← Chapters

No One Can Force You

Vol. 6 Ch. 59

No One Can Force You

Vol. 6 Ch. 59

ယွဲ့မြန့်လက်ကို ကိုင်ရင်း ကျန်းကျီမြောင် ပြတ်သားစွာ ပြောလိုက်သည်။

“စိတ်ချပါ၊ ယောက်မတော်မှာ လက်ဆက်ထိန်းမြှားချင်တဲ့ ဆန္ဒမရှိသရွေ့ ဘယ်သူမှ ဖိအားလာပေးလို့မရဘူး!”

ကျန်းကျီမြောင်၏တည်ငြိမ်သော မျက်နှာကို ကြည့်ရင်း ယွဲ့မြန်ရင်ထဲက စိတ်ချောက်ချားမှုတွေ အလိုလိုပြေလျော့သွားသလို ခံစားလိုက်ရလေသည်။

“ဒါပေမယ့်… မယ်တော်ကြီးက ဆုံးဖြတ်ပြီးသွားပြီလေ” ယွဲ့မြန် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း အသံတွေ အနည်းငယ် တုန်ယင်နေဆဲဖြစ်သည်။

“မယ်တော်ကြီး ဆုံးဖြတ်ထားရင် မယ်တော်ကြီးကိုပဲ ကျန်းကျစ်ဖျင်နဲ့ လက်ဆက်ခိုင်းလိုက်ပေါ့”

ကျန်းကျီမြောင် ပေါ့ပေါ့တန်တန် ပြောလိုက်မိသည်။

ယွဲ့မြန်: “???”

ယွဲ့မြန် မျက်လုံးထဲက မျက်ရည်များတောင် ကျလာဖို့ တွန့်ဆုတ်သွားရလေသည်။

အဲ့တာ ဘယ်လိုစကားကြီးလဲ!

အဲ့လို ပြောလို့ရတယ်လား!

ကျန်းကျီမြောင် ခပ်တိုးတိုး ချောင်းဆိုးလိုက်ပြီး ယွဲ့လင်းထံ လိပ်ပြာမလုံစွာကြည့်ကာ ဆက်ပြောလိုက်ပါသည်။ “အလကားပြောတာပါ အလကားပြောတာ”

ယွဲ့မြန် ရီဝေစွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကျန်းကျီမြောင် ဆက်ပြောလိုက်ပါသည်။

“မယ်တော်ကြီးက ကျန်းကျစ်ဖျင်ကို တကယ်ကြီး လက် ထပ်ချင်တယ်ဆိုရင် အရှင်မင်းကြီးမျက်နှာ ဘယ်သွားထားရမလဲ၊ ဘယ်သင့်တော်ပါ့မလဲနော်”

အားလုံးတိတ်ဆိတ်သွားကြသည်။ ယွဲ့မြန်လည်း အလွန်မှင်သက်သွားပါသည်။

ဪ… မသင့်တော်လို့ပဲကိုး…

ယွဲ့လင်းက ကျန်းကျီမြောင်ကို မျက်လုံးထောင့်မှ စောင့်ကြည့်နေပါသည်။ သခင်မရှဲ့နဲ့ ရှဲ့ချိုးတို့ကလည်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရပုံပေါ်သည်။ ဒီလို စိတ်သောကရောက်စရာအခြေအနေကိုရယ်စရာအဖြစ် ချက်ချင်း ပြောင်းလဲနိုင်သူ ဆိုလို့ ကျန်းကျီမြောင်တစ်ယောက်တည်းသာ ရှိပါလိမ့်မည်။

ယွဲ့မြန်ကို ကြည့်ကာ ယွဲ့လင်းမိန့်လိုက်သည်။

“ယွဲ့မြန်၊ ညီမတော် မှတ်ထားရမှာ တစ်ခုပဲ ရှိတယ်”

ယွဲ့မြန်စိတ်တွေ လေးလံသွားပြီး ယွဲ့လင်းကို ထိတ်လန့်စွာ ကြည့်လိုက်ပါသည်။

ယွဲ့လင်းက ဖြည်းညှင်းစွာ မိန့်လိုက်သည်။

“ညီမတော်ဘက်က ဆန္ဒမပါဘူးဆိုရင် အဲ့ဒီထိန်းမြှားမှုကို ကျန်းတို့ ခွင့်ပြုမပေးလို့ရတယ်၊ ဒီကမ္ဘာကြီးမှာ တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးတစ်ပါးကို ငယ်သားတစ်ယောက်ရဲ့ လက်ထဲ မဖြစ်မနေ အပ်နှင်းရမယ်ဆိုတဲ့ ဥပဒေ မကြားဖူးဘူး”

“ဒါပေမယ့်…”ယွဲ့လင်း ခေတ္တရပ်တန့်သွားပြီး ဆက်မိန့်လိုက်သည်။

“ညီမတော်ကိုယ်တိုင်က ခေါင်းညိတ်လိုက်မယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက်သဘောတူညီတဲ့ ကိစ္စဖြစ်သွားပြီ၊ အဲ့တာကြောင့် ကျန်းတို့ ဖိအားပေးပြီး ဝင်ပါပေးဖို့ မလွယ်တော့ဘူး နားလည်ရဲ့လား”

ယွဲ့လင်းစကားလုံးများကို နားထောင်ပြီး ယွဲ့မြန်ရင်တုန်သွားရသည်။

အစ်ကိုတော်ပြောတာ ရိုးရှင်းပါသည်။ သူမစိတ်ကို ခိုင်ခိုင်မာမာထားနိုင်ပြီး နောက်ဆက်တွဲ ဖိအားတွေကို ခံနိုင် ရည်ရှိမည်ဆိုလျှင် ဒီလက်ဆက်ထိန်းမြှားမှု အထမြောက်စရာအကြောင်း မရှိပေ။ သူ ခေါင်းညိတ်လိုက်လျှင်တော့ အစ်ကိုတော်လည်း ဝင်ရောက် ကူညီပေးတော့မည် မဟုတ်ပါ။

ယွဲ့မြန်နှုတ်ခမ်းများ အနည်းငယ်တုန်ယင်သွားရသည်။

ခေါင်းခါရမယ် ဟုတ်လား…

ထိုစကားလုံးက သူမအတွက် အလွန်စိမ်းကားနေပါသည်။ သူမတစ်ခါမှ ခေါင်းမခါခဲ့ဖူးပါ။ တစ်စုံတစ်ယောက်ကို ဆန့်ကျင်သည့် လုပ်ရပ်မျိုး လုပ်ရမှာတောင် ကြောက်ရွံ့နေသူဖြစ်သည်။

သို့သော် ယခင်တုန်းကလိုပဲ သူမ နှုတ်ပိတ်ပြီး အရာရာကို လက်ခံလိုက်လျှင် ကျန်းကျစ်ဖျင်လို ရွံစရာလူမျိုးနှင့် တစ်သက်တာ ကုန်ဆုံးရလိမ့်မည်

သူမလို ဂုဏ်သရေရှိ မင်းသမီးတစ်ပါးက ကျန်းကျစ်ဖျင်နဲ့ ဆောင်ကြာမြိုင်မိန်းမတစ်ယောက်တို့ အရှက်ခွဲတာကို ဒီတိုင်း ငြိမ်ခံနေရမှာလား…

ထိုကဲ့သို့ ဘဝမျိုးက ယွဲ့မြန်အတွက် သေတာထက် ပိုဆိုး ရွားပါလိမ့်မည်။

သူမရှေ့မှာ ရွေးချယ်စရာလမ်းနှစ်ခု ရှိနေသည်။ သူမဘဝ ဘယ်လိုနည်းလမ်းနဲ့ ဇာတ်သိမ်းသွားမလဲ ဆိုတာကတော့ သူမအပေါ်မှာသာ မူတည်နေပါသည်။

“ဒီနေ့ လူရှေ့သူရှေ့မှာ ကျန်းကျစ်ဖျင် ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တယ်။ နှမတော်တို့ရဲ့ လက်ဆက်ထိန်းမြှားမှုကရည် ရွယ်ထားရုံပဲရှိသေးတာ။ အတည်မပြုရသေးဘူး။ သူ့လို ယောက်ျားမျိုးကို နှမတော် လက်မဆက်ချင်တာလည်း ဖြစ်သင့်ပါတယ်။ ဂုဏ်သိက္ခာပိုင်းအရဆို ဘာအတား အဆီးမှရှိမှာ မဟုတ်ဘူး”ကျန်းကျီမြောင် ပြောလိုက်သည်။

ယွဲ့မြန် စိတ်တွေရှုပ်ထွေးနေဆဲ ဖြစ်သော်လည်းခေါင်း ညိတ်လိုက်ပါသည်။

“နားလည်ပါပြီ အစ်ကိုတော်နဲ့ ယောက်မတော်…”

“နှမတော်ရဲ့အရေးကိစ္စကို နှမတော်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ”ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။

ကျန်းကျီမြောင် စိတ်ပျော့နေတာကြောင့်သာ မဟုတ်လျှင် ယွဲ့မြန်၏ အရေးကိစ္စကို သူဒီလောက်ထိ ဆောင်ရွက်ပေးခဲ့မှာ မဟုတ်ပါ။ ကျန်းကျစ်ဖျင်၏ ပြစ်မှုများကို စုံစမ်းပြီး ယွဲ့မြန်ထံ ရလဒ်တွေ ပို့ပေးလိုက်ရုံဖြစ်သည်။ ထိုရလဒ်တွေကို ယွဲ့မြန် ယုံကြည်ခြင်း မယုံကြည်ခြင်းကတော့ သူမဆုံးဖြတ်ချက်သာ။ ယွဲ့လင်း အများကြီး ဝင်ပါမှာ မဟုတ်ပါ။ လူတစ်ယောက်၏သတ်မှတ်ထားပြီးသား ကံကြမ္မာတစ်ခုကို သူပြောင်းလဲပေးမှာ မဟုတ်ပေ။

သို့သော်လည်း ကျန်းကျီမြောင်က စိတ်ပျော့သည်။ ထို့ ကြောင့် ဒီလောက်ထိ အလုပ်ရှုပ်ခံပြီး ယွဲ့မြန်ကို နန်းတော်ပြင်ပသို့ ခေါ်ကာ အမှန်တရားကို ကိုယ်တိုင်မြင်တွေ့အောင် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ဒီလောက်ထိ သက်သေပြပြီးတာတောင် ယွဲ့မြန် ပျော့ညံ့နေဆဲဖြစ်ပါက ဖြစ်လာသမျှအရာတိုင်းကို သူမကိုယ်တိုင် ခံယူရမည်ဖြစ်သည်။

ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ နန်းတော်ပြင်ပမှာ အကြာကြီးနေလို့ မဖြစ်ပါ။ မြို့စားရှဲ့တို့ကို နှုတ်ဆက်ပြီးနောက် နန်းတော်ထဲသို့ ပြန်ဝင်ခဲ့ကြသည်။

ယွဲ့လင်းတို့ မရှိတော့သည့်အခါမှ မြို့စားရှဲ့ စိတ်အေးလက်အေး သက်ပြင်းချနိုင်လေသည်။ ဧကရာဇ်တစ်ပါးကို အဖော်ပြုပေးရတာက ကျားတစ်ကောင်ကို အဖော်ပြုပေးရတာနဲ့ ညီမျှသည်။ ယွဲ့လင်း ဘာမှ မပြောရင်တောင် မြို့စားရှဲ့ အလိုလို စိတ်ဖိစီးနေမိပါသည်။

ထို့နောက် မြို့စားရှဲ့မျက်နှာပေါ် စိုးရိမ်ပူပန်မှုတချို့ ပြန်ပေါ်လာခဲ့ပြန်သည်။ သူတကယ် စိတ်ပူမိပါသည်။ ဒီနေ့ ဖြစ်ပျက်ခဲ့သည့် ပြဿနာများကြောင့် ရှဲ့မိသားစုနှင့် မင်းသားအန်းဟယ်တို့၏ ဆက်ဆံရေးကို စကားတစ်ခွန်းတည်းနဲ့သာ ဖော်ပြနိုင်သည်။ သေသည်အထိ တိုက်ပွဲဝင်ရပါတော့မည်။

အရှင်မင်းကြီး ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းရှိနေပါက ဘာပြဿနာမှ မရှိနိုင်ပေ။ သို့သော် ယခင်ဧကရာဇ်မင်းကြီး မိန့်ကြားခဲ့သည့်အတိုင်း အရှင်မင်းကြီးမှာ သက် တမ်း ငါးနှစ်သာ ကျန်လျှင်တော့ ဖြစ်လာမည့် အကျိုး ဆက်တွေကို မြို့စားရှဲ့ စိတ်တောင် မကူးရဲတော့ပါ။ ယခု ရှဲ့မိသားစု၏ ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ အရှက်တရားတို့က အရှင်မင်းကြီးရဲ့ ကံကြမ္မာနဲ့ စည်းနှောင်နေလေပြီ။

ရှဲ့မိသားစု စံအိမ်တွင်…

“ချိုးအာလေး ကောင်းကောင်းအနားယူနိုင်ဖို့ ပြင်ဆင်ပေး လိုက်ကြ”

အခြွေအရံများကို သခင်မရှဲ့ သေသေချာချာ ညွှန်ကြား လိုက်ပါသည်။ ရှဲ့ချိုး မရှိတော့သည့်အခါမှ ရှဲ့ချန်းကို ကြည့်လိုက်ပြီး သခင်မရှဲ့ ပြောလိုက်သည်။

“ရှင် ကျွန်မနဲ့ လိုက်ခဲ့”

ရှဲ့ချန်း ရင်ထဲ လေးလံသွားပြီး ဇနီးဖြစ်သူနောက် လိုက်သွားခဲ့သည်။ စာကြည့်ခန်းထဲဝင်ကာ တံခါးကိုပိတ်ပြီးနောက် သခင်မရှဲ့ မျက်မှောင်ကြုတ်သွားသည်။

“ပြောစမ်း ဘာတွေဖြစ်နေတာလဲ” သခင်မရှဲ့ မေးလိုက်သည်။

ရှဲ့ချန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“ဘာ… ဘာကိုတုန်း”

သခင်မရှဲ့ မျက်စောင်းထိုးလျက် ဆက်ပြောလိုက်သည်။ “ကျွန်မတို့ ရှဲ့မိသားစုမှာ တခြားရွေးချယ်စရာမရှိမှန်း ရှင်သိတယ်။ အရှင်မင်းကြီးထံမှာ သစ္စာခံလိုက်တာက ကျွန်မတို့အတွက် တစ်ခုတည်းသောလွတ်လမ်းပဲ၊ အခု မင်းသားအန်းဟယ်ရဲ့ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်ကြောင့် သူနဲ့ ကျွန်မတို့ ရှဲ့မိသားစု ရန်သူတော်တွေ ဖြစ်သွားကြပြီ။ အဲ့တာအားလုံးက ဖြစ်သင့်တဲ့အရာတွေပဲမဟုတ်ဘူးလား။ အဲ့တာကို ရှင့်မျက်နှာက ဘာလို့ သောကရောက်နေတဲ့ပုံစံ ပေါက်နေသေးတာလဲ”

သခင်မရှဲ့ မျက်မှောင်ကြုတ်လျက် ဆက်ပြောလိုက်သည်။ “မင်းသားအန်းဟယ်က မင်းသားတစ်ပါးအဆင့်ပဲ ရှိတယ်၊ အရှင်မင်းကြီးလည်း သူ့ကို ဘဝင်မကျခဲ့တာကြာပြီ။ အရှင်မင်းကြီးက နန်းတက်တာ မကြာသေးဘဲ အခြေမခိုင်သေးလို့သာ တချို့အရာတွေကို ချက်ချင်းဆောင်ရွက်ဖို့ မလွယ်သေးတာ၊ အခု ရှင်နဲ့ ရှဲ့မိသားစုတစ်စုလုံးက အရှင် မင်းကြီးဆီမှာ သစ္စာခံထားပြီးပြီလေ၊ အဲ့တာတောင် မင်းသားအန်းဟယ်ကို အရှင်မင်းကြီး အနိုင်မယူနိုင်သေးဘူးလို့ ထင်နေတုန်းလား”

သူ့ခင်ပွန်း ဘာတွေစိုးရိမ်ပူပန်နေသလဲဆိုတာ သခင်မရှဲ့ နားမလည်နိုင်ပါ။

ရှဲ့ချန်း ရုတ်တရက် အခက်တွေ့သွားလေသည်။ ယခင်ဧကရာဇ်မင်းကြီး မိန့်ကြားခဲ့သည့် လျှို့ဝှက်ချက်အား ဘယ်သူ့ကိုမှ ပြောမပြဘဲ သူ့ရင်ထဲ ထိန်းသိမ်းထားခဲ့တာ ကြာပါပြီ။

“ပြီးတာပဲလေ၊ ရှင်ကျွန်မကို ဖုံးကွယ်ထားတာတွေတကယ်ရှိနေတာပဲ!”

သခင်မရှဲ့ ရုတ်တရက် ဒေါသထွက်သွားပါသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မင်းသားအန်းဟယ် လူ ကောင်းသူကောင်းမဟုတ်မှန်း၊ ရှင်ရူးချင်ယောင်ဆောင်တာ ရပ်ပြီး အရှင်မင်းကြီးကို အကူအညီပေးသင့်မှန်း ကျွန်မ အကြံပေးခဲ့သေးတယ်၊ ကျွန်မ မဟုတ်တာတွေ လာပြောနေတယ်ဆိုပြီး ရှင်စိတ်ထဲ မထားခဲ့ဘူးမလား ? အခု မင်းသားအန်းဟယ်က ချိုးအာလေးကို မသမာနဲ့ နည်းလမ်းနဲ့ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်၊ ဒါတောင် ရှင့်မျက်နှာက အခုထိ လူသေကောင်လို ဖြစ်နေတုန်းပဲ! ရှင်လည်း အပြင်ဘက်မှာ တခြား မိန်းမတစ်ယောက်ရှိနေပြီလား”

ဇနီးဖြစ်သူ၏ ငေါက်ငမ်းမှုကို ရှဲ့ချန်းနားထောင်နေစဉ် နောက်ဆုံးစကားကြောင့် ကြက်သေသေသွားလေသည်။

နေပါဦး… တခြားမိန်းမအကြောင်း ဘယ်ကနေ ဘယ်လိုရောက်သွားတာလဲ ?

“ဟုတ်တာပေါ့ သေချာပါတယ်၊ ရှင်လည်း အပြင်မှာ တခြားတစ်ယောက်ရှိနေတာပဲ!” သခင်မရှဲ့ ဒေါသအလွန် ပေါက်ကွဲသွားခဲ့သည်။

“ရှင်လည်း အဲ့ဒီမင်းသားအန်းဟယ်၊ ကျန်းကျစ်ဖျင်တို့လို လူစားမျိုးပဲ! အဲ့တာကြောင့် မျက်နှာက မဝံ့မရဲနဲ့ အမြဲတမ်း တွန့်ဆုတ်နေတာ!”

ရှဲ့ချန်း မျက်လုံးများ ပြူးကျယ်သွားသည်။

“မိန်းမ ငါ မှားပါတယ် ငါ မှားပါတယ်!”

သခင်မရှဲ့ ဘယ်ညာလှည့်ကြည့်လိုက်ပြီး တံမြက်စည်းတစ်ချောင်းကို ကိုင်ကာ ရှဲ့ချန်းထံ ပြေးလာလေတော့သည်။

၁၅ မိနစ်ခန့် ကြာပြီးနောက်…

သခင်မရှဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ မောဟိုက်စွာထိုင်နေပြီး ရှဲ့ချန်းကတော့ သူမပခုံးတွေကို နှိပ်နယ်ပေးနေပါသည်။

ရှဲ့ချန်း တိုးညှင်းစွာ ပြောလိုက်သည်။

“ရှင်မ ကိုယ်တိုင်ရိုက်စရာမလိုပါဘူး၊ နောက်တစ်ခါရိုက်ချင်ရင် ယောက်ျား ကိုယ့်ဖာသာကိုယ် ရိုက်လိုက်မယ်နော်”

သခင်မရှဲ့ မျက်စောင်းထိုးလိုက်ပြီး တစ်ခုခုကို လေးလေးနက်နက် စဉ်းစားလိုက်သည်။ ခုနက ခင်ပွန်းဖြစ်သူကို ရိုက်နှက်နေတုန်း ယခင်ဧကရာဇ်မင်းကြီး မိန့်ကြားခဲ့သည့် စကားများကို ရှဲ့ချန်း ဝန်ခံဖွင့်ပြောခဲ့ပါသည်။

ခင်ပွန်းဖြစ်သူပြောပြသည့် စကားများကို နားထောင်ရင်း သခင်မရှဲ့ ကြက်သီးမွေးညှင်းများ ထသွားခဲ့ရသည်။ ယခင် ဧကရာဇ်မင်းကြီးက ယွဲ့လင်းကို ဦးစားပေးခဲ့သည်ဟု လူတိုင်းပြောကြသော်လည်း အမှန်တရားကတော့ ဒီလို မဟုတ်ပေ။

အရှင်မင်းကြီးက ငယ်ရွယ်ဆဲဖြစ်ကာ အဖျားရောဂါကြီးကြီးမားမားလည်း မရှိပါ။

သူ ငါးနှစ်အတွင်း နတ်ရွာစံမှာကို ယခင်ဧကရာဇ်မင်းကြီး ဘာကြောင့် ကြိုသိနေရတာလဲ….

အကြောင်းအရင်းကို ခန့်မှန်းတွေးကြည့်ရလျှင် တကယ်ပဲ ကြက်သီးထစရာကောင်းလှပါသည်။

“ငါတွန့်ဆုတ်နေတာ မဟုတ်ပါဘူး”ရှဲ့ချန်း တိုးညှင်းစွာ ပြောလိုက်သည်။

“ရှဲ့မိသားစုရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်လို့ပါ”

“ဘာမှစိုးရိမ်စရာမလိုဘူး”

သခင်မရှဲ့ တည်ငြိမ်စွာ ပြောလိုက်သည်။

ဇနီးဖြစ်သူကို ကြည့်ရင်း ရှဲ့ချန်း အလွန်လေးစားသွားခဲ့သည်။ ဒီလောက် ကြောက်မက်ဖွယ်ကောင်းသည့် အ ကြောင်းအရာကို ကြားလိုက်ရတာတောင် ဇနီးဖြစ်သူက ခေတ္တသာ အံ့အားသင့်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်လည်တည်ငြိမ်သွားခဲ့ပါသည်။ ဒီလို စိတ်ဓာတ်ခိုင်မာမှုမျိုးက တကယ်လေးစားထိုက်ပါပေသည်။

သို့သော် ရှဲ့ချန်း ထပ်ပြောလိုက်ပါသည်။

“အရင်ဧကရာဇ်မင်းကြီးအကြောင်း မင်းမသိပါဘူး… သူက အရမ်း ဉာဏ်နီဉာဏ်နက်များတာ၊ သူအုပ်စိုးခဲ့တဲ့ ကာလတွေအတွင်း သူလိုချင်တာတစ်ခုခုရှိလာရင် မရနိုင်ဘူးဆိုတာ မရှိဘူး”

သခင်မရှဲ့ ပဟေဠိဆန်စွာပြောလိုက်သည်။

“ဒါပေမယ့် ရှင်လည်း နားမလည်သေးတာ တစ်ခုရှိတယ်၊ အခုလက်ရှိ--”

“အခုလက်ရှိ ဧကရာဇ်မင်းကြီးအကြောင်းကို ငါ နားမလည်ဘူးလို့ ပြောချင်တာလား၊ အခုလက်ရှိ ဧကရာဇ်မင်းကြီးကလည်း ဉာဏ်အမြော်အမြင်ရှိပြီး ထူးချွန်ထက်မြက်တယ်ဆိုပေမယ့် အတွေ့အကြုံအရ နုနယ်သေးတယ်လေ၊ အဲ့တာကြောင့်…”

ရှဲ့ချန်း စကားမဆုံးခင် သခင်မရှဲ့ စကားဖြတ်ပြောလိုက်ပါသည်။

“… အခုလက်ရှိ ဧကရီမိဖုရားကြီးအကြောင်း ရှင်နားမလည်သေးဘူးလို့ ပြောချင်တာ”

ရှဲ့ချန်း : “????”

All Chapters