ကောင်းကင်ဥပဒေသမြို့တော်
Vol. 40 Ch. 459
သူ၏နာမည်ကို တိုက်ရိုက်ခေါ်လိုက်သံအား ကြားလိုက်သဖြင့် အကြီးအကဲကူယိုက ရပ်တန့်လိုက်သည်။
"အကြီးအကဲကူ... မင်းတို့ အလုံးစုံသိမြင်ဂိုဏ်းရဲ့သတင်းလမ်းကြောင်းတွေကို သုံးပြီးတော့ ငါ့အတွက် သတင်းနှစ်ခု ဖြန့်ပေးပါ..."
မင်းသားယွမ်ချင်းသည် သူ၏လက်များကို နောက်ပစ်ထားပြီး သူ၏မျက်နှာအမူအယာသည် အရေးမစိုက်သည့်ပုံစံ ဖြစ်နေသည်။
"အိမ်ရှေ့စံမင်းသား... ပြောပါ"
အကြီးအကဲကူယိုက တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်၏။
မင်းသားယွမ်ချင်းက ပြောဆိုသည်။
"ပထမသတင်းကတော့ ဒီနေရာမှာ ရှိနေခဲ့တဲ့ လူတွေအပါအဝင် ကျန်းရွှမ်ကို အရှင်လတ်လတ် ဖမ်းဆီးပြီးတော့ ငါ့ဆီ ပို့ပေးနိုင်တဲ့ ဘယ်သူမဆို... မြို့စားဘွဲ့ ဒါမှမဟုတ် ကပ်ဘေးမျှဝေခြင်းဆေးလုံး မလိုချင်ရင်တောင်မှ ငါက ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးရဲ့ ဆေးညွှန်းကို ပေးနိုင်တယ်ဆိုတာ ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို သိစေချင်တယ်"
"ဘာ..."
"တကယ်ကြီး ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးရဲ့ ဆေးညွှန်းလား"
"ဒါ... ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်"
လူအုပ်ကြီးထံမှ အံ့အားတသင့်ရေရွတ်သံများ ပွင့်အံ့ထွက်လာသည်။ မူလက ထွက်ခွာရန် စီစဉ်ထားသူများအားလုံး အသက်ရှူမှားသွားကြ၏။
သူတို့သည် ဆေးလုံးဖော်စပ်သည့် နည်းလမ်းကို ကောက်ချက်ချရန် မျှော်လင့်ချက်ဖြင့် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို တစ်ချက်ကြည့်ရန်အတွက် မင်းသားယွမ်ချင်းကို အတင်းအကြပ် တောင်းဆိုရန် အပြေးအလွှား ရောက်လာကြခြင်းပင်။ သို့ရာတွင် မင်းသားယွမ်ချင်းသည် ကျန်းရွှမ်ကို ဖမ်းဆီးပေးရုံဖြင့် ဆေးညွှန်းကို တိုက်ရိုက်ကမ်းလှမ်းလိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
ဤသည်မှာ အလွန်အမင်း အတင့်ရဲသော လုပ်ရပ်ပင်။
လူများအားလုံး ထိုသတင်းကို ရရှိပြီးသည်နှင့် မင်းသားယွမ်ချင်းက ဆက်လက်၍ ပြောဆိုသည်။
"ဒုတိယအချက်ကတော့...ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံသူက တော်ဝင်အာဏာနဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို ဖောက်ဖျက်ခဲ့တယ်...နောက်ဆယ်ရက်အကြာမှာ သူ့ကို လူမြင်ကွင်းမှာ ကွပ်မျက်မယ်....နေရာကတော့ ကောင်းကင်ဥပဒေသမြို့တော်ပဲ"
"ကောင်းကင်ဥပဒေသမြို့တော်လား...ဒါက ထျန်းလီအင်ပါယာမှာ ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကို ကွပ်မျက်တဲ့ နေရာမဟုတ်လား"
"အဲ့ဒီ ကွပ်မျက်ခံရတဲ့ ရာဇဝတ်သားတွေက အရမ်းအစွမ်းထက်တယ်...တကယ်လို့ တစ်ယောက်ယောက်က ပေါ့ဆမှုတစ်ခုခုကို လုပ်မိရင် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတစ်ခုကို ဖြစ်စေနိုင်တယ်...ဒီလို ဖြစ်ရပ်တွေကို တားဆီးဖို့အတွက် ထျန်းလီအင်ပါယာက ကောင်းကင်ဥပဒေသမြို့တော်ကို အထူး တည်ထောင်ခဲ့တာပဲ....အဲ့ဒီနေရာကို ဝင်ရောက်လာသူတိုင်းက သူတို့ရဲ့ ကျင့်ကြံဆင့်စွမ်းအား ဘယ်လောက်ပဲ ရှိရှိ တော်ဝင်အာဏာကို လက်အောက်ခံပြီးတော့ ကျင့်ဝတ်ထုံးတမ်းတွေကို ရိုသေလေးစားရမယ်"
"အမှန်ပဲ... အဲ့ဒီနေရာမှာ တော်ဝင်အာဏာက အမြင့်ဆုံး လွှမ်းမိုးချုပ်ကိုင်ထားပြီးတော့ ဘယ်သူမှ မဆန့်ကျင်နိုင်ဘူး...ဒါ့ပြင် ကောင်းကင်ဥပဒေသမြို့တော်အတွင်းမှာ အိမ်ရှေ့စံမင်းသားရဲ့ စွမ်းအားက အဆုံးမရှိ ကျယ်ပြန့်လာနိုင်ပြီးတော့ အသက်ပင်လယ်နယ်ပယ် အထွတ်အထိပ်ကို ကျော်လွန်ပြီး ကောင်းကင်ကံကြမ္မာနယ်ပယ်ကိုတောင် ရောက်ရှိနိုင်တယ်"
"ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူက ကျီးလန်တောင်ကြားကို သန့်စင်ခဲ့တဲ့အကြောင်းကို ငါ ကြားလိုက်ရတာတောင် မကြာသေးဘူး... အခု သူ ဖမ်းဆီးခံလိုက်ရပြီလား"
မင်းသားယွမ်ချင်း၏ ဒုတိယသတင်းသည် စိတ်ဝင်စားမှုတချို့ ဖြစ်ပေါ်စေသော်လည်း ပထမသတင်းကဲ့သို့ လူအများကို ထိတ်လန့်တုန်လှုပ်သွားစေခြင်း မရှိချေ။
"ကောင်းပြီလေ... ငါက အမြန်ဆုံး ပြန်သွားပြီးတော့ သတင်းဖြန့်လိုက်ပါ့မယ်"
အကြီးအကဲကူယိုက သူလက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုပြီးနောက် ထွက်ခွာသွားတော့သည်။
ထိုအချိန်မှာပင် အကြီးအကဲကျန်းလီ ရုတ်တရက် ရှေ့သို့တက်လာပြီး ထုတ်ပြန်ကြေညာလိုက်သည်။
"ငါ့ရဲ့အခြေအနေကတော့ မင်းတို့အားလုံး မြင်တဲ့အတိုင်းပဲ....ငါ ပြန်ကောင်းလာဖို့အတွက် အချိန်ယူဖို့ လိုအပ်တယ်....ဘယ်သူမဆို ငါ့ကို ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ဖန်တီးစေချင်ရင် ဆေးညွှန်းနဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားသင့်တယ်... မဟုတ်ရင် ငါက ဘယ်သူနဲ့မှ တွေ့မှာ မဟုတ်ဘူး...ဒါက မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားပြီးတော့ မိတ်မပျက်စေဖို့ပဲ"
"ဒါက..."
"နားလည်ပါပြီ"
"အကြီးအကဲကျန်း... ဂရုစိုက်ပါ..."
လူအများသည် သူ့အား တညီတညွတ်တည်း နှစ်သိမ့်ပေးလိုက်ကြသည်။
ဆေးညွှန်းကို မည်သူ ရရှိသည်ဖြစ်စေ နောက်ဆုံးတွင် ဆေးသန့်စင်ရန်အတွက် သူ့ကိုသာ အားကိုးရပေမည်။ အကယ်၍ အကြီးအကဲကျန်း သေဆုံးသွားပါက သူတို့၏ကြိုးပမ်းမှုများအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"သွားခွင့်ပြုပါအုံး"
လူအများသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ခွာသွားကြပြီး အသက်ဆယ်ရှိုက်စာအချိန်အတွင်းမှာပင် ခန်းမကြီးအတွင်း၌ အိမ်ရှေ့စံမင်းသားနှင့် အမတ်ကြီးများမှလွဲ၍ တခြားလူများ မရှိတော့ချေ။
"ချန်ကျယ်ချင်း... မျောလွင့်သက်တမ်းနှစ် ၃၁၇မှာ တော်ဝင်လက်ဆောင်ပဏ္ဍာဖြစ်တဲ့ တိမ်တိုက်တောင်ထွတ်မြူခိုးလက်ဖက်ရည် နှစ်လျန်ကို အလွဲသုံးစားလုပ်ခဲ့တယ်...ဒါက တော်ဝင်အာဏာကို မလေးမစားလုပ်တာပဲ...ဒါကြောင့် မျောလွင့်သက်တမ်းနှစ် ၃၂၂ ဒီနေ့ကစပြီး ရာထူးကနေ ဖယ်ရှားပြီး အကျဥ်းချလိုက်ပြီ"
"ဟန်ယွီထုံ... မျောလွင့်သက်တမ်းနှစ် ၂၂၆မှာ ဆိပ်ကမ်းလမ်းကြောင်းက အမှားအယွင်းတစ်ခုဖြစ်ခဲ့တဲ့အချိန်မှာ ကျောက်စိမ်းဝိညာဉ် အနှစ်သာရ တင်ပို့မှုတွေကို နှောင့်နှေးစေပြီးတော့ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်..."
မင်းသားယွမ်ချင်းသည် အစောပိုင်းက အခွင့်ကောင်းယူပြီး ပြဿနာရှာခဲ့သော အမတ်ကြီးများဘက်သို့ လှည့်လိုက်သည်။ သူသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အသေးစိတ် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးသူတို့၏ရှေ့သို့ ကျရောက်သွားပေ၏။
သူသည် လူအများရှေ့တွင် တတိယမင်းသားကို အနိုင်ယူပြီးနောက် ထိုအရှိန်အဟုန်ကို အခွင့်ကောင်းယူပြီး သူ၏ ပြိုင်ဘက် အဖွဲ့အစည်းမှ မဟာမိတ်များကို ဖယ်ရှားလိုက်သည်။
"အိမ်ရှေ့စံမင်းသား... ကျွန်တော် မှားသွားပါတယ်..."
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အိမ်ရှေ့စံမင်းသား...ကျွန်တော့်မှာ အသက် ၃၈၀ အရွယ် အမေအိုနဲ့ တစ်နှစ်သား ညီငယ်လေးတစ်ယောက် ရှိပါတယ်..."
ထိုအမတ်ကြီးများ၏မျက်နှာများ ဖြူဖျော့သွားပြီး ကြောက်ရွံ့မှုကြောင့် သူတို့သည် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
အကျဥ်းချခြင်းသည် အမည်ခံအားဖြင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ရပ်တစ်ခု ဖြစ်သော်လည်း မင်းသားယွမ်ချင်း၏ အာဏာအောက်တွင် အကျဥ်းထောင်သို့ ပို့ဆောင်ခံရခြင်းသည် သေဒဏ်ကျခံရသည်နှင့် ထပ်တူထပ်မျှပင်။
"ညီလာခံကို ရုတ်သိမ်းမယ်"
သူတို့၏ အသနားခံချက်များကို လျစ်လျူရှုကာ မင်းသားယွမ်ချင်းသည် သူ၏လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ အချိန်တခဏအကြာတွင် သူသည် လူအများ၏အမြင်အာရုံအောက်မှ ပျောက်ကွယ်သွားပေ၏။
"ဖူး...."
သို့ရာတွင် လူများအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားအောင် ခြိမ်းခြောက်ခဲ့သော ပြိုင်ဘက်ကင်းအိမ်ရှေ့စံမင်းသားသည် အရှေ့နန်းတော်သို့ ပြန်ရောက်သည်နှင့် လဲကျသွားပြီး သွေးတစ်လုတ်အန်ကာ ခုတင်ပေါ်တွင် သတိလစ်မေ့မြောသွားသည်။
...
ရေကန်ဘေးတွင်...
"အရေးမပါတဲ့ ဆေးညွှန်းတစ်ခုတည်းနဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းလိုက်တာပဲ.... ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူကို ဆယ်ရက်အတွင်း ကွပ်မျက်မယ်ဆိုတဲ့ ကြေညာချက် တစ်ခုတည်းနဲ့ ကျန်းရွှမ်ကို မျှားခေါ်ဖို့ လုံလောက်တယ်... မင်း ဒီကောင်လေးကို အိမ်ရှေ့စံမင်းသားအနေနဲ့ ခန့်အပ်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီကိစ္စကို စဥ်းစားဖို့ ဥာဏ်မမီဘူး"
ညီလေးဝူက ဖရဲစေ့များကိုခွာ၍ စားနေရင်း စကားပြောဆိုလိုက်သည်။
"ဒီကိစ္စကို သူ ကောင်းကောင်းကိုင်တွယ်ခဲ့တယ်.... ဒါပေမယ့် ဒါက မင်းရဲ့သွေးစက်တွေကြောင့်လည်း ပါတယ်...မင်းရဲ့သွေးစက်တွေသာ မရှိရင် သူက ထာဝရနှလုံးသားရဲ့အရှိန်အဝါမျိုးကို ဘယ်လိုလုပ်ပြီး ထုတ်လွှတ်နိုင်မှာလဲ... အဲ့ဒါသာမပါခဲ့ရင် သူ့ရဲ့အစီအစဉ်တွေအားလုံးက အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး"
ဧကရာဇ်ဖုရှန်းသည် စိတ်ကျေနပ်နေပုံရပြီး ခေါင်းညိတ်လိုက်၏။
မင်းသားယွမ်ချင်းသည် ထာဝရနှလုံးသားကိစ္စကို ယခင်က ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသော်လည်း ဤတစ်ကြိမ်မူ သူ၏လုပ်ရပ်များမှာ လက်သင့်ခံနိုင်ဖွယ်ရှိသည်။
ထိပ်သီးအင်အားစုများမှ လူအမြောက်အများသည် မင်းသားယွမ်ချင်းကို ဖိအားပေးရန် ရောက်ရှိလာခဲ့ကြသည်။ သို့ရာတွင် သူသည် တော်ဝင်မိသားစုကို အရှက်ရစေမည့်အစား ပုန်းကွယ်နေသော အန္တရာယ်များကို ဖယ်ရှားပေးပြီး သူ၏ဂုဏ်သတင်းကို တည်ဆောက်ခဲ့သည်။
"ကိစ္စမရှိပါဘူး... သူက ငါ့အတွက် ဒီမိုးမြေကျားခုံနဲ့ သက်ရှိကျားစေ့တွေကို ပြင်ဆင်ပေးခဲ့တယ်... သွေးစက်သုံးစက် မပြောနဲ့... နောက်ထပ်နှစ်စက်လောက် ထပ်တောင်းရင်တောင် ငါက ဘယ်လိုလုပ်ပြီး ငြင်းနိုင်မှာလဲ"
ညီလေးဝူက သက်ပြင်းချလိုက်ပြီးနောက် ထပ်မံ၍ ပြောဆိုသည်။
"ဒါပေမယ့် မင်း သိထားရမှာက ငါ့ရဲ့သွေးစက်တိုင်းမှာ တောင်တစ်လုံးလို ကြီးမားလေးလံတဲ့ အလေးချိန် ရှိတယ်...သူက ထာဝရနှလုံးသားရဲ့အရှိန်အဝါကို တုပနိုင်ခဲ့ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်... မင်း ရဲ့သားကို ဂရုစိုက်တယ်ဆိုရင် သူ့အတွက် အားဆေးနဲ့စွမ်းအားပြန်ဖြည့်တင်းနိုင်တဲ့ ဆေးတချို့ကို စီစဥ်ပေးသင့်တယ်... မဟုတ်ရင် သူက တောင့်မခံနိုင်ဘဲနဲ့ ဆက်ပြီးသတိလစ်နေမှာကို ငါ စိုးရိမ်မိတယ်"
"မင်း ဘာမှမစိုးရိမ်နဲ့...ငါက မနေ့ကတည်းက အရှေ့နန်းတော်ကို ဆေးဝါးတွေ ကြိုပို့ထားပြီပြီ"
ဧကရာဇ်ဖုရှန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင် ငါ မပြောခဲ့ဘူးလို့ သတ်မှတ်လိုက်တော့..."
ညီလေးဝူက ပခုံးတွန့်လိုက်ပြီး ကျားခုံကို တစ်ဖန်ပြန်၍ ထုတ်လိုက်သည်။
"လာ... နောက်တစ်ပွဲကစားကြစို့"
"မင်းက တော်တော်ညံ့တဲ့ ကျားကစားသမားဖြစ်နေတာတောင် ကစားရတာကို သဘောကျနေတုန်းပဲ... ကောင်းပြီလေ...မင်းကို နောက်တစ်ကြိမ် အနိုင်ယူခွင့်ပြုပါ"
ဧကရာဇ်ဖုရှန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ကျားစေ့တစ်စေ့ကို ကောက်ယူကာ ကျားခုံပေါ်သို့ ဖြည်းညှင်းစွာ ချလိုက်သည်။
...
"စိတ်ခံစားချက်ကံကြမ္မာကို ဆဋ္ဌမအဆင့်အထိ မချိုးဖောက်နိုင်ရင် အသက်ပင်လယ်နယ်ပယ်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
အလုံးစုံသိမြင်ဂိုဏ်းအတွင်းရှိ တိတ်ဆိတ်သော အခန်းတစ်ခန်းထဲတွင် ကျန်းရွှမ်သည် ထိုင်ခုံမှနေ၍ ဖြည်းညှင်းစွာ ထလိုက်၏။
သတင်းဖြန့်ပြီးနောက် သူသည် ဤနေရာသို့ ကျင့်ကြံရန် ရောက်ရှိလာခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူသည် ပိုပြီးမြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များသို့ရောက်ရန် တွန်းအားပေးခြင်းသည် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ကြောင်း သူ နားလည်သဘောပေါက်လိုက်သည်။ သူသည် အတားအဆီးတစ်ခုသို့ ရောက်ရှိနေလေပြီ။
အသက်ပင်လယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် သူသည် ပထမဆုံး ကောင်းကင်ကံကြမ္မာကို ဆဋ္ဌမအဆင့်အထိ အပြည့်အဝ နားလည်သဘောပေါက်ထားရန် လိုအပ်သည်။
လက်ရှိတွင် သူသည် ပဉ္စမအဆင့် အထွတ်အထိပ်တွင်သာ ရောက်ရှိသေးပြီး ချိုးဖျက်နိုင်ရန် အနည်းငယ် အလှမ်းကွာဟနေဆဲပင်။
အချိန်တိုအတွင်းတွင် သူ ကျင့်ကြံခြင်းဖြင့် ရလဒ်များ ထွက်ပေါ်လာမည် မဟုတ်ကြောင်း သိရှိထားသဖြင့် ထွက်ခွာသွားရန်အတွက် တံခါးကို တွန်းဖွင့်လိုက်၏။
ယခုအချိန်တွင် သူ ဖြန့်ဝေထားသော သတင်းစကားများမှ အသီးအပွင့်များကို ခံစားရသင့်ပြီ မဟုတ်လော...
ထာဝရနှလုံးသားနှင့် ပတ်သတ်သော သတင်းသည် အလွန်အမင်းဆွဲဆောင်မှု ရှိသည်။ မည်သူမျှ ထိုအရာ၏ဆွဲဆောင်မှုကို လွန်ဆန်နိုင်မည်မဟုတ်ချေ။ ထိုလူများသည် မင်းသားယွမ်ချင်းကို ရှာဖွေနေသရွေ သူသည် အကန့်အသတ်မရှိသော ရှုပ်ထွေးမှုများထဲသို့ ရောက်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ထို့နောက် ကျန်းရွှမ်သည် ထိုအခြေအနေကို အခွင့်အရေးယူပြီး ခုန်းရှီကို ရှာဖွေကာ ကယ်တင်နိုင်ပေမည်။
ယွမ်ချင်းက ကျန်းရွှမ်မှ ပြိုင်ဘက်ကင်း ဆေးလုံးကို သောက်သုံးလိုက်ပြီဟု ထုတ်ဖော်ပြောဆိုမည်ကိုမူ သူ စိုးရိမ်ရန် မလိုအပ်ချေ။ သူသည် သေချာပေါက် ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
အာဏာကံကြမ္မာသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ ဖြစ်တည်မလာသေးသော်လည်း ကျန်းရွှမ်သည် သက်ဆိုင်ရာ ရေစီးကြောင်းများကို ချိတ်ဆက်ပြီးနောက် ထိုအရာ၏အခြေခံသဘောတရားများကို နားလည်သဘောပေါက်ထားသည်။
အကယ်၍ ယွမ်ချင်းသာ ထိုကဲ့သို့သော ပြင်းထန်သည့် ရှုံးနိမ့်မှုကို ထုတ်ဖော်ပြောရဲပါက သူ ခံစားရမည့် ထိခိုက်မှုသည် ကျန်းရွှမ်ထက် အဆများစွာ ပို၍များပြားပေလိမ့်မည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ယွမ်ချင်းသည် ဤသတင်းအချက်အလက်ကို မည်သည့်နည်းဖြင့်မဆို ဖုံးကွယ်ထားမည်မှာ သေချာပေါက်ပင်။
"အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဒီနေ့ထုတ် ကြေညာချက် တစ်စောင်ကို ဝယ်ချင်ပါတယ်"
ကောင်တာထံသို့ လျှောက်လှမ်းသွားပြီးနောက် ကျန်းရွှမ်က ကံကြမ္မာချပ်ပြားတစ်ပြားကို ပစ်ပေးကာ တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။