း ခက်ထန်စွာကတိပြုလိုက်သည်။

ဇနီးဖြစ်သူ စိတ်မပျက်စေဖို့အတွက် သူ့ကြွက်သားဗလတွေကိုတောင် ထုတ်ပြလိုက်ပါသေးသည်။

သခင်မရှဲ့ မျက်စောင်းထိုးလိုက်ပြီး မျက်လုံးတွေ မှိတ်ပစ် လိုက်သည်။ ဒီအသက်အရွယ်ကြီးနဲ့… မျက်စိစပါးမွေး စူးစရာဖြစ်နေသည်။ မိဖုရားကြီးရဲ့ဇာတ်လမ်းတွဲကို ကြည့်တာမှ ပိုပျော်စရာကောင်းပါသေးသည်။ ဇာတ်လမ်းတွဲထဲမှပိုင်ကျန်းထျန်ဟူသည့် လူငယ်လေးကမှ မျက်စိကျစရာပိုကောင်းသေးသည်။

မြို့စားရှဲ့ အချိန်အတော်ကြာအောင် ကြွက်သားတွေထုတ် ပြထားသော်လည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ သမီးဖြစ်သူ၏ရှင်းပြရခက်သော မျက်နှာထားကိုသာ မြင်လိုက်ရသည်။ သူ့ဇနီးကတော့… မျက်လုံးတွေ စုံမှိတ်ထားလေသည်။

ရှဲ့ချိုးလည်း စိတ်ပြန်လည်တည်ငြိမ်သွားပြီဖြစ်သဖြင့် ခမည်းတော်ဖြစ်သူကို ဖြည်းညှင်းစွာပြောလိုက်ပါသည်။

“ခမည်းတော် ဒီတိုင်းအေးအေးဆေးဆေးထိုင်ပြီး အနားယူနေလိုက်ပါလား…”

--- --- ---

နောက်ဆုံးတော့ ကျန်းကျစ်ဖျင် အချိန်ကို တွက်ချက်ပြီး ယွင်ရွှေကျန့်သို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့နောက် ဒုတိယထပ်ကို အပြင်မှ လှမ်းကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အခုလောက်ဆို မင်းသားအန်းဟယ် အစီအစဉ်တွေ အောင်မြင်သွားလောက်ပြီ။

ယခု ထိုကိစ္စကို လူတိုင်းကြားအောင် သူအော်ကြီးဟစ် ကျယ် ကြေညာဖို့သာ လိုပါတော့သည်။ ထိုအခါ ရှဲ့ချိုး၏ ဂုဏ်သိက္ခာပျက်စီးသွားမည်ဖြစ်ပြီး မင်းသားအန်းဟယ်ကို ထိန်းမြှားဖို့သာ ရွေးချယ်စရာရှိတော့မည်။ ထို့အပြင် မင်းသားအန်းဟယ်ကို ကပ်ဖားလျက်ဖားလုပ်လေ့ရှိသည့် ‘စာပေပညာရှင်’များကိုလည်း ကျန်းကျစ်ဖျင် ခေါ်လာခဲ့သည်။ ယွင်ရွှေကျန့်ရှေ့သို့ ရောက်သောအခါ သူတို့အဖွဲ့က လူဆယ်ဂဏန်းလောက်ရှိနေပြီဖြစ်ပြီး ယပ်တွေတဖျပ်ဖျပ်ခပ်ရင်း ရယ်ရယ်မောမောစကားပြောဆိုနေကြသည်။

“မင်းသားအန်းဟယ်လည်း ဒီနေ့ကြွလာမယ်လို့ မိန့်ထားတယ်၊ သူရောက်နေပြီလားမသိဘူး"

လူတိုင်းကြားအောင် ခပ်ကျယ်ကျယ် အော်ပြောလိုက်ပြီး ကျန်းကျစ်ဖျင် ဝင်လာခဲ့ပါသည်။

အခန်းထဲတွင် မြို့စားရှဲ့ လှောင်ပြုံးပြုံးနေသည်။

သူတို့သာ ရောက်မနေလျှင် ကျန်းကျစ်ဖျင်၏အော်ဟစ်ပြောဆိုနေသံများက ယွဲ့ဟွာကို ကြိုတင်ပြင်ဆင်ဖို့အချက် ပေးသည့်အသံများ ဖြစ်သွားနိုင်ပါသည်။ ဒီလို အကြံအ စည်မျိုးက အော့နှလုံးနာဖွယ်ကောင်းလှသည်ပင်။

All Chapters