Us Does Not Allow It
Vol. 7 Ch. 63
ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ ကြွမြန်းလာကြသောအခါ မယ်တော်ယိုနှင့် ယွဲ့မြန်တို့က နန်းဆောင်ပြင်ပမှာ ကြိုတင် စောင့်ကြိုနေကြပြီဖြစ်သည်။ ယွဲ့လင်း ဘာအပိုအလုပ်မှ မလုပ်ခိုင်းတော့ဘဲ အားလုံးကို ခန်းမဆောင်ထဲ ချက်ချင်း ဝင်ခိုင်းခဲ့ပါသည်။
“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့” မယ်တော်ယို မေးမြန်းလိုက်သည်။
“ဒီနန်းဆောင်ကို ကြိုတင်အသိမပေးဘဲ ချောင်းဖန့်နန်းဆောင်ကို ဘာကြောင့်ကြွမြန်းလာရတာလဲ ? ဒီမယ် တော်--”
“မယ်တော်ကြင်ယာတော်ယို” ယွဲ့လင်း စကားဖြတ် မိန့်လိုက်သည်။
“ဒါတော်ဝင်နန်းတော်ပါ ညီမတော်ဆီကို ကျန်း လာရောက် လည်ပတ်တာထူးဆန်းတဲ့ အရေးကိစ္စမဟုတ်ဘူး၊ ဘာမှ ကြိုတင်အသိပေးစရာလည်း မလိုအပ်ဘူး”
မယ်တော်ယို မျက်နှာအနည်းငယ်ပျက်သွားခဲ့သည်။ သူမ တစ်ခုခုထပ်လျှောက်တင်ဖို့ကြံလိုက်စဉ် ယွဲ့လင်း မျက်လုံးများအရောင်လက်သွားခဲ့ပါသည်။
“ပြီးတော့ မယ်တော်ယို… စတုတ္ထညီတော်က နန်းတော်ပြင်ပမှာ စံအိမ်တစ်လုံး ဆောက်လုပ်ထားတယ် မဟုတ်လား ? မယ်တော်ယိုလည်း အနားယူဖို့အတွက် စတုတ္ထညီတော်နဲ့ လိုက်ပါသွားခဲ့တာ မဟုတ်လား ? ဒါပေမယ့် မယ်တော်ယို နန်းတော်ထဲကို မကြာခဏ လာလာလည်နေတယ်လို့ ကျန်းကြားသိရတယ် ? ဘာကြောင့်လဲ ? စတုတ္ထညီတော်က သားသမီးဝတ္တရားမကျေလို့ မယ်တော်ယို စိတ်မပျော်မရွှင်ဖြစ်နေလို့လား”
မယ်တော်ယိုမျက်နှာ ချက်ချင်းအကျည်းတန်သွားပြီး ဒူးထောက်ချလိုက်ပါသည်။
“မဟုတ်ရပါဘူး မဟုတ်ရပါဘူး! ယွဲ့ချန်းလေးက အရမ်းလိမ္မာပါတယ်၊ သူက သားသမီးဝတ္တရားကျေပွန်ပြီးသားပါ!”
ယွဲ့လင်းနှုတ်မှ စတုတ္ထမင်းသားကို သားသမီးဝတ္တရားမကျေပွန်ဘူးဟု စွပ်စွဲလိုက်ပြီဖြစ်သည်။ ထိုစွပ်စွဲချက်ကို သူမ အမြန်ဆုံးချေဖျက်ရပါမည်။ မဟုတ်ပါက အနာဂတ်တွင် နန်းတော်ထဲ ယွဲ့ချန်းအာဏာစက် လျော့ကျသွားနိုင် သည်။ ထိုအကြောင်းပြချက်ကြောင့် မယ်တော်ယို အလွန်ထိတ်လန့်ချောက်ချားသွားရခြင်းပင်။
“အမှန်ပဲလား” ယွဲ့လင်း မျက်ခုံးပင့်လိုက်သည်။
“သူက ဝတ္တရားတာဝန်ကျေတယ်ပေါ့၊ မယ်တော်ယိုကို စိတ်ညစ်အောင် မလုပ်ဘူးပေါ့”
မယ်တော်ယို မျက်နှာ အနည်းငယ်ဖြူရော်သွားပါသည်။ “အမှန်ပါပဲ အရှင်မင်းကြီး၊ ဒီကြင်ယာတော်ကြီးရဲ့ သမီးတော်လေး လက်ဆက်ထိန်းမြှားသင့်တဲ့ အရွယ်ကိုရောက်နေပြီမို့သာ နန်းတော်ထဲ မကြာခဏလာရောက် လည်ပတ်ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့အတွက် သင့်တော်တဲ့ အိမ်ထောင်ဖက်ကို ရှာဖွေပေးနိုင်ဖို့ ဧကရီမယ်တော်ကြီးနဲ့ ညှိနှိုင်း တိုင်ပင်နေခဲ့တာပါ”
“ဟုတ်လား” ယွဲ့လင်း မေးလိုက်သည်။
“မယ်တော်ကြင်ယာတော်ယိုနဲ့မယ်တော်ကြီးတို့ သင့်တော်တဲ့ အိမ်ထောင်ဖက်ကို ရှာနေတာကြာပြီဆိုတော့ တစ် ယောက်ယောက်ကိုတော့ တွေ့ထားမှာသေချာတယ်၊ ဘယ်သူ့ကို မျက်စိကျနေကြတာလဲ”
အားလုံးအဖြေကို သိပြီးသားဖြစ်သော်လည်း မသိချင်ယောင် ဆောင်လိုက်ကြသည်။
ယွဲ့မြန်အား ခြိမ်းခြောက်သည့် အကြည့်မျိုးဖြင့် လှည့်ကြည့်လိုက်ပြီး မယ်တော်ယိုလျှောက်တင်လိုက်သည်။ “ဘာသာရေးဒုဝန်ကြီးရဲ့သားအကြီးဆုံး ကျန်းကျစ်ဖျင်က မင်းသမီးအတွက် သင့်တော်တဲ့ အိမ်ထောင်ဖက် ဖြစ်လာနိုင်ပါတယ်”
မယ်တော်ယို အမှန်တိုင်း လျှောက်တင်လိုက်ပါသည်။
ယွဲ့လင်း ပြုံးတစ်ဝက် မဲ့တစ်ဝက်ဖြင့် မိန့်လိုက်သည်။ “ကျန်းကျစ်ဖျင်ဟုတ်လား ? သူနဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာ ကောလဟာလတချို့ ကျန်းကြားမိတယ်”
“သူက ယောက်ျားလေးတစ်ယောက်ပါ၊ အသက်ကလည်း ငယ်ရွယ်သေးတော့ တစ်ခါတလေ ခြေရှုပ်တတ်တာ ပုံမှန်ပါပဲ၊ ဒါပြဿနာကြီးကြီးမားမားမဟုတ်ဘူး၊ ယွဲ့မြန်ရဲ့ စိတ်ဓာတ်၊ အကျင့်စရိုက်တို့နဲ့သာဆို လက်ဆက်ပြီးတဲ့အခါကျရင် ကျန်းကျစ်ဖျင်ကို ပြောင်းလဲပေးနိုင်မှာပါ”
မယ်တော်ယို နှုတ်ခမ်းကိုက်ကာ တောင်းဆိုလိုက်သည်။ “မြန်အာလေးနဲ့ ကျန်းကျစ်ဖျင်တို့က နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းလို့ သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းခြင်းအတွက် အရှင်မင်းကြီး ခွင့်ပြုပေးတော်မူပါ”
မယ်တော်ယိုအား ယွဲ့မြန် နာကျင်စွာကြည့်လိုက်သည်။ သူ ဒီလောက်ပြတ်ပြတ်သားသား ငြင်းဆန်နေတာတောင် မယ်တော်ယိုရဲ့ ရင်ထဲမှာ သူ့ရဲ့ကိုယ်ပိုင်ဆန္ဒတွေက အရေးမပါသည့်ပုံစံပင်။
“အဲ့လိုလား” ယွဲ့မြန်ကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။
“မြန်အာကကော ဒီလက်ဆက်ထိန်းမြှားမှုကို သဘောတူရဲ့လား”
“အရှင်မင်းကြီး! သားသမီးတွေရဲ့ လက်ဆက်ထိန်းမြှားမှုကို မိဘတွေကသာ အဆုံးအဖြတ်ပေးရမှာပါ၊ မင်းသမီးလေးက ငယ်ရွယ်သေးတဲ့အတွက် အဲ့လိုမေးခွန်းမျိုးတွေ မေးစရာမလိုပါဘူး၊ သူ့ကိုယ်စား ဒီကြင်ယာတော်ကြီးက ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်”
မယ်တော်ယို စကားကို ဖြတ်ပြောလိုက်ပါသည်
ယွဲ့လင်း ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ခက်ထန်စွာ မိန့်လိုက်ပါသည်။
“မယ်တော်ယိုရဲ့ စကားတွေက စိတ်ဝင်စားစရာပဲ! နှောင်းဧကရာဇ်မင်းကြီးရဲ့သမီးတော်အကြီးဆုံးဖြစ်တဲ့ မင်းသမီး ချန်းဖျင်လည်း လွန်ခဲ့တဲ့ ၅ နှစ်တုန်းက လင်းနန်မြို့စားနဲ့ လက်ဆက်ထိန်းမြှားခဲ့တယ်၊ မင်းသမီးချန်းဖျင်နဲ့ လင်းနန် မြို့စားတို့ နှစ်ပေါင်းများစွာကြာသည်အထိ အိမ်ထောင် ရေး သာယာစိုပြည်ခဲ့ကြတဲ့အပြင် ပုန်ကန်မှုတွေကိုပါ တွန်းလှန်ခဲ့ပြီး တာ့ယုံတောင်ပိုင်းဒေသတွေ တည်ငြိမ်အေးချမ်းစေဖို့ အထောက်အကူပြုနိုင်ခဲ့ကြတယ်။ မယ် တော်ကြင်ယာတော်ယို လျှောက်တင်တဲ့အတိုင်းသာဆို အဲ့ဒီအချိန်တုန်းက မင်းသမီးချန်းဖျင်ရဲ့မယ်တော်ရှောင်းကလည်း သူ့သမီးတော်ရဲ့အိမ်ထောင်ရေးအတွက် ကိုယ်စား ဝင်ဆုံးဖြတ်ပေးခဲ့သင့်တာလား”
မယ်တော်ယို ကြက်သေသေသွားသည်။
“ဒီ… ဒီကြင်ယာတော် ဆိုလိုတာ အဲ့သဘော မဟုတ်ပါဘူး၊ ပြီးတော့… မြန်အာလေးနဲ့ မင်းသမီးချန်းဖျင်တို့က ဘယ် လိုလုပ် တူညီနိုင်မှာလဲ၊ အခု တိုင်းပြည်က အေးချမ်းသာ ယာနေပြီပဲ မဟုတ်လား၊ မြန်အာလေး အဲ့လိုလေးလံတဲ့ တာဝန်တွေ ယူစရာမလိုပါဘူး”
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“အမှန်ပဲ အခု တိုင်းပြည်က အေးချမ်းသာယာနေပြီဆိုတော့ မင်းသမီးက ဒီလို လေးလံတဲ့တာဝန်တွေ ထမ်းဆောင်စရာမလိုတော့ဘူး၊ဒါဆို ညီမတော်က သူ ကိုယ်တိုင် အမှန်တကယ် သဘောကျတဲ့ အိမ်ထောင်ဖက်ကို ဘာကြောင့် ရွေးချယ်ခွင့်မရှိတာလဲ”
ယွဲ့မြန် မျက်လုံးများ အနည်းငယ်နီမြန်းသွားခဲ့ပါသည်။ တစ်ချိန်တုန်းက သူအကြောက်ရွံ့ခဲ့ရဆုံး အစ်ကိုတော်က အခုချိန်မှာ သူ့အတွက် အကြီးမားဆုံး အားကိုးရာဖြစ်လာလိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။
ယွဲ့မြန် ခေါင်းငုံ့လျက် တုန်ယင်စွာ လျှောက်တင်လိုက်သည်။
“အစ်ကိုတော်… ကြီးမြတ်တဲ့ တာ့ယုံတိုင်းပြည်မှာ တကယ် တမ်းလိုအပ်ချက်ရှိနေတယ်ဆိုရင် ဒီညီမတော်ရဲ့ လက် ဆက်ထိန်းမြှားမှုကို အစ်ကိုတော်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ သို့ပေမယ့်… ကျန်းကျစ်ဖျင်လို လူမျိုးကို လက် ဆက်ရလောက်တဲ့အထိတော့ တိုင်းပြည်အခြေအနေတွေ မဆိုးရွားသေးဘူး ထင်တာပဲ”
ယွဲ့မြန် ပြတ်ပြတ်သားသားလျှောက်တင်လိုက်သည်။
“ဒီလို လူစားမျိုးကို ဒီညီမတော် လက်ဆက်ထိန်းမြှားလိုစိတ်လုံးဝမရှိပါဘူး!”
ယွဲ့မြန်ကို ယွဲ့လင်းငေးကြည့်လိုက်ပြီး မျက်လုံးတွေ အနည်းငယ် နူးညံ့ပျော့ပြောင်းသွားခဲ့သည်။
နောက်ဆုံးတော့ ညီမတော် ကိုယ့်ဘဝကိုယ့်ဆန္ဒနဲ့ နေထိုင်နိုင်ခဲ့ပေါ့။
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“ဒီကမ္ဘာလောကကြီးထဲက အကျိုးအမြတ်အများစုကို ယောက်ျားသားတွေသာ ပိုင်ဆိုင်ရလေ့ရှိတယ်၊ ဒါ့ကြောင့် ကမ္ဘာလောကကြီးထဲက တာဝန်ဝတ္တရားတွေကိုလည်း ယောက်ျားသားတွေကပဲ ပိုပြီး ထမ်းဆောင်ပေးရလိမ့်မယ်၊ ယခင်တုန်းက အစ်မတော်ရဲ့အိမ်ထောင်ရေးကိစ္စကို ကျန်းတို့ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိခဲ့ကြဘူး၊ သို့ပေမယ့် အခုချိန်ကစပြီး အကျိုးအမြတ်တစ်ခု ရဖို့အတွက်နဲ့ မင်းသမီးတစ်ပါးရဲ့ အိမ်ထောင်ရေးဘဝကို အလွယ်တကူ စတေးခွင့်မပြုတော့ဘူး၊ ကျန်း လုံးဝ သဘောတူခွင့်ပြုမှာ မဟုတ်ဘူး”
ယွဲ့လင်း မိန့်ကြားနေစဉ် သူ့ကို ကျန်းကျီမြောင် ခိုးကြည့်လိုက်ပါသည်။ သူ့ မျက်လုံးများ အနည်းငယ်အရောင်လက်သွားခဲ့လေသည်။
[ဇာတ်လိုက်ကောင်ပြောတဲ့ ‘မင်းဆိုးမင်းညစ်’ဆိုတာ ဒါလား ? ခေါင်းကိုက်ခဲမှု ဝေဒနာတွေကြောင့်သာ မဟုတ်ရင်… ယွဲ့လင်းက တိုင်းပြည်အတွက် ဧကရာဇ်မင်းကောင်း ဖြစ်နိုင်မှာ မဟုတ်ဘူးလား]
ယွဲ့လင်း နှုတ်ခမ်းတွေလည်း အနည်းငယ် ကွေးတက်သွားခဲ့ပါသည်။
မိဖုရားကြီး သူ့ကို စိတ်ထဲကနေ ချီးမွမ်းထောပနာပြုနေတာလား…
ယွဲ့လင်း အပြုံးကို ထိန်းချုပ်ရင်း ဖြည်းညှင်းစွာ မိန့်လိုက်သည်။
“နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ ယွဲ့မြန် ဒီလက်ဆက်ထိန်းမြှားမှုကို လက်ခံသလား ကန့်ကွက်သလား”
ယွဲ့မြန် မတွန့်ဆုတ်တော့ပါ။ မျက်ရည်များဖြင့် သူ လျှောက်တင်လိုက်သည်။
“ဒီညီမတော် ကန့်ကွက်ပါတယ်!”
တစ်ကြိမ်တစ်ခါ ဆန့်ကျင်ဖူးပြီးပြီဖြစ်သဖြင့် ထပ်ပြီး ဆန့်ကျင်ဖို့ သူမအတွက် မခက်ခဲတော့ပါ။ သူမက လူသားတစ်ယောက်ဖြစ်သည်။ ကြိုးဆွဲရာ ကရမည့် ရုပ်သေးရုပ် မဟုတ်ပေ။
သူ့ကိုယ် သူ စတေးစရာမလိုဟု အစ်ကိုတော် မိန့်ကြားထားသော်လည်း တိုင်းပြည်အတွက်သာဆို သူမဘဝကို စတေးဝံ့သည်။ သို့သော် ကျန်းကျစ်ဖျင်ကို လက်ဆက်တာက ဘာတိုင်းပြည်အရေးကိစ္စနဲ့မှ မသက်ဆိုင်ပါ။ မယ်တော်ကြီးနဲ့ မယ်တော်ယိုတို့၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများသာ။
မယ်တော်ကြင်ယာတော်ယိုကိုကြည့်ကာ ယွဲ့လင်း မိန့်လိုက်သည်။
“မယ်တော်ကြင်ယာတော် ကြားရဲ့လား ? ယွဲ့မြန်က ကန့် ကွက်ပါတယ်လို့ လျှောက်တင်နေတယ်၊ ကျန်းကျစ်ဖျင်ရဲ့ လုပ်ရပ်တွေက စက်ဆုပ်ဖွယ်ကောင်းလို့ မြန်အာနဲ့ ထိုက် တန်တဲ့လူ မဟုတ်ဘူး၊ ဒီ လက်ဆက်ထိန်းမြှားမှုကိစ္စ ဒီမှာပဲ အဆုံးသတ်ပါစေ၊ မယ်တော်ကြင်ယာတော်ယိုလို အဆင့်က တော်ဝင်မင်းသမီးတစ်ပါးရဲ့အိမ်ထောင်ရေးကိစ္စကို ဝင်ဆုံးဖြတ်ပေးခွင့်မရှိဘူး၊ နောက်ဆို နန်းတော်ထဲ ပေါ့ပေါ့ တန်တန် ဝင်မလာပါနဲ့၊ စတုတ္ထမင်းသားက မယ်တော်ယိုကို ကောင်းကောင်း ဂရုမစိုက်ဘူးလို့ အပြင်လူတွေ သံသယဖြစ်သွားရင် စတုတ္ထမင်းသားရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်လာနိုင်တယ်”
မယ်တော်ယိုမျက်နှာ အလွန်အကျည်းတန်နေပြီး တစ်ခုခု ထပ်ပြောချင်သော်လည်း ယွဲ့လင်းက စကားဖြတ်ကာ မိန့်လိုက်သည်။
“နောက်ကျနေပြီ၊ မယ်တော်ကြင်ယာတော်မယ်တော်ယို နန်းတော်ကနေ စောစောထွက်ခွာသင့်တယ်”
မယ်တော်ယိုလည်း ရွေးချယ်စရာမရှိတော့ဘဲ မတ်တပ်ရပ်လိုက်ရပါသည်။ ထို့နောက် ယွဲ့မြန်ကို မကျေနပ်စွာ စိုက်ကြည့်လိုက်သည်။
သူမရဲ့ သမီးတော်က အမြော်အမြင်မရှိသည့် ငမိုက်သားဖြစ်သည်။ ယွဲ့မြန်သာ ပြဿနာ မရှာခဲ့လျှင် ယွဲ့လင်း ဒီလို ဝင်နှောင့်ယှက်စရာအကြောင်း မရှိပါ။
လောလောဆယ်တော့ နန်းတော်မှ အရင်ထွက်ခွာပြီး အစီအစဉ်တွေ ဖြည်းဖြည်းချင်း ချမှတ်ဖို့သာ မယ်တော်ယို ဆုံးဖြတ်လိုက်လေသည်။
မယ်တော်ယို ထွက်ခွာသွားသောအခါ ကျန်းကျီမြောင်က ယွဲ့မြန်ကို တွဲထူပေးလိုက်ပါသည်။ ယွဲ့မြန် ဒူးထောက်နေတုန်းက သူမ မျက်နှာထားကို ကျန်းကျီမြောင် သတိထားမိပါသည်။ ယွဲ့မြန် ဒယီးဒယိုင်ဖြစ်သွားတာကို မြင်ပြီး ကျန်းကျီမြောင် မေးလိုက်သည်။
“ညီမတော် ဒူးတွေက…”
“ရှို့အန်းနန်းဆောင်မှာ ဒူးနည်းနည်း ထောက်ခဲ့ရလို့ပါ”
ယွဲ့မြန် ပေါ့ပါးစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုတော်နဲ့ အစ်မတော်”
“ညီမတော်ကိုယ်တိုင်လည်း သတ္တိရှိရှိ ရပ်တည်နိုင်ခဲ့လို့ပါ” ယွဲ့လင်း မိန့်လိုက်သည်။
“ညီမတော် မျက်လုံးနဲ့ တပ်အပ်မြင်နိုင်အောင်လို့ ကျန်းကျစ်ဖျင်ကိစ္စကို ကျန်းတို့ အကွက်ချစီစဉ်ခဲ့တာ၊ စတုတ္ထညီတော်နဲ့ မင်းသားအန်းဟယ်တို့က ရင်းနှီးကြတယ်။ သူတို့နှစ်ယောက်ရဲ့မဟာမိတ် ဒီ့ထက်ခိုင်မာလာတာမျိုး ကျန်းမလိုချင်ဘူး။ ညီမတော်ကို ကယ်တင်ခဲ့တယ်ဆိုတာကလည်း အကြောင်းကိစ္စချင်း တိုက်ဆိုင်တာကြောင့်ပါ။ ညီမတော်မှာသာ ကိုယ်တိုင်တွန်းလှန်နိုင်စွမ်းမရှိရင် ကျန်းတို့လည်း ဘာမှ ကူညီနိုင်မှာမဟုတ်ဘူး”
ယွဲ့လင်း ပွင့်လင်းစွာ မိန့်လိုက်ပါသည်။
သို့သော်လည်း ယွဲ့မြန်ကတော့ ပြုံးမြဲပြုံးနေသည်။ ကျန်းကျီမြောင်ကို ကြည့်ကာ သူ ကျီစယ်လိုက်သည်။
“အစ်ကိုတော်က ဒီလိုပဲ အစ်မတော်၊ ကောင်းတာတစ်ခုခုလုပ်နေရင်တောင် စကားလုံးတွေက အမြဲတမ်းအေးတိ အေးစက်နိုင်တယ်၊ အဲ့တာကြောင့် သူ့စကားကြားရသူတိုင်း စိတ်မချမ်းမသာဖြစ်ရတယ်၊ သူ့ကို အစ်မတော် ဘယ်လိုများ သည်းခံသလဲဆိုတာ ဒီညီမတော် နားမလည်နိုင်ဘူး”
ယွဲ့လင်း မျက်နှာ တောင့်တင်းသွားရလေသည်။