← Chapters

Not Even a Storybook Dares to Write It This Way

Vol. 7 Ch. 65

Not Even a Storybook Dares to Write It This Way

Vol. 7 Ch. 65

အခန်းငယ်တစ်ခုတွင် စိစစ်ဆုံးဖြတ်သူအချို့ နေ့လယ်စာအတူတူ သုံးဆောင်ရင်း တိုးညှင်းစွာဆွေးနွေးတိုင်ပင်နေကြသည်။

“ဘာ… တော်ဝင်မင်းသမီးတစ်ပါးက ဆောင်ကြာမြိုင်မိန်းမတစ်ယောက်လောက် အရေးမပါဘူးဟုတ်လား ? သူ့ပါးစပ်က အဲ့လိုစကားမျိုး တကယ်ပြောထွက်ခဲ့တာလား! ဒီကောင် ခေါင်းဖြတ်ခံရမှာ မကြောက်ဘူးလား!”

“ခေါင်းအဖြတ်မခံရတဲ့အပြင် မယ်တော်ကြီးက အဲ့ဒီလက်ဆက်ထိန်းမြှားမှုကို ဆက်လုပ်ချင်နေတုန်းပဲတဲ့”

“မယ်တော်ကြီးကလား! ယုတ္တိမရှိလိုက်တာ!”

“အခု ဒုတိယမင်းသမီးကိုယ်စား အရှင်မင်းကြီးက မယ် တော်ကြီးကို ဆန့်ကျင်ပြီးအတိုက်အခံလုပ်နေတယ်၊ အရှင် မင်းကြီးကိုယ်တိုင် ပါဝင်လာရင်တော့ ဒီထိန်းမြှားမှု ဘယ် လိုမှ အထမြောက်နိုင်တော့မှာ မဟုတ်ဘူး”

“အဲ့ဒီကျန်းကျစ်ဖျင်က တော်တော်တရားလွန်တာပဲ၊ မနက်ဖြန် ညီလာခံမှာ ဒီကောင့်ကို ကျိန်းသေပေါက် ရုံးတင် တရားစွဲရမယ်!”

“အစ်ကိုတော်လင်းကတော့ တကယ်ရဲစွမ်းသတ္တိရှိတာပဲနော်”

“စိစစ်ဆုံးဖြတ်သူတွေဖြစ်တဲ့အတွက် ဒါတွေက ငါတို့တာဝန်ပဲလေ”

“ဒီသတင်းက ခပ်မြန်မြန်ပဲပြန့်နှံ့သွားလိမ့်မယ်၊ တရားစွဲဖို့ အချိန်ကျလာတဲ့အခါ ဒီလိုအတွေးမျိုးရှိနေမှာ ငါတို့တစ် တွေပဲ မဟုတ်ဘူး”

“အမှန်ပဲ၊ မနက်ဖြန် ညီလာခံကျရင် အခြေအနေကို သိရပါလိမ့်မယ်”

မြို့တော်တစ်ဝှမ်းရှိ အခါးရည်ဆိုင်များတွင်…

ပုံပြောသူများစွာက ဇာတ်လမ်းတစ်ပုဒ်တည်းကိုသာ ပြောဆိုနေကြသည်။

“ကျန်းကျစ်ဖျင်ကို မြို့စားရှဲ့က ဝက်ခေါင်းလိုဖြစ်သွားအောင် ထိုးကြိတ်ခဲ့တာတဲ့၊ ပြီးတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး…”

“အဲ့ဒီ အမျိုးသမီး ဘာပြောခဲ့တယ်ထင်လဲ ? သူ့ဗိုက်ထဲက ကလေးကိုမွေးပြီးရင် မင်းသမီးကိုပေးပြီး ပျိုးထောင်ခိုင်းမှာတဲ့!”

-

ပြည်သူများအကြား…

သက်လတ်ပိုင်း အမျိုးသမီးကြီးတချို့စကားစမြည်ပြော ဆိုနေကြသည်။

“ကျွတ်ကျွတ်ကျွတ်… အထက်တန်းစားမိသားစုတစ်စုရဲ့ သားတဲ့လား! ငါတို့လို သာမန် ပြည်သူတွေတောင် အဲ့လို အဓိပ္ပာယ်မရှိတဲ့ စကားမျိုးပြောနိုင်မှာမဟုတ်ဘူး!”

“အဲ့ဒီ ဆောင်ကြာမြိုင်မိန်းမကို ငါ သိသလိုလိုပဲ၊ ထျန်းရွှေလမ်းကြားမှာ နေတာထင်တယ်”

“အဲ့တာဆို သွားကြည့်ရအောင်လေ! အဲ့ဒီအမျိုးသမီး ဘယ် လောက်တောင် လှနေလို့ ဒီလိုတွေဖြစ်လာတာလဲ သိချင်နေပြီ!”

-

လမ်းမပေါ်တွင်…

ကလေးများက ကြက်တောင်ကန်ရင်း ကဗျာတွေ ရွတ်ဆိုနေကြသည်။

“ကျန်းကျစ်ဖျင်၊ ခေါင်းထဲမှာလည်း ဉာဏ်မရှိ၊ မျက်နှာကလည်း ဝက်ခေါင်းလိုဖူးယောင်နေပြီး၊ မြင်ရသူတိုင်းစက် ဆုပ်ရွံရှာရ၏…”

-

ညအချိန် ထျန်းရွှေလမ်းကြားတွင်…

နဉ်ရွှယ် စံအိမ်အပြင်ဘက်တွင် နံရံတွေကိုမကြာခဏ လက်ဖြင့် လာခေါက်သူများ ရှိနေကြသလို တချို့တွေက ခွေးသွေးများထည့်ထားသည့် ရေပုံးများဖြင့် ခြံဝန်းထဲကို လှမ်းလှမ်းပက်နေကြသည်။ ခြံဝန်းတစ်ခုလုံး ညှီစို့စို့ ပုပ်အဲ့အဲ့ အနံ့များဖြင့် ဖုံးလွှမ်းသွားလေတော့သည်။

“ကျန်းလန်… မင်းသမီးဆီကိုပဲ သွားလိုက်ပါတော့လား”

နဉ်ရွှယ် ငိုကြွေးမြည်တမ်းလိုက်သည်။

“ဒီကြင်ယာတော်တို့ နှစ်ယောက်အကြား အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး”

“နဉ်ရွှယ်! ကိုယ်မင်းတစ်ယောက်တည်းကိုပဲ မြတ်နိုးတာလို့ ပြောပြီးပြီလေ!”

နဉ်ရွှယ်ကို ကျန်းကျစ်ဖျင်တင်းကြပ်စွာ ပွေ့ဖက်ထားပါသည်။ အခုချိန်မှာ ချစ်ရသူတစ်ယောက်အတွက် တစ်ကမ္ဘာလုံးကို တွန်းလှန်ဝံ့သည့် သတ္တိများ သူ့ရင်ထဲဖြစ်တည်လာခဲ့သည်။

“ကျန်းလန်”

နဉ်ရွှယ်လည်း အလွန်ကြည်နူးသွားပုံပေါ်သည်။

သူတို့နှစ်ယောက် ဘာကိုမှ ဂရုမစိုက်ဘဲ တစ်ယောက်ကိုတစ်ယောက် ဆက်ပြီး ပွေ့ဖက်ထားမိတော့သည်။

-

ကျန်းကျစ်ဖျင်၏ မှင်သက်စရာလုပ်ရပ်များအကြောင်း မြို့တော်တစ်ခုလုံးထံ ညတွင်းချင်းပြန့်နှံ့သွားခဲ့သည်။

နောက်တစ်နေ့မနက် ညီလာခံတွင် ကျန်းသားအဖတို့ကို ရုံးတင်တရားစွဲဖို့ အသနားခံလွှာများ မရေမတွက်နိုင်အောင်ဝင်လာခဲ့ပါသည်။

ယွဲ့လင်း အခက်တွေ့နေဟန်ဖြင့် ကျန်းကျစ်ဖျင်ကို မယ် တော်ကြီးက အပြစ်ပေးလိုစိတ်မရှိကြောင်းကိုသာ မိန့်ခဲ့သည်။ ကြီးမြတ်သည့် တာ့ယုံတိုင်းပြည်တွင် သားသမီးဝတ္တရားကအရေးအပါဆုံးဖြစ်သဖြင့် ဝတ္တရားမကျေပွန်သည့် သားတော် မဖြစ်ချင်ကြောင်းကိုလည်း ယွဲ့လင်း မိန့်ကြားခဲ့ပါသည်။

ဝန်ကြီးမှူးမတ်များက အလွန်သွေးဆူနေကြသဖြင့် မခံမရပ်နိုင်ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် လျှောက်တင်ခဲ့ကြသည်။ ဒုတိယမင်းသမီး၏လက်ဆက်ထိန်းမြှားမှုက တိုင်းပြည်ရေးရာကိစ္စတစ်ခုဖြစ်သဖြင့် မယ်တော်ကြီး ဝင်ပါခွင့် မရှိကြောင်း၊ ဝင်ပါလိုက်ပါက နန်းတော်၏အခွင့် အာဏာများကို နှောင့်ယှက်ရာကျနိုင်ကြောင်းပင် တချို့က လျှောက်တင်ခဲ့ကြသည်။

တချို့ကတော့ မိဘများ ယုတ္တိတန်သည့် လုပ်ရပ်ကိုလုပ်ကြသည့်အခါ အချိန်မီဖြောင်းဖြနိုင်ခြင်းကသာ သားသမီးဝတ္တရား ကျေပွန်ခြင်းအစစ်အမှန်ဖြစ်သည်ဟု လျှောက်တင်ကြပါသည်။ အရဲတင်းဆုံး မှူးမတ်တချို့ကတော့ ကျန်းမိသားစုအပေါ် မယ်တော်ကြီး ယခုလိုမျက်နှာလိုက်နေရခြင်းက လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုခု ရှိနေခြင်းကြောင့်လားဟုပင် စွပ်စွဲခဲ့ကြသည်။

ထိုကဲ့သို့ ပညာရှိပုဂ္ဂိုလ်များ ဝေဖန်ပြစ်တင်ကြသောအခါ ရိုင်းစိုင်းညစ်ညမ်းသောစကားလုံးများ မပါဝင်ပါဘဲ နားဆင်သူကို အကြောက်တရားဝင်ပြီး သတိလစ်သွားအောင်ပင် လုပ်နိုင်စွမ်းရှိလေသည်။

-

ရှို့အန်း နန်းဆောင်တွင်…

အစကတော့ သားသမီးဝတ္တရားအားအသုံးချပြီး ယွဲ့လင်းကို ဖိအားပေးဖို့ မယ်တော်ကြီးကြံစည်ခဲ့သည်။ သို့သော် ညီလာခံမှ ထိုစွပ်စွဲစကားများ ထွက်လာတာနဲ့တစ်ပြိုင်နက် မယ်တော်ကြီး အမျက်ဒေါသပေါက်ကွဲသွားခဲ့ရသည်။

“တော်ဝင်မိသားစုရဲ့ အတွင်းရေးကိစ္စတွေကို ဒင်းတို့လို အပြင်လူတွေ ဝင်စွက်ဖက်စရာလား! ဒင်းတို့အိမ်က ကိုယ့်သားသမီးကိုယ်ပဲ ဂရုမစိုက်နိုင်ကြဘူးလား!”

မယ်တော်ကြီး အလွန်ဒေါသထွက်လာပြီး ပစ္စည်းများကို စတင် ကိုင်ပေါက်လေသည်။

မယ်တော်ကြီး၏လူယုံတော်ဖြစ်သော အထိန်းတော်ဖန့်ပင် ဘေးနားမှာသာ ရပ်နေနိုင်ပြီး အသက်ပင်ကျယ်ကျယ်မရှူရဲတော့ပေ။ မယ်တော်ကြီး ဒေါသပေါက်ကွဲလို့ ပြီးခါမှ အထိန်းတော်ဖန့် တီးတိုးလျှောက်တင်လိုက်သည်။

“အဲ့ဒီ နန်းတွင်းအရာရှိတွေက အမြဲတမ်း ဒီလိုပါပဲ၊ မယ် တော်ကြီး သူတို့လိုအဆင့်နဲ့ ပြိုင်ငြင်းခုံစရာမလိုဘူး၊ ဒေါသကြောင့် မယ်တော်ကြီး ကျန်းမာရေးထိခိုက်ရမှာ မတန်ပါဘူး”

ထို့နောက် အခါးရည်ပူပူတစ်ခွက်ကို အထိန်းတော်ဖန့် ကမ်းပေးလိုက်သည်။ မယ်တော်ကြီး အခါးရည်တစ်ငုံနှစ်ငုံ သောက်ပြီးနောက် စိတ်အနည်းငယ်တည်ငြိမ်သွားကာ မေးမြန်းလိုက်ပါသည်။

“ကျန်းမိသားစုဘက်က ဘာတဲ့လဲ ? အဲ့ဒီဆောင်ကြာမြိုင်မိန်းမကို ရှင်းပြီးပြီလား”

အထိန်းတော်ဖန့် တိုးညှင်းစွာ လျှောက်တင်လိုက်သည်။

“ဘာ သတင်းထူးမှ မကြားရသေးပါဘူး မယ်တော်ကြီး”

“ဘာ ဆက်လုပ်ရမလဲဆိုတာ ကျန်းမိသားစု သိသင့်တယ်၊ အဲ့ဒီမိန်းမ မရှိတော့ဘူးဆိုတာနဲ့ ဘာသက်သေမှ ကျန်မှာ မဟုတ်တော့ဘူး၊ ဒီပြဿနာအတွက် လွတ်လမ်းရှိနိုင်သေးတယ်!”

မယ်တော်ကြီး အတွေးများနေစဉ် ညီလာခံမှ သတင်းတစ်ခု ထပ်ရခဲ့ပါသည်။

အရှင်မင်းကြီးက ကျန်းကျစ်ဖျင်ကို ဆင့်ခေါ်လိုက်လေသည်။

ထိုကျန်းကျစ်ဖျင်ကလည်း စိတ်ဝင်စားစရာကောင်းသည်။ သူနှင့် ထိုဆောင်ကြာမြိုင်မိန်းမတို့က သေအတူ ရှင်မခွဲ ဖြစ်နေသဖြင့် အရှင်မင်းကြီးထံ အခစားဝင်ရောက်ရမည်ဆိုပါက နဉ်ရွှယ်ကိုပါခေါ်ဆောင်လာမည်ဟု ကျန်းကျစ်ဖျင် လျှောက်ထားခဲ့သည်။

အရှင်မင်းကြီးကလည်း ဒီလို ယုတ္တိတန်သည့် တောင်းဆို ချက်မျိုးကို လက်ခံခဲ့သည်။

မယ်တော်ကြီး ကြက်သေသေသွားခဲ့သည်။

ဆောင်ကြာမြိုင်က မိန်းမဟုတ်လား…

သူ မသေသေးဘူးလား!

အဲ့တာထက် ကျန်းကျစ်ဖျင် ဦးနှောက်မရှိဘူးလား!

ဘာလို့ အဲ့လိုစကားမျိုးတွေ ပြောရဲတာလဲ!

-

ဖုန့်ယီနန်းဆောင်တွင်…

ကျန်းကျီမြောင်လည်း ကိုယ်လုပ်တော်များနဲ့အတူ ‘ဖရဲသီး’ စားနေပါသည်။ သူမ အတင်းအဖျင်းတွေကို သဘောကျတတ်မှန်း ယွဲ့လင်းသိသဖြင့် နောက်ဆုံးရသတင်းများကို ကျန်းကျီမြောင်ထံ အချိန်နဲ့တပြေးညီသတင်းပါးနိုင်ဖို့ မိန်းမစိုးလေး တစ်ယောက်အားတာဝန်ပေးထားပါသည်။

ကိုယ်လုပ်တော်များကလည်း အခါးရည်သောက်၊ မုန့်တွေစားရင်း စိတ်လှုပ်ရှားစရာသတင်းများကို ပျော်ပျော်ကြီး နားဆင်နေကြလေသည်။

ပထမတော့ ကျန်းကျီမြောင် ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲကို ဖွင့်ကြည့်နေဆဲဖြစ်သည်။ နောက်တော့ နဉ်ရွှယ်ကို ကျန်းကျစ်ဖျင်ခေါ်ဆောင်လာပြီး အရှင်မင်းကြီးထံ အခ စားဝင်ရောက်မည့်သတင်းကို ကြားလိုက်ရသောအခါ ကျန်းကျီမြောင် အလွန်စိတ်ဝင်စားသွားသဖြင့် ဇာတ်လမ်းတွဲကိုပင် ရပ်တန့်လိုက်ပြီး အတင်းအဖျင်းနားထောင်ဖို့သာ အာရုံစူးစိုက်ထားခဲ့သည်။

“အဲ့ဒီကျန်းကျစ်ဖျင်က တကယ့်ဟာသပဲ”

ကြင်ယာတော်သဲ့ လှောင်ပြောင်သရော်လိုက်ပါသည်။

“ဆောင်ကြာမြိုင်ကမိန်းမကို တော်တော်စွဲလမ်းနေတဲ့ပုံပဲ၊ အဲ့လောက် စွဲလမ်းနေရင်လည်း ဘာလို့ ဖုံးကွယ်ထားသေးလဲ ? အစကတည်းက သူတကယ် ချစ်မြတ်နိုးရတဲ့သူရှိမှန်း ဖွင့်ပြောခဲ့ရင် တော်ဝင်မိသားစုက သူ့ကို မင်းသမီးနဲ့ အတင်းအကြပ် လက်ဆက်ခိုင်းပါ့မလား”

“သူက နှစ်ယောက်စလုံးကို လိုချင်နေလို့ပေါ့”

ကြင်ယာတော်ချန် စက်ဆုပ်စွာဝင်ပြောလိုက်သည်။

“ဒီလောက် တုံးအတဲ့လူမျိုး တစ်သက်မှာတစ်ခါပဲ မြင်ရလောက်တယ်၊ ဒီလောက် ပြဿနာရှာနေတဲ့လူကို အရှင် မင်းကြီး ကွပ်မျက်လိုက်ရင်တောင် ဘယ်သူမှမဝေဖန်လောက်ဘူး”

ကြင်ယာတော်အန်းလည်း ဝင်ပြောလိုက်သည်။

“အဲ့လို အလွယ်တကူ ကွပ်မျက်လိုက်တော့ သူလွတ်လမ်းရသွားသလို ဖြစ်သွားမှာပေါ့”

“လက်ဆက်ထိန်းမြှားမှုကို အတင်းအကြပ်ဖန်တီးချင်နေတာက သူ မဟုတ်ဘဲ ဒုတိယမင်းသမီးဆိုပြီး ကောလဟာလတွေ ထွက်နေသေးတယ်၊ ရယ်ရလွန်းလို့ သေတော့မယ်”

“ဟိုမှာလာပြီ! မိန်းမစိုးလေး ချန်းကျစ် ပြန်လာပြီ”

“မြန်မြန်လျှောက်တင်စမ်း ချန်းကျစ်၊ ဘာသတင်းထူးလဲ”

မိန်းမစိုးချန်းကျစ်က သွားပေါ်အောင် ပြုံးလိုက်ပြီး လျှောက်တင်လိုက်ပါသည်။

“အရှင်မတို့… ဒီကိစ္စက ပိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့ပြီ၊ ကျန်းကျစ်ဖျင်ပြောခဲ့တဲ့ စကားတွေကို ကျန်းမိသားစုက ကြိုးစားပန်းစား ဖုံးကွယ်နေကြတာ၊ ဒါပေမယ့် ကျန်းကျစ်ဖျင်ကိုယ်တိုင်က အရှင်မင်းကြီးရှေ့မှာ ဝန်ခံလိုက်တယ်၊ သူက ဒုတိယမင်းသမီးရဲ့အချစ်ကို လက်မခံနိုင်ဘဲ သူတကယ် ချစ်မြတ်နိုးတဲ့သူက နဉ်ရွှယ်သာဖြစ်တယ်လို့ လျှောက်တင်ခဲ့တယ်၊ အရှင်မင်းကြီးက ကွပ်မျက်မယ်ဆိုရင်တောင် သူ့ဆုံးဖြတ်ချက် မပြောင်းလဲနိုင်ဘူးတဲ့!”

“အရှင်မင်းကြီး ချက်ချင်းအမျက်ဒေါသကြီးသွားပြီး ကျန်းကျစ်ဖျင်နဲ့ ဒုတိယမင်းသမီးက တစ်ခါမှ မတွေ့ဆုံဖူးပါလျက်နဲ့ ဒုတိယမင်းသမီးက သူ့ကို ဘယ်လိုချစ်မှာလဲလို့ မေးမြန်းခဲ့တယ်၊ ပြီးတော့ ဆောင်ကြာမြိုင် မိန်းမတစ်ယောက်ကို ဒီလောက် လက်ဆက်ထိန်းမြှားချင်နေရင်လည်း အရှင်မင်းကြီးက ခွင့်ပြုပေးမယ်လို့မိန့်ခဲ့ပါတယ်”

“နောက်ဆုံးတော့ မြို့စားဝမ်ရှင်းကလည်း သူ့မှာကျန်းကျစ်ဖျင်လို သားမျိုးမရှိဘူးလို့ ချက်ချင်းကြေညာခဲ့ပြီး စံအိမ်ကနေနှင်ထုတ်ခဲ့ပါတယ်”

“ဒါတောင် ကျန်းကျစ်ဖျင်က နောင်တမရသေးဘဲ သူ့ဆောင်ကြာမြိုင် မိန်းမနဲ့အတူတူ ရပ်တည်ပြီး သူတို့ ချစ်မေတ္တာကို ဘယ်အရာကမှမဖျက်ဆီးနိုင်ဘူးလို့ ကြွေးကြော်ခဲ့သေးတယ်”

“အရှင်မင်းကြီးက သူတို့နှစ်ယောက်ကို ကြိမ်ဒဏ် ၁၀ ချက်စီပေးပြီး နန်းတော်ထဲကနေ မောင်းထုတ်ခဲ့တယ်”

မိန်းမစိုးချန်းကျစ်၏ပုံပြောစွမ်းရည်များက သာမန်အဆင့်သာရှိသော်လည်း အကြောင်းအရာက စိတ်ဝင်စားစရာ ကောင်းလွန်းသဖြင့် အားလုံးတိတ်တဆိတ်နားထောင်ခဲ့ကြသည်။

ဆောင်ကြာမြိုင် မိန်းမတစ်ယောက်အတွက် အရာရာကို စွန့်လွှတ်သည့် ဇာတ်လမ်းမျိုးဝတ္ထုထဲမှာပင် စာရေးဆရာများ ရေးဝံ့ကြမည်မထင်ပါ။

[ဝါး… ဒါဆို တကယ်တမ်း အချစ်အတွက် ဘဝပျက်သွားရတဲ့လူက ကျန်းကျစ်ဖျင် ဖြစ်သွားပြီးကိုး!]

ကျန်းကျီမြောင် သက်ပြင်းသာ ချနိုင်ပါတော့သည်။

All Chapters