Fighting Back This Once
Vol. 7 Ch. 62
နန်းတော်ပြင်ပမှာ သူမ လုပ်ခဲ့သည့် ကိစ္စတွေကို တစ်ခုမှ ဝန်ခံလိုက်လို့ မဖြစ်ပါ။ ထို့ကြောင့် ယွဲ့မြန် ခေါင်းခါလျက် လျှောက်တင်လိုက်သည်။
“အစ်ကိုတော်နဲ့ အစ်မတော်တို့က ဒီသမီးတော်ကို စိတ်အပန်းပြေစေဖို့အတွက်ပဲ နန်းတော်ပြင်ပ ခေါ်ထုတ်သွားကြတာပါ၊ အပြင်မှာ ဘာမှ မလုပ်ခဲ့ကြပါဘူး”
“ဘာမှမလုပ်ခဲ့ကြဘူးဟုတ်လား”မယ်တော်ကြီး သရော်ကာ မေးလိုက်သည်။
“အဲ့တာဆို နင်က ဘာလို့ ရုတ်တရက်ကြီး လက်ဆက်ထိန်းမြှားမှုကို ကန့်ကွက်ချင်နေရတာလဲ! ဧကန္တ မကြားသင့်တဲ့ ကောလဟာလတွေကို ကြားလာခဲ့လို့မလား”
“မြန်အာ”မယ်တော်ယို ဖြောင်းဖြဖို့ ချက်ချင်း ကြိုးစားလိုက်သည်။
“ယောက်ျားသားတွေဆိုတာ ငယ်ရွယ်တဲ့အချိန်မှာ အမြဲ တမ်း စိတ်အလိုလိုက်တတ်ကြတာပဲ၊ ကျန်းကျစ်ဖျင်ကလည်းအရမ်းကြီးတရားလွန်နေတာမဟုတ်ပါဘူး၊ မယ်တော် စုံစမ်းပြီးသွားပြီ။ နှစ်တွေအများကြီးကြာတာတောင် သူ့မှာ အပျော်မယားတစ်ယောက်တည်းပဲ ရှိသေးတယ်။ ပြီးတော့ စိတ်ချပါ၊ သမီးတော်နဲ့ လက်မဆက်ခင် အဲ့ဒီအပျော်မယားနဲ့ သူ့ဗိုက်ထဲက ကလေးကိစ္စကို ကျန်းမိသားစုက ကိုယ်တွယ်ဖြေရှင်းပေးလိမ့်မယ်၊ မယ်တော်တို့ဘက်က အရှုံးမရှိစေပါဘူး”
ယွဲ့မြန် အလွန်တည်ငြိမ်နေကာ မယ်တော်ယိုအား အေး အေးလူလူ လျှောက်တင်လိုက်ပါသည်။
“ဒီနေ့ နန်းတော်ပြင်ပမှာ စိတ်ဝင်းစရာကောင်းတဲ့အ ကြောင်းတွေ သမီးတော်ကြားလာခဲ့တယ်၊မယ်တော်တို့ကို ပြန်ပြောပြချင်ခဲ့ပေမယ့် မယ်တော်တို့က သိနေပြီးသားမဟုတ်လား”
မယ်တော်ယိုမျက်နှာ ရုတ်တရက်တောင့်တင်းသွားခဲ့သည်။
ယွဲ့မြန် နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာပြီး ဆက်လျှောက်တင်လိုက်သည်။
“လမ်းမတွေပေါ်မှာ ကြားခဲ့ရတဲ့ ကောလဟာလတွေ အရတော့ ကျန်းကျစ်ဖျင်က အလိမ်အညာတွေဖန်တီးပြီး ရှဲ့မိသားစုရဲ့ သခင်မလေးရှဲ့ကို ဂုဏ်သိက္ခာပျက်စီးအောင်လုပ်ဖို့ ကြံရွယ်ခဲ့တယ်တဲ့၊ ဒါပေမယ့် သူ့အကြံအစည်တွေ မအောင်မြင်ဘဲ မျက်နှာတစ်ခုလုံး စုတ်ပြတ်သပ်သွားရလောက်တဲ့အထိ မြို့စားရှဲ့ထိုးကြိတ်တာကို ခံခဲ့ရတယ်၊ အဲ့ဒီအချိန်မှာ ဗိုက်တစ်လုံးနဲ့ အမျိုးသမီးတစ်ယောက်ရောက် လာပြီး ကျန်းကျစ်ဖျင်ကို တွန့်ဆုတ်မှုမရှိဘဲ ကာကွယ်ပေးခဲ့တယ်၊ ကျန်းကျစ်ဖျင်က ဒါကို ကြည်နူးသွားပြီး အဲ့ဒီအမျိုးသမီးက ဆောင်ကြာမြိုင်ကဖြစ်နေရင်တောင် သမီးတော်လို မင်းသမီးမျိုးနဲ့ ယှဉ်ရွေးရမယ်ဆိုရင်တောင် ဆောင်ကြာမြိုင်ကအမျိုးသမီးကိုပဲ ရွေးချယ်မှာတဲ့”
ယွဲ့မြန် မရပ်မနား တစ်ခွန်းတည်းလျှောက်တင်လိုက်ပါသည်။ ထို့နောက် မယ်တော်ကြီးနှစ်ပါးကို တည်ငြိမ်စွာ ကြည့်ကာ ဆက်လျှောက်တင်လိုက်လေသည်။
“မယ်တော်ကြီးနဲ့ မယ်တော်တို့ အဲ့ဒီအကြောင်းတွေကော ကြားပြီးကြပြီလား”
မယ်တော်ကြီးနှင့် မယ်တော်ယိုတို့မျက်နှာများပိုမိုအကျည်း တန်သွားခဲ့သည်။
မယ်တော်ယို မျက်မှောင်ကြုတ်သွားပြီး ဖြည်းညှင်းစွာ မိန့်လိုက်သည်။
“လမ်းမပေါ်က ကောလဟာလအဆင့်ပဲရှိတာပါ၊ ဘာလေး နက်မှုမှ မရှိဘူး”
“ဟုတ်လား… ကောလဟာလတွေ ဆိုရင် အဲ့ဒီကောလဟာလတွေကို ဖြန့်တဲ့လူတွေက ယုတ်ညံ့ပြီး မုန်းစရာကောင်းတာပဲ၊ ကျန်းကျစ်ဖျင် ဂုဏ်သိက္ခာမကျဆင်းရအောင်လို့ သမီးတော်တို့ အမြန်ဆုံး ကူညီပေးသင့်တယ်နော်”
ယွဲ့မြန် စိုးရိမ်ပူပန်သည့် မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။
မယ်တော်ယို မျက်နှာမသာမယာဖြစ်သွားသည်။ ကျန်းကျစ်ဖျင်က ထိုစကားတွေကို လူရှေ့သူရှေ့မှာ ငတုံးလို ဝန်ခံဖွင့်ပြောခဲ့တာဖြစ်သဖြင့် ဘယ်လိုမှ ကူညီဖြေရှင်းပေးလို့ မရနိုင်ပါ။
မယ်တော်ကြီးအေးစက်စွာ မိန့်လိုက်၏။
“အဲ့တာတွေက အမှန်တရားဆိုရင်တောင် ဘာအရေးစိုက်စရာလိုလို့လဲ၊ အဲ့ဒီ မိန်းမက ဆောင်ကြာမြိုင်ကမိန်းမဆိုတာ နင်လည်း သိပြီးသားမဟုတ်ဘူးလား ? နင့်လို တော်ဝင်မင်းသမီးအဆင့်ကို ယှဉ်နိုင်မှာတဲ့လား”
ယွဲ့မြန် ခါးသက်စွာ ပြုံးလိုက်သည်။
“ဟုတ်ပါတယ် သူက ဆောင်ကြာမြိုင်မိန်းမတစ်ယောက်ပါ၊ ဒါပေမယ့် မယ်တော်ကြီး… သေချာစဉ်းစားပြီးပြီလား သူက ဆောင်ကြာမြိုင်မိန်းမတစ်ယောက် ဖြစ်နေလျက်နဲ့ သူ့အတွက် ကျန်းကျစ်ဖျင် အများကြီးစွန့်စားပေးအောင် လုပ်နိုင်စွမ်းရှိတယ်၊ ဒီကိစ္စသာ အမှန်တိုင်းပေါ်မလာခဲ့ရင် သူက အဲ့ဒီဆောင်ကြာမြိုင်မိန်းမရဲ့ကလေးကို ဒီသမီးတော်ဆီ ပေးပြီး ပျိုးထောင်ခိုင်းချင်နေတာ၊ အဲ့ဒီမိန်းမအပေါ်ထားတဲ့ ကျန်းကျစ်ဖျင်ရဲ့ ခံစားချက်ကို မယ်တော်ကြီးမမြင်နိုင်ဘူးလား၊ အဲ့ဒီမိန်းမ မသေသေးဘဲ သမီးတော် ကျန်းကျစ်ဖျင်နဲ့ လက်ဆက်လိုက်ရင် ဒီသမီးတော်ကို သူအနိုင်ကျင့်နှိပ်စက်မှာပေါ့၊ အဲ့ဒီမိန်းမ သေသွားပြန်ရင်လည်း ကျန်းကျစ်ဖျင်က သမီးတော်ကိုမုန်းတီးလိမ့်မယ်၊ အဲ့လိုအခြေအနေနဲ့ လက်ဆက်လိုက်ပြန်ရင်လည်း သမီးတော်အေးချမ်းတဲ့ဘဝနဲ့ နေထိုင်မှာမဟုတ်ဘူး”
ယွဲ့မြန် မျက်လုံးများ နီမြန်းလာပြီး ဒူးထောက်ချလိုက်ပါသည်။
“မယ်တော်ကြီးနဲ့ မယ်တော်တို့… ဒီသမီးတော် တောင်းပန်ပါတယ်၊ ဒီသမီးတော် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ရှင်သန်နိုင်ဖို့ နည်းလမ်းတစ်ခု ပေးသနားပါ”
ယွဲ့မြန် လေးလေးနက်နက် တောင်းပန်လိုက်ခြင်းဖြစ် သည်။
မယ်တော်ယိုမျက်နှာလည်း အနည်းငယ်ပျက်သွားခဲ့သည်။ သူ့ မျက်လုံးထဲ တွန့်ဆုတ်မှုတွေ ပေါ်လာခဲ့ပါသည်။ ယွဲ့မြန်က သူ့ သမီးအရင်းဖြစ်သည်။ ထို့ကြောင့် ယွဲ့မြန်အပေါ် သူမ မေတ္တာမရှိဘူးဟု မပြောနိုင်ပေ။
သို့သော်… အတိတ်တုန်းက သူ လုပ်မိခဲ့သည့်အရာတွေကို ပြန်စဉ်းစားရင်း မယ်တော်ယို နှလုံးသားထဲချောက်ချား သွားခဲ့ရသည်။ သူ့မှာ ရွေးချယ်စရာမရှိတော့တာ အခုမှ မဟုတ်ပါ။
“မြန်အာ…” မယ်တော်ယို ဖြည်းညှင်းစွာ မိန့်လိုက်သည်။ “နင်က မင်းသမီးတစ်ပါးလေ၊သူတို့ နင့်ကို မလေးမစား ဆက်ဆံရဲပါ့မလား”
အစကတော့ သူ့ မယ်တော်အရင်းထံမှာ ယွဲ့မြန် မျှော်လင့် ချက်သေးသေးလေးတစ်ခု ထားခဲ့သော်လည်း ယခုမူ ထိုမျှော်လင့်ချက်လေးပါ ပျောက်ကွယ်သွားပြီဖြစ်သည်။
မယ်တော်ကြီး ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး ကိုက်ခဲနေပါပြီ။
“ဒီလောက် ပြစ်ချက်မရှိ ကောင်းမွန်တဲ့ လက်ဆက်ထိန်းမြှားမှုကို နင်က ကန့်ကွက်ချင်တယ်ပေါ့ဟုတ်လား! တခြား မိန်းမတွေသာဆို ကျေနပ်လွန်းလို့ ထတောင်ခုန်မိလောက်တယ်!”
ဆန်းကြယ်မှုတစ်ခုကြောင့် ယွဲ့မြန့်အာရုံထဲ ကျန်းကျီမြောင် ပြောခဲ့သည့် စကားတစ်ခွန်း ပြန်ဝင်ရောက်လာကာ ယွဲ့မြန် နှုတ်မှ လွှတ်ခနဲပြောလိုက်မိပါသည်။
“မယ်တော်ကြီး ဒီလောက် စိတ်ကျေနပ်နေရင် မယ်တော်ကြီးကိုယ်တိုင်ပဲ လက်ဆက်လိုက်ပါလား ?”
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ယွဲ့မြန်ကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့ပါသည်။
ဘုရားရေ!
ပါးစပ်ကနေ တကယ်ကြီးထွက်သွားတာလား!
သို့သော် အံ့အားသင့်တုန်လှုပ်နေသည့် မယ်တော်ကြီး မျက် နှာကိုကြည့်ရင်း သူမရင်ထဲ ထူးထူးဆန်းဆန်းစိတ်ကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။
“ရူးသွားပြီ… နင့်သမီးတော် လုံးဝ ရူးသွပ်သွားပြီပဲ” မယ်တော်ကြီးလက်တွေ တဆတ်ဆတ်တုန်ယင်နေသည်။
“မယ်တော်ကြီး!” မယ်တော်ယို အမြန်လျှောက်တင်လိုက်သည်။
“သူ့ကို အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့က လှည့်စားထားတာသာ ဖြစ်ပါလိမ့်မယ်, ဒီလိုစကားမျိုးတွေကို သူ့သဘောနဲ့သူ ဘယ်တော့မှပြောမှာ မဟုတ်ဘူး!”
မယ်တော်ကြီး တစ်ကိုယ်လုံးတုန်ယင်ကာ မေးလိုက်သည်။
“ယွဲ့မြန်! နင့်ကို အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ဘာတွေ ပြောခဲ့လဲဆိုတာတော့ ငါ မသိဘူး၊ ဒါပေမယ့် နင့်ဦးနှောက်ကိုနင် အသုံးချနော်! အရင်တုန်းက ကျန်းကျစ်ဖျင်အကြောင်းကို ဘယ်သူမှ မပြောကြဘဲ နင်တို့တွေ နန်းတော်အပြင်ထွက်တဲ့အခါကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြဿနာတွေဖြစ်လာခဲ့တာ ဘာလို့လဲ”
“နင့်အစ်ကိုတော်နဲ့ ယောက်မတော်တို့က နင်ကောင်း ကောင်းမွန်မွန် လက်ဆက်ထိန်းမြှားနိုင်မှာကို မနာလိုဖြစ်ပြီး ကြောက်ရွံ့နေကြလို့ပေါ့! ကျန်းကျစ်ဖျင်ရဲ့ ပြဿနာကိုလည်း သင်းတို့တွေပဲ လုပ်ကြံဖန်တီးထားတာဖြစ်မယ်၊ အဲ့တာကိုတောင် ယုံကြည်နေတယ်ဆိုတော့ နင်ရူးနေလို့ပဲ ဖြစ်မှာ!”
ယွဲ့မြန် တည်တည်ငြိမ်ငြိမ်ပဲ လျှောက်တင်လိုက်သည်။
“ဒါဆို မယ်တော်ကြီးဆိုလိုချင်တာက သူ့အပျော်မယားကလည်း အတုအယောင်ပေါ့၊ အဲ့ဒီစကားတွေကို ကျန်းကျစ်ဖျင်ကိုယ်တိုင်ပြောခဲ့တာ မဟုတ်ဘူးပေါ့”
မယ်တော်ကြီး ကြက်သေသေသွားခဲ့သည်။
“အဲ့… အဲ့တာက…”
“အစ်ကိုတော်နဲ့ အစ်မတော်တို့ တကယ်ပဲကြံစည်ပေးထားတာဆိုရင် သူတို့ကို ကျေးဇူးတောင် တင်သင့်တာ မဟုတ်လား”
ယွဲ့မြန် နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။
“သူတို့ ဒီလိုတွေ ဝင်ပါစရာမလိုပေမယ့် သမီးတော်အတွက် ဒုက္ခခံပြီး စီစဉ်ပေးခဲ့တာ၊ အဲ့ဒီကျေးဇူးတရားကို အမြဲအမှတ်ရနေပါ့မယ်”
မယ်တော်ကြီးနှုတ်ခမ်းတွေ တွန့်သွားခဲ့သည်။ သူမနှင့် ယွဲ့မြန် ဘယ်လိုမှ စကားပြောဆိုလို့ရမည်မဟုတ်ပါ။
ခေါင်းမာနေသည့် ယွဲ့မြန်ကိုကြည့်ရင်း မယ်တော်ယိုလည်း ဘာပြောရမှန်း မသိတော့ချေ။
“ဒင်းကို မြင်ရရုံနဲ့ ငါ့ခေါင်းတွေကိုက်တယ်၊ မြန်မြန်ခေါ်သွားစမ်း!” မယ်တော်ကြီး အံကြိတ်လျက် မိန့်လိုက်သည်။
“သူစိတ်မပြောင်းမချင်း ငါ့ဆီကို ထပ်ခေါ်မလာခဲ့နဲ့!”
မယ်တော်ယို ရင်ထဲတင်းကြပ်သွားခဲ့ပြီး အမြန်အမိန့်နာခံလိုက်ပါသည်။ ယွဲ့မြန်ကို အေးစက်စွာကြည့်ရင်း မယ်တော်ယို ပြောလိုက်သည်။
“မြန်မြန်ထစမ်း!”
ယွဲ့မြန် ခက်ခက်ခဲခဲ မတ်တပ်ပြန်ရပ်လိုက်ပါသည်။ မယ် တော်ယိုနဲ့ အခြွေအရံများ ဝန်းရံပြီး ယွဲ့မြန်ကိုချောင်းဖန့်နန်းဆောင်သို့ ပြန်လည်ခေါ်ဆောင်သွားကြသည်။ ချောင်းဖန့် နန်းဆောင်ကို ရောက်သည်နှင့် တစ်ပြိုင်နက် မယ်တော်ယို တံခါးတွေအကုန်ပိတ်လိုက်ပြီး ယွဲ့မြန်ကိုအေးစက်စွာ ကြည့်လိုက်ပါသည်။
“နင် ဒီလောက် ရူးသွပ်မှန်း ငါမသိခဲ့ဘူး ငါနင့်ကို လေကုန်ခံပြီး ဆက်မပြောတော့ဘူး။ ကျန်းမိသားစုကိစ္စနဲ့ ပတ်သတ်ပြီး နင် လက်ဆက်ချင်သည်ဖြစ်စေ လက်မဆက်ချင်သည်ဖြစ်စေ အရေးမကြီးဘူး! နင် ကျန်းကျစ်ဖျင်နဲ့ မဖြစ်မနေ လက်ဆက်ထိန်းမြှားရမယ်!”
ယွဲ့မြန် ခေါင်းမာစွာ ပြန်ပြောလိုက်ပါသည်။
“အဲ့ဒါဆို ဒီနေရာမှာပဲ သမီးတော် ကိုယ့်ခေါင်းကိုယ် ရိုက်ခွဲပြီး သေကြောင်းကြံလိုက်တော့မှာပေါ့၊ အနာဂတ်မှာ သေတာထက်ဆိုးတဲ့ ဘဝမျိုးမရအောင် အခုပဲ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်တော့မယ်”
မယ်တော်ယိုမျက်နှာ ထပ်ပျက်သွားခဲ့သည်။ သူ့ သမီးက သူ့စကားကို တစ်သက်လုံးနားထောင်လာခဲ့သူဖြစ်သည်။ သို့သော် ဒီလို အရေးကြီးသည့်အချိန်မျိုးမှာမှ ရုတ်တရက်ကြီး ပုန်ကန်နေလေသည်။
မယ်တော်ယိုကလည်း ယွဲ့မြန်ကို ထိန်းချုပ်ရတာ အသား ကျနေပြီဖြစ်သဖြင့် ခံစားချက်မဲ့စွာ ပြောလိုက်ပါသည်။
“စိတ်ချစမ်းပါ၊ နင့်ကို မသေအောင်ထားနိုင်မယ့် နည်းလမ်းတွေ ငါ့ဆီမှာအများကြီးရှိတယ်! နင်ဘယ်လောက်ထိ ခေါင်းမာနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့!”
ထို့နောက် အခြွေအရံတစ်ယောက်ကို ဆင့်ခေါ်လိုက်ပြီး မယ်တော်ယို ခက်ထန်စွာ အမိန့်ပေးလိုက်သည်။
“မင်းသမီး အသိစိတ်မဝင်မချင်း သူ့အခန်းထဲက ထွက်ခွင့်မပေးနဲ့၊ ပြီးတော့…”
မယ်တော်ယို ဆုံးအောင် မမိန့်နိုင်ခင် မိန်းမစိုးတစ်ယောက် အပြေးဝင်လာပြီး လျှောက်တင်လိုက်လေသည်။
“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ကြွမြန်းလာပါတယ် မယ်တော်ယို!”
အစ်ကိုတော်နဲ့ အစ်မတော်တို့ ရောက်လာပြီပဲ!
ယွဲ့မြန် မျက်နှာထက် အပြုံးတစ်ခုပေါ်လာပါသည်။
ယွဲ့မြန်ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း မိန်းမစိုးအား မယ် တော်ယို မေးလိုက်သည်။
“သူတို့ ရုတ်တရက်ကြီး ဘာလို့ရောက်လာကြာတာလဲ”
မိန်းမစိုးက မဝံ့မရဲ လျှောက်တင်လိုက်ပါသည်။
“ဒီငယ်သားလည်း သိပ်မသေချာပါဘူး၊ ဒါပေမယ့် အခြွေ အရံတွေ ပုံမှန်ထက်ပိုများပြီး ခမ်းခမ်းနားနား သိုက်သိုက် မြိုက်မြိုက် ကြွမြန်းလာကြတာပါ”
ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက်ကြွမြန်းလာကြတယ် ဟုတ်လား ?
ဘာတွေ လုပ်ဖို့ ကြံနေကြတာလဲ!
မယ်တော်ယို နားမလည်နိုင်သော်လည်း ယွဲ့မြန်ထံအေးစက်စွာကြည့်ကာ သတိပေးလိုက်သည်။
“ခဏနေရင် အဓိပ္ပာယ်မရှိတဲ့စကားတွေ တစ်ခွန်းမှဝင်မပြောနဲ့နော်!”