The Empress Dowager is Ill
Vol. 7 Ch. 66
“ကျန်းကျစ်ဖျင်နဲ့ ဆောင်ကြာမြိုင်မိန်းမတို့ကို မောင်းထုတ်ပြီးတဲ့နောက် အရှင်မင်းကြီးက နောက်ထပ် အရေးကိစ္စတစ်ခုကို ထပ်မံကြေညာခဲ့ပါတယ်”
ချန်းကျစ်ခေတ္တ ရပ်တန့်သွားပြီး ဆက်လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီးက ဘာသာရေးဝန်ကြီးဌာနကို ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားဖို့အတွက် အမိန့်ပြန်တမ်းထုတ်ပြန် ကြေညာခဲ့တယ်၊ နှစ်ရက်အတွင်း ဒုတိယမင်းသမီးကို ‘မင်းသမီးအန်းလဲ့’ ဘွဲ့အပ်နှင်းပြီး လစဉ် ငွေတောင်ငါးရာနဲ့ စပါးခြောက်ရာဆောင်ကို ချီးမြှင့်အပ်နှင်းပါမယ်တဲ့”
ဒီလိုဖြစ်လာနိုင်မှန်း ကျန်းကျီမြောင် သိပြီးသားဖြစ်သော် လည်း စပ်စုချင်စိတ်ဖြင့် ထပ်မေးကြည့်လိုက်သည်။ “နန်းတွင်း အရာရှိမှူးမတ်တွေက ဘယ်လိုတုန့်ပြန်ကြလဲ”
နန်းတွင်းအရာရှိတွေထဲ နှောင်းဧကရာဇ်မင်းကြီး၏ လက် အောက်ငယ်သားများ ရှိနေဆဲဖြစ်သဖြင့် ဆန့်ကျင်မှုတချို့တော့ ရှိနိုင်ပါလိမ့်မည်။
“တချို့က ကန့်ကွက်ကြတယ်၊ သို့ပေမယ့် အရှင်မင်းကြီး ဘာမှ မိန့်ကြားစရာတောင် မလိုလိုက်ဘဲ တခြားဝန်ကြီးမှူးမတ်တွေရဲ့ ချေပမှုကြောင့် ကန့်ကွက်သူတွေ နှုတ်ဆိတ်သွားခဲ့ရပါတယ်၊ အဲ့တာကြောင့် ဝန်ကြီးမှူးမတ် အများစုက အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ဝမ်းပန်းတသာနဲ့ ထောက်ခံခဲ့ကြပါတယ်”
ချန်းကျစ် အားလုံးကို အရှိအတိုင်းလျှောက်တင်လိုက်ပါသည်။
ကျန်းကျီမြောင် နောက်ဆုံးတော့ ပြုံးလိုက်သည်။
“ဒီမိဖုရား နားလည်ပါပြီ၊ ငယ်သား ပြန်နိုင်ပြီ”
[ယွဲ့လင်းက တကယ့်မြေခွေးကြီးပဲ! အရင်ကဆိုရင်တော့ ယွဲ့မြန်ကို ဒီလို ဘွဲ့ရာထူးမျိုး အလွယ်တကူအပ်နှင်းလို့ ရမှာမဟုတ်ဘူး၊ ဒါပေမယ့် ကျန်းကျစ်ဖျင်နဲ့ ဆောင်ကြာမြိုင်မိန်းမတို့ကို နန်းတော်ထဲ ဆင့်ခေါ်လိုက်ပြီး အမုန်းတရားတွေ တိုးပွားစေခဲ့တယ်]
[အဲ့ဒီနှစ်ယောက်ကို လူမုန်းများလာလေလေ ယွဲ့မြန်ကို လူတွေ ပိုသနားလာလေလေပဲ၊ မင်းသမီးအတွက် နစ်နာမှုလျော်ကြေးတစ်ခုလို သဘောထားပြီး ဘွဲ့ရာထူးအပ်နှင်းတာကို အတော်များများက မကန့်ကွက်ခဲ့ကြဘူး]
[မင်းသမီးကို ဘွဲ့ရာထူးအပ်နှင်းမယ့်ကိစ္စကို ဘာသာရေးဝန်ကြီးဌာနက အဓိကတာဝန်ယူကိုင်တွယ်ရမှာ၊ ဘာသာရေးဒုဝန်ကြီးဖြစ်တဲ့ ကျန်းသဲ့ဟုန် ဒီတစ်ခေါက် သူ့သား ပြဿနာအကြီးအကျယ်တက်ထားလို့ ဘွဲ့ရာထူးအပ်နှင်းမယ့်ကိစ္စကို ဘာသာရေးဝန်ကြီးဌာနက အမှားအယွင်းဖြစ်ခွင့်ပေးမှာမဟုတ်ဘူး]
[ဒါ မကြုံစဖူးဖြစ်ရပ်ဆိုပေမယ့် ယွဲ့လင်းရဲ့ လှည့်စားနိုင်မှုကြောင့် ပန်းတိုင်ကိုချောချောမွေ့မွေ့ ရောက်နိုင်ခဲ့တယ်]
[ဟူး… ဉာဏ်နီဉာဏ်နက်များတယ်ဆိုတာ ဒါကိုခေါ်တာပေါ့]
ကျန်းကျီမြောင် သက်ပြင်းချလိုက်မိသည်။ ယွဲ့ဟွာ၏ရွှေလက်ချောင်းက သန်မာနေပြီး ယွဲ့လင်း သက်တမ်းတို တောင်းနေတာကြောင့်သာ မဟုတ်လျှင် အဘက်ဘက်မှ ပြည့်စုံနေသည့် ဇာတ်လိုက်မင်းသားတစ်ယောက်ကတောင် ယွဲ့လင်းကို အနိုင်ယူနိုင်ဖို့ လွယ်ကူမည်မဟုတ်ခဲ့ချေ။
ကိုယ်လုပ်တော်တွေအားလုံးလည်း မျက်နှာအနည်းငယ် ပြောင်းလဲသွားကြသည်။ အရှင်မင်းကြီး၏အမိန့်တော်ကို မိဖုရားကြီး အံ့အားသင့်မှု လုံးဝမရှိခဲ့ပါ။ ဒါကိုကြည့်ခြင်းအားဖြင့် အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့နှစ်ပါးအကြား ယုံကြည်နားလည်မှု အတော်လေးခိုင်မာနေကြပြီဖြစ်မှန်း သိနိုင်သည်။
မိဖုရားကြီးကလည်း သာမန်လူမဟုတ်ပေ။ နတ်ဘုရားတစ်ပါး ဝင်စားလာသူဖြစ်သည်။ မိဖုရားကြီး လက်ထဲမှာ မင်းသားအန်းဟယ် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရသည်။ အရှင် မင်းကြီးသာ မိဖုရားကြီးအား တစ်သက်လုံးလက်မလွှတ်ဘဲ အားကိုးအားထားပြုလိုက်လျှင် အရှင်မင်းကြီး မဖြေရှင်းနိုင်သည့် ပြဿနာဟူ၍မရှိနိုင်တော့ပေ။
သူမတို့ အနောက်နန်းဆောင်ထဲ ဝင်ရောက်လာကတည်းက သူမတို့ရဲ့ကံကြမ္မာကို အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့၏ ကံကြမ္မာနဲ့ စည်းနှောင်ခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း မင်းသားအန်းဟယ်၏လှည့်စားမှုကို သူမတို့ မိသားစုဝင်တွေ ယုံကြည်သွားမှာကိုတော့ စိုးရွံ့ကြပါသည်။
အကြောင်းအရင်းကို ရှင်းပြလို့မရသော်လည်း မိသားစုဝင်များထံ ကြိုတင်သတိပေးကာ ကောင်းကင်ဘုံ၏သားတော် အစစ်အမှန်က မည်သူမည်ဝါဖြစ်မှန်း နားလည်အောင် ပြောဆိုနိုင်ပါသည်။
-
ညည့်နက်ချိန် ရောက်သည်အထိ ယွဲ့လင်း မအိပ်စက်သေးပေ။
“အရှင်မင်းကြီး အနားယူချိန် တန်ပါပြီ”
လီသဲ့ဟွိုက် မဝံ့မရဲ လျှောက်တင်လိုက်သည်။
“ဘယ်အချိန်ရှိပြီလဲ” ယွဲ့လင်း မေးလိုက်သည်။
လီသဲ့ဟွိုက် တီးတိုးလျှောက်တင်လိုက်သည်။
“ဟိုင်အချိန်ကို (9PM – 11PM) ရောက်ပါတော့မယ်”
“ဟိုင်အချိန်…” ယွဲ့လင်း ခေတ္တစဉ်းစားလိုက်ပြီး ရုတ်တ ရက် မေးလိုက်သည်။
“မိဖုရားကြီး အိပ်စက် အနားယူသွားပြီလား”
မေးပြီးတာနဲ့တစ်ပြိုင်နက် ယွဲ့လင်း ပြုံးလိုက်သည်။ ဒီလိုအချိန်မှာ ကျန်းကျီမြောင် သူမရဲ့ဇာတ်လမ်းတွဲတွေကို ကြည့်ရှုနေဆဲဖြစ်သဖြင့် အိပ်ရာမဝင်လောက်သေးပါ။
“ဖုန့်ယီနန်းဆောင်ကို ကြွကြစို့”
ယွဲ့လင်း မတ်တပ်ရပ်လိုက်သည်။
အလွန်ထူးဆန်းပါသည်။ ယခင်တုန်းက သူတစ်ယောက် တည်း အိပ်စက်အနားယူတိုင်း ဘာပြဿနာမှ မရှိခဲ့ဘဲ ငြိမ်းချမ်းသည်ဟုပင် ယွဲ့လင်း ခံစားမိခဲ့ပါသည်။
သို့သော် ယခုမူ… သူ့အာရုံထဲ ကျန်းကျီမြောင်၏ပွစိပွစိပြောသံများ မကြားရတော့လျှင် တစ်ခုခုလိုအပ်နေသလို ခံစားနေရသည်။ သူ့ရင်ထဲ အနည်းငယ်ဟာတာတာဖြစ် လာခဲ့ပါသည်။
“အမိန့်တော်အတိုင်းပါ၊ ဒီငယ်သား ချက်ချင်း အမိန့်ပြန် ကြားလိုက်ပါ့မယ်”
လီသဲ့ဟွိုက် အမြန်လျှောက်ထားလိုက်သည်။
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်၏။
“ကြိုတင် အသိပေးစရာမလိုဘူး၊ အရှင်မ အိပ်စက်နေပြီဆိုရင် သူ့ကိုနှိုးရမှာ အားနာဖို့ကောင်းတယ်၊ ကျန်း ဒီအတိုင်းပဲကြွမြန်းမယ်”
လီသဲ့ဟွိုက် အနည်းငယ်ရင်တုန်သွားခဲ့သည်။ မိဖုရားကြီးအပေါ် အရှင်မင်းကြီးမျက်နှာလိုက်မှုက ဖုံးကွယ်လို့ပင်မရနိုင်တော့ပေ။
တော်ဝင်စာကြည့်ဆောင်ထဲမှ ယွဲ့လင်း ထွက်လာသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့ရသည်။ ရှို့အန်း နန်းဆောင်မှ မိန်းမစိုးကျိုး အချိန်ကိုက်ရောက်ရှိလာခြင်းကြောင့်ဖြစ်ပါသည်။
မိန်းမစိုးကျိုး မဝံ့မရဲ လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး! ဧကရီမယ်တော်ကြီး နာမကျန်းဖြစ်နေပါပြီ!”
ယွဲ့လင်း မျက်မှောင်ပိုကြုတ်သွား၏။ သူ့မျက်နှာကမှာ ခန့်မှန်းရခက်နေပါသည်။
“နာမကျန်းဖြစ်တယ် ဟုတ်လား”
နာမကျန်းဖြစ်သည့်အချိန်က အတော်လေး တိုက်ဆိုင်လွန်းပါသည်။
ယွဲ့လင်း မျက်လုံးထဲမှ လှောင်ပြောင်သရော်မှုတွေကို မိန်းမ စိုးကျိုး မမြင်ချင်ယောင်ဆောင်ကာ ဆက်လျှောက်တင်လိုက်သည်။
“တော်ဝင်သမားတော်ကြီးတွေကို ပင့်ပြီးသွားပါပြီ၊ ဒီတစ်ခေါက် မယ်တော်ကြီး အတော်လေး နာမကျန်းဖြစ်နေတယ်၊ နေ့လယ်ခင်းတုန်းက စတင်ခဲ့တာဆိုပေမယ့် အရှင် မင်းကြီးကို စိတ်မပူပန်စေချင်လို့ မယ်တော်ကြီး ဖုံးကွယ်ထားခဲ့တာပါ၊ သို့ပေမယ့် ညအချိန်ကိုရောက်တော့ အဖျားရောဂါ ကျမသွားဘဲ တစ်ခါတရံ ကယောင်ကတမ်းစကားတွေကိုတောင် ဆိုနေပါပြီ”
မိန်းမစိုးကျိုး မျက်ရည်တွေသုတ်ရင်း ဆက်လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီးကို မလျှောက်တင်ဖို့ ဒီငယ်သားတို့ကို မယ်တော်ကြီး တားမြစ်ထားတယ်၊ သို့ပေမယ့် မယ်တော်ကြီးက အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်ပြီး အဖျားရောဂါက ဘယ်လောက်ထိ အန္တရာယ်ရှိနိုင်သလဲ ဒီငယ်သားတို့ မသိတာမို့ လာရောက်လျှောက်ထားရခြင်း ဖြစ်ပါတယ်၊ အရှင်မင်းကြီးကို စိတ်သောကမရောက်စေချင်တာကြောင့် သာ မယ်တော်ကြီးက လျှို့ဝှက်ထားတာပါ၊ သို့ပေမယ့် ဒီအကြောင်းသာ ပေါက်ကြားသွားခဲ့ရင် အရှင်မင်းကြီးကို ဝတ္တရားမကျေပွန်တဲ့ သားတော်လို့ လူတွေစွပ်စွဲပြစ်တင်နိုင်ပါတယ်”
မိန်းမစိုးကျိုးကို ယွဲ့လင်း ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်သည်။ မိန်းမစိုးကျိုး ရင်ထဲတင်းကြပ်သွားခဲ့ပြီး စိတ်အနည်းငယ် ချောက်ချားသွားခဲ့ပါသည်။
“မယ်တော်ကြီးက မလျှောက်တင်ဖို့ တားထားပေမယ့် ငယ်သားကအချိန်ဆွဲပြီး အခုမှ လာလျှောက်တင်တယ်ပေါ့၊ မင်းတို့ ငယ်သားတွေက ကျန်းကို ဝတ္တရားမကျေပွန်တဲ့သားအဖြစ် လူတွေမြင်စရာဖြစ်အောင် တမင်သက် သက် ထောင်ချောက်ဆင်နေတာပဲ”
ယွဲ့လင်း တည်ငြိမ်စွာ မိန့်ကြားလိုက်သည်။
“မိန်းမစိုး ကျိုးချွန်းရှန်ကို ကြိမ်ဒဏ် အချက်နှစ်ဆယ်ပေးပြီး ရှို့အန်းနန်းဆောင်မှ ချက်ချင်းထုတ်ပယ်စေ!”
ကြိမ်ဒဏ်အချက် နှစ်ဆယ်ဟုတ်လား…
ရှို့အန်းနန်းဆောင်ကနေ ထုတ်ပယ်မယ် ဟုတ်လား!
ကျိုးချွန်းရှန် မျက်နှာ ဖြူဖပ်သွားပြီး အမြန်လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီး! ဒီ… ဒီငယ်သားတို့ အချိန်ဆွဲထားတာ မဟုတ်ရပါဘူး၊ မယ်တော်ကြီးက မလျှောက်တင်ဖို့တား မြစ်ထားတာကြောင့်ပါ…”
ယွဲ့လင်း သရော်စွာ ပြန်မေးလိုက်သည်။
“ဒါဆို မယ်တော်က အခုလျှောက်တင်ခွင့် ပြုလိုက်တယ်ပေါ့”
ကျိုးချွန်းရှန်: “…”
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“စိတ်ချပါ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ကြည့်ရတာ ရှို့အန်းနန်းဆောင်ထဲက ငယ်သားတိုင်း မယ်တော့်ရဲ့ ကျန်းမာရေးကို လျစ်လျူရှုထားကြတဲ့ပုံပဲ၊ ရှို့အန်းနန်းဆောင်ကို အစကနေပြန်ပြီးစီမံရတော့မယ်!”
ကျိုးချွန်းရှန် မျက်နှာအလွန်ပျက်သွားသည်။ သူဘာမှ ထပ်မပြောနိုင်ခင် သူ့ကို အစောင့်တပ်သားများ ဆွဲခေါ်သွားခဲ့ကြသည်။ သိပ်မကြာလိုက်ဘဲ ကျိုးချွန်းရှန်၏ဗလုံးဗထွေးအော်သံများ ထွက်ပေါ်လာခဲ့ပါသည်။
လီသဲ့ဟွိုက် နောက်လှည့်ကြည့်လိုက်ပြီး အနည်းငယ်ကျော ချမ်းသွားခဲ့သည်။ ခုတလော အရှင်မင်းကြီး၏ အမိန့်အာဏာများက အတော်လေးကြောက်စရာကောင်းလာပါသည်။ မင်းသားအန်းဟယ်၏ဂုဏ်သတင်းနှင့် လွှမ်းမိုးမှုတို့ ယိုယွင်းလာသောအခါ အရှင်မင်းကြီးက နန်းတော်တစ်ခုလုံးကို ပြားပြားဝပ်အောင် ထိန်းချုပ်ဖို့ ကြိုးပန်းနေပြီဖြစ်သည်။
ယခင်တစ်ခေါက်ကလည်း တော်ဝင်စာကြည့်ဆောင်ကို မြေလှန်ခဲ့ပြီး သူလျှိုတချို့ကို ရှာဖွေနိုင်ခဲ့သည်။ တော်ဝင်စာကြည့်ဆောင်၏အမှုထမ်း အားလုံးနီးပါးကို လူစားထိုးကာလဲလှယ်ခဲ့ရသည်။ ယခုမူ ရှို့အန်းနန်းဆောင်အလှည့်ကိုရောက်ရှိလာပြီဖြစ်သည်။
အစကတော့ မယ်တော်ကြီး၏နန်းဆောင်အား အရှင်မင်း ကြီး ဝင်စွက်ဖက်ဖို့ အကြောင်းအရင်းမရှိခဲ့ပါ။ သို့သော် လည်း ရှို့အန်းနန်းဆောင်ရှိအမှုထမ်းများက အရှင်မင်းကြီးကို ကိုယ်တိုင်ကိုယ်ကျ အခွင့်အရေးများလာရောက်ပေး အပ်ခဲ့လေသည်။
မယ်တော်ကြီးကို သေသေချာချာ ပြုစုစောင့်ရှောက်ခြင်းမရှိဘဲ နာမကျန်းဖြစ်စေခဲ့ခြင်းက ပထမအကြောင်းအရင်း ဖြစ်သည်။ မယ်တော်ကြီး နာမကျန်းဖြစ်နေသည့်အကြောင်းကို အမြန်ဆုံး မလျှောက်တင်ခဲ့ခြင်းက ဒုတိယအကြောင်းအရင်းဖြစ်သည်။ ထိုအကြောင်းအရင်းနှစ်ချက်နဲ့တင် အရှင်မင်းကြီး ဝင်စွက်ဖက်ဖို့ လုံလောက်သွားပြီဖြစ်သည်။
လီသဲ့ဟွိုက် မျက်လွှာချလိုက်သည်။ အရှင်မင်းကြီးကို အလိုရှိတိုင်း လှည့်စားနိုင်သည်ဟု မယ်တော်ကြီး တွေးထင်နေဆဲဖြစ်လောက်သည်။ သို့သော် အခြေအနေတွေ ပြောင်းလဲသွားတာ ကြာခဲ့ပါပြီ။ ဒီတစ်ခေါက် မယ်တော်ကြီး ဘာတွေပဲကြံစည်နေပါစေ သူ့လက်ထဲက ငါးစာတွေ ငါးနဲ့အတူ ပါသွားတော့မည်ဖြစ်သည်။
မယ်တော်ကြီး နာမကျန်းဖြစ်နေသဖြင့် အရှင်မင်းကြီး ရှို့အန်းနန်းဆောင်သို့ ကြွမြန်းရပါမည်။
ယွဲ့လင်း နှလုံးသား အလွန်တည်ငြိမ်နေသည်။ ယခင်တုန်းက မယ်တော်ကြီး မကြာခဏ နာမကျန်းဖြစ်တတ်သည်။ သူမ ဟန်ဆောင်နေသည်ဟု ယွဲ့လင်း သံသယဖြစ်ခဲ့သော် လည်း တကယ်နာမကျန်းဖြစ်တာဆိုလျှင် စိတ်ပူမိမှာတော့ အမှန်ပင်။ ယခင်တုန်းက ယွဲ့လင်း ရူးသွပ်ခဲ့သည်။ သူ့မယ်တော်အပေါ် မျှော်လင့်ချက်များ ထားရှိခဲ့သေးသည်။ ယွဲ့ဟွာက သူ့ထက်ပိုမိုထူးချွန်တာကြောင့် မယ်တော်ကြီး မျက်နှာလိုက်ရခြင်းဖြစ်သည်ဟု ယုံကြည်ထားခဲ့သည်။ သူသာ ယွဲ့ဟွာလောက် ထူးချွန်လျှင် သူလည်း မယ်တော်ကြီး ၏အသိအမှတ်ပြုမှုကို ခံရလိမ့်မည်ဟုထင်ထားခဲ့သည်။
သို့သော်လည်း ယွဲ့ဟွာက အသုံးမကျသည့် လူလိမ်လူညစ်ဖြစ်ကြောင်း အဖြစ်မှန်တွေ ပေါ်လာတာတောင် မယ်တော်ကြီးက သူ့ကို မျက်နှာသာလိုက် ချစ်မြတ်နိုးနေဆဲဖြစ် သည်။ တချို့ကိစ္စတွေဆိုတာ မျှော်လင့်ချက်ထားဖို့ မလို အပ်ပါ။ အချစ်မခံရတာက သူ့အပြစ်မဟုတ်သလို မချစ်နိုင်သည့် မယ်တော်ကြီးမှာလည်း အပြစ်မရှိပေ။ ကံစီမံသည့်အတိုင်း သူတို့အကြားသားအမိသံယောဇဉ်လစ်ဟင်း နေခြင်းသာ။
သူ့ကို မယ်တော်ကြီး စွန့်လွှတ်ခဲ့တာကြာပါပြီ။ ယခု မယ် တော်ကြီးကို သူပြန်စွန့်လွှတ်ရမည့် အချိန်ဖြစ်သည်။ ဒီနေ့ မယ်တော်ကြီး နာမကျန်းဖြစ်နေသည့်အကြောင်းကြား လိုက်ရသော်လည်း သူ့ရင်ထဲ ဘာမှ မခံစားရတော့ပါ။ တကယ်တော့ လှောင်ရယ်ချင်စိတ်လေးတစ်ခုပင် ဖြစ်မိပါသည်။
ရှို့အန်းနန်းဆောင်သို့ ယွဲ့လင်း ကြွမြန်းလာသောအခါ မယ်တော်ကြီးက ကုတင်ခေါင်းရင်းကို ကျောမှီလျက် အတော်လေး နုံးချည့်နေပုံပေါက်သည်။ တော်ဝင်သမား တော်များစွာကလည်း ခေါင်းချင်းဆိုင်ကာ မျက်မှောင် ကြုတ်ရင်း တီးတိုး ဆွေးနွေးတိုင်ပင်နေကြသည်။
တစ်ချိန်တည်းမှာပင် ထင်မှတ်ထားသည့် လူတစ်ယောက်ကိုပါ ယွဲ့လင်းမြင်လိုက်ရလေသည်။
လင်းချင်ချင်!
သူ ဒီမှာ ဘာလုပ်နေတာလဲ!