Still This Simple and Stupid
Vol. 6 Ch. 58
နဉ်ရွှယ်၏ ရှင်းပြချက်များကို နားထောင်ရင်း ကျန်းကျစ်ဖျင် ရင်ထဲ အနည်းငယ် ကြည်နူးသွားခဲ့ရသည်။ ရွှယ်လေးက တစ်ခါတလေ စိတ်လိုက်မာန်ပါ လုပ်တတ်သော်လည်း စိတ်ထားနူးညံ့သူဖြစ်သည်။ ဒီကို အပြေးရောက်လာရသည့် အကြောင်းအရင်းက သူ့အတွက် စိတ်ပူပန်နေတာကြောင့်သာ ဖြစ်ပါလိမ့်မည်။
ပိတ်ကားချပ်နောက်တွင် ယွဲ့မြန် သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်မိလေသည်။ လက်သီးများကို ကျစ် ကျစ်ပါအောင် ဆုပ်ထားပြီး တစ်ကိုယ်လုံးလည်း ထိန်းမရအောင် တုန်ယင်နေပါသည်။
ကောင်းပါပေတယ်! ဒါ မယ်တော်ကြီးနဲ့ မယ်တော်ယိုတို့ သူမအတွက် ရွေးပေးထားတဲ့ လင်ယောက်ျားပေါ့!
ကျန်းကျစ်ဖျင်က ဘယ်လိုထူးချွန်ပြောင်မြောက်ကြောင်း၊ တခြားယောက်ျားတွေနဲ့ ယှဉ်လိုက်လျှင် ဘယ်လို ကွာခြားကြောင်းကို မယ်တော်ကြီး အမြဲမပြတ် အားကြိုးမာန်တက် ပြောပြခဲ့ဖူးသည်။
ထူးချွန်ပြောင်မြောက်တယ်ဆိုတာ ဒါမျိုးလား
တခြား ယောကျ်ားတွေနဲ့ ဒီလို ကွာခြားတာလား!
ဒီလောက် အံ့အားသင့်စရာကောင်းသည့် ဖြစ်ရပ်မျိုးကို ရှဲ့ချိုးလည်း တစ်ခါမှမမြင်ဖူးခဲ့ပါ။ ထို့ကြောင့် သူမ ရေရွတ်လိုက်မိသည်။
“အဲ့… အဲ့ဒီ ကျန်းကျစ်ဖျင် ရူးများနေသလား”
အမှန်ပင်။ ရူးသွပ်နေတာသာ ဖြစ်ပါလိမ့်မည်။ သာမန်လူတစ်ယောက်သာဆို ဒီလိုမျိုး ယုတ္တိတန်သည့် အတွေးမျိုး တွေးမှာ မဟုတ်ပါ။
အပျော်မယားထားပြီး ကိုယ်ဝန်ရစေခဲ့သည့်အပြင် ဒုတိယမင်းသမီးနဲ့လက်မဆက်ရသေးခင်မှာပင် ထိုအပျော်မယားက မွေးလာမည့် ကလေးကို ဒုတိယမင်းသမီးလက်ထဲထည့်ကာ ပျိုးထောင်ခိုင်းဖို့ ကြံရွယ်ထားပြီးသား ဖြစ်သည်။
အဲ့ဒါ အဓိပ္ပာယ်ရှိလို့လား ?
ကြီးမြတ်တဲ့ တာ့ယုံအင်ပါယာရဲ့ ဂုဏ်သရေရှိ မင်းသမီးတစ်ပါးက လက်ဆက်ထိန်းမြှားနိုင်စွမ်း မရှိလို့လား ?
ကိုယ်တိုင် ကလေးမမွေးနိုင်လို့ ကျန်းကျစ်ဖျင်နဲ့ အပျော် မယားနဲ့ မွေးထားတဲ့ကလေးကို ပျိုးထောင်ပေးရမှာလား ?
ထိုအတွေးဖြင့် ယွဲ့မြန်မျက်လုံးများ နီမြန်းသွားခဲ့သည်။
သူမ ဘာအပြစ်များလုပ်မိလို့ ဒီလိုအရှက်တကွဲအကျိုး နည်းဖြစ်ခဲ့ရတာလဲ။
ယွဲ့မြန်ကို ကြည့်ရင်း ကျန်းကျီမြောင် သက်ပြင်းချလိက်သည်။ အချိန်အကန့်အသတ် မစ်ရှင်က မပြီးဆုံးသေးသဖြင့် ကျန်းကျစ်ဖျင်၏ပြဿနာ စတင်ကတည်းက ‘အံ့ဩတုန်လှုပ်မှု’ ရမှတ်တွေကို သူမ စုဆောင်းနိုင်ခဲ့သည်။ အချိန်တိုအတွင်း ယွဲ့မြန်ထံမှ အံ့ဩတုန်လှုပ်မှု ရမှတ် ၁၀၀ တိတိ ရရှိခဲ့ကာ စာရင်း၏ထိပ်ဆုံးမှာ ရှိနေလေသည်။
သို့သော် ဒီတစ်ခါတော့ အမှတ်တွေများများရလည်း ကျန်းကျီမြောင်ျ ဝမ်းမသာနိုင်တော့ပါ။ ဒီလို အဓိပ္ပာယ်မဲ့သည့် မြင်ကွင်းမျိုးကို မျက်စိနဲ့ တပ်အပ်မြင်လိုက်ရသည့် ယွဲ့မြန်ရင်ထဲ ဘယ်လိုခံစားနေရမလဲ ကျန်းကျီမြောင် မတွေး းဝံ့ပေ။
သို့သော် ဒီကိစ္စကို ဖော်ထုတ်မိသည့်အတွက် ကျန်းကျီမြောင် နောင်တတော့ မရမိပါ။။ အဘက်ဘက်မှ ပြည့်စုံနေသည့် ဇာတ်လိုက်မင်းသားတစ်ယောက်ကို ဗဟိုပြုထားသည့် ဝတ္ထုစာအုပ်တစ်အုပ်ထဲမှာ ယွဲ့မြန်က အရေးမပါသည့် ဇာတ်ရံသာသာ အဆင့်သာရှိသည်။ သူမအကြောင်းကို စာအုပ်ထဲမှာ အသေးစိတ်ဖော်ပြထားခြင်းပင် မရှိပေ။ ဇာတ်လမ်းအကျဉ်းချုပ် ဇာတ်သိမ်းပိုင်းနားမှာ ပေါ့ပေါ့ တန်တန် စာကြောင်းလေးတစ်ကြောင်းသာ ပါသည်။
‘နောက်ဆုံးတော့ ယွဲ့ဟွာ ပလ္လင်ပေါ်မှာ ထိုင်နိုင်ခဲ့သော် လည်း မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ တစ်ဦးတစ်ယောက်မှမရှိတော့ပါ။ သူ့အား တစ်ချိန်လုံးအဖော်ပြုပေးမည့် ကြင်ယာတော် မိန်းမလှလေးများသာ ရှိတော့သည်။’
ထိုစာကြောင်းအဓိပ္ပာယ်က အလွန်သိသာထင်ရှားပါသည်။ သုံးနှစ်ခန့် ကြာပြီးနောက် ဧကရာဇ်မင်းကြီး၏သားသမီး ၇ ယောက်အနက် ယွဲ့လင်းတစ်ယောက်တည်းသာ ဇာတ်သိမ်းမလှမှာမဟုတ်ပါ။ ယွဲ့ဟွာမှအပ တခြားမည်သည့်မင်းသားမင်းသမီးမှ အသက်ရှည်နိုင်မှာ မဟုတ်မှန်းသေချာသည်။ ယွဲ့ဟွာနန်းတက်သည့်အခါ မယ်တော်ကြီးပင် ဂုဏ်စည်း စိမ်ကို ခံစားသွားခဲ့ရပုံမပေါ်ပါ။
ဒါကို ထူးဆန်းသည်ဟု ကျန်းကျီမြောင် ထင်မိသည်။ တိုက်ဆိုင်မှုဟု ဆိုရအောင်လည်း တိုက်ဆိုင်မှုတွေများပြား လွန်းနေပါသည်။ သို့သော် ယွဲ့ဟွာ စနက်တွေသာ ဖြစ် သည်ဟု ဆိုလျှင်လည်း အနည်းငယ်ယုတ္တိမရှိဘဲ ထူးဆန်းနေပါသည်။
ယွဲ့လင်း သေဆုံးသွားသောအခါ နန်းတော်အတွင်းရှိ တခြားသူတွေကို ယွဲ့ဟွာထပ်တိုက်ခိုက်ဖို့ မလိုတော့ပါ။ ထို့အပြင် မယ်တော်ကြီးက သူ့ကို မိခင်မေတ္တာအပြည့်ဖြင့် ချစ်မြတ်နိုးသူဖြစ်သည်။ မယ်တော်ကြီးလို လူမျိုးကို သူတိုက်ခိုက်စရာ အကြောင်းမရှိပါ။
ထိုအကြောင်းကို ကျန်းကျီမြောင်တွေးမိလေလေပိုထူး ဆန်းလာလေလေပင်။ စနစ်၏ဆေးစစ်ချက် ရလဒ်အရ ကျန်းကျီမြောင်သာ ကူးပြောင်းမလာခဲ့လျှင် ယွဲ့လင်းမှာ အသက်ရှင်ဖို့ ၅ နှစ်သာ ကျန်တော့မှာ ဖြစ်သည်။ သို့သော် သုံးနှစ်ကြာသောအခါ ယွဲ့ဟွာ နန်းတက်သွားခဲ့သည်။ ယွဲ့လင်း နတ်ရွာစံရသည့် အကြောင်းအရင်းကိုလည်း တိတိ ကျကျ မသိနိုင်ဘဲ ကောလဟာလတွေသာ ရှိနေသည်။ ထိုကောလဟာလများကြောင့် ယွဲ့ဟွာလည်း ဝေဖန်ခံခဲ့ရသည်။
သို့သော် ယွဲ့ဟွာ အမှန်တကယ်လုပ်ကြံဖို့ လိုရဲ့လား…
သူသာ စိတ်ရှည်ပြီး ငါးနှစ်လောက် စောင့်လိုက်ပါက ယွဲ့လင်း နာမကျန်းဖြစ်ကာ လူတိုင်းရှေ့မှာ အလိုလို နတ်ရွာစံသွားမှာ ဖြစ်သည်။ ထိုအခါ ယွဲ့ဟွာလည်း ထီးနန်းကို တရားဝင် ပိုင်ဆိုင်နိုင်လိမ့်မည်။ စာအုပ်ထဲမှာလို နောက် ကွယ်မှာ မကောင်းပြောသူတွေလည်း ရှိနိုင်တော့မှာ မဟုတ်ပေ။
ယွဲ့ဟွာ ဘာကြောင့် နှစ်နှစ်လောက်ကို ထပ်မစောင့်နိုင်ခဲ့တာလဲ…
သုံးနှစ်အကြာတွင် ထင်မှတ်မထားသည့် အရာတစ်ခုခုဖြစ်လာနိုင်သည်။ ဝတ္ထု၏ အသေးစိတ်အချက်အလက်များကို ကျန်းကျီမြောင် မသိရသေးသဖြင့် ကောက်ချက် ချ၍ မရသေးပါ။
‘ရန်သူ၏ ရန်သူက မိတ်ဆွေ’ဟူသည့် စကားအတိုင်း ယွဲ့ဟွာမုန်းတီးသည့်လူတိုင်းကို ကယ်တင်ဖို့ ကျန်းကျီမြောင် ကြံရွယ်ထားပါသည်။ သူမ တစ်ဆင့်ချင်း အားသာချက်တွေ စုဆောင်းနိုင်ပါက ဇာတ်သိမ်းကို ပြောင်းလဲနိုင်ပါလိမ့်မည်။
စာအုပ်ထဲမှာ ယွဲ့မြန်ဘယ်လိုသေဆုံးသွားသလဲ ကျန်းကျီမြောင် မသိပါ။ သို့သော် ဇာတ်လမ်းအသွားအလာကို ကြည့်ရသလောက်တော့ ကျန်းကျစ်ဖျင်နဲ့ တစ်ခုခုသက် ဆိုင်နေလောက်မည်။ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို စောစောစီးစီး သိရှိရတာက တစ်ခါတလေ နာကျင်ဖို့ ကောင်းသော်လည်း အနာဂတ်မှာ သေသည်အထိ စိတ်ဒုက္ခပေးခံရမှာထက်စာလျှင်တော့ အများကြီး သက်သာပါသေးသည်။
နဉ်ရွှယ်၏ အရှက်မဲ့သော စကားလုံးများကြောင့် သခင်မရှဲ့တုန်လှုပ်ကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
အသက်ဝဝရှူလိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်ပါသည်။ ထို့နောက် ဝက်ခေါင်းလိုဖြစ်အောင် ထိုးကြိတ်ခံထားရသည့် ကျန်းကျစ်ဖျင်ကို ကြည့်လိုက်ပြီး သခင်မရှဲ့သွေးအေးစွာ မေးလိုက်သည်။
“အဲ့တာ နင့်အကြံတွေလား”
ကျန်းကျစ်ဖျင် တစ်ခုခုပြောဖို့ ကြံလိုက်စဉ် နဉ်ရွှယ်က ဖြတ်ပြောလိုက်ပါသည်။
“သခင်မ! ကျန်းလန်က အဲ့လိုစကားမျိုးတွေ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး၊ ကျွန်မဖာသာ စဉ်းစားထားတဲ့ အကြံတွေပါ၊ ကျန်းလန်ကို အခက်မတွေ့စေချင်လို့ သူ့နားမှာသာ နေနိုင်မယ်ဆိုရင် ဘာမဆိုလုပ်ဖို့ ကျွန်မဆုံးဖြတ်ထားတာပါ”
နဉ်ရွှယ်ကို ကျန်းကျစ်ဖျင် ချက်ချင်းကာကွယ်ပေးလိုက်သည်။
“နဉ်ရွှယ်က ဆောင်ကြာမြိုင်ကလာခဲ့တာ ဆိုပေမယ့် အဲ့ဒီနာမည်ကျော်ကဗျာထဲက ကြာပန်းလေးလိုပဲ ရွှံ့နွံထဲက ပေါက်ဖွားလာပေမယ့် မညစ်နွမ်းဘဲ စင်ကြယ်တယ်။ ကျုပ်အမြင်မှာတော့ နဉ်ရွှယ်နဲ့ ဒုတိယမင်းသမီးတို့က ဘာမှ မကွာခြားကြဘူး! ဒုတိယမင်းသမီးမှာသာ တော်ဝင်မင်းသမီးဆိုတဲ့ ဂုဏ်မရှိရင် ကျုပ်အတွက် သူပဏာမကြင်ယာတော်ဖြစ်လာစရာအကြောင်း မရှိဘူး၊ ကျုပ်တကယ်ရွေးချယ်ရမယ်ဆိုရင် နဉ်ရွှယ်ကိုပဲ ရွေးမှာ!”
ကျန်းကျစ်ဖျင်၏လေသံကမူ ပြတ်သားခိုင်မာသည်။
ဟန်ဆောင်ငိုယိုနေသည့် နဉ်ရွှယ်လည်း ရုတ်တရက် ကြက် သေသေသွားခဲ့သည်။
ဟင်… မဟုတ်သေးပါဘူး…
ကျန်းကျစ်ဖျင်က သူ့ကို သတ်ဖို့ ကြံစည်နေတာမဟုတ်ဘူးလား…
ထိုအတွေးကြောင့်သာ သူမ ဒီနေ့ လူရှေ့သူရှေ့ ထွက်လာရခြင်းဖြစ်သည်။ သို့သော် သူမကို သတ်ဖို့ ကြံစည်နေသည့် လူတစ်ယောက်က မြို့စားကတော်ရှေ့မှ ဒီလိုစကားမျိုးတွေ ပြောနိုင်မည်တဲ့လား… ဒီကျန်းကျစ်ဖျင်က သူမလှည့်စားတာကို ခံခဲ့ရသော တုံးတုံးအအပညာမဲ့သည့် ကျန်းကျစ်ဖျင်သာ ဖြစ်သည်။
ထိုအခြွေအရံနှစ်ယောက်၏ အတင်းအဖျင်းသံများကို နားထောင်ပြီးနောက် ကျန်းကျစ်ဖျင်ကို ဉာဏ်နီဉာဏ်နက်များသည့် လူတစ်ယောက်အဖြစ် နဉ်ရွှယ် မြင်ယောင်ထားခဲ့တာဖြစ်သည်။ သို့သော်အခုတော့ သူမ နားမလည်နိုင်ဖြစ်နေရပါပြီ။ သူမရှေ့ရှိ ကျန်းကျစ်ဖျင်က သူမ ရင်းနှီးပြီးသား ငတုံးတစ်ယောက်သာ။
မဟုတ်ဘူး… မဖြစ်နိုင်ဘူး…
တစ်ခုခုတော့ လွဲနေပြီ!
နဉ်ရွှယ် သံသယတွေများပြီး မသေချာမရေရာဖြစ်လာကာ ငိုယိုဖို့ပင် မေ့လျော့သွားလေသည်။
နဉ်ရွှယ် အတွေးလွန်နေစဉ် အခါးရည်ဆိုင်ထဲက လူတိုင်း ကျန်းကျစ်ဖျင်၏ စကားကြောင့် ထိတ်လန့်သွားကြလေသည်။
ဒီအမျိုးသမီးက ဆောင်ကြာမြိုင်ကတဲ့လား…
ဘယ်သူမှ မမေးဘဲ ကျန်းကျစ်ဖျင်ကိုယ်တိုင် ဝန်ခံလိုက်တာလား!
ပြီးတော့ ဒုတိယမင်းသမီးမှာသာ တော်ဝင်မင်းသမီးဆိုတဲ့ ဂုဏ်မရှိရင် ဆောင်ကြာမြိုင်က အမျိုးသမီးကိုပဲ ရွေးမှာလို့ တကယ်ကြီးပြောလိုက်တာလား။
လူတိုင်းရဲ့ အာရုံထဲ ဆင်တူအတွေးတစ်ခုသာ ရှိတော့ သည်။
ဦးနှောက်မရှိဘူးလား ?
ရူးသွားပြီလား ?
သူ့သားရူးသွားပြီဆိုတာ ဝန်ကြီးကျန်း သိရဲ့လား!
ကျန်းကျစ်ဖျင်နှုတ်မှထွက်လာသည့် စကားလုံးများကြောင့် ကျန်းကျီမြောင်လည်း အံ့အားသင့်သွားခဲ့ပါသည်။ ထို့နောက် စနစ်ထဲရှိ ‘အံ့ဩတုန်လှုပ်မှု’ ရမှတ်များ တဟုန်ထိုး ထိုးတက်သွားခဲ့ပါသည်။ လှိုဏ်ဂူထဲမှာ ယွဲ့လင်း ဦးထုပ်စိမ်း ဆောင်းခံခဲ့ရတုန်းကထက် ဒီတစ်ခေါက် အမှတ်ရနှုန်း ပိုမြန်ဆန်နေသည်။
သူမ အံ့ဩတုန်လှုပ်မှုတွေ လိုအပ်နေမှန်း သိလို့ ကျန်းကျစ်ဖျင်က ကူညီပေးနေတာများလား။
“တော်ပါပေတယ် နင်အရမ်းကို တော်ပါပေတယ်”
သခင်မရှဲ့လည်း ထိုတစ်လုံးတည်းသာ ရေရွတ်တော့ သည်။ ထို့နောက် မြို့စားရှဲ့ကို စူးစူးဝါးဝါး လှည့်ကြည့်ကာ ပြောလိုက်သည်။
“ရှင်က ဘာရပ်ကြည့်နေတာလဲ! ဒီခွေးထက်မိုက်တဲ့ တိရိစ္ဆာန်ကို စကားကြီးစကားကျယ်တွေ ဆက်ပြောခွင့်ပြုမလို့လား”
မြို့စားရှဲ့ အမြန်ခေါင်းညိတ်ပြလိုက်ပြီး ကျန်းကျစ်ဖျင်ကို ကြက်ပေါက်ကလေးလို ဆွဲမကာ ဆိုင်အပြင်ဘက်သို့ သွားပစ်လိုက်လေသည်။
“ကျန်းလန်! ကျန်းလန်!”
နဉ်ရွှယ်လည်း သူ့နောက် အပြေးလိုက်သွားခဲ့သည်။ ဒီနေ့အဖြစ်အပျက်တွေအတွက် တခြား အကြောင်းအရာတစ်ခုခု ရှိနေလိမ့်မည်ဟု သူမလည်း ရိပ်စားမိနေပါပြီ။
သို့သော် သူမကိုယ်တိုင် လူရှေ့ထွက်ပြလိုက်ပြီ ဖြစ်ကာ ကျန်းကျစ်ဖျင်ကလည်း ရူးသွပ်သည့်စကားတွေ ပြောပြီး ပြစ်မှုကို ဝန်ခံလိုက်ပါပြီ။ သူမတို့ ဘာဆက်လုပ်ရမှန်း မသိတော့ပေ။
ကံကောင်းစွာဖြင့် ဒီကို နဉ်ရွှယ် တမင်တကာ ရောက်လာခဲ့တာဖြစ်မှန်း ကျန်းကျစ်ဖျင် သံသယဖြစ်ပုံမပေါ်ပါ။ ယခင်တုန်းကလိုပဲ ငတုံးတစ်ယောက်အဖြစ်သာ ရှိနေသေးသဖြင့် နဉ်ရွှယ် ထပ်လှည့်စားလို့ ရနိုင်ပါသည်။ မျက်လုံးထဲက အကြံအစည်များကို ဖုံးကွယ်ရင်း နဉ်ရွှယ် ခေါင်းငုံ့ထားခဲ့တော့သည်။
အပြင်ဆွဲထုတ်ခံလိုက်ရသည့် ကျန်းကျစ်ဖျင်က အလျှော့မပေးသေးဘဲ ဆိုင်ထဲပြန်ဝင်ကာ မြို့စားရှဲ့ကို မေးခွန်းထုတ်ဖို့ ကြံနေသေးသည်။ သို့သော် နဉ်ရွှယ်က ဝင်တားပြီး အမြန်ဆွဲခေါ်သွားခဲ့ပါသည်။
ထို့နောက် လောကကြီး ပြန်လည်တိတ်ဆိတ်သွားခဲ့တော့ သည်။ မြို့စားရှဲ့နဲ့ သခင်မရှဲ့တို့လည်း အခန်းထဲပြန်ဝင်ကာ တံခါးပိတ်လိုက်ကြပါသည်။
တစ်ချိန်လုံး မျိုသိပ်ထားခဲ့သည့် ယွဲ့မြန်လည်း ဆက်ပြီး သည်းမခံနိုင်တော့ဘဲ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာခဲ့လေတော့သည်။
သူမ လက်ဆက်ထိန်းမြှားရမယ့်လူက ဒီလိုလူမျိုးလား။
ဘဝတစ်ခုလုံး အလင်းရောင်တွေပျောက်ဆုံးသွားသလို ယွဲ့မြန် ခံစားလိုက်ရလေသည်။
“မျက်ရည်တွေ သုတ်လိုက်ပါ”
နူးညံ့သိမ်မွေ့သည့် အသံတစ်သံ ထွက်ပေါ်လာပြီး ယွဲ့မြန်ရှေ့သို့ လက်ကိုင်ပဝါတစ်ထည် ရောက်လာခဲ့ပါသည်။
ယွဲ့မြန် လက်ကိုင်ပဝါကို ရီဝေစွာ ယူလိုက်သည်။ ထို့ နောက် ကျန်းကျီမြောင်ကို ကြည့်ရင်း မျက်ရည်တွေ ပိုစီးကျလာခဲ့လေသည်။ ထို့နောက် ကျန်းကျီမြောင်ရှေ့မှာ ယွဲ့မြန် ဒူးထောက်ကာ တောင်းပန်လေတော့သည်။
“အစ်မတော်! ညီ…ညီမတော် သူနဲ့ လက်မဆက်ချင်ဘူး၊ ကျေးဇူးပြုပြီး ညီမတော်ကို ကယ်ပါဦး!”