← Chapters

Zhang… Zhang-lang ?

Vol. 6 Ch. 56

Zhang… Zhang-lang ?

Vol. 6 Ch. 56

သခင်မရှဲ့ ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်နေသည်။

သူမ အာရုံထဲရှိ ဇာတ်လမ်းတွဲထဲတွင် လွီရှို့ချိုက်ကငယ်သံပါအောင် အော်ဟစ်နေသည်။

“ငါနဲ့ စကြဝဠာကြီးရဲ့ကြားမှာရှောင်လွှဲလို့မရတဲ့ ဆက်နွယ်မှုတစ်ခုရှိနေတာလား၊ စကြဝဠာကြီးမှာ အဆုံးသတ်ဆိုတာ ရှိနေလား ? အချိန်ဆိုတဲ့အရာမှာကော အတိုင်းအတာရှိရဲ့လား ? အတိတ်ဆိုတဲ့ အချိန်တွေကဘယ်ကိုရောက်သွားတာလဲ ? အနာဂတ်ဆိုတဲ့ အချိန်တွေကကောဘယ်မှာ စောင့်နေခဲ့တာလဲ ? ငါအခုမေးနေတဲ့ မေးခွန်းက မင်းမေးခဲ့တဲ့ မေးခွန်းနဲ့ အတူတူပဲလား”

လူသတ်ဖို့အသင့်ဖြစ်နေသည့် ကျီးဝူမင်တစ်ယောက်ကြက် သေသေသွားခဲ့ပြီး ကြုံးဝါးလိုက်ပါသည်။

“ငါမင်းကို သတ်ပစ်မယ်!”

လွီရှို့ချိုက်ကလည်း ပြန်အော်သည်။

“ငါ့ကိုဘယ်သူက သတ်မှာလဲ၊ ငါကကော ဘယ်သူ့ကို သတ်ခဲ့တာလဲ’

ကျီးဝူမင် ရီဝေသွားသည်။ “ငါ့ကိုသတ်မှာ… ငါပဲလား”

ဖြန်း!

ကျီးဝူမင် စိတ်ရှုပ်လွန်းသဖြင့် ကိုယ့်နဖူးကိုယ်အားပြင်းပြင်းရိုက်မိပြီး သေဆုံးသွားလေတော့သည်။ သမိုင်းဝင်လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဒီလိုနဲ့ သေဆုံးသွားခဲ့သည်။

ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်းများနဲ့အတူတူ သခင်မရှဲ့ လက်ခုပ်လက်ဝါးတီးချင်သွားပြီး ရယ်ချင်စိတ်ကိုလည်း မနည်းထိန်းထားရပါသည်။ သူမ အတွေးသံတွေကိုသာ သူများတွေ ကြားနိုင်ပါက စိတ်ရူးပေါက်နေသူတစ်ယောက်ဟု ထင်သွားကြလိမ့်မည်။

အဲ့လိုလုပ်လို့ရတယ်လား ?

တကယ်ကြီး အောင်မြင်သွားတယ်ပေါ့!

အဲ့တာကြီးက အဓိပ္ပာယ်ရှိလို့လား!

တစ်ခုခုကို ခက်ခက်ခဲခဲချုပ်တည်းနေရပုံပေါ်သော ဇနီးဖြစ်သူ၏မျက်နှာကို ကြည့်ရင်း မြို့စားရှဲ့ လက်ဝါးနှစ်ဖက်ကို ပြင်းထန်စွာပွတ်ပစ်လိုက်သည်။ သူ့ဇနီးကလည်း ကျန်းကျစ်ဖျင်အား ဆုံးမချင်တာ တစ်ပိုင်းသေနေလောက်ပါပြီ။ ပုံမှန်ဆို သူ့ဇနီးက ဣန္ဒြေသိက္ခာကြီးမားပြီး ဒီလောက်ထိ စိတ်လှုပ်ရှားတက်ကြွနေတာမျိုးမရှိတတ်ပေ။။

စောင့်ကြည့်နေစမ်းပါ!

သူ့ဇနီးသည်ကို စိတ်မပျက်စေရဘူး!

မြို့စားရှဲ့ အင်္ကျီလက်တွေ မ,တင်ရင်း ယွဲ့မြန်အားပြောလိုက်ပါသည်။ “စိတ်ချပါ ဒုတိယမင်းသမီး၊ သူ့ကို ဒုက္ခိတဖြစ်သွားတဲ့အထိ မလုပ်ဖို့ ဒီငယ်သား အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”

ယွဲ့မြန်: “…”

သူမ အလွန်ပင်ပန်းနေပါပြီ၊ ဖြစ်ချင်တာသာ ဖြစ်ပါစေတော့။

ယွဲ့လင်း မျက်ခုံးပင့်ကာ မိန့်လိုက်သည်။

“ကိုယ်တော်တို့ ဒီကိစ္စကို မြို့စားရှဲ့လက်ထဲပဲ အပ်ခဲ့မယ်နော်၊ သခင်မလေးရှဲ့နဲ့ မင်းသမီးတို့က ရက်စက်ကြမ်း ကြုတ်တဲ့ မြင်ကွင်းတွေကို မြင်ရဖို့ မသင့်တော်ဘူး၊ ပြီးတော့ ကျန်းနဲ့ မိဖုရားကြီးတို့ နန်းတော်ပြင်ပထွက်လာတဲ့အကြောင်း လူတွေသိသွားတာလည်း သိပ်မကောင်းဘူး၊ ဒါ့ကြောင့် ကိုယ်တော်တို့ ပိတ်ကားချပ်နောက်မှာပဲ စောင့်နေပါ့မယ်”

မြို့စားရှဲ့ အမြန်ခေါင်းညိတ်ပြလိုက်ပါသည်။

“စိတ်ချပါ အရှင်မင်းကြီး၊ ဒီငယ်သားနဲ့ ကြင်ယာတော်တို့ ရှိနေတဲ့အတွက် ဒီငမိုက်သားတွေ ကောင်းကင်တိုင်တည်ပြီး အသနားခံ ငိုကြွေးရလောက်တဲ့အထိ သေချာပေါက် ဆုံးမပစ်မှာပါ!”

ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျန်းကျီမြောင်က ရှဲ့ချိုး၊ ယွဲ့မြန်တို့ကို ခေါ်ပြီး ယွဲ့လင်းနဲ့အတူတူ ပိတ်ကားချပ်နောက်သို့ ဝင်နေလိုက်ကြပါသည်။

[ထင်တဲ့အတိုင်းပဲ ဇာတ်လမ်းတွဲကြည့်ရတာက အပြင်မှာ ပွဲအစစ်ကြည့်ရတာလောက် စိတ်ဝင်စားစရာ မကောင်းဘူးပဲ!]

ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲကို ကျန်းကျီမြောင် ယာယီပိတ်ထားလိုက်သည်။ ထို့နောက် ပိတ်ကားချပ်ပေါ် နားဖြင့်ကပ်ကာ အပြင်ကအသံတွေကို နားထောင်ဖို့ကြိုးစားလိုက် ပါသည်။

အားလုံးထဲမှာ မျက်နှာအပျက်ဆုံးသူက ယွဲ့မြန်ဖြစ်သည်။ ကျန်းကျစ်ဖျင်၏သရုပ်မှန်ကို သိရှိပြီးဖြစ်သဖြင့် သူမ မျှော်လင့်ချက် ဘာမှ မထားတော့ပါ။ ယခု စိတ်ဖိစီးနေရခြင်းက ဒီလက်ဆက်ထိန်းမြှားမှုကို ငြင်းဆန်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား သူမ ခံနိုင်စွမ်းနိုင်မလားဆိုတာ မသေချာနိုင်တာကြောင့်ဖြစ်သည်။

ရှဲ့ချိုးတုန်းက လက်ဆက်ထိန်းမြှားမှုကို ငြင်းဆန်နိုင်ခဲ့ခြင်းမှာ သူမကို အပြည့်အဝ ထောက်ခံအားပေးသည့် မိဘနှစ်ပါး ရှိနေတာကြောင့် ဖြစ်ပါသည်။

သို့သော် သူမကကော…

သူမက တော်ဝင်မင်းသမီးတစ်ပါးဖြစ်သော်လည်း ဒီကဏ္ဍမှာ ရှဲ့ချိုးလောက် ကံမကောင်းဟုပင် ဆိုနိုင်သည်။ သူမသာ ထိန်းမြှားမှုကို ငြင်းဆန်မည်ဆိုလျှင် ပထမဆုံး အပြစ်တင်ကန့်ကွက်သူက သူမရဲ့ မယ်တော်ယို ဖြစ်နေပါလိမ့်မည်။

ထိုအတွေးဖြင့် ယွဲ့မြန် မျက်လုံးများ နီမြန်းလာခဲ့လေသည်။

“မင်းသားအန်းဟယ်! မင်းသားအန်းဟယ် အထဲမှာလား!” အခန်းအပြင်ဘက်မှ ကျန်းကျစ်ဖျင်၏ အော်ခေါ်သံ ထွက်ပေါ်လာလေသည်။

အဖြစ်မှန်တွေ သိခဲ့ရပြီးဖြစ်သဖြင့် ထိုအသံက မြို့စားရှဲ့အတွက် မသတီစရာ ကောင်းလွန်းနေသည်။ သွေးအေးစွာ ပြုံးရင်း တံခါးရှေ့မှာ သူရပ်စောင့်နေလိုက်ပါသည်။

“မင်းသားအန်းဟယ်…"

အခွင့်မရှိဘဲ ကျန်းကျစ်ဖျင် တံခါးကို မဖွင့်ရဲသေးပါ။ သူသတင်းဖြန့်ချင်တာ မှန်သော်လည်း ရှဲ့ချိုးက မင်းသားအန်းဟယ်၏ကြင်ယာတော်လောင်းဖြစ်သဖြင့် မမြင်သင့်တာတွေ မြင်သွားလို့မဖြစ်ပါ။

မြိုစားရှဲ့ မျက်လုံးများ အေးစက်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။

“ဝင်ခဲ့”

ကျန်းကျစ်ဖျင် ခေတ္တကြက်သေသေသွားခဲ့၏။

ဒီနေ့ မင်းသားအန်းဟယ်ရဲ့အသံက… နည်းနည်းထူးဆန်းနေပါလား။

သို့သော်လည်း ခပ်မြန်မြန်ပဲ ပြန်ပြုံးလိုက်မိပါသည်။ မင်း သားအန်းဟယ် စိတ်လှုပ်ရှားလွန်းသဖြင့် အသံတွေတောင် ပြောင်းသွားတာဖြစ်မည်။

“မင်းသားအန်းဟယ် တကယ်ရောက်နေတာပဲ၊ ကဲကဲ အားလုံး အတူတူဝင်ကြစိုံ”

အနောက်က ‘စာပေပညာရှင်’များကို ကျန်းကျစ်ဖျင် ပြောလိုက်ပြီး အင်္ကျီလည်ခွံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လျက် တံခါးကို ဖွင့်လိုက်ပါသည်။ အထဲက အခြေအနေကို မမြင်ရသေးခင်မှာပင် ဇာတ်တိုက်ထားသည့်အတိုင်း သူအော်လိုက်သည်။

“ဒါ… ဒါ… ရှဲ့…”

ရှဲ့ချိုး၏အမည်ကို သူအော်ဖို့ ကြံလိုက်သည်။

အစောကြီးကတည်းက လက်ဖဝါးတွေပွတ်ရင်းစောင့်နေသည့် မြို့စားရှဲ့လည်း ကျန်းကျစ်ဖျင် မျက်နှာပေါ်လာတာနဲ့ တစ်ပြိုင်နက် လက်သီးဖြင့် ပိတ်ထိုးလိုက်လေတော့သည်။

“ရှဲ့- ဘာဖြစ်လဲ ဆက်ပြောလေ!!”

ကျန်းကျစ်ဖျင် ခေါ်ဆောင်လာသည့် ‘စာပေပညာရှင်’များကလည်း အထဲဝင်ဖို့ ပြင်ဆင်နေကြတာဖြစ်သည်။ သို့ သော် သူတို့ အထဲမရောက်သေးခင် ကျန်းကျစ်ဖျင်က အပြင်သို့ ပြန်လွင့်ထွက်လာလေသည်။ ကျန်းကျစ်ဖျင်ကို ဝိုင်းထိန်းပေးဖို့ ကြိုးစားလိုက်ကြသော်လည်း လွင့်လာသည့် အရှိန်ကြောင့် တစ်ဖွဲ့လုံးလဲကျကာ ဗရုတ်သုက္ခဖြစ်သွားပြီး ခွေးတွေ ဝက်တွေလို ညည်းညူသံများ ထွက်လာကြတော့သည်။

ကျန်းကျစ်ဖျင် ကြောင်တောင်တောင်ဖြစ်သွားလေသည်။ အထဲကလူကို သေချာတောင်မမြင်လိုက်ရဘဲ အထိုးခံရကာ အပြင်သို့ပြန်လွင့်ထွက်လာခဲ့သည်။

သူ့ကို မင်းသားအန်းဟယ် ထိုးလိုက်တာလား ?

ဘာလို့ ထိုးတာလဲ!

ကျန်းကျစ်ဖျင် အသိစိတ်ရုတ်တရက် ပြန်ကပ်သွားသည်။

“မင်းသားအန်းဟယ် ဒီငယ်သားမရည်ရွယ်ပါဘူး! သခင်မလေးရှဲ့ ဒီကို ရောက်နေမှန်း မသိခဲ့လို့ပါ! ဒီငယ်သား ဘာမှ မမြင်လိုက်ပါဘူး!”

ကျန်းကျစ်ဖျင် အော်ကြီးဟစ်ကျယ် ပြောလိုက်ပါသည်။

ဘာ… သခင်မလေးရှဲ့ ရောက်နေတယ်ဟုတ်လား ?

ပြီးတော့ မင်းသားအန်းဟယ်ကောပဲ…

လူပျိုတစ်ယောက်နဲ့ အပျိုတစ်ယောက် အခန်းထဲမှာ နှစ်ယောက်တည်းရှိနေကြတယ်!

ယွင်ရွှေကျန့်အခါးရည်ဆိုင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။

ပိတ်ကားချပ်နောက်ရှိ ရှဲ့ချိုးမျက်နှာပေါ် ဒေါသတွေ ထင် ဟပ်လာခဲ့ပါသည်။ သူတို့ရဲ့ ကောက်ကျစ်စဉ်းလဲသော အကြံအစည်တွေကို ကြိုတင်ခန့်မှန်းကာ စိတ်ကို ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း တကယ်တမ်း ဖြစ်ပျက်လာသည့်အခါ သူမရင်ထဲက ဒေါသတရားကို ထိန်းချုပ်မရခဲ့ပါ။ အထူးသဖြင့် တစ်ချိန်တုန်းက ဒီယွဲ့ဟွာကို သူမ လေး စားကြည်ညိုခဲ့ဖူးကြောင်း ပြန်တွေးမိတိုင်းအလွန်စက်ဆုပ် ရွံရှာမိပါသည်။

ယွဲ့မြန်လည်း နောက်ဆုံးမျှော်လင့်ချက်များ ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။

ကျန်းကျစ်ဖျင်!

သက်သေက ခိုင်လုံနေပါပြီ။ မင်းသားအန်းဟယ်နဲ့ သူပူးပေါင်းခဲ့ပြီး သခင်မလေးရှဲ့၏ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြံစည်ခဲ့မှန်း သေချာနေပါပြီ။

“ဘာမင်းသားအန်းဟယ်လဲ ? ဘာသခင်မလေးရှဲ့လဲ! ဘာမဟုတ်တာတွေ အော်နေတာလဲ!”

အခန်းထဲမှ မြို့စားရှဲ့ ထွက်လာပြီး ကျန်းကျစ်ဖျင်၏ မျက်နှာတည့်တည့်ကို ရွယ်ကာ နောက်တစ်ချက် ပစ်ထိုးလိုက်သည်။

ဟင်!

အခန်းထဲမှာ စိတ်လှုပ်ရှားစရာမြင်ကွင်းတွေ မြင်ရတော့မည်ဟု မျှော်လင့်ထားကြသူများ ကြက်သေသေသွားခဲ့ပါသည်။ အထဲကို ချောင်းကြည့်လိုက်သောအခါ မင်းသားအန်းဟယ်ကော၊ သခင်မလေးရှဲ့ကော ဘယ်သူမှ မရှိကြပေ။ မြို့စားရှဲ့နှင့် အေးတိအေးစက်ပြုံးနေသော သခင်မရှဲ့တို့သာ ရှိနေလေသည်။

“မင်းကများ ငါ့သမီးရဲ့ ဂုဏ်သိက္ခာကို ထိပါးစေမယ့် ကောလဟာလတွေ လွှင့်ရဲတယ်ပေါ့။ မင်းအသက်ကို တန်ဖိုးမထားတော့ဘူးလား ကျန်းကျစ်ဖျင်!”

မြို့စားရှဲ့ ကြိမ်းမောင်းရင်း မိုးသီးမိုးပေါက်တွေလို လက် သီးချက်များ မရပ်မနား ပစ်လွှတ်နေလေသည်။

ဒီနေ့ မြို့စားရှဲ့ ယွဲ့ဟွာကို ထိုးလို့ မဝခဲ့ပါ။ ထို့ကြောင့် သူတို့မိသားစုအကြောင်း မဟုတ်မမှန် ကောလဟာလ လွှင့်ရဲသည့် လူတိုင်း ဘာဖြစ်သွားမလဲဆိုတာကို ကျန်းကျစ်ဖျင်အား သာဓကဆောင်လျက် လူတိုင်း သိသွားအောင် လုပ်ပြမည်။ ရှဲ့ချန်း၏ လက်သီးချက်များက အလွန်ကြမ်းကြုတ် ရက်စက်လွန်းပါသည်။

ကျန်းကျစ်ဖျင် လုံးဝ ကြက်သေသေသွားခဲ့သည်။

မဟုတ်သေးပါဘူး!

မြို့စားရှဲ့နဲ့ သခင်မရှဲ့တို့ ဘာလို့ ရောက်နေကြာတာလဲ!

မင်းသားအန်းဟယ် ဘယ်မှာလဲ၊ ရှဲ့ချိုးကော ဘယ်မှာလဲ!

မူလအစီအစဉ်က ဒီလို မဟုတ်ဘူးလေ!

ကျန်းကျစ်ဖျင် တစ်ခုခုပြောဖို့ ကြံလိုက်စဉ် ရှဲ့ချိုး၏ လက် သီးချက်က သူ့ပါးစပ်ပေါ်တည့်တည့် ကျရောက်လာပါသည်။

ဂျွတ်!

သူ့သွားတွေ ကျွတ်ထွက်သွားသည့်အသံကို ကျန်းကျစ်ဖျင် ကြားနေရသည်။

“ကယ်…ကယ်ကြပါဦး…”

ကျန်းကျစ်ဖျင် ခက်ခက်ခဲခဲ အကူအညီ လှမ်းတောင်းလိုက်ပါသည်။

သို့သော်လည်း သူခေါ်လာသည့် ‘စာပေပညာရှိ’ မိတ်ဆွေများက နောက်ပင်ဆုတ်သွားကြလေသည်။ ကျန်းကျစ်ဖျင်ကို မကူညီချင်လို့ မဟုတ်သော်လည်း ရုတ်တရက်ကြီး စိတ်ရူးပေါက်ပြီး သခင်မလေးရှဲ့ကို မဟုတ်မမှန်ပြောဆိုနေခြင်းက သူ့အပြစ်သာ ဖြစ်ပါသည်။

မြို့စားရှဲ့ ဘယ်လိုလူမျိုးလဲဆိုတာ တစ်မြို့တော်လုံး သိကြသည်။ သူ့ဇနီးသည်အား ကျားတစ်ကောင်လိုကြောက် ရွံ့ပြီး သမီးဖြစ်သူအား သူ့အသက်တမျှ ချစ်မြတ်နိုးသူဖြစ်သည်။

သခင်မလေးရှဲ့ကို မင်းသားအန်းဟယ် လက်ဆက်ချင်သည့်အကြောင်း ကောလဟာလများ ရှိခဲ့သော်လည်း မြို့တော် လမ်းမတွေပေါ်မှာ ဘယ်သူမှ ပေါ်တင်ထုတ်မပြောရဲကြပါ။ လူကွယ်ရာရောက်မှသာ တီးတိုး ပြောဆိုရဲကြသည်။

သူတို့သာ လူသိရှင်ကြား အတင်းပြောလိုက်မိပါက သူတို့အိမ်တံခါးရှေ့ထိ မြို့စားရှဲ့ ရောက်လာပြီး ဆုံးမလိမ့်မည်။ ယခု ကျန်းကျစ်ဖျင်က မြို့စားရှဲ့ မျက်နှာရှေ့တည့်တည့်မှာ သခင်မလေးရှဲ့အကြောင်း မဟုတ်မမှန် ပြောဆိုရဲသဖြင့် သူမှ အထိုး မခံရလျှင် ဘယ်သူအထိုးခံရဦးမည်နည်း။ ဒီသတင်းတွေ အပြင်ကို ပေါက်ကြားသွားလျှင်တောင် အပြစ်ရှိသူက ကျန်းကျစ်ဖျင် တစ်ဦးတည်းသာ ဖြစ်နေပါလိမ့်မည်။

အပြင်မှ ထိုးကြိတ်သံများကို နားထောင်ရင်း ရှဲ့ချိုး ပြောလိုက်သည်။

“နောက်ဆုံးတော့… စိတ်ကျေနပ်စရာကိစ္စတွေ ပေါ်လာပြီပဲ”

ထိုသို့ပြောပြီးနောက် တစ်ခုခုကို သတိရသွားပြီး ယွဲ့မြန်ကို အားနာစွာနဲ့ ရှဲ့ချိုး အမြန်လျှောက်တင်လိုက်သည်။

“စိတ်မရှိပါနဲ့ ဒုတိယမင်းသမီး၊ ဒီငယ်သား အဲ့လို ရည်ရွယ်တာ မဟုတ်ပါဘူး…”

ယွဲ့မြန် စိတ်မပါစွာ ခေါင်းခါပြလိုက်ပါသည်။

ဘာတတ်နိုင်မှာလဲ

သူကိုယ်တိုင်ကလည်း လက်မှိုင်ချလိုက်ပြီပဲဥစ္စာ…

မြို့စားရှဲ့ အားရပါးရ ထိုးကြိတ်နေစဉ် စူးစူးဝါးဝါး အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ဘယ်သူလဲ ငါ့ကျန်း-လန်ကို ဘယ်သူ ထိပါးရဲတာလဲ!”

[ကျန်း-လန်တဲ့… ဖွီး… ပိုးဟပ်ကြီးလား!] **မျိုးရိုးအမည် ‘ကျန်း’ပါသူကို ချစ်စနိုးဖြင့် ကျန်း-လန်ဟု ခေါ်ဆိုသော် လည်း တရုတ်စကားလုံး ‘ပိုးဟပ်’နှင့် အသံထွက် ဆင်တူနေခြင်းကြောင့် ဖြစ်ပါသည်။

ကျန်းကျီမြောင် မထိန်းနိုင်ဘဲ ထရယ်မောလိုက်လေသည်။

All Chapters