အလောင်းအစား....ကိုးကောင်းကင် တိမ်တိုက်နန်းတော်ကြေးမုံ
Vol. 40 Ch. 457
ဤစကားများကို ကြားချိန်၌ ခန်းမထဲရှိ လူများသည်လည်း နားလည်သဘောပေါက်သွားကြပြီး သူတို့သည် မင်းသားယွမ်ချင်းကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
ကိုးကောင်းကင် တိမ်တိုက်နန်းတော်ကြေးမုံသည် အိမ်ရှေ့စံမင်းသားမှ ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့သော ရှေးဟောင်းကောင်းကင်ဘုံရတနာပင်။ ထိုရတနာကို သန့်စင်ထားသူသည် သူ၏အတွင်းစိတ်နတ်ဆိုးများကို စုံစမ်းထောက်လှမ်းနိုင်ပြီး ကြေးမုံအတွင်း၌ ကပ်ဘေးများကို ထပ်ခါတလဲလဲ စမ်းသပ်နိုင်ကာ မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များသို့ ချိုးဖျက်ဝင်ရောက်နိုင်ခြေအား မြှင့်တင်ပေးနိုင်သည်။
ကျင့်ကြံသူတစ်ဦးအတွက် အဆင့်ချိုးဖျက်မှုတိုင်းသည် သေရေးရှင်ရေးကို ရင်ဆိုင်ရသည့်အလားပင်။ ကပ်ဘေးအတွေ့အကြုံများကို အတုယူနိုင်သော ဤကဲ့သို့ ရတနာသည် အလွန်တန်ဖိုးရှိပေ၏။ ထိုအရာသည် ကျင့်ကြံသူများကို ချို့ယွင်းချက်များအား ဖော်ထုတ်ရန်နှင့် ယုံကြည်ချက်များ တည်ဆောက်ရန် ခွင့်ပြုသည်။ သို့သော် ရတနာများအားလုံးတွင် အားသာချက်များနှင့်အားနည်းချက်များ ဒွန်တွဲနေသည်။
ကျင့်ကြံခြင်းလမ်းကြောင်းသည် ကောင်းကင်ကံကြမ္မာမှ အသက်ကြိုးမျှင်တန်းတစ်တန်းကို သိမ်းပိုက်ပြီး ကောင်းကင်ဘုံကို ဖီဆန်ခြင်းပင်။ မည်သည့်အရာတွင်မျှ အကြွင်းမဲ့ သေချာခြင်းမျိုး ရှိမနေချေ။ အထူးသဖြင့် ကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်သည့်အချိန်တွင် အောင်မြင်မှုရရှိရန်အတွက် ရံဖန်ရံခါ၌ အရှိန်အဟုန် လိုအပ်သည်။ တွန့်ဆုတ်ခြင်းသည် ကျဆင်းခြင်းဆီသို့ ဦးတည်ပြီး တုံ့ဆိုင်းခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်းဆီသို့ ဦးတည်ပေ၏။ အာမခံချက်ရှိသော ကျင့်ကြံဆင့်ချိုးဖောက်မှုများအပေါ် အလွန်အကျွံ အားကိုးခြင်းက အမှန်တကယ် အန္တရာယ်နှင့်ရင်ဆိုင်ရသည့်အချိန်တွင် ထိုလူကို ထိတ်လန့်သွားစေနိုင်သည်။
ဤအကြောင်းအရင်းကြောင့် ဤကောင်းကင်ဘုံရတနာသည် သာမန်ကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်သော်လည်း ပါရမီရှင်များအတွက်မူ "စားရမှာလည်း သဲတရှပ်ရှပ် လွှင့်ပစ်ရန်မှာလည်း အဆီတဝင်းဝင်း"ဖြစ်နေပြီး အသုံးမဝင်ချေ။
အိမ်ရှေ့စံမင်းသားကဲ့သို့ လူတစ်ဦးကိုပင် ကြီးမားသော ထိခိုက်မှု ခံစားစေနိုင်သည့် ဤ ကျန်းရွှမ်သည် ပြိုင်ဘက်ကင်းသော အရည်အချင်းကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သိသာထင်ရှားသည်။ သို့ရာတွင် ယခုအချိန်၌ သဲတရှပ်ရှပ်ဖြစ်နေသော ရတနာတစ်ခုအတွက် သူသည် ရင်းမြစ်ကမ္ဘာအတွင်းရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များကို ထိခိုက်စေခဲ့သည်။ မည်သို့ပင် စဉ်းစားနေကာမူ ဤကိစ္စသည် အလွန် ထူးဆန်းနေပေ၏။
"ဒါက... ဒုတိယတော်ဝင်အစ်ကိုတော် ဖန်တီးခဲ့တဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးကို ဒီလူက ခိုးသွားတာများလား... ဒါကြောင့် သူ အရမ်း ဒေါသထွက်နေပြီးတော့ ဒီလို ကြီးမားတဲ့ ဆုလာဘ်တွေကို ပေးတာလား.... ပြီးတော့ လူတွေအများကြီးက မေးခွန်းထုတ်တာကိုတောင် တော်ဝင်အစ်ကိုတော်ရဲ့ဆေးလုံးကို ထုတ်မပြချင်တာလဲ"
မင်းသားယွမ်ချင်း မတုံ့ပြန်နိုင်မီမှာပင် ခပ်အုပ်အုပ်ရယ်သံတစ်သံက ပြင်ပမှ ပဲ့တင်ထပ်လာသည်။ ထို့နောက် အရပ်ရှည်ပြီး ကျောက်စိမ်းကဲ့သို့ တောက်ပြောင်ချောမွတ်သည့် မျက်နှာရှိသော လူငယ်တစ်ဦး ဝင်ရောက်လာသည်။
သူသည် ခမ်းနားထည်ဝါသောဝတ်စုံကို ဝတ်ဆင်ထားပြီး သားမွှေးဝတ်ရုံကို ခြုံလွှမ်းထားကာ ကျောင်းတော်သားဦးထုပ်ကို ဆောင်းထားသည်။ ထိုဦးထုပ်၏ထိပ်တွင် လုံးဝန်းသော ပုလဲတစ်ခု နှစ်မြုပ်ထားပြီး နှင်းကဲ့သို့ ဖြူစင်တောက်ပကာ သေသပ်လှပသည်။
"ဒါက တတိယမင်းသား ယွမ်ပင်းပဲ"
"သူက အိမ်ရှေ့စံမင်းသားနဲ့ ယှဉ်ပြိုင်နေပေမယ့် သူ ကိုယ်တိုင် ဝင်ပြီးစွက်ဖက်တာ အရမ်းရှားတယ်...သူက အခု ဘာလို့ ထွက်ပေါ်လာပြီးတော့ ဒီလောက်ထိ ရဲရဲတင်းတင်း ပြောနေတာလဲ....သူက သက်သေတချို့ကို ထုတ်ဖော်နိုင်ခဲ့တာလား"
"ဒါပေမဲ့ သူ ပြောတာက အကြောင်းမဲ့တော့ မဟုတ်ဘူး...အချိန်က အရမ်းတိုက်ဆိုင်လွန်းတယ်... ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံး ခိုးယူခံရတာက တကယ် ဖြစ်နိုင်တယ်"
"ဂုဏ်သတင်းကြီးမားတဲ့ မင်းသားယွမ်ချင်းရဲ့ဆေးလုံးကို အရေးမပါတဲ့ လူတစ်ယောက်က တကယ်ကြီး ခိုးယူသွားတာဆိုရင် သူရဲ့ ဂုဏ်သိက္ခာ လုံးဝပျက်စီးသွားလိမ့်မယ်..."
မင်းသားယွမ်ပင်း ရုတ်တရက် ထွက်ပေါ်လာခြင်းက ဆူညံသံများကို ဖြစ်ပေါ်စေခဲ့သည်။ ခန်းမထဲတွင်ရှိနေသော လူများအားလုံးသည် သူတို့၏အကြည့်များကို မင်းသားယွမ်ချင်းဘက်သို့ လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။
"အင်ပါယာရဲ့ မင်းသားတစ်ပါးအနေနဲ့ အိမ်ရှေ့စံမင်းသားကို အသရေဖျက်တာက... ယွမ်ပင်း မင်း တော်တော်လေး အတင့်ရဲတာပဲ"
ယွမ်ချင်းက ရှင်းပြခြင်းမရှိဘဲ အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။
"တော်ဝင်အစ်ကိုတော်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ကျွန်တော်အပေါ် ပုံချဖို့ မလိုပါဘူး...အိမ်ရှေ့စံမင်းသားအနေနဲ့ အစ်ကိုတော်က ဒီရာထူးနေရာအတွက် လိုအပ်တဲ့ တာဝန်ဝတ္တရားတွေနဲ့ အဆင့်အတန်းကို သတိရသင့်ပြီး... ကျွန်တော်တို့ ထျန်းလီအင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်သင့်ပါတယ်"
ယွမ်ချင်း၏စကားများ၌ ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ ရှိသော်လည်း ယွမ်ပင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး တုန်လှုပ်သွားခြင်းမရှိချေ။
"တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာက မင်း မဟုတ်ဘူးလား"
ယွမ်ချင်းသည် ရှေ့သို့တိုးလာပြီး သူ၏ အရှိန်အဝါသည် ရေလှိုင်းလုံးကြီးကဲ့သို့ မြင့်တက်လာပေ၏။
"မင်းက မင်းသားတစ်ပါးအနေနဲ့ အိမ်ရှေ့စံမင်းသားကို ပေးရမယ့် ရိုသေလေးစားမှုတွေကို လျစ်လျူရှုတယ်... အမွေခံရဲ့တရားဝင်မှုကို ပြောင်ပြောင်တင်းတင်း သံသယဝင်တယ်... မင်းက ညီငယ်တစ်ယောက်အနေနဲ့ အစ်ကိုတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မကာကွယ်ဘဲနဲ့ အမှားကိုအမှန်ဖြစ်အောင် အဓိပ္ပါယ်မဲ့တဲ့စကားတွေကို ပြောဆိုပြီးတော့ တခြားလူတွေကို နားလည်လွဲမှားစေတယ်... ယွမ်ပင်း မင်း တော်တော် အတင့်ရဲတာပဲ"
"ဒါက..."
မမျှော်လင့်ဘဲ တစ်ဖက်လူ၏စကားများကြောင့် သူသည် အရေးမသာသော အခြေအနေသို့ ကျရောက်သွားသည်ကို သိရှိလိုက်ရသဖြင့် ယွမ်ပင်း၏မျက်နှာ ဖြူဖျော့သွားသည်။ သို့ရာတွင် သူသည် အနည်းငယ် ဦးညွှတ်လိုက်ပြီး သူ၏ လက်များကို ပူးဆုပ်ကာ ပြောဆိုလိုက်သည်။
"တော်ဝင်အစ်ကိုတော်ရဲ့ ဆုံးမစကားက ကျိုးကြောင်းဆီလျော်ပါတယ်...ကျွန်တော်က တကယ့်ကို အဆင်အခြင်မဲ့ခဲ့မိတယ်....ကျွန်တော်က မလေးမစား လုပ်ခဲ့တယ်ဆိုရင် အိမ်ရှေ့စံမင်းသားရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်...ကျွန်တော် ခုလိုပြောခဲ့မိတာက အင်ပါယာရဲ့အရင်းအမြစ်တွေအများကြီးကို အသုံးပြုပြီးတော့ ဖန်တီးဖော်စပ်ခဲ့တဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးကို အပြင်လူတစ်ဦးက သိမ်းပိုက်သွားမှာကို စိုးရိမ်လို့ ပြောမိတာပါ"
ယွမ်ချင်း၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူ၏အကြည့် ပို၍စူးရှတောက်ပလာသည်။ အိမ်ရှေ့စံမင်းသား ရာထူးအတွက် သူနှင့် ယှဉ်ပြိုင်နေသည့် ဤတတိယမင်းသားသည် လျှော့တွက်၍ရသူ မဟုတ်သည်မှာ သိသာထင်ရှားနေသည်။
အကယ်၍ ယွမ်ပင်းသာ ဤကိစ္စကို ဆက်လက်၍ အတင်းအကြပ်ပြောဆိုခဲ့လျှင် အိမ်ရှေ့စံအနေဖြင့် ယွမ်ချင်းက သူ့ကို ပွင့်ပွင့်လင်းလင်း အပြစ်ပေးနိုင်သည်။ သို့ရာတွင် ယခုအချိန်၌ ယွမ်ပင်းသည် ရိုသေမှုကိုပြသပြီး သူ၏လုပ်ရပ်များကို စိုးရိမ်မှုကြောင့် ပြောဆိုမိခဲ့ခြင်းဟု သတ်မှတ်လိုက်သောကြောင့် ယွမ်ချင်းသည် စိတ်မသက်မသာ ဖြစ်သွားလေ၏။
အရင်းအမြစ်များစွာကို သုံးစွဲခဲ့ပြီးနောက် ဆေးလုံးသည် အမှန်တကယ် ခိုးယူခြင်းခံလိုက်ရပါက သူ၏ပေါ့ဆမှုကို ဖော်ပြသကဲ့သို့ ဖြစ်သွားမည် မဟုတ်လော။ ယွမ်ချင်းသည် အိမ်ရှေ့စံမင်းသားရာထူးနှင့် အမှန်တကယ်ကို ထိုက်တန်ပါသလော။
ဤသည်မှာ နောက်ကွယ်မှ ပြဿနာများကို ဖော်ထုတ်လိုက်ခြင်းပင်။
အမှန်အားဖြင့်ယွမ်ပင်းသည် လိမ္မာပါးနပ်သည့်တိုင် ယွမ်ချင်းကလည်း ငတုံးငအတစ်ယောက် မဟုတ်ချေ။ သူ အလွန်ဒေါသထွက်နေသော်လည်း သရော်တော်တော်အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
"တတိယညီတော်က ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို မြင်ချင်တယ်လို့ အကြံပြုတာလား"
"အမှန်ပဲ... ထာဝရနှလုံးသားကို ဖွဲ့စည်းနိုင်တဲ့ ဆေးလုံးကို ဘယ်သူက စိတ်ဝင်စားဘဲ နေမှာလဲ...တစ်ချက်ကြည့်ချင်တာက တကယ့်ကို ကျိုးကြောင်းဆီလျော်ပါတယ်"
တတိယမင်းသားက ပြောဆိုလိုက်၏။
"မင်းက ငါ့ရဲ့ဆေးလုံးကို ကျန်းရွှမ်က ခိုးသွားတယ်လို့ သံသယရှိနေမှတော့ ငါတို့တွေ အလောင်းအစား လုပ်ကြမလား"
ယွမ်ချင်းက အဆိုပြုသည်။
"ဘယ်လို အလောင်းအစားမျိုးလဲ"
ယွမ်ပင်းက မျက်မှောင်ကြုတ်လိုက်သည်။
"တော်ဝင်ညီတော်ရဲ့ ဦးထုပ်ပေါ်က ပုလဲကို အရှေ့ပင်လယ်ကနေ ရခဲ့တာဖြစ်ပြီး တန်ဖိုးကြီးတယ်လို့ ငါ ကြားထားတယ်...အဲ့ဒါကို လောင်းကြေးအနေနဲ့ အသုံးပြုချင်လား"
ယွမ်ချင်းက မေးမြန်းလိုက်သည်။
"ကောင်းပြီလေ....ဒါပေမဲ့ အိမ်ရှေ့စံမင်းသား ရှုံးသွားရင် ကိုးကောင်းကင် တိမ်တိုက်နန်းတော်ကြေးမုံကို ကျွန်တော့်ဆီ လက်ဆောင်ပေးမလား"
ယွမ်ပင်းက သရော်တော်တော်အပြုံးဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။
ထိုပုလဲသည် အဖိုးတန်သော်လည်း မင်းသားတစ်ယောက်ဖြစ်သော ယွမ်ပင်း၏ အဆင့်အတန်းဖြင့် အရေးမပါလှချေ။ သို့ရာတွင် လူသူအများရှေ့တွင် ဤအလောင်းအစားကို ရှုံးနိမ့်သွားပါက သူ၏ ဂုဏ်သတင်းကို သိသိသာသာ ထိခိုက်စေပြီး နန်းမွေအတွက် ယှဥ်ပြိုင်ရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားပေမည်။
ထို့ကြောင့် သူ အလောင်းအစားလုပ်ရမည်ဆိုလျှင် ကြီးကြီးမားမား လောင်းရပေမည်။
အကယ်၍ သူ ရှုံးသွားလျှင် ပုလဲတစ်လုံးသက်သက်ပင်။ သို့ရာတွင် ယွမ်ချင်း ရှုံးနိမ့်သွားပြီး ကိုးကောင်းကင် တိမ်တိုက်နန်းတော်ကြေးမုံကို ထုတ်ပေးရမည်ဖြစ်ရာ ဤသည်မှာ ကျန်းရွှမ် ခိုးယူသွားသည်ဟု ပြောခဲ့သောအရာ မဟုတ်လော။ ထိုအရာကို ထုတ်ပေးလိုက်ပါက အလိမ်အညာမှုများအားလုံး ချက်ချင်းပေါ်လွင်သွားပေလိမ့်မည်။
ရုတ်ချည်းဆိုသလိုပင် ယွမ်ပင်း၏နှုတ်ခမ်းထောင့်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ထင်ဟပ်သွားပြီး သူ၏မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် တောက်ပနေပေ၏။
...
တော်ဝင်နန်းတော်၏ အနက်ရှိုင်းဆုံးရှိ.... ငြိမ်သက်နေသော ရေကန်နံဘေး၌...
ဧကရာဇ်ဖုရှန်းနှင့်ညီလေးဝူတို့သည် ကျားကစားပွဲကို တဖန်ထပ်၍ ပြင်ဆင်နေကြသည်။
ညီလေးဝူက ကျားစေ့ကို ကိုင်ဆောင်ထားရင်း သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"တတိယမင်းသားက တော်တော်လေး စိတ်မရှည်တဲ့သူပဲ"
ဧကရာဇ်ဖုရှန်းက ရယ်မောလိုက်၏။
"သူ ကိုယ်တိုင် ရှေ့ထွက်မလာဘဲနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေကို ဆက်ပြီးလှုပ်ရှားခိုင်းခဲ့မယ်ဆိုရင် ငါ သူ့ကို ပိုပြီးအထင်ကြီးမိမှာပဲ...ဒါပေမဲ့ အခုတော့ ရလဒ်က သေချာနေပြီ"
ညီလေးဝူက သက်ပြင်းချလိုက်သည်။
"ဒီလို ဆိုးရွားတဲ့အခြေအနေမျိုးကို သူ့အတွက် အကျိုးရှိတဲ့ အခြေအနေအဖြစ် ပြောင်းလဲပစ်ဖို့အတွက် သူက တမင်တကာ ထောင်ချောက်ဆင်ခဲ့ပြီးတော့ တစ်ဖက်လူ ခုန်ဝင်လာဖို့ကို စောင့်နေပုံရတယ်....သူ့ရဲ့ ရည်ရွယ်ချက်က လူတွေအားလုံးရဲ့ သံသယတွေကို ဖယ်ရှားဖို့ပဲ"
ဧကရာဇ်ဖုရှန်းက ခေါင်းညိတ်ပြသည်။
"သူက ငါနဲ့ နည်းနည်းတူတယ်"
ညီလေးဝူက စဉ်းစားတွေးတောပြီး ပြောဆိုလိုက်၏။
"အံ့အားသင့်စရာ မရှိတော့ဘူး... လွန်ခဲ့တဲ့နှစ်ရက်အကြာတုန်းက သူ ငါ့ဆီ ရောက်လာပြီးတော့ သွေးစက်သုံးစက်ကို တောင်းခံဖို့အတွက် ငွေနည်းနည်းလောက် သုံးစွဲခဲ့တယ်... သူက အစကတည်းက အရာအားလုံးကို စီစဉ်ထားခဲ့ပေမယ့် ဒီအချိန်တလျှောက်လုံး သူ့ကိုယ်သူ မသင်္ကာဖွယ်ကောင်းတဲ့သူ တစ်ယောက်လို ဟန်ဆောင်နေခဲ့တာပဲ"
"သူက အဲ့ဒီလို ဟန်မဆောင်ရင် တတိယမင်းသားက ဘယ်လိုလုပ်ပြီးတော့ ထောင်ချောက်ထဲကို ခုန်ဝင်လာမှာလဲ"
ဧကရာဇ်ဖုရှန်းက ခေါင်းခါယမ်းလိုက်သည်။
"ဒီကလေးယွမ်ပင်းမှာ အရည်အချင်းကောင်းတွေ အများကြီး ရှိတယ်... သူ့ရဲ့ပါရမီနဲ့ကိုယ်ရည်ကိုယ်သွေးက မဆိုးဘူး.... ဒါပေမဲ့ သူက အရမ်းမာနကြီးတယ်...အောင်ပွဲက သူ့ရဲ့လက်ထဲမှာ ရှိနေပြီလို့ ယုံကြည်ပြီးတော့ သူ့ကိုယ်သူ ဖော်ထုတ်လိုက်တယ်...တကယ်တော့ သူ သိတယ်လို့ ထင်ခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ခန့်မှန်းချက်တွေအားလုံးကို ယွမ်ချင်းက တမင်တကာ ဖြန့်ဝေခဲ့တာပဲ"
"မင်းတို့ မိသားစုရဲ့ အတွင်းရေးတိုက်ပွဲကို ကြည့်ရတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောလို့ရတယ်"
ညီလေးဝူက သူ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဖရဲစေ့များက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူက ဖရဲစေ့တစ်စေ့ကို အခွံခွာပြီး ပြုံးလိုက်၏။
"မင်းကတော့..."
ဧကရာဇ်ဖုရှန်းက သူ့ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် တစ်ခါတလေမှာ ငါ မင်းကို မနာလို ဖြစ်မိတယ်...ဇနီးမရှိ...အမွေခံမရှိ...တပည့်တစ်ယောက်တောင် မရှိတဲ့ ဘဝမှာ မင်းက တစ်ယောက်တည်း သွားချင်တဲ့နေရာကို သွားပြီးတော့ လုပ်ချင်တာကို လုပ်နိုင်တယ်...ပထမတန်းစား ကောင်းကင်ကံကြမ္မာကို ထိန်းချုပ်တဲ့လူတွေထဲမှာ ကျန်တဲ့လူတွေ အားလုံးက မိသားစုတွေ တာဝန်တွေနဲ့ ချည်နှောင်ခံထားရတယ်...မင်း တစ်ယောက်တည်းပဲ လွတ်လပ်ပြီး အထိန်းအကွပ်မရှိ နေနိုင်ခဲ့တယ်"
"ဟား ဟား ဟား.... လွတ်လပ်မှုနဲ့အထိန်းအကွပ်မရှိတာက တကယ်မဆိုးဘူး...ဒါပေမဲ့ ဒီလို သရေစာဖရဲစေ့တွေ မရှိရင် ဘဝက အရမ်း ပျင်းစရာ ကောင်းလိမ့်မယ်...စကားပြောတာ တော်လောက်ပြီ... သူတို့ စတော့မယ်... ရိုးရိုးသားသား ပြောရရင် ယွမ်ချင်းမှာ ဘာအရန်အစီအစဉ်တွေ ရှိနေလို့ ဒီလောက်ထိ ယုံကြည်မှု ရှိနေတာလဲဆိုတာ ငါလည်း သိချင်တယ်"
ညီလေးဝူက ပျော်ရွှင်စွာ ရယ်မောရင်း ဖရဲစေ့တချို့ကို လက်ကမ်းပေးသည်။
ဧကရာဇ်ဖုရှန်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သော်လည်း သူ၏ လက်ကို ဆန့်တန်း၍ ဖရဲစေ့တချို့ကိုယူကာ အခွံခွာစားလိုက်သည်။