← Chapters

ဧကရာဇ်ဖုရှန်း

Vol. 40 Ch. 456

ဧကရာဇ်ဖုရှန်း

Vol. 40 Ch. 456

ထျန်းလီမြို့တော်၏ အဓိကဗဟိုချက်ဖြစ်သော တော်ဝင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာ၌.....

တည်ကြည်လေးနက်သော အမူအယာရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရေကန်ဘေးတွင် ထိုင်နေကာ သူ၏လက်ထဲတွင် ကျားစေ့တစ်စေ့ကို ကိုင်ထားပြီး ကျားခုံပေါ်သို့ ဖြည်းညှင်းစွာ ချလိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေသူမှာ ဓားသွားကဲ့သို့ ထက်ရှသော မျက်ခုံးမွှေးများကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးပင်။ သူ၏တောက်ပနက်မှောင်သော ဆံပင်ရှည်များသည် အမျိုးသမီးအများစုထက်ပင် ပို၍ထူထဲလှပပေ၏။ အထူးခြားဆုံးမှာ သူ၏ အသားအရေသည် ဖြူစင်ချောမွေ့ပြီး မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှစ်ခုလုံးသည် ပန်းပုရုပ်တစ်ရုပ် ထုဆစ်ထားသည့်အလား ရွှေအချိုးအစား ကျနနေခြင်းပင်။

"မင်းရဲ့ ဒီအကွက်က သိပ်မကောင်းဘူး... ငါ စားလိုက်ပြီ"

ချောမောခန့်ညားသော အမျိုးသားသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏ကျားစေ့ကို ချလိုက်ကာ ပြိုင်ဘက်ဘက်မှ အဖြူရောင်ကျားစေ့အမြောက်အများကို သိမ်းပိုက်လိုက်သည်။

"အမှန်ပဲ... ဒါက သိပ်ကောင်းတဲ့ အကွက်တော့ မဟုတ်ခဲ့ဘူး... ဒါပေမဲ့ ငါ့ရဲ့ကျားစေ့တွေကို စားဖို့ မင်းကို မျှားမခေါ်ခဲ့ရင် နောက်တစ်ကွက်အတွက် ငါက ဘယ်လိုလုပ်ပြီး ပြင်ဆင်နိုင်ပါ့မလဲ"

တည်ကြည်လေးနက်ပုံရသော လူလတ်ပိုင်းကြီးက သူ၏ခေါင်းကို ခါယမ်းရင်း သူ၏ကျားစေ့ကို နေရာချထားလိုက်၏။

"ဒါက..."

ထိုအကွက်၏ အကျိုးဆက်ကို မြင်လိုက်ရချိန်၌ ချောမောခန့်ညားသော အမျိုးသား၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူသည် ခေါင်းခါယမ်းလိုက်ပြီး မှတ်ချက်ချလိုက်၏။

"ဒီလောက်ထိ ကြီးမားတဲ့ အင်ပါယာကြီးကို စီမံခန့်ခွဲတဲ့လူဖြစ်ဖို့ တကယ့်ကို ထိုက်တန်ပါပေတယ်....မင်းရဲ့အကြံအစည်တွေက ယုံနိုင်စရာမရှိအောင် ရှုပ်ထွေးလွန်းတယ်....ငါ့ရဲ့ကျားစေ့ခုနစ်စေ့ကို ထောင်ဖမ်းဖို့ ကျားစေ့သုံးစေ့ကို အသုံးပြုလိုက်တာပဲ.. ငါ့အတွက် အခြေအနေကို ပြောင်းပြန်လှန်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး....ငါ ရှုံးပြီ...ငါ ရှုံးသွားပြီ..."

ထိုသို့ပြောဆိုရင်း သူသည် စစ်တုရင်ခုံပေါ်သို့ သူ၏လက်ဖြင့် ပွတ်သပ်လိုက်ရာ ကျားစေ့များ ဖရိုဖရဲ ပြန့်ကျဲသွားသည်။

"ဟား ဟား ဟား... ဒါက ညီလေးဝူက ငါ့ကို အနိုင်ပေးလိုက်တာပါ"

တည်ကြည်လေးနက်ပုံရသော လူလတ်ပိုင်းကြီးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"အဲ့ဒီလို နှစ်သိမ့်ပေးဖို့ မလိုပါဘူး....ငါတို့ စပြီးကစားခဲ့ကြတာ နှစ်ပေါင်းရာနဲ့ချီ ကြာခဲ့ပြီးတော့ ပွဲပေါင်း တစ်ရာကျော် ယှဉ်ပြိုင်ခဲ့ကြပြီးပြီ... တစ်ကြိမ်မှ ငါက မနိုင်ခဲ့ဖူးဘူး... ငါက မင်းကိုကို အနိုင်ပေးချင်ရင်တောင် အဲ့ဒီလိုလုပ်ဖို့ အရည်အချင်းမျိုး ငါ့မှာ မရှိဘူး"

"ညီလေးဝူ" ဟု လူသိများသော ထိုအမျိုးသားက ခါးသည်းသော အပြုံးဖြင့် ပြောဆိုကာ လက်လျှော့လိုက်သည့်ပုံစံဖြင့် ခေါင်းခါယမ်းလိုက်၏။

သူသည် အနိုင်အရှုံးအပေါ် အထူးတလည် စွဲလမ်းခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း ရှိပုံမရချေ။

ညီလေးဝူသည် သူ၏လက်ကို လေထုထဲသို့ ဖမ်းဆုပ်ကာ စစ်တုရင်ခုံကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ရှေ့ရှိ ရေကန်ကို အာရုံစိုက်ကာ အစာတချို့ကို ပေါ့ပေါ့ပါးပါး ကြဲချလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ရွှေရောင်ငါးများ ခုန်ထွက်လာပြီး ရေမျက်နှာပြင်ပေါ်၌ လှိုင်းဂယက်များထသွားသည်။

"မင်းက တကယ်ကြီး သွားမကြည့်တော့ဘူးလား....ဒီတစ်ကြိမ်မှာ လူတွေ အများကြီး ရောက်လာကြတယ်....ယွမ်ချင်း တောင့်မခံနိုင်မှာကို ငါ စိုးရိမ်မိတယ်"

တည်ကြည်လေးနက်ပုံရသော လူလတ်ပိုင်းကြီး၏မျက်ခွံများ လှုပ်ခတ်သွားသည်။

"မသွားဘူး... ယွမ်ချင်းက ထာဝရနှလုံးသား ကိစ္စကို လုံးဝရှုပ်ထွေးသွားအောင် လုပ်ခဲ့တယ်.... ဒီတစ်ကြိမ်မှာ သူ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ ငါ မြင်ချင်တယ်...တကယ်လို့ သူ မအောင်မြင်ဘူးဆိုရင် အိမ်ရှေ့စံမင်းသား နေရာကို အစားထိုးလိုက်တာက မကောင်းတဲ့ ရွေးချယ်မှု မဟုတ်လောက်ဘူး"

အိမ်ရှေ့စံမင်းသားနေရာကို အစားထိုးရန် ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်သူသည် သာမန်လူ မဟုတ်ချေ။ သူသည် ထျန်းလီအင်ပါယာ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပုဂ္ဂိုလ်ဖြစ်သည့် ဧကရာဇ်ဖုရှန်းပင်။

သူသည် ရင်းမြစ်ကမ္ဘာ၏ ပထမတန်းစား ကောင်းကင်ကံကြမ္မာကြီးရှစ်ခုအနက်မှ တစ်ခုဖြစ်သော အာဏာကံကြမ္မာ၏ထိန်းချုပ်သူပင်။

"ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ခိုးယူခံလိုက်ရတယ်..ပြီးတော့ သူ့ရဲ့ နှလုံးသား ကြေမွှပျက်စီးသွားခဲ့တယ်ဆိုတာကို လူသိရှင်ကြား ဝန်ခံရရင်... သူ့ရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာ နှစ်ခုလုံးကို သေချာပေါက် ထိခိုက်စေလိမ့်မယ်.... သူ အဲ့ဒီလို ဝန်ခံလိုက်ရင် အိမ်ရှေ့စံမင်းသား ရာထူးကို ဆက်ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"

ညီလေးဝူက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒါပေမဲ့ သူ မဖော်ထုတ်ဘူးဆိုရင် အဲ့ဒီလူတွေက လျှော့ပေးမှာ မဟုတ်ဘူး... သူတို့က သူ့ကို ဆက်ပြီးဖိအားပေးနေလိမ့်မယ်...နောက်ဆုံးကျရင် အမှန်တရားက ထွက်ပေါ်လာလိမ့်မယ်။ သူ့အတွက် လက်ရှိအခြေအနေက တကယ့်ကို အရမ်းခက်ခဲကြပ်တည်းနေတယ်"

အမြင့်မားဆုံးသော အာဏာကို ပိုင်ဆိုင်ရန်အတွက် တစ်စုံတစ်ယောက်သည် အမြင့်မားဆုံးသော ဂုဏ်သိက္ခာကို ဆုပ်ကိုင်ထားရပေမည်။

အိမ်ရှေ့စံမင်းသားတစ်ယောက်သည် မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများကို ဦးဆောင်ပြီး ပြိုင်ဘက်ကင်းဆေးလုံးကို ဖန်တီးခဲ့သော်လည်း သူ၏မျက်စိရှေ့မှာပင် ခိုးယူခြင်းခံလိုက်ရသည်။ ထို့ပြင် သူ၏နှလုံးသားလည်း ကြေမွှပျက်စီးသွားခဲ့သဖြင့် ဤသည်မှာ ကြီးမားသော အရှုပ်တော်ပုံပင်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားရင် တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့ အပါအဝင် တခြားလူများသည် သူ့ကို အိမ်ရှေ့စံမင်းသားနေရာမှ ဖယ်ရှားရန်အတွက် ဤအခြေအနေကို အသုံးချကြမည်မှာ သေချာပေါက်ပင်။

ထိုကြောင့် အိမ်ရှေ့စံမင်းသားသည် သူ မည်မျှထိ စိတ်ပျက်နေသည်ဖြစ်စေ ဖိနှိပ်ခံနေရသည်ဖြစ်စေ ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးသည် ခိုးယူခြင်းခံလိုက်ရကြောင်း လူသိရှင်ကြား ဝန်ခံနိုင်မည် မဟုတ်ချေ။

အကြောင်းအရင်းမှာ သူ ဝန်ခံလိုက်လျှင် ပို၍ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုသောကြောင့်ပင်။

"ယွမ်ချင်းက ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"

ဧကရာဇ်ဖုရှန်းသည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်ရင်း ဤအကြောင်းအရာကို ဆက်လက်၍ မပြောဆိုတော့ချေ။ ထိုအစား သူသည် သူ၏ရှေ့ရှိ ညီလေးဝူကို ကြည့်လိုက်၏။

"မင်းက ထာဝရရွှေခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ ကြာပြီမဟုတ်လား.... ဒီတစ်ကြိမ်မှာ မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ...မင်းက ထာဝရနှလုံးသားအကြောင်းကို စိတ်ဝင်စားသွားလို့လား"

"အဲ့ဒီလူငယ်လေး ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာ ငါ လာကြည့်တာပါ"

ညီလေးဝူက အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။

ဧကရာဇ်ဖုရှန်း၏မျက်လုံးများ တောက်ပသွားပေ၏။

"ကြယ်စင်မြစ်နယ်ပယ်မှာရှိတဲ့ လူငယ်လေးတစ်ယောက်က အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တယ်...သူက ဘေးမသီရန်မခ လွတ်မြောက်သွားရုံတင်မကဘူး တခြားလူတွေကို ထိခိုက်အောင်တောင် လုပ်နိုင်ခဲ့တယ်...ဒါက တကယ့်ကို စိတ်ဝင်စားစရာပဲ"

သူ၏သုံးသပ်ချက်ကို ကြားချိန်၌ ညီလေးဝူက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

"သူက မင်းသားယွမ်ချင်းရဲ့ အခွင့်အရေးကို လုယူပြီးတော့ ထာဝရနှလုံးသားကို သန့်စင်နိုင်ခဲ့တယ်...ဒါက မင်းကို မဆွဲဆောင်နိုင်ဘူးလား... ငါ မမှားဘူးဆိုရင် မင်းက မင်းရဲ့ကိုယ်ပိုင် ထာဝရနှလုံးသားကို မဖွဲ့စည်းရသေးဘူး မဟုတ်လား"

"ငါက အာဏာကံကြမ္မာရဲ့ထိန်းချုပ်သူအနေနဲ့ အရာအားလုံးရဲ့ အထွတ်အထိပ်မှာ စိုးမိုးချုပ်ကိုင်ထားပြီးပြီ...ငါ့မှာ ထာဝရနှလုံးသား ရှိရှိမရှိရှိ ဒါက အများကြီး ကွာခြားသွားမှာ မဟုတ်ဘူး....ဒါ့ပြင် ဒါက ငါ့ရဲ့ကိုယ်ပိုင်နှလုံးသား မဟုတ်ဘူးဆိုရင် အပြင်းထန်ဆုံး တိုက်ခိုက်ရေး စွမ်းရည်တွေကို ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး"

ဧကရာဇ်ဖုရှန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏မျက်လုံးများအတွင်း၌ ပြင်းထန်သော ယုံကြည်ချက် အရိပ်အယောင်များ ထင်ဟပ်နေသည်။

တခြားလူများ မနာလိုအားကျဖြစ်နေပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လုယူနေကြသော ထာဝရနှလုံးသားသည် သူ၏မျက်လုံးထဲတွင် တပ်မက်စရာ မဟုတ်ချေ။

"ဒါကတော့ အမှန်ပဲ"

ညီလေးဝူက ခေါင်းညိတ်လိုက်သည်။

"မင်းက ဒါကို မလိုချင်ရင်တောင် ဒီကိစ္စကို ဖော်ထုတ်ပြီးတော့ ဒီလိုမျိုး ဆူပူမှုတွေဖြစ်လာအောင် ဖန်တီးတာက ထျန်းလီအင်ပါယာရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်တာနဲ့ အတူတူပဲ...မင်းကတကယ်ကြီး ဂရုမစိုက်ဘူးလား"

ဧကရာဇ်ဖုရှန်းက ပြောဆိုသည်။

"မင်းရဲ့ စိတ်နေစိတ်ထားက ကျားကစားတဲ့နေရာမှာ မင်းရဲ့ချဉ်းကပ်ပုံနဲ့ ဆင်တယ်... မင်းက လက်ငင်းရလဒ်တွေကိုပဲ ဂရုစိုက်တယ်....တကယ်တော့... ဘာတွေပဲဖြစ်လာပါစေ လူတစ်ယောက်က အကွက်တွေအများကြီးကို ကြိုတင်ခန့်မှန်းထားရမယ်..... ဒီလို ငယ်ရွယ်တဲ့အရွယ်မှာ ခုလိုအရည်အချင်းတွေရှိတဲ့ လူငယ်တစ်ယောက်က ငါ့အတွက် အသုံးဝင်လာနိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ ငါက ကိစ္စကြီးတွေကို အောင်မြင်နိုင်လိမ့်မယ်"

ညီလေးဝူက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလေသည်။

"မင်း ဆိုလိုတဲ့ သဘောက... အဲ့ဒီလူငယ်လေးကို မင်းအတွက် အမှုထမ်းဖို့ကို သိမ်းသွင်းဖို့ ရည်ရွယ်ထားတာလား"

ဧကရာဇ်ဖုရှန်းက တုံ့ပြန်လိုက်၏။

"ငါက သူ့ကို အခွင့်အရေးတစ်ခု ပေးမယ်...သူက ငါ့အတွက် အသုံးဝင်တယ်ဆိုတာ သက်သေပြနိုင်ရင် သူ စိတ်ကူးယဉ်တွေးတောနိုင်ထက် ကျော်လွန်တဲ့ နာမည်ဂုဏ်သတင်းနဲ့ ကံကြမ္မာကို ငါ ဆုချမယ်....မဟုတ်ရင်တော့ ငါ သူ့ကို ချက်ချင်းသတ်ပစ်မယ်...သေချာတာကတော့ အခုအချိန်မှာ သူ့ရဲ့ကျင့်ကြံမှုနဲ့ စွမ်းအားက အားနည်းနေတုန်းပဲ...လူဘယ်နှစ်ယောက်က သူ့ကို ပစ်မှတ်ထားနေလဲဆိုတာ ကြည့်ရင် အရင်ဆုံး သူ အသက်ရှင်မှ သူ့ရဲ့ စွမ်းရည်ကို သက်သေပြနိုင်လိမ့်မယ်"

"ဟား ဟား ဟား... မင်း ဒီလိုပြောလိုက်တာက ငါ့ကို ပိုပြီးစိတ်ဝင်စားသွားစေတယ်....သူ ဒီအခက်အခဲကနေ လွတ်မြောက်ရင် ငါကလည်း သူ့ကို အခွင့်အရေးတစ်ခု လက်ဆောင်ပေးချင်ပါတယ်"

ညီလေးဝူက ရယ်မောလိုက်သည်။

"မင်းကလား..."

ဧကရာဇ်ဖုရှန်းက စူးစမ်းလိုစိတ် ပြင်းပြသွားသည်။

"အမှန်ပဲ..."

ညီလေးဝူက ခေါင်းညိတ်လိုက်သည်။

"ထာဝရနှလုံးသားကို ဖွဲ့စည်းတာနဲ့ ထာဝရရွှေခန္ဓာကိုယ်ကို သန့်စင်တာက ကမ္ဘာနှစ်ခုလို ကွာခြားနေတုန်းပဲ...အဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာ ကျော်လွှားရမယ့် အသက်အန္တရာယ်ရှိတဲ့ အတားအဆီးတွေ အများကြီးရှိတယ်...တကယ်လို့ သူသာ အောင်မြင်သွားရင် ငါက သူ့ကို သိုင်းကွက် တစ်ကွက်နှစ်ကွက်လောက် သင်ပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"

"ဒါဆိုရင် ငါတို့တွေ စောင့်ကြည့်ကြတာပေါ့"

ဧကရာဇ်ဖုရှန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

...

တော်ဝင်နန်းတော်ခန်းမ၌....

"ဗုဒ္ဓနတ်ဆိုး ပေါင်းစည်းထားတဲ့အချိန်မှာ သူ့ရဲ့ စွမ်းအားက အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ထက်ကို ကျော်လွန်သွားတယ်.....အရေးအကြီးဆုံးကတော့ သူက သံသရာအမွေအနှစ်မျှော်စင်နဲ့ အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးကို အသုံးပြုခဲ့တာပဲ....သူက အိမ်ရှေ့စံမင်းသားရဲ့ အိမ်တော်ကို ခိုးဝင်ပြီးတော့ ရတနာပစ္စည်းတွေ ခိုးယူရဲတာ... ပုံစံငါးမျိုးသူတော်စင်အရှင်တွေကိုတောင် အလွယ်တကူ သတ်ပစ်ခဲ့တာတွေက အံ့အားသင့်စရာ မဟုတ်တော့ဘူး"

အကြီးအကဲကျန်းလီ ရှင်းပြပြီးနောက် ခန်းမအတွင်းရှိ ပြင်းထန်သော ငြင်းခုံနေမှုများ တိတ်ဆိတ်ငြိမ်သက်သွားသည်။

အိမ်ရှေ့စံမင်းသားကို ရှာဖွေရန်အတွက် တော်ဝင်နန်းတော်ထဲသို့ ရဲရဲတင်းတင်း ဝင်ရောက်လာကြသူတိုင်းသည် သာမန်မဟုတ်ချေ။ သို့ရာတွင် အစောပိုင်းက သူတို့ ကြားလိုက်ရသည့် သတင်းသည် သူတို့အားလုံးကို ထိတ်လန့်တုန်လှုပ်စေပေ၏။ ဤသည်မှာ လုံးလုံးလျားလျား မယုံနိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ကျန်းရွှမ်ဟူသော လူငယ်သည် အလွန် အစွမ်းထက်ပေ၏။

သူ့အား ဖမ်းဆီးနိုင်ရန်အတွက် ဆုလာဘ်များ ဤမျှထိ မြင့်မားနေသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။

"ဆုလာဘ်ကို မက်မောနေတဲ့ အပြင်ကလူတွေကတော့ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရမယ့်ပုံပဲ"

"သူတို့က ဆုလာဘ်ကိုပဲ အာရုံစိုက်နေကြတာ... သူတို့ရဲ့စွမ်းအားက လုံလောက်ပါ့မလားဆိုတာ မစဉ်းစားဘူး....သူတို့ သေသွားရင်တောင် သနားစရာ မရှိဘူး"

လူအုပ်ကြားမှနေ၍ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။

လူအမြောက်အများသည် ဆုလာဘ်များကြောင့် စိတ်လှုပ်ရှားနေကြသော်လည်း ထိုကမ်းလှမ်းမှုများ၏နောက်ကွယ်၌ ဖုံးကွယ်ထားသော အဓိပ္ပါယ်များကို နားမလည်ကြပေ။ ထိုသို့သောလူများသည် ဤတစ်ကြိမ်တွင် ကံကောင်းမှုကြောင့် အသက်မသေလျှင်ပင် အနာဂတ်တွင် အလားတူ ကံကြမ္မာကို တွေ့ကြုံရဖွယ် ရှိသည်။

မည်သည့် ကြိုးပမ်းမှုတွင်မဆို ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှုသည် အရေးအကြီးဆုံးပင်။ ထိုအရာမရှိဘဲ လူတစ်ယောက်၏ ဘဝအောင်မြင်မှုများသည် မလွဲမသွေ ကန့်သတ်ချက်များ ရှိလာပေလိမ့်မည်။

"အိမ်ရှေ့စံမင်းသား...အဲဒီနေ့က ဘာတွေဖြစ်ခဲ့တာလဲ....ဒီလိုမျိုး အစွမ်းထက်တဲ့ပုဂ္ဂိုလ်က ကိုးကောင်းကင် တိမ်တိုက်နန်းတော်ကြေးမုံကို သိမ်းပိုက်ဖို့သက်သက်နဲ့ ဒီအရာတွေကို လုပ်ဆောင်မယ်လို့ မင်းက ငါတို့ကို ယုံစေချင်တာလား...ငါ့ရဲ့ ကိုယ်ပိုင်အမြင်အရဆိုရင်တော့ ဒါက မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်"

"ဟုတ်တယ်... ဒီလိုအဆင့်ရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အတွက် မှော်ရတနာတွေကို လိုချင်တယ်ဆိုရင် သူ့အတွက် ပိုပြီးကောင်းတဲ့ ရွေးချယ်စရာတွေ မရေမတွက်နိုင်အောင် ရှိတယ်.... ဘာကြောင့် ဒီလို မိုက်မဲတဲ့ ရွေးချယ်မှုမျိုးကို လုပ်ရမှာလဲ"

အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က သံသယအပြည့်ဖြင့် ပြောဆိုလိုက်၏။

All Chapters