Mission Harvest
Vol. 6 Ch. 60
ရှဲ့ချန်း အသက်မရှူနိုင် ဖြစ်သွားသည်။
သူက လက်ရှိ ဧကရီမိဖုရားကြီးအကြောင်းကို နားမလည်ဘူးတဲ့လား…
ဘယ်နားလည်ပါ့မလဲ!
ဧကရီမိဖုရားကြီးအကြောင်းကိုသာ ကောင်းကောင်းနားလည်နေရင် အရှင်မင်းကြီး သူ့ကို ကွပ်မျက်သွားမှာပေါ့!
ရှဲ့ချန်း စိတ်ကို ထိန်းချုပ်လိုက်ပြီး မေးလိုက်သည်။
“ဧ…ဧကရီမိဖုရားကြီး ဟုတ်လား”။
ဧကရီမိဖုရားကြီးနဲ့ ဒီကိစ္စနဲ့ ဘယ်လိုသက်ဆိုင်နေသလဲ သူနားမလည်ပါ။
သခင်မရှဲ့ ပဟေဠိဆန်စွာ ဆက်ပြောလိုက်ပါသည်။
“ရှင့်ဦးနှောက်ဉာဏ်နဲ့ နားမလည်နိုင်တဲ့ကိစ္စတွေရှိတယ်၊ အခုချိန်မှာ ရှင်တစ်ခုပဲ သိထားဖို့လိုတယ်၊ မိဖုရားကြီးသာရှိနေသေးသရွေ့ အရှင်မင်းကြီး ဘယ်လိုနည်းနဲ့မှ မရှုံးနိမ့်နိုင်ဘူး!”
သခင်မရှဲ့ တိကျသေချာစွာ ပြောလိုက်သည်။ အမှန်တကယ်တော့ ယခင်ကတည်းက မိဖုရားကြီး၏ ထူးခြားချက်တွေကို ခင်ပွန်းဖြစ်သူအားပြောပြဖို့ သခင်မရှဲ့ ကြိုးစားခဲ့ဖူးပါသည်။ သို့သော် မိဖုရားကြီးနှင့် ပတ်သတ်သည့် အကြောင်းအရာ မှန်သမျှကို နှုတ်ဖြင့် ထုတ်ပြောလို့ မရသည့်အပြင် စာဖြင့်ပါ ရေးသားလို့ မရခဲ့ပေ။
ဒါက နတ်ဘုရားတစ်ပါးရဲ့ အစွမ်းမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ…
ထို့အပြင် ဒီနေ့လည်း သူမအာရုံထဲ ထူးထူးဆန်းဆန်း ပုံရိပ်တွေကို မြင်ခဲ့ရသဖြင့် သခင်မရှဲ့ အတွေးတစ်ခုသာ ရှိတော့သည်။ မိဖုရားကြီးက ကျိန်းသေပေါက် နတ်ဘုရားတစ်ပါး ဝင်စားတာသာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် နတ်ဘုရားတစ်ပါး၏ နတ်စွမ်းအင်တွေကို ပိုင်ဆိုင်ထားတာ ဖြစ်လိမ့်မည်။ အရှင်မင်းကြီးသာ မိဖုရားကြီးကို သေသေ ချာချာ ကိုးကွယ်လျှင် ကောင်းချီးတွေ ရရှိနိုင်ပါလိမ့်မည်။
သခင်မရှဲ့ နောက်ဆုံး ညွှန်ကြားချက်တစ်ခု ပေးခဲ့သည်။ “မိဖုရားကြီးရဲ့ ခြေရာအတိုင်းလိုက်ဖို့ ရှင်မမေ့နဲ့နော်၊ အရှင် မင်းကြီးနဲ့ မိဖုရားကြီးတို့အဆင်ပြေပြေရှိနေရင် အကောင်း ဆုံးပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်အကြားပြဿနာ တစ်စုံ တစ်ရာရှိလာမယ်ဆိုရင် မိဖုရားကြီးဘက်မှာပဲနေဖို့မမေ့နဲ့!”
ရှဲ့ချန်း : “…”
သူ့ဇနီး တကယ် ရူးသွားပြီပဲ…
ကျန်းကျီမြောင်က မိဖုရားကြီးဖြစ်နေရင်တောင် မိန်းမ သားတစ်ယောက်ဆိုတာ မပြောင်းလဲနိုင်ပါ။
သို့သော် သခင်မရှဲ့ဆိုလိုသည့် အဓိပ္ပာယ်က ရိုးရှင်းသည်။ သူမ အရာရာကို စတေးပြီး စွန့်စားချင်နေတာက အရှင် မင်းကြီးအတွက် မဟုတ်ဘဲ အရှင်မအတွက်သာ။
ဘယ်လောက် အဓိပ္ပာယ်မဲ့လိုက်တဲ့ ဆုံးဖြတ်ချက်မျိုးလဲ!
ရှဲ့ချန်း ရင်ထဲ ပွစိပွစိတွေးလိုက်သော်လည်း အပြင်ပန်းမှာတော့ ဘာမှ ပြန်မပြောရဲဘဲ လိမ်လိမ်မာမာနဲ့ ခေါင်းညိတ်ရုံသာ တတ်နိုင်ပါသည်။
ရှဲ့ချန်းကို သခင်မရှဲ့ မကျေနပ်စွာ ကြည့်လိုက်ပါသည်။ ခင်ပွန်းဖြစ်သူ မယုံကြည်မှန်း သူမ သိသည်။ သို့သော် အရေးမကြီးပါ။ မိဖုရားကြီးကိုသာ သစ္စာခံရမည်ဟူသော ဥပဒေတစ်ခု ရှဲ့မိသားစုအတွင်း သူမ ထုတ်ပြန်မည်။ အရှင်မင်းကြီးကတော့ မိဖုရားကြီးကြောင့်သာ မျက်နှာရနေခြင်း ဖြစ်ပါသည်။
ရှဲ့လင်မယား အစီအစဉ်တွေ ချမှတ်နေချိန် ယွဲ့လင်းတို့ နန်းတွင်းကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
ယွဲ့မြန် နန်းဆောင်ကို ပြန်ရောက်တာနဲ့တစ်ပြိုင်နက် ရင် တုန်သွားလေသည်။ မယ်တော်ကြီး၏နန်းဆောင်မှ အထိန်း တော်ဖန့်က သူမနန်းဆောင်ထဲမှာ ရောက်ရှိနေတာကြောင့်ဖြစ်သည်။ ထို့အပြင် စောင့်နေတာလည်း အချိန်အတော်ကြာပြီဖြစ်သည့် ပုံစံပင်။
“အထိန်းတော်ဖန့် ဘာကိစ္စရှိလို့လဲ” ယွဲ့မြန် စိတ်လှုပ်ရှားမှုကို ချုပ်တည်းရင်း မေးလိုက်သည်။
အထိန်းတော်ဖန့် မတ်တပ်ရပ်လိုက်ပြီး ရိုသေစွာပြုံးပြလိုက်သည်။ “ဒုတိယမင်းသမီးကို မယ်တော်ကြီးက တွေ့မြင်ချင်လို့ ဆင့်ခေါ်လိုက်ပါတယ်”
“အဝတ်အစားလဲပြီး ချက်ချင်းကြွမြန်းခဲ့ပါ့မယ်” ယွဲ့မြန် အမြန် ခေါင်းညိတ်လိုက်ပါသည်။
“မလိုပါဘူး”
အရပ်သားတစ်ယောက်လို ဝတ်ဆင်ထားသည့် ယွဲ့မြန်ကို ကြည့်ရင်း အထိန်းတော်ဖန့် ပြုံးလိုက်သည်။
“ဒီအတိုင်းပဲ ကြွလို့ ရပါတယ်”
ယွဲ့မြန် နှုတ်ခမ်းကိုက်လိုက်ပါသည်။ သူမကို ဘယ်လိုအရာတွေ စောင့်ကြိုနေမလဲဆိုတာ သိပြီးသားဖြစ်သည်။ သို့သော် ဒီကိစ္စက အနှေးနဲ့အမြန် သူမ ရင်ဆိုင်လာရမည့် ကိစ္စပဲဖြစ်သည်။
သူမအာရုံထဲ ကျန်းကျီမြောင်၏စကားလုံးများကို ပြန် လည်ကြားယောင်လာခဲ့သည်။ ကျန်းကျီမြောင် ဆိုခဲ့သည့်အတိုင်း သူမဘက်က ဆန္ဒမရှိလျှင် ဘယ်သူမှ တွန်းအားပေးလို့ မရပါ။ တခြားကိစ္စတွေကို ယွဲ့မြန် အလျှော့ပေးနိုင်သော်လည်း သူမဘဝ တစ်သက်တာလုံးနဲ့ သက်ဆိုင်နေသည့် ကိစ္စကိုတော့ လုံးဝ အလျှော့မပေးနိုင်ပါ။
တစ်လမ်းလုံး စိတ်ပိုင်းဆိုင်ရာ အားတင်းခဲ့ပြီးနောက် ရှို့အန်းနန်းဆောင်သို့ ယွဲ့မြန် ရောက်ရှိသွားခဲ့လေသည်။
ဖုန့်ယီနန်းဆောင်တွင်…
ယွဲ့မြန် နန်းတွင်းသို့ ပြန်ရောက်တာနဲ့တစ်ပြိုင်နက် ရှို့အန်းနန်းဆောင်သို့ ဆင့်ခေါ်ခံလိုက်ကြောင်း ယွဲ့လင်းလည်း သတင်းရရှိခဲ့ပါသည်။
“အရှင်မင်းကြီး၊ ဒီမိဖုရား လိုက်သွားသင့်သလား”
ကျန်းကျီမြောင် မေးလိုက်သည်။ ယွဲ့မြန်က ရှက်တတ် ကြောက်တတ်သည့် ယုန်ဖြူလေးတစ်ကောင်အဖြစ် နေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သူမကို ရုတ်တရက်ကြီး သန်မာခိုင်းလိုက်တာက လွယ်ကူသည့် တာဝန်မဟုတ်ပါ။ အပြန်လမ်းမှာ ယွဲ့မြန်ကို အများကြီး အားပေးဖြောင်းဖြခဲ့သော်လည်း လူတစ်ယောက်၏ စရိုက်လက္ခဏာကို အလွယ်တကူ ပြောင်းလဲလို့ မရနိုင်ပေ။
“မလိုဘူး” ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“သူ့မှာ ခေါင်းခါဖို့တောင် သတ္တိမရှိဘူးဆိုရင် သူ့အတွက် အားထုတ်ရကျိုးမနပ်ဘူး”
ယွဲ့မြန်ကို ယွဲ့လင်း ကူညီပေးချင်စိတ်ရှိပါသည်။ သူ့အ တွက် အကျိုးအမြတ်ရှိနိုင်သလို ယွဲ့မြန်အတွက်ကလည်း ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်သည့် အရေးကိစ္စဖြစ်သည်။ သို့သော် ယွဲ့မြန်ကိုယ်တိုင်က တိုက်ခိုက်ရဲသည့် သတ္တိ ရှိနိုင်မှ ဖြစ်ပါလိမ့်မည်။ မဟုတ်လျှင် သူ့ဘက်မှ အားကြိုးမာန် တက် ကူညီပေးနေစဉ် ယွဲ့မြန် အလွယ်တကူ လက်လျှော့လိုက်ပါက ဧကရာဇ်မင်းကြီးဖြစ်သည့် သူက ဟာသကြီးတစ်ခုလို ဖြစ်သွားလိမ့်မည်။
ယွဲ့လင်းအတွေးကို ကျန်းကျီမြောင်လည်း နားလည်သလိုလို ရှိသဖြင့် ခေါင်းညိတ်နာခံလိုက်ပါသည်။
အခုမှ စနစ်မစ်ရှင်၏ ဆုကြေးများကို ကျန်းကျီမြောင် စစ်ဆေးဖို့ အချိန်ရှိလေသည်။
သူမ မစ်ရှင်သုံးခုကို တစ်ပြိုင်တည်း လက်ခံခဲ့တာဖြစ် သည်။ ယွဲ့လင်း၏ ကျန်းမာရေးနှင့် ပတ်သတ်သည့် မစ်ရှင်က အောင်မြင်မှု 0% ပြနေပါသည်။ ရှဲ့ချိုးကို ယွဲ့ဟွာ မကောင်းကြံမည့် အကြံအစည်အား တားမြစ်ရမည့် မစ်ရှင်ကတော့ အောင်မြင်ကြောင်း ပြသနေလေသည်။
ထိုမစ်ရှင်အောင်မြင်သွားသောအခါ ကျန်းကျီမြောင် ၂၀ မှတ် ရရှိခဲ့ပါသည်။ ယခင်လက်ကျန် ၉ မှတ်နှင့် ပေါင်းလိုက်သောအခါ စုစုပေါင်း ၂၉ မှတ်ကြီးများတောင် ရှိသွားပြီ ဖြစ်သည်။ ယခုလောက်အများကြီး စုမိတာ ပထမဆုံးအကြိမ်ဟု ဆိုနိုင်လေသည်။
ကျန်းကျီမြောင်အတွက် စိတ်လှုပ်ရှားစရာပိုကောင်းတာက ကျန်းကျစ်ဖျင်၏ သရုပ်မှန်ကို ဖော်ထုတ်ရမည့် မစ်ရှင်မှာ မပြီးဆုံးသေးပါ။ ထိုမစ်ရှင်က အချိန် သုံးရက်ပေးထားတာဖြစ်သည်။ ကျန်းကျစ်ဖျင်၏ သရုပ်မှန်တွေ ပေါ်လာတာနဲ့ မစ်ရှင်ပြီးဆုံးသွားလိမ့်မည်ဟု ကျန်းကျီမြောင်ထင်ထားခဲ့သော်လည်း စနစ်ထဲမှာ အချိန်ကို အခုချိန်ထိ ရေတွက်နေဆဲ ဖြစ်သည်။
၂၃ နာရီ၊ ၂၃ မိနစ်၊ ၅၆ စက္ကန့်ကျန်…
ထို့အပြင် အံ့ဩတုန်လှုပ်မှု ရမှတ်တွေကလည်း စနစ်ထဲကို ပြတ်တောင်းပြတ်တောင်းဖြင့် ဝင်ရောက်နေဆဲ ဖြစ်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျန်းကျီမြောင် တစ်ခုခုကို နားလည်သွားပါသည်။
နှုတ်ဖြင့် အတင်းအဖျင်းပြောခြင်းကိုပါ အံ့ဩတုန်လှုပ်မှု ရမှတ်အဖြစ် ထည့်တွက်နိုင်သည်။ လူကိုယ်တိုင် မျက်စိဖြင့် တပ်အပ် မြင်ရတာလောက် အံ့ဩတုန်လှုပ်မှု မများနိုင်သော်လည်း မိုးရေပေါက်ကလေးများကြောင့် ရေကန်ပြည့်သကဲ့သို့ ဖြစ်လာနိုင်သည်။
ကျန်းကျစ်ဖျင်နှင့် ပတ်သတ်သည့် အကြောင်းအရာတွေသာ လူတွေကြားထဲ ဆက်လက်ပြန့်နှံ့နေဦးမည်ဆိုလျှင် လူတစ်ယောက်ကို အံ့ဩတုန်လှုပ်မှု ရမှတ်တစ်မှတ်သာ ပေးနိုင်လျှင်တောင် မြို့တော်ထဲက လူအင်အားမှာ မနည်းသဖြင့် ကျန်းကျီမြောင် ရရှိမည့် အမှတ်များက ကြောက်စရာကောင်းလောက်အောင် များပြားသွားနိုင်သည်။
သူမ သူဌေးဖြစ်တော့မည်။ ဒီတစ်ခါတော့ ကျိန်းသေပေါက် သူဌေးဖြစ်ပါတော့မည်။
ကျန်းကျီမြောင်အား ယွဲ့လင်း တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။ မကြာခဏဆိုသလို ကျန်းကျီမြောင် ရုတ်တရက်ကြီး ရီဝေသွားတတ်သည်။ ရီဝေနေစဉ်မှာလည်း တစ်ခါတ လေ အလွန်ပျော်သွားတတ်သလို တစ်ခါတလေမှာလည်း အလွန် စိတ်ပျက်နေပုံ ပေါက်နေတတ်ပြန်သည်။
သူမ မျက်နှာအနေအထားတွေက မျိုးစုံလှသည်။ ဒီတစ်ခါတော့ ‘ပုံမှန်မဟုတ်လောက်အောင် ပျော်ရွှင်နေသည့်’ အမျိုးအစားထဲ ပါဝင်ပါသည်။
“အရှင်မင်းကြီး!”
ယွဲ့လင်းကို ကျန်းကျီမြောင် မော်ကြည့်လိုက်သည်။ သူမ အသံတွေက စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေပါသည်။ “ကျန်းကျစ်ဖျင်ရဲ့ အရေးကိစ္စကို ဒီမိဖုရားတို့ လူသိရှင် ကြားပိုဖြစ်အောင် ကြေညာပေးသင့်တယ် မထင်ဘူးလား”
ယွဲ့လင်း ခေတ္တကြက်သေသေသွားသည်။
ကြေညာပေးရမယ် ဟုတ်လား…
ကြေညာပေးရမှာတော့ မှန်တာပေါ့…
ဒါပေမယ့် မိဖုရားကြီးက ဘာလို့ အဲ့လောက်ပျော်နေတာလဲ
ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။ “တစ်ရက်အတွင်း နန်းတော် ညီလာခံတစ်ခုလုံးနဲ့ နန်းတွင်းအရာရှိတွေအားလုံး ကျန်းကျစ်ဖျင်ရဲ့ ‘အောင်မြင်မှု’တွေအကြောင်း သိသွားကြလိမ့်မယ်”
“အဲ့တာဆို နည်းတာပေါ့! လူပမာဏ နည်းလွန်းတယ်!”။ ကျန်းကျီမြောင် မျက်လုံးများ အလွန်တောက်ပနေသည်။ “အရှင်မင်းကြီး… နန်းတွင်းမှာသာမက နန်းတော်ပြင်ပက ပြည်သူပြည်သားတွေပါ ဒီအရေးကိစ္စကို ကြားသိသင့်ပါတယ်!”
အချိန်အကန့်အသတ် အတင်းအဖျင်းမစ်ရှင်ကို အခွင့် ကောင်းယူပြီး ဇာတ်လမ်းအကျဉ်းချုပ်တွေကို သူမ ထပ်ဝယ်နိုင်လောက်သည်။
[အရင်တစ်ခေါက်တုန်းက တိုင်းပြည်ရဲ့ ဧကရာဇ်မင်းကြီး ဦးထုပ်စိမ်းဆောင်းခံရတဲ့ ကိစ္စမို့လို့ လူသိရှင်ကြားဖြစ်အောင် လုပ်လို့ မရခဲ့တာ။ ဒီတစ်ခါတော့ အခွင့်အရေးကို အရမယူရင် နှမြောစရာဖြစ်သွားမှာပေါ့!]
ယွဲ့လင်း တိတ်ဆိတ်နေသည်။ သူ သံသယဖြစ်မိပါသည်…
မိဖုရားကြီးမှာ ဆန်းကြယ်တဲ့ ဝါသနာတစ်ခုခုများ ရှိနေတာလား…
“အရှင်မင်းကြီး! လူတွေကို သတိပေးဖို့အတွက် ကျန်းကျစ်ဖျင်လို ယုတ်ညံ့သူမျိုးရဲ့ လုပ်ရပ်တွေကို တိုင်းသိပြည်သိဖြစ်အောင်ကို ကြေညာသင့်တာပါ! ပြီးတော့ သူ့ဂုဏ်သိက္ခာပျက်စီးလေလေ ဒုတိယမင်းသမီးအတွက် လက်ဆက်ထိန်းမြှားမှုကို ငြင်းဆန်ဖို့လွယ်ကူလေလေပဲ မဟုတ်လား။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သလိုမျိုးပေါ့”။ ကျန်းကျီမြောင် ဖြောင့်မတ်စွာ ပြောလိုက်ပါသည်။
ယွဲ့လင်း: “… အရှင်မ ပြောတာမှန်ပါတယ်”
ထို့နောက် ဆက်မေးလိုက်သည်။ “ဒါဖြင့်ရင် အရှင်မက ဘယ်လိုဆောင်ရွက်ချင်လို့လဲ”
[အချိန်က တစ်ရက်ခွဲလောက်ပဲ ကျန်တော့တာ… စာအုပ်တွေထုတ်ပြီး ဝေပေးဖို့က နောက်ကျလွန်းသွားပြီ။ နှုတ်ကိုပဲ အားကိုးရတော့မယ်]
ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်လေသည်။ “အခါးရည်ဆိုင်တို့ သေရည်ဆိုင်တို့မှာ သတင်းဖြန့်ဖို့အတွက် ဇာတ်ကြောင်းပြောသူတွေကို ငှားရမ်းသင့်ပါတယ်၊ ပြီးတော့ ဈေးလမ်းတွေထဲက စကားကြွယ်တဲ့ လူအိုတွေ၊ အမျိုးသမီးတွေကို သွားရှာပြီး ကြေးပြားနည်းနည်းလောက်ပေးလိုက်ပါ၊ အဲ့တာဆို ကျန်းကျစ်ဖျင်ရဲ့ လုပ်ရပ်တွေကို တစ်လမ်းလုံး အချိန်တိုအတွင်း သိသွားကြလိမ့်မယ်”
“ကလေးကဗျာလေးတွေလည်း စပ်လို့ရတယ်၊ ကလေးတွေကို သကြားလုံးကျွေးပြီး အဲ့ဒီကဗျာတွေ ရွတ်ဆိုခိုင်းလိုက်လို့ ရတယ်”
“ပြီးတော့…”
ကျန်းကျီမြောင် ဦးနှောက်အခြောက်ခံပြီး သေသေချာချာ စဉ်းစားလိုက်သည်။
နောက်ပိုင်း စနစ်စတိုးဆိုင်ထဲမှာ အမှတ်တွေကို ကပ်စေးကုပ်ပြီး အသုံးပြုရမလား၊ ပေါပေါများများ အသုံးပြုနိုင်မလားဆိုတာကို ဒီတစ်ခေါက်မစ်ရှင်ရလဒ်က အဆုံးအဖြတ် ပေးပါလိမ့်မည်။