Fermentation
Vol. 7 Ch. 64
ထျန်းရွှေလမ်းကြားတွင်…
ကျန်းကျစ်ဖျင်နှင့် နဉ်ရွှယ်တို့ စံအိမ်ငယ်သို့ ပြန်ရောက်သောအခါ ကျန်းကျစ်ဖျင် စီစဉ်ပေးထားသည်ဟူသော အခြွေအရံနှစ်ယောက် ပျောက်ဆုံးသွားကြပါပြီ။
“အဲ့ဒီနှစ်ယောက် ဘယ်မှာလဲ! ဒါ ပုန်ကန်မှုမြောက်တယ်နော်!”
ကျန်းကျစ်ဖျင် ချက်ချင်း ဒေါသမီးတောက်လောင် သွားခဲ့ပါသည်။
“တွေ့လို့ကတော့ကွာ ငါ--”
“ကျန်းလန်"
နူးညံ့သိမ်မွေ့သော အသံလေးဖြင့် နဉ်ရွှယ် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး၊ ကျန်းလန်နားမှာ နဉ်ရွှယ်ရှိနေရရင်လုံ လောက်ပါပြီ”
နဉ်ရွှယ်က ဉာဏ်ထက်သူဖြစ်သည်။ အခါးရည််ဆိုင်မှာဖြစ်ပျက်ခဲ့သည့် ပြဿနာများကိုကြည့်ခြင်းအားဖြင့် သူမတို့ အကွက်ချ ကြံစည်ခံခဲ့ရမှန်း နားလည်သွားပါပြီ။ ထိုအ ခြွေအရံနှစ်ယောက်လည်း ၎င်းတို့တာဝန်များကိုအောင်မြင် ပြီးဖြစ်သဖြင့် ထွက်ပြေးသွားလောက်ပါပြီ။ ဒီမှာဆက်နေလျှင် သူမတို့ သေရုံသာရှိမည်။ ထိုအခြွေအရံနှစ်ယောက်ကို မဆိုဦးနှင့်၊ သူမပင် နည်းလမ်းတစ်ခုခုရှာမတွေ့ပါက ဇာတ်သိမ်းလှမည်မဟုတ်ပါ။
အစကတော့ သူမကို ကျန်းကျစ်ဖျင် သတ်ဖို့ကြံစည်နေတာဟု အထင်မှားပြီး လူတွေရှေ့မှာ ကိုယ်ထင်ထွက်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တရားက ဒီလိုမဟုတ်ပေ။ ကျန်းကျစ်ဖျင်က ယခင်တုန်းကလို တုံးအနေဆဲဖြစ် သည်။ အခုပြဿနာက ဘယ်လောက်ထိ ကြီးမားသလဲ ဆိုတာကိုပင် သူ မသိလောက်ပါ။
သေချာပြန်စဉ်းစားကြည့်မှ နဉ်ရွှယ် အနည်းငယ် အံ့အား သင့်ခဲ့ရပါသည်။ နောက်ကွယ်မှ ကြိုးကိုင်နေသူတစ်ဦးက သူမကို ကြံစည်ပြီး လူရှေ့သူရှေ့ ထွက်ပြအောင်လုပ်ခဲ့သည်။ ကျန်းကျစ်ဖျင်က မင်းသမီးကို လက်ဆက်ရမည့်အစား သူမကိုသာ လက်ဆက်မည်ဟုပင် အားလုံးရှေ့မှာ ထွက်ဆိုခဲ့သေးသည်။ ကျန်းကျစ်ဖျင်မှာ သူ့ကိုကယ်တင်ပေးနိုင်သည့် မိဘနှစ်ပါး ရှိနေသေးသည်။
သို့သော် သူမ ကကော…
သူမကော အသက်ရှင်နိုင်ပါ့မလား ?
ကျန်းကျစ်ဖျင် ဒဏ်ရာများကို ကုသပေးရင်း နဉ်ရွှယ်ရင်ထဲ နာကျင်သွားခဲ့သည်။ အရာရာအဆင်ပြေနေခဲ့သင့်တာ ဖြစ်သည်။ သို့သော် ဒီအဖြစ်အပျက်ကြောင့် သူမ အသက်အန္တရာယ်ရှိလာနိုင်သည်။ ကျန်းမိသားစုသာ ဒုတိယမင်းသမီးကို လက်မလွှတ်ချင်ပါက သူမကို တစ်နည်းနည်းနဲ့ ရှင်းထုတ်ကြပါလိမ့်မည်။ သူမ ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကျန်းကျစ်ဖျင်နား ကပ်နေဖို့သာ ဖြစ်သည်။
“နဉ်ရွှယ်… မင်းက ကိုယ့်အပေါ်မှာ အကောင်းဆုံးပါပဲ”
နဉ်ရွှယ်၏ လက်ကလေးကို ကျန်းကျစ်ဖျင် ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
နဉ်ရွှယ် နူးညံ့စွာ ပြန်ပြောလိုက်၏။
“နဉ်ရွှယ် ကျန်းလန်အပေါ်မှာမှ မကောင်းပေးရင် ဘယ်သူ့အပေါ် သွားကောင်းပေးရမှာလဲ”
ကျန်းကျစ်ဖျင် အလွန်ကြည်နူးသွားပြီး ဝက်ခေါင်းလိုဖြစ်နေသည့် သူ့မျက်နှာနဲ့ နဉ်ရွှယ်မျက်နှာအနား ကပ်လာခဲ့သည်။ နဉ်ရွှယ်က ထိုမျက်နှာကြီးကို နမ်းရှိုက်ချင်စိတ်မရှိသဖြင့် အနည်းငယ် ရှောင်လိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်။
“ကျန်းလန် ဒီနေ့ည ဒီမှာပဲနေပါလား”
အမှန်တကယ်တော့ ဒီနေ့ညသာမကဘဲ ကျန်းကျစ်ဖျင်ကို လုံးဝ ထွက်သွားခွင့် မပြုချင်ပါ။ နောက်ရက်ပိုင်းအတွင်း ကျန်းကျစ်ဖျင်နားမှာသာ သူမ အရိပ်လိုနေထိုင်ရပါမည်။ ဒါမှ သူမအသက်ကိုသူမ ကာကွယ်နိုင်မည်ဖြစ်သည်။
“နေမှာပေါ့… နဉ်ရွှယ်လေးက ကိုယ့်နှလုံးသားကို နားမလည်သေးဘူးလား ? ဖြစ်နိုင်မယ်ဆိုရင် နဉ်ရွှယ်လေးဘေးကနေ တစ်ခဏလေးတောင် ခွဲသွားချင်တာ မဟုတ်ဘူး” ကျန်းကျစ်ဖျင် ယစ်မူးစွာပြောလိုက်သည်။
သူ့မျက်နှာသာ ဝက်ခေါင်းလိုဖြစ်မနေလျှင် နဉ်ရွှယ် သူ့ကို ပြုစုပေးနိုင်သော်လည်း အခုတော့ ရှက်ရွံ့နေသည့်ဟန်ဖြင့် ခေါင်းသာငုံ့ထားလိုက်သည်။
သူမ မျက်နှာနား ကျန်းကျစ်ဖျင် ထပ်ကပ်ဖို့ကြံလိုက်စဉ် အေးတိအေးစက် အသံတစ်ခုထွက်လာခဲ့လေသည်။
“တစ်ခဏလေးတောင် မခွဲချင်ဘူးဟုတ်လား ? ဒီလောက် တဏှာကြီးတဲ့သားကို မွေးထားမိမှန်း ငါ မသိခဲ့ပါလား”
ဣန္ဒြေရှိသော အထက်တန်းစား သက်လတ်ပိုင်းအမျိုး သမီးကြီးတစ်ဦး ခံစားချက်မဲ့သော မျက်နှာဖြင့် စံအိမ်ထဲ ဝင်ရောက်လာခဲ့သည်။ သူမနောက်မှ လိုက်ပါလာကြသည့် အခြွေအရံများက ခြံတံခါးကိုချက်ချင်းပိတ်လိုက်ကြပါသည်။
“အမေ!”
ကျန်းကျစ်ဖျင် ထိတ်လန့်သွားသည်။
“ဒီကို ဘယ်လိုရောက်လာတာလဲ”
“ငါသာ ရောက်မလာရင် ဆောင်ကြာမြိုင်မိန်းမတစ်ယောက်အတွက်နဲ့ ကျန်းမိသားစုတစ်စုလုံးကို နင် ဖျက်ဆီးပစ်တော့မှာမှတ်လား”
သခင်မဝမ် ခက်ထန်စွာ ပြောလိုက်သည်။
ကျန်းကျစ်ဖျင် မခံမရပ်နိုင်ဖြစ်ကာ ပြန်ချေပလိုက်ပါသည်။
“အမေ! အခြေအနေက အဲ့လောက်ကြီး မဆိုးရွားပါဘူး! မင်းသမီးကို ဒီသားတော် လက်မဆက်ပါဘူးလို့မပြောခဲ့ဘူးလေ၊ ပဏာမဇနီးနေရာက သူ့အတွက်ဖြစ်ပြီးသားပဲ၊ သူ့မှာ ဘာတွေမကျေနပ်စရာရှိနေသေးလို့လဲ”
သခင်မဝမ် ဒေါသဖြင့် ရယ်မောလိုက်သည်။
“အဲ့ဒါ တော် ဝင်မင်းသမီးတစ်ပါးဆိုတာ နင်နားလည်လား! နင့်လေသံက မာလွန်းလို့ မသိရင် နင့်ကို တော်ဝင်မင်းသားတစ်ပါးလို့ ထင်သွားကြလိမ့်မယ်!”
ကျန်းကျစ်ဖျင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မယ်တော်… အဲ့ဒီ ဒုတိယမင်းသမီး ပြဿနာလာရှာနေလို့လား၊ သူ့ကို သွားပြောလိုက်စမ်းပါ၊ ပြဿနာ ဆက်ရှာနေဦးမယ်ဆိုရင် ဒီသား သူ့ကို လက်မဆက်နိုင်ဘူးလို့! သူ့အတွက်နဲ့ ဒီသားတော် နဉ်ရွှယ်လေးကိုတောင် စိတ်ထိခိုက်အောင် လုပ်မိတော့မလို့၊ သူသာ ဒီတိုင်းပြောရဆိုရခက်နေဦးမယ်ဆိုရင် ဒီလက်ဆက်ထိန်းမြှားမှုကို ဒီသား လက်မခံနိုင်တော့ဘူး၊ ကျန်းမိသားစုနဲ့ စေ့စပ်ကြောင်းလမ်းထားတာ ပျက်သွားတယ်ဆိုတဲ့ သတင်းသာထွက်သွားရင် သူ့ကို ဘယ်လို မိသားစုကောင်းမျိုးကလက်ခံနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့!”
ထိုစကားတွေကိုကြားပြီး သခင်မဝမ် ဆွံအသွားခဲ့သည်။ ကျန်းကျစ်ဖျင်ကိုလည်း မယုံကြည်နိုင်စွာ ကြည့်နေမိ သည်။
ဒီငတုံးကောင်က ငါ့ သွေးသားအရင်းကော ဟုတ်ရဲ့လား!
ကျန်းကျစ်ဖျင်ကို ဖြောင်းဖြလို့မရတော့မှန်းသိသဖြင့် သခင်မဝမ် အမိန့်ပေးလိုက်သည်။
“နဉ်ရွှယ်ကို ခေါ်သွားကြစမ်း!”
ယခင်တုန်းကတော့ ကျန်းကျစ်ဖျင် စွဲလမ်းနေသည့် အမျိုး သမီးဖြစ်သဖြင့် ဒီတိုင်းခဏလောက် လွှတ်ထားပေးဖို့ သခင်မဝမ် ဆုံးဖြတ်ခဲ့ပါသည်။ အပျော်မယားထားတာ ပြဿနာမရှိပါ။ သို့သော် ထိုအပျော်မယားက ဉာဏ်နီ ဉာဏ်နက် များလွန်းလှသည်။ ပထမတော့ ကိုယ်ဝန်ရလာအောင်လုပ်ပြီး မြို့စားရှဲ့ရှေ့မှာ ကိုယ်ထင်ထွက်ပြခဲ့သေးသည်။ ဒီလောက်ရည်မှန်းချက်ကြီးသည့် အပျော်မယားကို ချက်ချင်းရှင်းလင်းပစ်သင့်သည်။
နဉ်ရွှယ်မျက်နှာ ဖြူရော်သွားခဲ့ပြီး ကျန်းကျစ်ဖျင်လက် မောင်းကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။ “ကျန်းလန်! ကျန်းလန်နဲ့ ကျွန်မ မခွဲနိုင်ဘူး!”
ကျန်းလန်ကလည်း နဉ်ရွှယ်လက်ကို ဆုပ်ကိုင်ထားပြီး တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်ပါသည်။
“အမေ! ဒီသားတော်လည်း နဉ်ရွှယ်နဲ့ တစ်သက်လုံးခွဲမှာ မဟုတ်ဘူး”
သခင်မဝမ် မျက်နှာအလွန် အေးစက်သွားခဲ့သည်။ အခြွေ အရံများ ရှေ့ထွက်လာကြပြီး ကျန်းကျစ်ဖျင်နှင့် နဉ်ရွှယ်တို့နှစ်ယောက်ကို အတင်းအကြပ် ဆွဲခွာလေသည်။
“ကျန်းလန်!”
“နဉ်ရွှယ်လေး!”
နှစ်ယောက်သား တစ္ဆေသရဲတွေလို စတည်ညည်းတွားကြလေတော့သည်။ ကျန်းကျစ်ဖျင်က အန္တရာယ်ကိုနားမလည်လောက်သော်လည်း နဉ်ရွှယ်ကတော့ ကောင်းကောင်းကြီး နားလည်ပါသည်။ သူမကို ယခုလိုခေါ်သွားခွင့် ပြုလိုက်ပါက သေဆုံးကခြင်းကသာ စောင့်ကြိုနေလိမ့်မည်။
နဉ်ရွှယ် ဘယ်ကမှန်းမသိသည့် ခွန်အားများရလာပြီးအခြွေအရံများကို တွန်းထုတ်ကာ ကျန်းကျစ်ဖျင်ရှေ့မှာ ဒူးသွားထောက်လိုက်သည်။ မျက်ရည်များ ပိုးပိုးပေါက် ပေါက်ကျကာ သူမ ပြောလိုက်သည်။
“ကျန်းလန်! နဉ်ရွှယ်အတွက်နဲ့ သခင်မရဲ့ဆန္ဒကို လွန်ဆန်စရာမလိုပါဘူး! ကျန်းလန်သာ မင်းသမီးနဲ့ အောင်အောင် မြင်မြင် လက်ဆက်ထိန်းမြှားနိုင်မယ်ဆိုရင် နဉ်ရွှယ်ဗိုက်ထဲက ကလေးနဲ့ ဘာတွေပဲဖြစ်လာဖြစ်လာရင်ဆိုင်ဝံ့ပါတယ်!”
“သခင်မလည်း အပင်ပန်းခံစရာမလိုဘူး၊ အခုပဲ ကျမနဲ့ ဗိုက်ထဲက ကလေးတို့ ကိုယ့်ကိုကိုယ် အဆုံးသတ်လိုက်ပါတော့မယ်”
ကျန်းကျစ်ဖျင်ကို နဉ်ရွှယ် ဝမ်းနည်းညှိုးငယ်စွာ ကြည့်လိုက်သည်။
“ကျန်းလန် တောက်ပတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဒီကြင်ယာတော် ဆုတောင်းပေးပါတယ်၊ မင်းသမီးနဲ့လည်း သာယာစိုပြည်တဲ့ ဘဝတစ်ခုကို အတူတူဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်”
“နဉ်ရွှယ်အခု သွားတော့မယ်--”
ပြောပြောဆိုဆိုဖြင့် နဉ်ရွှယ် မတ်တပ်ထရပ်လိုက်ပြီး ခန္ဓာကိုယ်ကို နံရံနဲ့ ပြေးတိုက်ဖို့ကြံပါသည်။ သို့သော်လည်း သူမရဲ့ အမြန်နှုန်းမှာရုပ်ရှင်ထဲက အနှေးပြကွက်ထက်ပင်ပိုနှေးကွေးနေသည်။ ထို့ကြောင့် ကျန်းကျစ်ဖျင် လိုက်မမှီစရာ အကြောင်းမရှိပါ။
နဉ်ရွှယ်ကို ကျန်းကျစ်ဖျင် လှမ်းဆွဲလိုက်ပြီး သခင်မဝမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“အမေ… နဉ်ရွှယ်ကို သတ်ဖို့ ကြံစည်နေတာလား!”
သခင်မဝမ် အေးစက်စွာ ပြန်ဖြေလိုက်သည်။
“သူက မသေသင့်လို့လား”
“သူ့ဗိုက်ထဲမှာ ကျနော့် သွေးသားရှိနေတယ်လေ!”
ကျန်းကျစ်ဖျင် ဟိန်းဟောက်လိုက်သည်။
သခင်မဝမ်ကတော့ ခံစားချက်မဲ့စွာပဲ ပြန်ပြောလိုက်ပါသည်။
“ဒါဆို ပိုလို့တောင် သေသင့်သေးတာပေါ့!”
ကျန်းကျစ်ဖျင် မျက်လုံးထဲ ရူးသွပ်မှုတွေ ထင်ဟပ်လာခဲ့သည်။
“ဒုတိယမင်းသမီးလက်ချက်ပဲ မဟုတ်လား ? ကောလဟာလတွေကြားပြီး နဉ်ရွှယ်ကို မုန်းတီးနေလို့ သတ်ပေးပါလို့ တောင်းဆိုခဲ့တာ မဟုတ်လား ? နဉ်ရွှယ်နဲ့ သူ့ဗိုက်ထဲက ကလေးက သားတော်ရဲ့အသက်သွေးကြောပဲ! သူတို့ကို သတ်ချင်လည်းရတယ်! ဒါပေမယ့် သားတော်ကိုပါ တစ်ပါတည်း သတ်ပစ်ရမယ်!”
နဉ်ရွှယ်ရှေ့မှာ ကျန်းကျစ်ဖျင် ကာရပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“သားတော်မထိခိုက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ မယ်တော့်ဆီမှာ အများကြီးရှိမှန်းသိတယ်၊ ဒါပေမယ့် နဉ်ရွှယ်မရှိတော့ဘူးဆိုတာနဲ့ သားတော်လည်း ဒီလောကကြီးထဲမှာ ဆက်နေတော့မှာ မဟုတ်ဘူးဆိုတာ သိထားပါ!”
ကျန်းကျစ်ဖျင် အော်သံများကို နားထောင်ရင်း သခင်မဝမ် မယုံကြည်နိုင်ဖြစ်သွားသည်။
သားဖြစ်သူက… သူ့အသက်ကို သူ အသုံးချပြီးခြိမ်း ခြောက်နေတာလား ?
“နင်… နင်ရူးသွားပြီလား!”
ကျန်းကျစ်ဖျင် ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်ပြီး သူ့လည်ပင်းပေါ် ရွယ်လိုက်ပါသည်။
“ဒီသားတော် တကယ် လုပ်ရဲလား မလုပ်ရဲလား မယ်တော်စမ်းကြည့်လိုက်လေ!”
သခင်မဝမ် အလွန်ထိတ်လန့်ချောက်ချားသွားခဲ့သည်။ သူ့မှာ ဒီသား တစ်ယောက်တည်းသာရှိသည်။ သူသာ တစ်ခုခုဖြစ်သွားပါက ကျန်းမိသားစု မျိုးဆက်ပျက်သုဉ်းသွားလိမ့်မည်။
“မယ်တော့်လူတွေကိုခေါ်ပြီး အခုချက်ချင်း ပြန်လိုက်ပါ”
ကျန်းကျစ်ဖျင် ဓားမြှောင်ကို အနည်းငယ်ထပ်ဖိလိုက်ရာ လည်ပင်းပေါ်မှာ သွေးအနည်းငယ် စိမ့်ထွက်လာခ့ပါသည်။
သခင်မဝမ် နှလုံးရပ်မတန့် ကြောက်ရွံ့သွားကာ အမြန်ပြောလိုက်သည်။
“ငါသွားပါ့မယ် သွားပါ့မယ်! ကိုယ့်ကိုကိုယ် ထိခိုက်အောင် မလုပ်ပါနဲ့!”
နဉ်ရွှယ်ကို သခင်မဝမ်အငြှိုးအတေးဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမ အခြွေအရံတွေကို ခေါ်ပြီးပြန် လည် ထွက်ခွာသွားခဲ့ပါသည်။
နဉ်ရွှယ် မျက်လုံးထဲ စိတ်ကျေနပ်မှု အရိပ်အယောင်ပေါ် လာခဲ့ပါသည်။ ကျန်းကျစ်ဖျင်မှာ တုံးအသော်လည်း သူမအပေါ် တကယ် မေတ္တာရှိတာဖြစ်သည်။ ထိုမေတ္တာကို အသုံးချပြီး သူမရှင်သန်နိုင်ဖို့ နည်းလမ်းရှာဖွေနိုင်သည်။
နဉ်ရွှယ်အတွက် ကျန်းကျစ်ဖျင် သူရဲကောင်းဆန်စွာကာကွယ်ပေးနေစဉ် ယွင်ရွှေကျန့်အခါးရည်ဆိုင်မှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကောလဟာလများသည် လမ်း ကြောင်းပေါင်းစုံမှ စတင်ပြန့်နှံ့နေခဲ့ပြီဖြစ်သည်။