← Chapters

What Did They Take You to Do!

Vol. 7 Ch. 61

What Did They Take You to Do!

Vol. 7 Ch. 61

ကျန်းကျီမြောင် အတွေးထဲမှ ‘တစ်ရက်ခွဲလောက်ပဲကျန်တော့သည်’ ဟူသည့် စကားကို ယွဲ့လင်း နားမလည်သော် လည်း သူမရဲ့အကြံဉာဏ်တွေကိုတော့ ခေါင်းညိတ် သဘောတူလိုက်ပါသည်။

“စိတ်ချပါ၊ ကျန်း စီစဉ်လိုက်ပါ့မယ်”

ကျန်းကျီမြောင် သွားဖြီးကာ ရယ်ပြလိုက်သည်။

“အားကိုးမယ်နော်ဘော့စ်! ဒီတစ်ခါ ကျန်းကျစ်ဖျင်ကို တကယ် နာမည်ကြီးသွားအောင်လုပ်ပေးမှ ဖြစ်မယ်!”

ဘော့စ်…?

ယွဲ့လင်း မျက်ခုံးပင့်သွားသည်။

ကျန်းကျီမြောင်လည်း ကြက်သေသေသွားပါသည်။ စိတ်ထဲမှ အတွေးတွေကို နှုတ်မှလွှတ်ခနဲ ထုတ်ပြောလိုက်မိသည်။

ကျန်းကျီမြောင် လိပ်ပြာမလုံစွာ မျက်လုံးတွေဂနာမငြိမ်ဖြစ်သွားပါသည်။

[‘ဘော့စ်’ဆိုတာဘာလဲလို့ ယွဲ့လင်း မေးလာရင် ဘယ်လိုရှင်းပြရပါ့! ကယ်ကြပါဦး! ထင်တဲ့အတိုင်းပဲ… စိတ်ထဲမှာပါ အတင်းမတုပ်တတ်အောင် လေ့ကျင့်ထားမှဖြစ်မယ်။ မဟုတ်ရင် ပါးစပ်ကနေပါ အကျင့်ပါပြီး ပြောမိကုန်တော့မှာပဲ! အား!!!]

ကျန်းကျီမြောင် စိတ်ထဲ အော်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူမ နှုတ်မှထုတ်ပြောသည်ဖြစ်စေ စိတ်ထဲမှတွေး သည်ဖြစ်စေ ဘာမှ မထူးကြောင်း ကျန်းကျီမြောင်ကို ယွဲ့လင်း ပြောပြချင်ခဲ့ပါသည်။ သို့သော် သူမ လိပ်ပြာမလုံဖြစ်နေတာကို မြင်ပြီး စကားလမ်းကြောင်းလွှဲဖို့သာ ဆုံးဖြတ် လိုက်သည်။

“ယွဲ့မြန် ဆန့်ကျင်နိုင်မယ်လို့ ထင်လား”

ကျန်းကျီမြောင်လည်း အာရုံလွဲသွားပြီး အနည်းငယ် စိတ်ပူသွားသည်။ “ဆန့်ကျင်နိုင်လောက်မှာပါ… ဟုတ်တယ်မလား”

[ယွဲ့မြန် ကြိုးစားမှဖြစ်မယ်! ကျန်းကျစ်ဖျင်ကို လက်ထပ်လိုက်ရင် တကယ်လမ်းဆုံးရောက်ပြီပဲ!]

ရှို့အန်းနန်းဆောင်တွင်…

နန်းဆောင်ထဲ ရောက်ရှိသည့်အချိန်ကစလို့ ယွဲ့မြန်အား ဒူးထောက်ခိုင်းထားသည်။ ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျက် ခေါင်းကိုလည်း ဝပ်တွားထားရသည်။ မယ်တော်ကြီးနဲ့ မယ်တော်ယိုတို့နှစ်ပါးကတော့ ယွဲ့မြန်ကို အပေါ်စီးမှကြည့်ကာ အကဲခတ်နေကြသည်။ ယွဲ့မြန် စကားတစ်ခွန်းပင် မပြောဝံ့ဘဲ ကျိုးနွံစွာ ဝပ်တွားနေရပါသည်။

“မယ်တော်ကြီး နေ့လယ်စာသုံးဆောင်ချိန်ကျပါပြီ။ အစားအသောက်တွေ တည်ခင်းလိုက်ရတော့မလား”။ အထိန်းတော်ဖန့်က တိုးညှင်းစွာ မေးမြန်းလိုက်ပါသည်။

ထိုအခါမှ မယ်တော်ကြီး တုန့်ပြန်ခဲ့သည်။

“တည်ခင်းလိုက်ပါ”

အထိန်းတော်ဖန့် ထွက်သွားသောအခါ ယွဲ့မြန်ကို မယ် တော်ကြီး ကြည့်လိုက်ပြီး နောက်ဆုံးတော့ မိန့်ကြားလိုက်ပါသည်။ “ထလို့ရပြီ၊ မယ်တော်တို့နဲ့အတူတူ နေ့လယ်စာ သုံးဆောင်ပါဦး”

ယွဲ့မြန် တိုးညှင်းသောအသံဖြင့် အမိန့်နာခံလိုက်ပြီး ဖြည်း ညှင်းစွာ မတ်တပ်ပြန်ရပ်လိုက်ပါသည်။ အချိန်အတော်ကြာအောင် ဒူးထောက်ထားရသဖြင့် ခြေထောက်တွေထဲ သွေးလည်ပတ်မှု နှေးကွေးသွားပြီး ဒယိမ်းဒယိုင်ဖြစ်လျက် ချော်လဲကျလုနီးပါးဖြစ်သွားသည်။ အချိန်အတော်ကြာမှ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းနိုင်ခဲ့ပါသည်။

စားကောင်းသောက်ဖွယ်များကို တည်ခင်းပြီးပြီဖြစ်သော် လည်း ယွဲ့မြန် ထိုင်ခွင့်မရှိသေးပါ။ မယ်တော်ယိုက သူမကို ကြည့်ကာ မိန့်လိုက်သည်။ “ငယ်သူတစ်ယောက်ဖြစ်တဲ့အတွက် လူကြီးသူမတွေ သုံးဆောင်နေချိန် မတ်တပ်ရပ်ပြီး လိုလေသေးမရှိအောင် ပြုစုပေးရမယ်”

ယွဲ့မြန် တိုးညှင်းသောအသံဖြင့် အမိန့်နာခံလိုက်ပါသည်။

ခန်းမထဲတွင် တခြားအစေခံတွေ တစ်ယောက်မှ မရှိတော့ဘဲ ယွဲ့မြန်တစ်ယောက်တည်းသာ ဟင်းပွဲတွေကို တည်ခင်းပြုစုပေးဖို့ ကျန်ခဲ့ပါသည်။ ဒူးတွေလည်း နာကျင်နေသဖြင့် နည်းနည်းလောက် လှုပ်လိုက်တာနဲ့ သူမ တစ်ကိုယ်လုံး တုန်ခါသွားတတ်သည်။

မယ်တော်ကြီးနဲ့ မယ်တော်ယိုတို့ နှစ်ပါးစလုံး ဘာမှ မမြင်ချင်ယောင် ဆောင်နေကြပါသည်။ သူမကို တစ်နာရီလောက် မတ်တပ်ရပ်ခိုင်းပြီးမှ ထိုင်ခွင့်ပြုခဲ့လေသည်။

“ဗိုက်ဆာနေပြီလား၊ စားလေ”မယ်တော်ယိုက ဆိုသည်။

“မဆာပါဘူး” ယွဲ့မြန် မလှုပ်ရှားရဲသေးပေ။

ယွဲ့မြန်ကို ကြည့်ရင်း မယ်တော်ကြီး ခံစားချက်မဲ့စွာ မိန့်လိုက်သည်။

“မနေ့က ကျန်းကျစ်ဖျင်နဲ့ တွေ့ဆုံချင်တယ်လို့ ငါ့ကို လာတောင်းဆိုခဲ့တယ်နော်၊ နင့်လို မင်းသမီးတစ်ပါးက ငယ် သားတစ်ယောက်နဲ့ တွေ့ဆုံဖို့အတွက် နန်းတော်ကနေ ထွက်ခွာရတယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ပဲ၊ အဲ့တာကြောင့် ငါတို့တွေ ကန့်ကွက်ခဲ့တယ်မဟုတ်လား”

ယွဲ့မြန် ရင်တုန်သွားပြီး တိုးညှင်းစွာ လျှောက်ထားလိုက်သည်။

“ဟုတ်ပါတယ် မယ်တော်”

“အဲ့တာ ငါတို့လူကြီးမိဘတွေရဲ့ အမိန့်လေ၊ ပြီးတော့ နင်က မိန်းမသားမဟုတ်ဘူးလား၊ နင့်မှာ ရွေးချယ်ပိုင်ခွင့် ဘာရှိလို့လဲ၊ ဒီသတင်းသာ ပေါက်ကြားသွားရင် သူများတွေ ပြက်ရယ်ပြုစရာ ဖြစ်မသွားနိုင်ဘူးလား”

မယ်တော်ယို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ပြီးတော့ နင်လက်ထက်ထိန်းမြှားမယ်ကိစ္စကို မယ်တော်ကြီးကော ငါကော ကြီးကြပ်ပေးထားတာ မဟုတ်ဘူးလား ငါတို့က နင့်ကို ဒုက္ခရောက်အောင် လုပ်ပါ့မလား”

မယ်တော်ကြီးက ဖြည်းညှင်းစွာ ဝင်မိန့်လိုက်သည်။

“ကျန်းကျစ်ဖျင်က ရာထူးအဆင့်မရှိသေးတဲ့ သာမန်လူဆိုပေမယ့် သူ့ခမည်းတော်က ဘာသာရေးဒုဝန်ကြီးပဲ၊ ပြီးတော့ အခုလက်ရှိ ဝမ်ရှင်းမြို့စားလည်း ဟုတ်တယ်၊ သူ့မယ်တော်က ဂုဏ်သရေရှိတဲ့ ဝမ့်မိသားစုရဲ့ သမီးတော်ပဲ၊ အဲ့တာကြောင့် အခုလက်ရှိ ညီလာခံမှာ ကျန်းမိသားစု အာဏာသိပ်မရှိသေးတာကို သွားမကြည့်နဲ့၊ ကျန်းမိသားစုရဲ့ အာဏာဆိုတာ လူတွေမမြင်နိုင်တဲ့နေရာမှာ ရှိနေတာ၊ အဲ့တာကြောင့် ကျန်းကျစ်ဖျင်နဲ့ လက်ဆက်ထိန်းမြှားလိုက်တာက နင့်အတွက် ဘာမှအကျိုးမယုတ်နိုင်ဘူး”

ယွဲ့မြန် မျက်နှာမဖော်ဘဲ ခေါင်းကိုသာ ဖြည်းညှင်းစွာ ညိတ်နေပါသည်။ ဒါတွေကို သူမ သိထားပြီးသား ဖြစ်သည်။

ယွဲ့မြန်၏ ပုံစံက နူးညံ့ပျော့ပြောင်းပြီး လိမ္မာကျိုးနွံနေဆဲဖြစ်သဖြင့် မယ်တော်ကြီးနဲ့ မယ်တော်ယိုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနည်းငယ် စိတ်အေးသွားကြသည်။ သူမတို့ အတွေးလွန်သွားတာသာ ဖြစ်ပါလိမ့်မည်။

မယ်တော်ယို မျက်နှာပေါ် အပြုံးတစ်ခုပေါ်လာပြီး ယွဲ့မြန့် ပန်းကန်ထဲ အစားအသောက်တချို့ ခူးထည့်ပေးလိုက်သည်။

“အဲ့ဒီကျန်းကျစ်ဖျင်က နည်းနည်းပျော်ပါးတတ်ပြီး ခြေမငြိမ်တာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ယောက်ျားလေးဆိုတော့ ဒီလိုပါပဲလေ၊ သူက ငယ်သေးတာကိုး၊ သမီးတော်နဲ့ လက်ဆက်လိုက်ပြီး ရင့်ကျက်သွားတဲ့အခါကျမှ ခြေငြိမ်သွားပါလိမ့်မယ်၊ သမီးတော်ကလည်း သည်းခံစိတ်ထားပေးရမယ်နော်၊ ဒါမှ သမီးတော်တို့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်နိုင်မှာပေါ့”

ယွဲ့မြန် ခေါင်းဆက်ငုံ့ထားဆဲဖြစ်သည်။ သို့သော် သူမရင်ထဲမှာတော့ လှောင်ပြောင် သရော်သံတွေ ပေါ်လာခဲ့သည်။

ငယ်သေးတယ်ဟုတ်လား…

ဒီနေ့ ကျန်းကျစ်ဖျင်နှင့် ပတ်သတ်သည့် သတင်းတွေကို မယ်တော်ကြီးနှင့် မယ်တော်ယိုတို့ မကြားသိကြသေးဘူးဆိုတာ ယွဲ့မြန် မယုံကြည်ပါ။ သိသိလျက်နဲ့ ဒီလိုစကားမျိုး ပြောထွက်ကြတာသာ ဖြစ်လိမ့်မည်။

ကျန်းကျစ်ဖျင်က ငယ်သေးတယ်တဲ့လား ?

ဒါဆို သူ့ထက်ပိုငယ်တဲ့ သူမကကော ဘာလဲ ?

သူ့ကို ဘာကြောင့် သည်းခံနေရမှာလဲ ?

ယွဲ့မြန် စိတ်ထဲ မေးခွန်းတစ်ခုတည်းသာရှိတော့သည်။

“ဘာကိုကြည့်ပြီး ဆုံးဖြတ်ကြတာလဲ”

ယွဲ့မြန် ခေါင်းမော့မလာသေးသဖြင့် လုံးဝ မာန်လျော့ထားသည်ဟု ထင်ကာ မယ်တော်ကြီး ပြုံးလျက် မိန့်လိုက်ပါသည်။

“ဒီရက်ပိုင်းထဲ သတင်းကောင်းလေး ဘာလေး မကြားရသေးဘူး၊ ပြဿနာတွေကတော့ များလွန်းလို့ စိတ်ရှုပ်ရတယ်၊ သမီးတော်နဲ့ ကျန်းကျစ်ဖျင်တို့ရဲ့ ထိန်းမြှားမင်္ဂလာပွဲကို အမြန်ဆုံး အကောင်အထည်ဖော်ကြစို့၊ ဒီလို ပျော်စရာရွှင်စရာ အခမ်းအနားတစ်ခုပြီးမှ မယ်တော်တို့ ခေါင်းကိုက်နေတာတွေလည်း သက်သာသွားတော့မှာ”

“အဲ့တာ အကောင်းဆုံးပဲပေါ့” မယ်တော်ယိုလည်း အမြန်ထောက်ခံလိုက်ပါသည်။

“မြန်အာလေးက အလိမ္မာဆုံးမို့လို့ ဘာမှ ကန့်ကွက်စရာအကြောင်း မရှိပါဘူး၊ အခု အရှင်မင်းကြီးကို လျှောက်တင်ဖို့ပဲ လိုအပ်တော့တယ်၊ လက်ဆက် ထိန်းမြှားမှုအတွက်အရှင်မင်းကြီးရဲ့ အမိန့်ပြန်တမ်းရတာနဲ့--”

မယ်တော်ယို ပျော်ရွှင်မြူးထူးစွာ ပြောဆိုနေစဉ် ရုတ်တ ရက်ဆိုသလို တိုးညှင်းသော်လည်း ခိုင်မာပြတ်သားသည့် အသံလေးတစ်သံ ပေါ်ထွက်လာခဲ့သည်။

“သမီးတော် ကန့်ကွက်ပါတယ်”

မယ်တော်ယို၏ အသံ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။ ယွဲ့မြန်ကို မယုံကြည်နိုင်စွာ လှည့်ကြည့်ရင်း မေးလိုက်လေသည်။

“ဘာပြောလိုက်တယ်”

ယွဲ့မြန် နှုတ်ခမ်းကိုက်လိုက်မိသည်။ သူမတစ်ကိုယ်လုံး တုန်ယင်နေပါသည်။ သို့သော်လည်း နှလုံးသားထဲမှာတော့ ရဲစွမ်းသတ္တိတွေ ရုတ်တရက် ဆူပွက်လာခဲ့ပါသည်။

ယောက်မတော်ကိုယ်တိုင် သူမကို ပြောခဲ့တာဖြစ်သည်။ သူမ ဆန္ဒမရှိလျှင် ဘယ်သူမှ တွန်းအားလာပေးလို့ မရနိုင်ပါ။ ယောက်မတော်ကို သူမ ယုံကြည်သည့်အပြင် ဘဝမှာ ကိုယ့်အတွက်ကိုယ် တစ်ခေါက်လောက်ပဲဖြစ်ဖြစ် တိုက်ခိုက်ဖူးချင်သည်။

ယွဲ့မြန် ခေါင်းမော့လိုက်ပြီး ပိုမိုကျယ်လောင်ခိုင်မာသော အသံဖြင့် လျှောက်တင်လိုက်သည်။

“ဒီသမီးတော် ကန့်ကွက်ပါတယ်လို့ ပြောတာ”

ခန်းမဆောင်ထဲ တိတ်ဆိတ်သွားခဲ့သည်။ မယ်တော်ကြီးနဲ့ မယ်တော်ယိုတို့ မျက်နှာတွေ မယုံကြည်နိုင်ဖြစ်သွားကြသည်။ မယ်တော်ကြီး ခေါင်းတွေကိုက်လာသလို ခံစားရပြီး နားထင်ကို လက်ဖြင့် ပွတ်နေပါပြီ။

မယ်တော်ယို ထပ်မေးလိုက်သည်။

“… နင်ဘာပြောလိုက်တာ!”

ယွဲ့မြန်နှုတ်မှ ဆန့်ကျင်သည့်စကားတစ်ခွန်းကို ပထမဆုံးအကြိမ် ထွက်ဆိုလိုက်ပြီဖြစ်သဖြင့် ပြောစရာရှိတာ ဆက်ပြောဖို့ မခက်ခဲတော့ပါ။

ယွဲ့မြန် တည်ငြိမ်စွာ လျှောက်တင်လိုက်သည်။

“သမီးတော်ကန့်ကွက်တယ်လို့ ပြောတာ၊ အစ်ကိုတော် ဒီမှာ ရှိနေရင်တောင် သမီးကန့်ကွက်တယ်လို့ လျှောက်တင်ဦးမှာပဲ၊ အစ်ကိုတော်က လက်ဆက်ထိန်းမြှားရမယ်လို့ ဖိအားပေး အမိန့်တော် ချမှတ်ရင်တောင် ကျန်းကျစ်ဖျင်ကို လက်ဆက်မယ့်အစား သမီးတော်ဒီမှာပဲ ကြမ်းပြင်နဲ့ခေါင်းနဲ့ ဆောင့်ပြီး သေလိုက်တော့မယ်”

မယ်တော်ကြီး အလွန်ဒေါသထွက်သွားသည်။

“ယွဲ့မြန်! နင့်ကို ဘယ်လို နာနာဘာဝက ပူးကပ်နေတာလဲ! ကျန်းကျစ်ဖျင်မှာ ဘာတွေများအပြစ်ဆိုစရာရှိနေလို့ ဒီလို အထင်သေးစကား ပြောရတာလဲ”

မယ်တော်ယိုလည်း မျက်လုံးများ အရောင်ပြောင်းသွားပြီး မေးလိုက်သည်။

“နင်ဒီနေ့ နန်းတော်ထဲကနေ ခိုးထွက်ခဲ့တာမလား ? နင့်ကို အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ခေါ်သွားတာလို့ ကြားမိတယ်”

မယ်တော်ကြီးမျက်နှာ ချက်ချင်း အေးစက်သွားခဲ့သည်။ သူတို့သုံးယောက် နန်းတော်မှ ထွက်သွားပြီး သိပ်မကြာလိုက်ဘဲ မယ်တော်ကြီးတို့ သိသွားခဲ့တာဖြစ်သည်။ သို့ သော် ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ ယွဲ့မြန်ကို ဘယ်ခေါ်သွားကြသလဲဆိုတာ သူမတို့ မသိသဖြင့် လိုက်မရှာနိုင်ခဲ့ကြပေ။

ကျန်းကျစ်ဖျင်၏ အပျော်မယားကိစ္စ ပေါက်ကြားသွားပြီဖြစ်မှန်း ကြားသိရသောအခါ ဒီကိစ္စက အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့နဲ့ ကျိန်းသေပေါက် သက်ဆိုင်နေလိမ့်မည်ဟု မယ်တော်ကြီး ယုံကြည်သွားပါသည်။ နန်းတော်သို့ ပြန်ရောက်လာသောအခါ ယွဲ့မြန်ကို ချက်ချင်း ဆင့်ခေါ်လိုက်ရခြင်းကလည်း ဒီနယ်ရုပ်ကို သူမတို့ ထိန်းချုပ်နိုင်သေးရဲ့လားဆိုတာ စစ်ဆေးဖို့ဖြစ်သည်။

ရောက်လာခါစကတော့ ယွဲ့မြန် နူးညံ့ပျော့ပြောင်းပြီး ကျိုးနွံနေခဲ့သည်။ ထို့ကြောင့် မယ်တော်ကြီးတို့ အနည်း ငယ် စိတ်အေးသွားခဲ့ရသည်။ သို့သော်လည်း ယခုမူ…

“နင့်အစ်ကိုတော်နဲ့ ယောင်းမတော်တို့ နင့်ကို ခေါ်သွားပြီး ဘာလုပ်ခဲ့ကြတာလဲ!”

မယ်တော်ကြီး အသံမှာ ရုတ်တရက်ခက်ထန်လာခဲ့သည်။

All Chapters