← Chapters

ဉာဏ်အလင်းပွင့်သစ်ပင်၏ အရွက်များ

Vol. 40 Ch. 458

ဉာဏ်အလင်းပွင့်သစ်ပင်၏ အရွက်များ

Vol. 40 Ch. 458

"ကောင်းပြီလေ"

မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ငါ သဘောတူလိုက်ပြီ... ဒီနေ့ ဒီမှာရှိနေတဲ့ လူတွေအားလုံး သက်သေအနေနဲ့ ရှိနေကြလိမ့်မယ်"

"သဘောတူတယ်...."

တတိယမင်းသားက သဘောတူလိုက်၏။

"ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုမျိုး အလောင်းအစားလုပ်ကြမလဲ"

မင်းသားယွမ်ချင်းက ပြောဆိုသည်။

"ငါတို့အားလုံးက ကျင့်ကြံသူတွေ ဖြစ်နေပြီးတော့ ဒီနေရာကို ရောက်လာတဲ့ စီနီယာတွေကလည်း အစွမ်းထက်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတော့... ဒါကြောင့် တိုက်ခိုက်တာက အထိရောက်ဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနည်းပဲ... ငါက ငါ့ရဲ့တော်ဝင်ညီတော်နဲ့ မယှဉ်ပြိုင်ရတာ တော်တော်ကြာနေတာကြောင့် ငါ့ရဲ့လက်တွေက တိုက်ခိုက်ဖို့ ယားယံနေပြီ..."

ထိုသို့ပြောဆိုပြီးနောက် မင်းသားယွမ်ချင်းသည် တစ်ဖက်လူ မတုံ့ပြန်နိုင်မီမှာပင် ရှေ့သို့တက်လှမ်းလာရာ မုန်တိုင်းထန်သကဲ့သို့ ပြင်းထန်သော စွမ်းအားလှိုင်းများက သူ့ထံမှ ထွက်ပေါ်လာသည်။

"ယှဉ်ပြိုင်တာလား...."

တတိယမင်းသားသည် အံ့အားသင့်သွားသော်လည်း သူ မတုံ့ပြန်နိုင်မီ သူ့တော်ဝင်အစ်ကိုတော်၏လက်ဝါးတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အောက်သို့ဆင်းသက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ယွမ်ချင်းသည် ရွှေခန္ဓာကိုယ် ဗောဓိသတ္တတစ်ပါးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

"ကောင်းပြီလေ... ငါ့ရဲ့အစ်ကိုတော် ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဤအချိန်တွင် ဆုတ်ခွာလိုက်ပါက သူ၏ဘက်တော်သား အမတ်ကြီးများမှ သစ္စာဖောက်ခြင်းဆီသို့ ဦးတည်သွားနိုင်သည်ကို သဘောပေါက်ထားသဖြင့် တတိယမင်းသားက ရှေ့သို့ တက်လိုက်ပြီး အစွမ်းထက်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။

တော်ဝင်မင်းသားနှစ်ပါးသည် ချက်ချင်းဆိုသလိုပင် တိုက်ပွဲကို စတင်လိုက်ကြ၏။

"ဒါက..."

လူများအားလုံးသည် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးအကြောင်း စုံစမ်းရန် ရောက်လာကြပြီးသော်လည်း သူတို့နှစ်ယောက် တိုက်ခိုက်နေကြသည်ကို မြင်တွေ့ လိုက်ရသည်။ သူတို့သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသိကြတော့သဖြင့် တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

"ဘယ်သူနိုင်မယ် ထင်လဲ"

လူအုပ်အကြားမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တီးတိုးမေးမြန်းလိုက်၏။

"မင်းသားယွမ်ချင်းရဲ့ စွမ်းအားက သန့်စင်ပြီး ကြံ့ခိုင်သန်မာတယ်... တတိယမင်းသားရဲ့ နည်းစနစ်တွေကတော့ သေသပ်ပြီး အာဏာကံကြမ္မာနည်းစနစ်တွေကို ကျွမ်းကျင်တယ်... ကျင့်ကြံဆင့်အရပြောမယ်ဆိုရင် မင်းသားယွမ်ပင်းက နည်းနည်းသာလွန်နိုင်တယ်..."

သူ၏နံဘေးမှ အမျိုးသမီးတစ်ယောက်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ သို့ရာတွင် သူမ၏စကားမဆုံးမီမှာပင် မင်းသားယွမ်ချင်းသည် ရုတ်တရက် ရှေ့သို့တိုးလာပြီး သူ၏စွမ်းအားများ သိသိသာသာ မြင့်တက်လာသည်။

အကယ်၍ အစောပိုင်းက သူ၏လက်ဝါးစွမ်းအားသည် မြင်းကောင်ရေ ၃ ခွန်အားသာ ရှိလျှင် ယခုအချိန်၌ သံသယဖြစ်စရာမလိုဘဲ မြင်းကောင်ရေ ၅ ခွန်အားသို့ ရောက်ရှိသွားလေပြီ။

သူ၏ခွန်အားသည် နှစ်ဆနီးပါးတိုးလာပြီး မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်လာကာ လက်ရည်တူယှဉ်ပြိုင်နေသော တတိယမင်းသားကို ခြေတစ်လှမ်းချင်း နောက်ဆုတ်သွားစေသည်။

"ဒါက မဟုတ်သေးဘူး... သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်ထိ သန်မာအားကောင်းလာတာလဲ"

အကြီးအကဲကူယိုက မျက်မှောင်ကြုတ်လိုက်သည်။

တတိယမင်းသားသည် အိမ်ရှေ့စံမင်းသားနှင့် ယှဉ်ပြိုင်နိုင်သည်ဟု ယူဆပါက သူတို့၏ ကျင့်ကြံမှုနှင့်စွမ်းအားသည် အကြမ်းဖျင်း တူညီသင့်ပြီး တိုက်ပွဲအစပိုင်းတွင် သက်သေပြခဲ့သည့်အတိုင်းပင်။ သို့ရာတွင် အိမ်ရှေ့စံမင်းသား၏စွမ်းအားများ ရုတ်တရက် မြင့်တက်လာခြင်းက မည်သူ့အတွက်မဆို မယုံနိုင်စရာ ဖြစ်နေသည်။

"ဒါက စွမ်းအားပဲ တိုးလာတာပါ... ကျင့်ကြံဆင့်နယ်ပယ် မဟုတ်ဘူး..."

ချင်စုရှင်းက သူမ၏လက်များကို နောက်ပစ်ထားရင်း တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။

"အင်း"

အကြီးအကဲကူယိုက ခေါင်းညိတ်လိုက်၏။

အိမ်ရှေ့စံမင်းသား၏စွမ်းအားများ ရုတ်တရက် မြင့်တက်လာခြင်းသည် ကျင့်ကြံဆင့်နယ်ပယ်နှင့် မသက်ဆိုင်ကြောင်း သူသည်လည်း နားလည်သဘောပေါက်သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။

"ဒါက သူ့ရဲ့ နှလုံးသားပဲ... သူ့ရဲ့နှလုံးသားကနေ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ စွမ်းအားကြောင့် သူက အရင်ကထက် အများကြီးပိုပြီးသန်မာလာတာပဲ"

ချင်စုရှင်းက ဆက်လက်၍ ပြောဆိုသည်။

"ရှင် ဒါကိုသုံးပြီး ကြည့်နိုင်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူမသည် အကြီးအကဲကူယိုထံသို့ သစ်ရွက်တစ်ရွက် လက်ကမ်းပေးလိုက်၏။

အကြီးအကဲကူယိုက ထိုအရာကို ယူလိုက်ပြီး သူ၏နဖူးပေါ်တွင် တင်လိုက်သည်။

တစ်စုံတစ်ယောက်သည် ဉာဏ်အလင်းပွင့်သစ်ပင်မှ သစ်ရွက်ကို နဖူးပေါ်တွင် တင်လိုက်ချိန်၌ ဉာဏ်ပညာမျက်လုံးကို ယာယီရရှိစေနိုင်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အရာများကို မြင်တွေ့နိုင်စေသည်။

ထိုသစ်ရွက်ကို နဖူးပေါ်တင်လိုက်သည်နှင့် အကြီးအကဲကူယိုသည် မင်းသားယွမ်ချင်း၏ ရင်ဘတ်ရှိ နှလုံးသားခုန်လှုပ်မှုကို မြင်တွေ့လိုက်ရသည်။

ထိုနှလုံးသား တစ်ချက်ခုန်တိုင်း အတိုင်းအဆမဲ့သော စွမ်းအားများကို ထုတ်လွှတ်နေပြီး သူ၏ ခန္ဓာကိုယ်အား ပြည့်နှက်စေကာ သူ၏အရှိန်အဝါကို အားဖြည့်ပေးနေသည်။

ဒုတ်...ဒုတ်... ဒုတ်...

ထိုနှလုံးသား ပို၍ခုန်လှုပ်လေလေ သူ၏စွမ်းအားများ ပို၍သန်မာအားကောင်းလာလေလေပင်။ အကယ်၍ သူ၏စွမ်းအားသည် ယခင်က မြင်းကောင်ရေ ၅ခွန်အား ဖြစ်လျှင် ယခုချိန်၌ ၅.၅ သို့ ရောက်ရှိနေပြီဖြစ်ပြီး အကန့်အသတ်ကို ချိုးဖောက်လုနီးပါး ဖြစ်နေပုံရသည်။

"ဒါက... ထာဝရနှလုံးသားလား"

အကြီးအကဲကူယို၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ထိုကဲ့သို့ လျင်မြန်သော စွမ်းအား တိုးတက်မှုသည် အရာတစ်ခုတည်းကိုသာ ဆိုလိုသည်...

ဤသည်မှာ ထာဝရနှလုံးသားပင်။

"သူက ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ထုတ်မပြတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... သူက အဲ့ဒါကို သောက်သုံးလိုက်ပြီးတော့ သူ့နှလုံးသားနဲ့ ပေါင်းစပ်လိုက်တာကိုး"

ထိုကိစ္စကို သူ နားလည်သဘောပေါက်သွားချိန်၌ ယခင်က ရှုပ်ထွေးမှုများအားလုံး ရုတ်တရက် အဓိပ္ပာယ် ရှိလာသည်။

"ဒီတိုက်ပွဲက တတိယမင်းသားကို သက်သေတွေအများကြီးရှေ့မှာ အရှက်ရစေရုံတင်မကဘူး ဆေးကြောလို့ မရတဲ့ အမည်းစက်တစ်ခု ချန်ထားရစ်ခဲ့တယ်... ဒါ့ပြင် သူက ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို သူ သောက်သုံးလိုက်ပြီဆိုတာကို သက်သေပြပြီးတော့ တခြားလူတွေကို သူတို့ရဲ့ အကြံအစည်တွေကို လက်လျှော့ဖို့ သတိပေးလိုက်တာပဲ....မဟုတ်ရင်... သူကို သတ်နိုင်မှပဲ တခြားအခွင့်အရေး ရှိတော့မယ်... အရေးအကြီးဆုံးက ကျန်းရွှမ်ကို လိုက်လံရှာဖွေနေတာက ထာဝရနှလုံးသားနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို သူ သက်သေပြလိုက်တာပဲ..."

အကြီးအကဲကူယိုသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"ဒါက ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်ကို ပစ်ခတ်လိုက်တဲ့ လုပ်ရပ်ပဲ... ဒါက သူ ရှင်းပြဖို့မလိုဘဲနဲ့ သံသယတွေအားလုံးကို ပျောက်ကွယ်သွားစေတယ်... ပြီးတော့ သူ့ရဲ့ပြိုင်ဘက်ကို လုံးဝချေမှုန်းလိုက်တယ်... အိမ်ရှေ့စံမင်းသားဖြစ်ဖို့ သူက တကယ့်ကို ထိုက်တန်တယ်"

အစောပိုင်းက မင်းသားယွမ်ချင်းသည် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံး၏ အရေးကိစ္စကို မည်သို့ရှင်းပြမည်အား သူ စဥ်းစားတွေးတောခဲ့သည်။ သို့ရာတွင် ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ သူ၏ ရှေ့မှ လူငယ်သည် ငယ်ရွယ်သော်လည်း ထူးကဲသာလွန်စွာ အကွက်ချစီမံတတ်ကြောင်း သူ နားလည်လိုက်သည်။

ဤနေရာတွင်ရှိနေသော အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်၌ရှိသည့် ကျင့်ကြံသူတိုင်းသည် မင်းသားယွမ်ချင်း၏နှလုံးသားမှ ပြောင်းလဲမှုများကို ချက်ချင်း သတိထားမိပေမည်။ ရှင်းရှင်းလင်းလင်း မမြင်နိုင်သူတချို့ ရှိနေလျှင်ပင် တခြားလူများက သူတို့ကို ရှင်းပြကြပေလိမ့်မည်။

ထို့ကြောင့် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို တစ်ချက်ကြည့်ချင်သော လူများအားလုံး၏ဆန္ဒများ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။

"ဒါက ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်လေးကောင်ကို ပစ်ခတ်လိုက်တာပဲ.. ဖိအားက အခု ငါတို့ ဆေးပညာဂိုဏ်းအပေါ် ရောက်နေပြီ"

ချင်စုရှင်းက ခေါင်းခါယမ်းလိုက်၏။

အကြီးအကဲကျန်းလီကို ခေါ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်ခြင်းသည် သူမ၏ အမြော်အမြင်နည်းပါးမှုပင်။ ယခုအချိန်၌ လူများအားလုံးသည် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးအစား ပြီးပြည့်စုံလုနီးပါး ဖြစ်နေသော ထာဝရနှလုံးသားကို မြင်တွေ့လိုက်ကြရသည်။ ထိုကြောင့် သူတို့သည် ပို၍စိတ်လှုပ်ရှားလာကြသဖြင့် ဆေးပညာဂိုဏ်းသည် ငြိမ်သက်မည်မဟုတ်သည်မှာ သေချာပေါက်ပင်။

အလုံးစုံသိဂိုဏ်းက ဖြန့်ဝေသော သတင်းသည် မင်းသားယွမ်ချင်းကို ဒုက္ခကြီးကြီးမားမား ရောက်စေလိမ့်မည်ဟု သူမ တွေးထင်ခဲ့သော်လည်း ထိုအစား သူမတို့၏ ဆေးပညာဂိုဏ်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။

ယနေ့ကစပြီး သူမနှင့်အကြီးအကဲကျန်းလီကို ရှာဖွေရန် ဆေးပညာဂိုဏ်းသို့ လာရောက်မည်လူများ တိုးလာမည်ကို သူမ ကြိုတင်၍မြင်ယောင်မိပေ၏။

ဘုန်း....

သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်အတွင်းမှာပင် ယွမ်ချင်းနှင့်ယွမ်ပင်းတို့၏ တိုက်ပွဲသည် ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။

ယွမ်ချင်း၏စွမ်းအားများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ ယွမ်ပင်းသည် မကြာမီမှာပင် ခံစစ်အနေအထားသို့ ရောက်ရှိသွားသည်။ လက်သီးချက်ပေါင်းများစွာကို အဆက်မပြတ် ထိုးနှက်ပြီးနောက် သူ၏မျက်နှာ နီမြန်းလာပြီး သွေးများ အန်ထွက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ၏မျက်လုံးများတွင် မကျေနပ်မှုများ ထင်ဟပ်နေသော်လည်း သူ လုံးလုံးလျားလျား ရှုံးနိမ့်သွားကြောင်း သူ သိရှိထားသည်။

အကယ်၍ ဤသည်မှာ မိသားစုအတွင်းရှိ တိုက်ပွဲတစ်ပွဲဖြစ်လျှင် သူ အရှက်ရခဲ့သည့်တိုင် ထိုသတင်းသည် ပြင်ပသို့ ပျံ့နှံ့သွားမည် မဟုတ်ချေ။ သို့ရာတွင် ယခုအချိန်၌ ကုန်းမြေတခွင်လုံးရှိ ထိပ်သီးအင်အားစုများမှ လူအယောက်သုံးဆယ်နီးပါးသည် သူ၏ရှုံးနိမ့်မှုကို မြင်တွေ့လိုက်ရပေ၏။ ထိုကြောင့် သူ အိမ်ရှေ့စံမင်းသား ဖြစ်လာလျှင်ပင် လူအများ၏အထင်သေးခြင်းကို ခံရပေလိမ့်မည်။

ဤပြိုင်ပွဲသည် သူ နန်းမွေဆက်ခံနိုင်မည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ပြီဟု ဆိုနိုင်သည်။

"ဒီရတနာကို ပေးအပ်တဲ့အတွက် တော်ဝင်ညီတော်ကို ကျေးဇူးတင်ပါတယ်..."

မင်းသားယွမ်ချင်းက ရှေ့သို့ချဉ်းကပ်လာပြီး ယွမ်ပင်း၏ဦးထုပ်မှ ပုလဲကို ညင်သာစွာ ဆွဲယူကာ သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။

"ငါ ဒါကို တော်တော်လေး သဘောကျတယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် သူ နောက်သို့လှည့်ထွက်သွားသည်။

"ဖူး..."

တတိယမင်းသားသည် တောင့်မခံနိုင်တော့ဘဲ သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရကာ ရုန်းကန်၍ မတ်တတ်ထရပ်လိုက်သည်။

"တော်ဝင်အစ်ကိုတော်ရဲ့ သက်ညှာပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."

ထို့နောက် သူသည် တခြားသူများကို မကြည့်ဘဲ နောက်သို့လှည့်ထွက်ပြီး ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်း ခန်းမထဲမှ ပျောက်ကွယ်သွားသည်။

"အားလုံးပဲ..."

ယွမ်ပင်း ထွက်ခွာသွားသည်ကို မြင်တွေ့ပြီးနောက် သူ၏ရည်မှန်းချက် အောင်မြင်သွားကြောင်း သိလိုက်ရသဖြင့် မင်းသားယွမ်ချင်းသည် ထပ်မံ၍ စကားပြောဆိုရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် မလှမ်းမကမ်းမှနေ၍ ဆေးပညာဂိုဏ်းချုပ် ချင်စုရှင်း၏အသံ ထွက်ပေါ်လာသည်။

"အကြီးအကဲကျန်းလီ... ဆေးပညာဂိုဏ်းမှာ လောလောဆယ် အရေးကြီးတဲ့ကိစ္စဆိုလို့ ဘာမှမရှိဘူး..ရှင်က အိမ်ရှေ့စံမင်းသားနဲ့အတူ နေပြီး ကောင်းကောင်း အနားယူပါ... ရှင်ရဲ့စွမ်းအားတွေကို အမြန်ဆုံးပြန်ရအောင် ကြိုးစားပါ... ငါ အရင် ပြန်နှင့်တော့မယ်..."

"ဂိုဏ်းချုပ်ချင်..."

မင်းသားယွမ်ချင်းသည် သူမ၏စကားများကြောင့် အံ့အားသင့်သွားပြီး အလျင်အမြန် အော်ခေါ်လိုက်သော်လည်း သူ၏စကားမဆုံးမီမှာပင် သူမသည် ခန်းမထဲမှ ပျောက်ကွယ်သွားလေပြီ။

"အိမ်ရှေ့စံမင်းသား... အလုံးစုံသိမြင်ဂိုဏ်းမှာ ကျွန်တော် ဖြေရှင်းရမယ့် အရေးကြီး ကိစ္စတစ်ခု ပေါ်လာလို့ပါ...ခွင့်ပြုပါအုံး"

အကြီးအကဲကူယိုက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို သောက်သုံးပြီးကြောင်း သက်သေပြပြီးဖြစ်သဖြင့် သူ ဤနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့ချေ။

ထိုအချိန်မှာပင် ဖျော့တော့တော့ အသံတစ်သံက သူ၏နားထဲသို့ ဝင်ရောက်လာသည်။

အကြီးအကဲကူယို... ခဏနေပါအုံး.... ဒီမင်းသားမှာ အလုံးစုံသိမြင်ဂိုဏ်းရဲ့ အကူအညီကို လိုအပ်တဲ့ ကိစ္စတစ်ခု ရှိနေတယ်..."

All Chapters