You and Lady-of-Chosen-Service Lin Share a Past Bond
Vol. 7 Ch. 67
အကျယ်ချုပ် ကျခံနေရမည့် လင်းချင်ချင်က ယခု အမွှေးနံ့သာများပင် လိမ်းခြယ်ထားခြင်းမရှိဘဲ မယ်တော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်ကျွေးနေလေသည်။
“အရှင်မင်းကြီး”
နန်းဆောင်အခြွေအရံများ အားလုံးဦးညွှတ်ဂါဝရ ပြုလိုက်ကြပါသည်။
“အရှင်မင်းကြီး…”
လင်းချင်ချင်လည်း ခေါင်းလှည့်လာပြီး ယွဲ့လင်းကိုရီဝေစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ ခါးသက်စွာ ပြုံးလိုက်ပါသည်။
“အရှင်မင်းကြီးက ဒီကို ကြွမြန်းလာစရာအကြောင်းရှိပါ့မလား ? ငါမြင်ယောင်နေတာပဲ ဖြစ်ရမယ်…”
ယွဲ့လင်း : “…”
ရုတ်တရက် ကျန်းကျီမြောင်ကို ယွဲ့လင်း သတိရသွားသည်။ မြောင်မြောင်သာ ရှိနေလျှင် ဒီလိုအခြေအနေမှာ သူမစိတ်ထဲ ဘာတွေတွေးနေမလဲ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မည်။
သို့သော် ယွဲ့လင်း တည်တည်ငြိမ်ငြိမ်သာဆက်နေခဲ့သည်။
လင်းချင်ချင် မျက်လုံးများ ပိုနီမြန်းသွားသည်။
“ဒါအိပ်မက်တစ်ခုပဲ ဖြစ်မယ်… အရှင်မင်းကြီးက ဒီငယ် သားအပေါ် အမျက်ဒေါသတွေ ထွက်နေခဲ့တာ… ဒီငယ်သားကို လာတွေ့ချင်စိတ် ရှိပါ့မလား”
ပြောပြောဆိုဆိုနဲ့ လင်းချင်ချင် မျက်ရည်များစီးကျလာခဲ့သည်။ သူမ မျက်တောင်ကော့ကော့ပေါ်မှာ မျက်ရည်တစ်ပေါက်တွဲလွဲခိုနေပြီး အလွန်ကရုဏာသက်စရာကောင်းနေသည့်ပုံ ပေါက်ပါသည်။
သို့သော် ယွဲ့လင်းကတော့ ခံစားချက်မဲ့နေဆဲပင်။ လင်းချင်ချင်၏ဟန်ဆောင်မှုတွေကို လျစ်လျူရှုလိုက်ပြီး ယွဲ့လင်း လှည့်မေးလိုက်သည်။
“သမားတော်ချန်း၊ မယ်တော်ကြီး ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ”
အလျစ်လျူရှုခံလိုက်ရသဖြင့် လင်းချင်ချင် မျက်နှာ တောင့်တင်းသွားခဲ့သည်။ ရင်ထဲမှာလည်း အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုကိုယ် နှိမ့်ချခဲ့သည်။
အခွင့်အရေး ပေးထားပါလျက်နဲ့ ယွဲ့လင်း ဘာကြောင့် မယူရတာလဲ ?
သူ့ကို တစ်သက်လုံး ခွင့်မလွှတ်တော့ဖို့ ကြံရွယ်ထားတာလား ?
လင်းချင်ချင် အံကြိတ်လိုက်မိသည်။ သူမကို ယွဲ့လင်း လုံးဝတပ်မက်မှုမရှိဘူးဟု မယုံကြည်ပါ။ ဧကန္တ နန်းဆောင်ထဲမှာ လူတွေ အများကြီးရှိနေတာကြောင့် ယွဲ့လင်း ခံစားချက်ထုတ်ပြရခက်နေတာသာဖြစ်ပါလိမ့်မည်။
ထိုအတွေးဖြင့် လင်းချင်ချင် စိတ်ပြန်လည်တည်ငြိမ်သွားခဲ့သည်။ အစ်ကိုဟွာ ပြောသည့်အတိုင်း သူမကို ဆုံးရှုံးလိုက်ရသည့်အတွက် ယွဲ့လင်းအားနောင်တရသွားအောင်သေချာ ပေါက် လုပ်ပေးရမည်။ သူမကိုအချိန်အကြာကြီးလျစ်လျူ ရှုထားခဲ့သဖြင့် ယွဲ့လင်း ပြန်ပေးဆပ်ရစေမည်။
လင်းချင်ချင် စိတ်ထဲမှာ ဇာတ်လမ်းတစ်ပုဒ်ထွင်နေစဉ် တော်ဝင်သမားတော်ချန်းကတော့ မျက်နှာမကောင်းလှပေ။
“မယ်တော်ကြီးရဲ့ ကျန်းမာရေးအခြေအနေက…”
“ဘယ်လိုဖြစ်လို့လဲ”
ယွဲ့လင်း အနည်းငယ် အံ့အားသင့်သွားသည်။
ဒီတစ်ခါ မယ်တော်ကြီး တကယ် နာမကျန်းဖြစ်နေတာများလား…
သမားတော်ချန်း မျက်မှောင်ကြုတ်လျက် ဆက်လျှောက်တင်လိုက်ပါသည်။
“ဒီငယ်သားတို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြည့်ပေမယ့် မယ်တော်ကြီး ဘယ်လို အဖျားရောဂါ စွဲကပ်နေသလဲဆိုတာ မသိနိုင်ခဲ့ပါဘူး၊ မယ်တော်ကြီးရဲ့ ခန္ဓာကိုယ်မှာ ဘာအပြစ်အနာအဆာမှမရှိပေမယ့် အားအင်ချည့်နဲ့ပြီး အဖျား တွေလည်း မကျနိုင်ဖြစ်နေပါတယ်၊ ဒီလို အခြေအနေမျိုးကို ဒီငယ်သားတို့ တစ်ခါမှ မကြုံဖူး မကြားဖူးခဲ့ပါဘူး”
တခြား သမားတော်တွေလည်း သက်ပြင်းချမိကြသသည်။ အဖျားရောဂါက ထူးဆန်းနေသဖြင့် သူတို့ ဘယ်ကနေ ဘယ်လို စကုသရမှန်းမသိဖြစ်နေကြသည်။
မယ်တော်ကြီး ချောင်းအနည်းငယ်ဆိုးလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သမားတော်တွေကို အခက်တွေ့အောင် မလုပ်ပါနဲ့ အရှင် မင်းကြီး၊ မယ်တော် ဒီအသက်အရွယ်ထိတောင် နေထိုင်နိုင်ခဲ့တာပဲ၊ နှောင်းဧကရာဇ်မင်းကြီးနဲ့ ဆုံတွေ့ဖို့ အချိန်တန်ပြီ”
“မယ်တော် အဲ့လိုစကားတွေ မပြောပါနဲ့၊ သမားတော်တွေ နည်းလမ်းတစ်ခုခု ရှာနိုင်မှာပါ”
ကုတင်ဘေးမှာ ထိုင်ရင်း မယ်တော်ကြီး၏ လက်ကို ယွဲ့လင်း ဆုပ်ကိုင်လိုက်ပါသည်။ သူမ လက်က တကယ်ပဲ ပူပြင်း တောက်လောင်နေလေသည်။ ဒီအဖျားရောဂါက… တကယ်ပဲ ပြင်းထန်ပုံရပါသည်။
ယွဲ့လင်း မျက်မှောင်ကြုတ်သွားခဲ့၏။ မယ်တော်ကြီးအ ကြောင်း သူကောင်းကောင်းသိသဖြင့် ဒီအဖျားရောဂါက သာမန်မဟုတ်မှန်း တစ်နည်းတစ်ဖုံသိနေပါသည်။ သို့သော် အတိအကျ သူထုတ်မပြောနိုင်ပေ။
“မယ်တော်တို့က အချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့ရပြီးပြီဖြစ်လို့ ဒါတွေ စိတ်မပူတော့ပါဘူး”
မယ်တော်ကြီး နူးညံ့သိမ်မွေ့စွာ မိန့်လိုက်သည်။
“တခြားသူတွေကို ထွက်ခွာခိုင်းလိုက်ပါ အရှင်မင်းကြီး၊ အရှင်မင်းကြီးကို ဒီမယ်တော် မှာစရာတွေရှိတယ်”
ယွဲ့လင်း လက်ဝှေ့ရမ်းလိုက်ရာ နန်းဆောင်ထဲမှ အားလုံး ထွက်သွားခဲ့ကြသည်။ လင်းချင်ချင်လည်း ထွက်သွားဖို့ ပြင်လိုက်ပါသည်။ သို့သော် မယ်တော်ကြီးက ရုတ်တရက် မိန့်လိုက်၏။
“ရံရွေတော်လင်း ခဏနေခဲ့ဦး”
“အမိန့်တော်အတိုင်းပါ…”
လင်းချင်ချင် တိုးညှင်းစွာ အမိန့်နာခံလိုက်လေသည်။
“အရှင်မင်းကြီး…” မယ်တော်ကြီး ပြောကြားလိုက်၏။
“ဒီအသက်အရွယ်မှာ မယ်တော်တို့အတွက် သေဆုံးခြင်း ရှင်သန်ခြင်းက အရေးမပါတော့ပါဘူး၊ ဒီမယ်တော် မစွန့်လွှတ်နိုင်သေးတဲ့အရာဆိုလို့ အရှင်မင်းကြီးနဲ့ ဟွားအာလေးတို့ပဲ ရှိတော့တယ်၊ အစက ဟွားအာလေး လက်ဆက်ထိန်းမြှားတာကို မယ်တော်မြင်ချင်ခဲ့မိတယ်၊ သို့ပေမယ့် အခုတော့ မြင်နိုင်တော့မယ်မထင်ဘူး၊ ဟွားအာလေးက အရှင်မင်းကြီးရဲ့ ညီတော်ပါ… မယ်တော်မရှိတော့တဲ့အခါကျရင် တစ်ဝမ်းတည်းက မွေးဖွားလာတဲ့သူတွေဖြစ်လို့ သူကျူးလွန်ခဲ့မိတဲ့ အပြစ်တွေကို အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ၊ သူ့အတွက် သင့်တော်တဲ့ ကြင်ယာဖက်တစ်ယောက်ကို ရှာဖွေပေးပြီး မြို့တော်ကနေထွက်သွားခိုင်း လိုက်ပါ”
ယွဲ့လင်းမျက်လုံးထဲ ထူးထူးဆန်းဆန်း အရောင်တောက်သွားခဲ့သည်။ မယ်တော်ကြီးစကားလုံးများက သေဆုံးခါနီး လူတစ်ယောက်၏ဝမ်းနည်းစရာ မှာတမ်းများ ဖြစ်ပုံရသော်လည်း သူ့ရင်ထဲ မယ်တော်ကြီးအားယုံကြည်မှု လုံးဝ မရှိပါ။
မြောင်မြောင် အတွေးစကားအရဆိုလျှင် မယ်တော်ကြီးက သူ့ထက်ပင် အသက်ပိုရှည်ရမှာဖြစ်သည်။ သုံးနှစ်ကြာပြီးနောက် သူရုတ်တရက် နတ်ရွာစံသွားသည့်အခါ မယ်တော်ကြီးက ယွဲ့ဟွာအား နန်းတော်သို့ဆင့်ခေါ်လိမ့်မည်။ ထိုအ ချိန်တွင် မယ်တော်ကြီး အလွန်စိတ်လက်တက်ကြွနေဆဲဖြစ်သည်။
မြောင်မြောင့်အတွေးသံကိုသာ မကြားခဲ့ရလျှင် ယခုလက် ရှိမယ်တော်ကြီး၏ အခြေအနေကို ယွဲ့လင်း ယုံကြည်မိလောက်သည်။ ယခုတော့ မယ်တော်ကြီးစကားများက သူ့အတွက် ဟာသတစ်ခုလိုသာ ဖြစ်နေလေသည်။
“မင်းသားအန်းဟယ်ကို မျက်နှာလိုက်ခဲ့တဲ့အတွက် ဒီမယ်တော့်ကို အရှင်မင်းကြီး အငြှိုးထားမှန်း မယ်တော် နားလည်ပါတယ်၊ ဒါပေမယ့် အဲ့လို မျက်နှာလိုက်ခဲ့ရတာက အရှင်မင်းကြီးအပေါ် မျှော်လင့်ချက်တွေ အများကြီး ပိုထားခဲ့လို့ပါ၊ အရှင်မင်းကြီးကို ဉာဏ်အမြော်အမြင်ကြီးတဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာစေချင်တာ၊ ဒါ့ကြောင့် မယ်တော်တို့ အရှင်မင်းကြီးအပေါ်မှာ လိုတာထက်ပိုပြီး ရက်စက်ကြမ်းတမ်းခဲ့ရတာ…”
မယ်တော်ကြီး နူးညံ့ပျော့ပြောင်းသည့် လေသံဖြင့် ရှင်းပြလိုက်သည်။
ယွဲ့လင်း ခံစားချက်မဲ့နေဆဲဖြစ်သည်။
“ဒီသားတော် နားလည်ပါတယ်”
သူ ဝမ်းလည်းမနည်းသလို မျက်ရည်လည်း မကျပေ။ မယ်တော်ကြီး မျက်နှာအနည်းငယ်တောင့်တင်းသွားလေသည်။ ပုံမှန်ဆို အလုပ်ဖြစ်လေ့ရှိသည့် ကိုယ့်ကိုကိုယ်ဒဏ်ရာပေးပြီး သူများကို အယုံသွင်းသည့်နည်းလမ်းက ဒီတစ်ခါတော့ ဘာအာနိသင်မှရှိမနေပါ။
သို့သော် သေချာပြန်စဉ်းစားကြည့်မှ သူ့ သားအကြီးဆုံး ယွဲ့လင်းက ခံစားချက်တွေကို ဖုံးကွယ်ထားတတ်သူဖြစ် သည်။ ရင်ထဲမှာ တစ်ခုခုခံစားနေရမှာ သေချာသော်လည်း ထုတ်မပြတာသာ ဖြစ်ပါလိမ့်မည်။
မယ်တော်ကြီး နွေးထွေးစွာ ဆက်မိန့်လိုက်သည်။
“ဟွားအာလေးရဲ့ အရေးကိစ္စတွေကို အရှင်မင်းကြီးလက်ထဲ အပ်ခဲ့လို့ရတယ်။ သို့ပေမယ့် အရှင်မင်းကြီးရဲ့အရေးကိစ္စတချို့ကိုလည်း မယ်တော်စိုးရိမ်ပူပန်မိသေးတယ်”
မယ်တော်ကြီး စိုးရိမ်ပူပန်သွားသည့် မျက်နှာဖြင့် ပြောလိုက်၏။
“အနောက်နန်းဆောင်ကို မိဖုရားကြီး ရောက်လာတဲ့ အချိန်ကစလို့ အနောက်ဆောင်တစ်ခုလုံးကို နိုင်လိုမင်းထက်ပြုမူပြီး အုပ်ချုပ်နေခဲ့တာ၊ အခုတောင် အနောက်နန်းဆောင် တစ်ခုလုံးမှာ ပူဆွေးသောကရောက်သံတွေ၊ အမျက်ဒေါသတောက်လောင်နေသံတွေကို ဒီမယ်တော်ကြားနေရတယ်”
ယွဲ့လင်း: “…”
တစ်နေကုန် အခါးရည်လေးသောက်လိုက် ဖရုံစေ့လေးဝါးလိုက် လုပ်နေတဲ့ ကိုယ်လုပ်တော်တွေကို ပြောတာများလား…
“သို့ပေမယ့် အရှင်မင်းကြီးက တခြားကြင်ယာတော်တွေကို ဂရုမစိုက်ဘဲ မိဖုရားကြီးတစ်ပါးတည်းကိုသာ အရေးအရာ ပေးချစ်မြတ်နိုးနေတယ်၊ အနောက်နန်းဆောင်နဲ့ နန်းတော်တို့ကဆက်နွယ်မှုရှိနေတာနော်၊ အနောက်နန်းဆောင်အပေါ် အရှင်မင်းကြီးဒီလို ပြုမူနေရင် နန်းတော်ထဲမှာပါဆူပူအုံကြွမှုတွေ ဖြစ်လာမှာ စိုးရတယ်”
မယ်တော်ကြီး သတိပေးလိုက်ပါသည်။
“ဒါဆို မယ်တော်က ဘယ်လိုဖြစ်စေချင်လို့လဲ”
ယွဲ့လင်းမေးမြန်းလိုက်သည်။
မယ်တော်ကြီး ချောင်းနှစ်ချက်လောက် ဆိုးလိုက်ပြီး ရှင်းပြလိုက်ပါသည်။
“ဒီတစ်ခေါက် မယ်တော် နာမကျန်းဖြစ်တဲ့အချိန် ဒီမယ်တော့်အနားမှာ ရံရွေတော်လင်းတစ်ယောက်တည်း လာရောက်ပြုစုပေးခဲ့တယ်၊ မယ်တော့်မျက်လုံးထဲမှာတော့ ရံရွေတော်လင်းက မိန်းမကောင်းလေးပဲ၊ ပြီးတော့ အရှင် မင်းကြီးအနားမှာ အချိန်အကြာဆုံး ရှိနေပေးခဲ့သူဆိုတော့ အရှင်မင်းကြီးနဲ့ ရံရွေတော်လင်းတို့အကြားမှာ သံယောဇဉ်အနှောင်အဖွဲ့တွေ ခိုင်ခိုင်မာမာ ရှိနေသေးတယ်၊ မိဖုရားကြီးတစ်ပါးတည်းကို အခုလို အရေးအရာပေးထားတာက အရာရာပျက်စီးကိန်းစိုက်မယ့် လမ်းတစ်ခုပဲ၊ အရှင်မင်း ကြီး… အားလုံးကို မျှမျှတတ အရေးပေးချိန်တန်ပါပြီ”
မယ်တော်ကြီးက အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်ခြင်းဖြစ်သဖြင့် လင်းချင်ချင် ရှက်ရွံ့စွာ ခေါင်းငုံ့သွားပါသည်။ သူမရင်ထဲ အနည်းငယ်ခါးသီးနေသည်။ ဒီတစ်ခေါက် ယွဲ့လင်း နှလုံးသားကို ပြန်ရဖို့အတွက် နည်းလမ်းပေါင်းစုံထုတ်သုံးဖို့ ယွဲ့ဟွာမှာကြားထားပါသည်။
တခြားနည်းလမ်းတွေသာ အလုပ်မဖြစ်ပါက… ယွဲ့လင်းထံမှာ သူမ အပျိုစင်ဘဝကိုပါ စတေးသင့်ကြောင်း ယွဲ့ဟွာ မှာကြားထားသည်။ သူမရဲ့ခန္ဓာကိုယ်ကော နှလုံးသားကိုကော အစ်ကိုဟွာကိုသာ အပ်နှင်းဖို့ကြံရွယ်ထားခဲ့ခြင်းဖြစ်သော်လည်း ယခုမူ ရွေးချယ်စရာမရှိတော့ချေ။ သူမ ဘယ် လောက်တောင်စတေးခဲ့ရမှန်း အစ်ကိုဟွာလည်း နားလည်သွားမည် ဖြစ်ပြီး ရှေ့လျှောက် သူမကို ပိုမိုမြတ်နိုးလာနိုင် သည်။
ယွဲ့လင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထို့ နောက် သူ့နှုတ်ခမ်းပေါ် အလွန်မသိသာသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဒီတစ်ခေါက် မယ်တော်ကြီးနာမကျန်းဖြစ်ရတဲ့ ရည်ရွယ် ချက်က ဒါကိုး…
“မယ်တော့်စကားလုံးတွေက ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ” ယွဲ့လင်း မိန့်လိုက်သည်။
“ယခင်တုန်းက ရံရွေတော်လင်းတစ်ယောက်တည်းကို ဒီသားတော် မျက်နှာသာပေးခဲ့တုန်းကလည်း နန်းတော်တစ်ခုလုံး ဆူပူအုံကြွနေခဲ့တာပဲ၊ သို့ပေမယ့် အဲ့ဒီအချိန်တုန်းက တော့ မယ်တော် ဘာမှဝင်မပြောခဲ့သလိုပဲနော်၊ အခု မိဖုရားကြီးကို အရေးပေးတာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်၊ နန်းတော်က ဘာမှမပြောနိုင်ခင် မယ်တော်ကပျက် စီးကိန်းဆိုက်မယ့်လမ်းဆိုပြီး ခေါင်းစဉ်တပ်လိုက်တယ်၊ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကို သားတော် သိပ်နားမလည်နိုင်ဖြစ်နေတယ်”
မယ်တော်ကြီးမျက်နှာ အနည်းငယ်ပျက်သွားခဲ့သည်။
ဒီအရှင်မင်းကြီးက ဘာဖြစ်နေတာလဲ!
ဘာလို့ အဲ့လောက် ပြောရဆိုရ ခက်နေတာလဲ!
အရင်တုန်းက လင်းချင်ချင်ကို ဒင်းပဲ အရူးအမူး စွဲလမ်းခဲ့တာ မဟုတ်ဘူးလား!
အခု အခွင့်အရေး အသင့်ပေးလာတာတောင် ရယူချင်စိတ် မရှိဘူးလား!
လင်းချင်ချင်ထံ မယ်တော်ကြီး လှည့်ကြည့်လိုက်သည်။ ဒီအစီအစဉ်၏ရလဒ်က အရှင်မင်းကြီးနှလုံးသားအပေါ်မှာ မူတည်နေခဲ့တာဖြစ်သည်။
သို့သော်လည်း ယခုမူ လင်းချင်ချင်၏ကိုယ်ပိုင်အစွမ်းအစအပေါ် မူတည်သွားပါပြီ။
လင်းချင်ချင် ရင်တုန်သွားပြီး မျက်ရည်များပြည့်နှက်နေသည့် မျက်လုံးများဖြင့် မော်ကြည့်လိုက်လေသည်။