← Chapters

Observation

Vol. 7 Ch. 68

Observation

Vol. 7 Ch. 68

“အရှင်မင်းကြီး… ဒီရံရွေတော်ကို အငြှိုးအတေးထားနေတုန်းပဲလား”

လင်းချင်ချင် ပါးပြင်ပေါ် မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက် စီးကျလာခဲ့ပြီး တုန်ယင်နေသော အသံဖြင့် လျှောက်တင်လိုက်ပါသည်။

“ဒီရံရွေတော် ဝန်ခံပါတယ်၊ ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးက ဒီရံရွေတော်ရဲ့အပြစ်တွေပါ၊ မင်းသားအန်းဟယ်ရဲ့ ပညာပါရမီကို လေးစားကြည်ညိုတာနဲ့ပဲ သူနဲ့ အပြင်မှာ ခိုးမတွေ့ခဲ့သင့်ဘူး၊ အချိန်အကြာကြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးတဲ့နောက်မှာတော့ ဒီရံရွေတော် အမှားကို နားလည်သွားခဲ့ပါပြီ”

ယွဲ့လင်းကို လင်းချင်ချင် စိုစွတ်ရီဝေနေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

“ယခင်တုန်းက အဲ့ဒီ လေးစားကြည်ညိုစိတ်ကို မေတ္တာစိတ်လို့ ဒီရံရွေတော် အထင်မှားခဲ့ပြီး အရှင်မင်းကြီးကို အချိန်အကြာကြီး စောင့်နေခိုင်းခဲ့မိတယ်၊ သို့ပေမယ့် အရင်တစ်ခေါက်က ပြဿနာတွေဖြစ်ပြီးတဲ့နောက်မှာ ဒီရံရွေတော် နားလည်သွားခဲ့ပါပြီ”

“ဒီရံရွေတော် တကယ်တမ်းချစ်မြတ်နိုးခဲ့တာ အရှင်မင်း ကြီးပါပဲ၊ မင်းသားအန်းဟယ်အပေါ်မှာ ခံစားခဲ့ရတဲ့ ခံစားချက်က လေးစားကြည်ညိုမှုသက်သက်ကလွဲပြီး တခြားဘာမှ မဟုတ်ဘူး၊ နာကျင်မှုတွေကြောင့် ဒီရံရွေတော်ရဲ့ နှလုံးသားထဲက ခံစားချက်အစစ်အမှန်ကို နားလည်သွားခဲ့ပါပြီ အရှင်မင်းကြီး၊ သို့ပေမယ့် အရှင်မင်းကြီးက… ဒီရံရွေတော်ကို တပ်မက်မှုမရှိတော့ဘူးလား”

ယွဲ့လင်းကို လင်းချင်ချင် ကရုဏာသက်ဖွယ်မော်ကြည့်လိုက်သည်။

ယွဲ့လင်းရှေ့မှာ ဒီလို ပျော့ညံ့မှုမျိုးထုတ်ပြဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်တုန်းကဆို သူမက အထက်စီးမှာသာနေတတ်ပြီး ယွဲ့လင်းကသာ လိုက်လံချော့မြူရတာဖြစ်သည်။ သို့သော်လည်း ယခုတော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်နေပါပြီ။ အစ်ကိုဟွာရဲ့ မဟာအကြံအစည်တွေ အောင်မြင်နိုင်ဖို့အတွက် သူမ အရှက်သိက္ခာကိုစတေး ရမည်ဆိုလည်း မမှုနိုင်တော့ပါ။

“အရှင်မင်းကြီး ဒီရံရွေတော် နှုတ်ကထွက်လာတဲ့စကား လုံးတိုင်း နှလုံးသားထဲကလာတာပါ”

ယွဲ့လင်းနား လင်းချင်ချင် တဖြည်းဖြည်းကပ်လာခဲ့သည်။

“ဒီရံရွေတော်…”

ယွဲ့လင်း မျက်မှောင်ကြုတ်လျက် မတ်တပ်ရပ်ကာ လင်းချင်ချင်နားမှအမြန်ခွာလိုက်သည်။ လင်းချင်ချင်လည်း အလျှော့မပေးဘဲ ချက်ချင်း မတ်တပ်လိုက်ရပ်ပြီး အရိုးမဲ့နေသလိုမျိုး ယွဲ့လင်းနားလိုက်ကပ်နေခဲ့ပါသည်။

“မယ်တော်!!!”

ထိုစဉ်ရုတ်တရက်ဆိုသလို စူးစူးဝါးဝါး အော်မြည်သံတစ်ခု ထွက်ပေါ်လာလေသည်။

“မယ်တော် နာမကျန်းဖြစ်နေတာ ဒီမိဖုရားကို ဘာလို့ သတင်းမပါးရတာလဲ! ဒီမိဖုရား အနောက်နန်းဆောင် ညီအစ်မတွေနဲ့အတူ မယ်တော့်ထံကို ကြွမြန်းလာခဲ့ပါပြီ!”

ဒီအသံက…

မယ်တော်ကြီး မျက်ခုံးများလှုပ်သွားသလို ယွဲ့လင်းနှုတ် ခမ်းထက်လည်း အပြုံးတစ်ခုပေါ်လာခဲ့ပါသည်။

သိပ်မကြာလိုက်ဘဲ အနောက်နန်းဆောင် ကိုယ်လုပ်တော်များနဲ့အတူတူ ကျန်းကျီမြောင် အစီအစဉ်တကျရောက် လာခဲ့ပါသည်။

ကျန်းကျီမြောင် ဝင်လာသည်နှင့် တစ်ပြိုင်နက် ယွဲ့လင်းနား ကပ်နေသည့် လင်းချင်ချင်ကိုမြင်သွားပြီး မျက်ခုံးပင့်သွားသည်။ လင်းချင်ချင်လည်း ကျန်းကျီမြောင်ကိုမြင်သွားပြီး ယွဲ့လင်းကို အဓိပ္ပာယ်ပါစွာ ပြန်ကြည့်လိုက်သည်။

“မိဖုရား ဘာကိစ္စနဲ့ ကြွလာတာလဲ”

ယွဲ့လင်းကတော့ လင်းချင်ချင် အပြုအမူကိုဂရုမစိုက်ဘဲ ကျန်းကျီမြောင်ထံ လျှောက်သွားခဲ့ပါသည်။

ယွဲ့လင်း တကယ်ကြီးထွက်သွားလိမ့်မည်ဟု လင်းချင်ချင် မထင်ထားပါ။ မှီထားစရာမရှိတော့သဖြင့် သူမ ခန္ဓာကိုယ် ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်လဲကျသွားလေသည်။

ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိ၏။

[သူမတို့ ပထမဆုံးအကြိမ် ဆုံတုန်းကလည်း လင်းချင်ချင် ကြမ်းပြင်ပေါ် လဲကျခဲ့သေးတယ်၊ အခုလည်း လဲကျပြန်ပြီ။ ရံရွေတော်လင်းက ကြမ်းပြင်တွေကိုတော်တော် သဘောကျတဲ့ပုံပဲ]

ထို့နောက် ယွဲ့လင်းကိုလည်းလှည့်ကြည့်ကာ ကျန်းကျီမြောင် တွေးလိုက်သည်။

[မေးရဲသေးတယ်နော်… ငါက ဘာလုပ်ဖို့ ကြွလာရမှာလဲ ? ငါ့ကို သတင်းပေးဖို့ နင်ပဲ မိန်းမစိုးလေးတစ်ယောက်လွှတ် လိုက်တာ မဟုတ်ဘူးလား ?]

[မယ်တော်ကြီး အချိန်မရွေး ကိစ္စချောသွားနိုင်တဲ့အထိ နာမကျန်းဖြစ်နေတယ်ဆို၊ အဲ့တာကြောင့် မိဖုရားကြီးဖြစ်တဲ့ ငါလည်း ငါ့ညီအစ်မတွေနဲ့ ကြွလာရတာပေါ့]

စိတ်ထဲမှာ စိတ်ကြိုက်တွေးပြီးနောက် ကျန်းကျီမြောင် မျက်နှာပေါ် စိုးရိမ်ပူပန်နေသော အပြုံးမျိုးပေါ်လာခဲ့သည်။

“မယ်တော် မကျန်းမမာဖြစ်နေတယ်လို့ ဒီမိဖုရား ကြားသိရလို့ စိတ်နှလုံးမချမ်းမြေ့နိုင်ဖြစ်ခဲ့ရပါတယ်၊ တခြားကိုယ် လုပ်တော်တွေကလည်း မယ်တော်ကြီးကို ချစ်မြတ်နိုးသူတွေမို့လို့ မယ်တော်ကြီး နာမကျန်းဖြစ်နေတဲ့အကြောင်း ကြားသိရင် စိတ်သောကရောက်နေမယ်ထင်လို့ အားလုံးကို ခေါ်ဆောင်လာခဲ့ရတာပါ”

“မယ်တော်…”

မယ်တော်ကြီးကို ကျန်းကျီမြောင် စိတ်ပူပန်စွာ ကြည့်လိုက်သည်။

“ယဉ်ကျေးလိမ္မာသိတတ်နေတဲ့ ဒီမိဖုရားတို့ကို မြင်လိုက်ရတော့ မယ်တော် နည်းနည်းသက်သာမသွားဘူးလား”

မယ်တော်ကြီး မျက်နှာမှောင်မိုက်သွားသည်။ ထို့နောက် ချောင်းနှစ်ချက်လောက်ဆိုးကာ မိန့်လိုက်ပါသည်။

“မိဖုရားကြီး ရောက်လာတာ အချိန်ကိုက်ပဲနော်”

“ဒီမိဖုရားတို့ သားသမီးဝတ္တရားကျေပွန်သင့်တာ မဆန်းပါဘူး”

ကျန်းကျီမြောင် လက်ခါရမ်းရင်း လျှောက်တင်လိုက်ပါသည်။

သူ့နောက်တွင် အခြွေအရံတစ်စုက ခေါင်းအုံးတွေ၊ အိပ်ရာ ခင်းတွေကိုင်ရင်း တန်းစီနေကြလေသည်။

“စိတ်ချပါ မယ်တော်၊ အခုချိန်ကစပြီး ဒီနန်းဆောင်မှာပဲ ဒီချွေးမတော် လာနေတော့မယ်၊ မယ်တော် ကျန်းမာရေး ပြန်ကောင်းမလာမချင်း ဒီသမီးတော် နန်းဆောင်ထဲကလုံးဝ ထွက်မသွားဘူး!”

သူ့စကားကို သက်သေပြဖို့အတွက် ကျွေ့ယွဲ့နဲ့ ယွင်ရှန်းတို့က အခြွေအရံတချို့ကိုခေါ်ဆောင်ပြီး ဘေးချင်းကပ်လျက်ရှိ ခန်းဆောင်ကို စတင်မွမ်းမံပြင်ဆင်ကြလေသည်။

ကာလရှည်ကြာ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု ဆင်နွှဲဖို့ ကျန်းကျီမြောင် ကြံစည်နေမှန်းသိသာလှသည်။

မယ်တော်ကြီး နှုတ်ခမ်းများတုန်ယင်သွားရ၏။ သူမ တကယ် နာမကျန်းဖြစ်နေတာ မဟုတ်ပါ၊ အစကတော့ တော်ဝင်သမားတော်တွေရောက်လာစဉ် အချိန်မှာသာ သူမ နာမကျန်းဖြစ်ချင်ယောင်ဆောင်ပြဖို့ လိုခဲ့တာဖြစ်သည်။

သို့သော် ကျန်းကျီမြောင်သာ ယခုလိုပြဿနာလာရှာပါက သူ တစ်သက်လုံး နာမကျန်းဖြစ်ချင်ယောင်ဆောင်နေရပါလိမ့်မည်။

“မိဖုရား၊ အနောက်နန်းဆောင် အရေးကိစ္စတွေက ပိုအရေး ကြီးပါတယ်၊ မိဖုရားကိုယ်တိုင် အရာရာ ဆောင်ရွက်ဖို့ မလိုဘူး၊ ဒီမယ်တော့်အနားမှာ ရံရွေတော်လင်းတစ်ယောက်လောက်ပဲရှိနေရင် လုံလောက်ပါပြီ”

မယ်တော်ကြီး အမြန် မိန့်လိုက်သည်။

“ရံရွေတော်လင်း ဟုတ်လား”

ကြမ်းပြင်ပေါ် မှောက်လဲနေသည့် လင်းချင်ချင်ကို အခုမှ မြင်မိသလို ဟန်ဆောင်ကာ ကျန်းကျီမြောင် အံ့အားသင့်စွာ ပြောလိုက်သည်။

“ရံရွေတော်လင်း! ရာသီဥတုက ပူပြင်းပြီး နန်းဆောင်ကြမ်း ပြင်တွေက အေးမြတယ်ဆိုပေမယ့် အအေးဒဏ်ခံချင်တာနဲ့ပဲ ဒီလိုရှက်စရာကောင်းအောင် နေထိုင်လို့မဖြစ်ဘူးလေ!”

လင်းချင်ချင်: “…”

ယွဲ့လင်းကို လင်းချင်ချင် သနားကမား မော်ကြည့်လိုက်လေသည်။

ယွဲ့လင်းကမူ ခံစားချက်မဲ့စွာ မိန့်လိုက်ပါသည်။

“မိဖုရား ပြောနေတာ မကြားဘူးလား”

လင်းချင်ချင် မျက်လုံးများနီမြန်းသွားသည်။ ဒီတစ်ခါတော့ သူမ တကယ်ငိုချင်သွားတာဖြစ်သည်။

ဘာလို့ ဒီလိုဖြစ်ရတာလဲ!

ကျန်းကျီမြောင်ကို ယွဲ့လင်းတကယ် ချစ်မိသွားပြီလား ?

မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူးး!

သူမအား ယွဲ့လင်း အချိန်အကြာကြီး ချစ်မြတ်နိုးခဲ့တာဖြစ်သည်။ ဒီလို အလွယ်တကူပြောင်းလဲဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

ဧကန္တ သူမ စိတ်ကို ဆွဖို့အတွက် ကျန်းကျီမြောင်အပေါ် ဟန်ဆောင်ဂရုစိုက်ပြနေတာဖြစ်မည်။ ယွဲ့ဟွာ ပြောပြဖူးသည့် ဇာတ်လမ်းတွေထဲ ဒီလိုဇာတ်လမ်းလည်း ပါဝင်ပါ သည်။ သို့သော် ဒီတစ်ခေါက် ယွဲ့လင်းစိတ်ဆိုးနေတာ အချိန်အတော်ကြာနေပါပြီ။

သူ့ကို ဘယ်အချိန်များမှ ပြန်ခွင့်လွှတ်မှာလဲ ??

လင်းချင်ချင် သက်ပြင်းချလိုက်သည်။

ရှိပါစေတော့…

အစ်ကိုဟွာ၏ဇာတ်လမ်းတွေထဲ အနာခံမှ အသာစံရသည့် ဇာတ်လမ်းမျိုးတွေကိုလည်း သူမ ကြားဖူးပါသည်။ အစပိုင်းမှာ ဇာတ်လိုက်မင်းသမီး ဒုက္ခပိုခံရလေလေ နောက် ပိုင်း ဇာတ်လိုက်မင်းသားကပိုပြီး နောင်တရလေလေဖြစ်လိမ့်မည်။ ထိုအခါ ဇာတ်လိုက်မင်းသမီးကို အဆုံးအစမရှိအောင် ချစ်မြတ်နိုးသွားပါလိမ့်မည်။

လင်းချင်ချင်က သူ့ကိုယ် သူ ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်နာနေရသည့် ဇာတ်လိုက်မင်းသမီးအဖြစ် ခံယူပြီးသားဖြစ် သည်။ သူမ တုန်ယင်စွာ မတ်တပ်ပြန်ရပ်လိုက်ပြီး ယွဲ့လင်းကို အငြှိုးကြီးစွာကြည့်လိုက်ပါသည်။

ကျန်းကျီမြောင်က ဆိုသည်။

“မယ်တော်က ရံရွေတော်လင်းကိုအနားမှာ ခေါ်ထားချင်တယ်ဆိုလည်း အဆင်ပြေပါတယ်”

မယ်တော်ကြီး စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး တစ်ခုခုပြောဖို့ ကြံလိုက်သည်။

သို့သော် ကျန်းကျီမြောင်က ချက်ချင်း ဆက်မိန့်ခဲ့ပါသည်။ “ကျွေ့ယွဲ့နဲ့ ယွင်ရှန်းတို့၊ အဲ့ဒီ ကြမ်းကွက်ပေါ်မှာ__ အေး ဟုတ်တယ် အဲ့နားလေးမှာ ခေါင်းအုံးတစ်လုံးချထားလိုက်၊ မယ်တော်က ရံရွေတော်လင်းပြုစုပေးတာကို သဘောကျတယ်၊ ရံရွေတော်လင်းကလည်း ကြမ်းပြင်ရဲ့အေးမြမှုကို သဘောကျတယ်ဆိုတော့ ဘာမှခင်းစရာမလိုဘဲ ခေါင်းအုံးတစ်လုံးလောက် ချထား‌ပေးရင် လုံလောက်မှာပါ”

ထို့နောက် ကျန်းကျီမြောင် နွေးထွေးစွာ လျှောက်တင်လိုက်သည်။

“မယ်တော် စိတ်ချတော့နော်၊ ဒီသမီးတော်ကော ရံရွေတော်လင်းတို့ကော မယ်တော့်ကို အတူတူပြုစုစောင့်ရှောက်ကြတော့မှာဆိုတော့ ကျန်းမာရေး အမြန်ဆုံးပြန်ကောင်းလာတော့မှာပါ”

မယ်တော်ကြီး ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်ဖြစ်နေပါပြီ။ သူမ တစ်ခုခုပြောချင်သော် လည်း ကျန်းကျီမြောင်ကြောင့် ဒေါသတွေထွက်ပြီး သွေး တက်လာသဖြင့် စကားပင်မပြောနိုင်တော့ပါ။

“ကြည့်ရတာ ဒီမိဖုရားရဲ့အစီအစဉ်ကို မယ်တော်လွန်စွာ နှစ်သက်နေတဲ့ပုံပဲ”

ယွဲ့လင်းထံ ကျန်းကျီမြောင် လှည့်ကြည့်လိုက်သည်။

“အရှင်မင်းကြီးကော ဘယ်လိုသဘောရလဲ”

[ဟွန်း… အခုချိန်ထိတော့ ယွဲ့လင်းက ဘော့စ်ကောင်းတစ်ယောက် ဖြစ်နေတုန်းပဲ၊ဉာဏ်လည်းကောင်းသလို ရက်ရောမှုလည်း ရှိတယ်၊ ဒါပေမယ့်… ကောင်းကွက်တွေ ဘယ် လောက်ရှိရှိ လင်းချင်ချင်နဲ့ ဇာတ်နာအချစ်ဇာတ်လမ်းရိုက်ချင်နေတဲ့၊ ချစ်စိတ်မွှန်နေတဲ့ကောင်ဆိုရင်တော့ ငါ ဘာမှ ထပ်ကူညီမပေးနိုင်ဘူး၊ ဒင်းတို့ ဇာတ်လမ်းထဲ ငါအမြှောက်စာမဖြစ်ချင်ဘူး]

ကျန်းကျီမြောင် မျက်နှာပေါ် အပြုံးမပျက်ပေ။ သို့သော် သူ့အတွေးသံကို နားထောင်ရင်း ယွဲ့လင်း တစ်ကိုယ်လုံးတုန်ခါသွားပါသည်။

လင်းချင်ချင်ကမူ ယွဲ့လင်းအား အငြှိုးအတေးဖြင့် စိုက်ကြည့်နေဆဲဖြစ်၏။ ကျန်းကျီမြောင်၏ အပြုအမူမှာ စာအုပ်တွေထဲက ‘စိတ်ပုပ်သော အရံဇာတ်ကောင်’ သဖွယ်ဖြစ်သည်။ သူမကတော့ အစပိုင်းမှာ သနားစရာကောင်းအောင် ဇာတ်နာသော်လည်း နောက်ပိုင်းမှဇာတ်သိမ်းလှမည့် ဇာတ်လိုက်မင်းသမီးပင်။

ကျန်းကျီမြောင် အရှင်မင်းကြီးရှေ့မှာ သူမကို ကြမ်းပြင်ပေါ် လှဲအိပ်ရအောင်လုပ်နေတာဖြစ်သည်။ ဒီ့အတွက် အရှင်မင်းကြီး စိတ်မကောင်းဖြစ်သွားလိမ့်မည်။ အရှင် မင်းကြီးက ကျန်းကျီမြောင်အား ထိုသို့ ယုတ်ညံ့သည့် လုပ်ရပ်မျိုး လုံးဝလုပ်ခွင့်ပြုမည်မဟုတ်ပါ။ လင်းချင်ချင် မျက်လုံးထဲ မျှော်လင့်ချက်များပြန်လည်ပြည့်ဝလာခဲ့သည်။

“အရှင်မရဲ့ အစီအစဉ်က သင့်လျော်မှုရှိပါတယ်”

ယွဲ့လင်း အသံနက်နက်ဖြင့် မိန့်လိုက်သည်။

“ဒီလိုပဲ ဆုံးဖြတ်ကြတာပေါ့”

ကျန်းကျီမြောင် စိတ်ကျေနပ်သွားပြီး မျက်တောင်တဖျပ် ဖျပ်ခတ်လိုက်ပါသည်။

[ဟုတ်ပြီ၊ အခုထိတော့ ချစ်စိတ်မွှန်‌နေတဲ့ ငတုံးကောင်မဖြစ်သေးဘူး၊ နည်းနည်းလောက် ထပ်စောင့်ကြည့်ရဦးမယ်!]

ယွဲ့လင်းထံ လင်းချင်ချင် မယုံကြည်နိုင်စွာကြည့်လိုက်သည်။

“အရှင်မင်းကြီး! ဒီရံရွေတော်ကို ကြမ်းပြင်ပေါ်မှာ တကယ် ပဲ အိပ်စက်ခိုင်းတော့မလို့လား”

ကျန်းကျီမြောင်၏ ‘နည်းနည်းလောက် ထပ်စောင့်ကြည့်မည်’ဟူသည့် အသံက ယွဲ့လင်းအာရုံထဲ ပဲ့တင်သံထပ်နေဆဲဖြစ်သည်။

လင်းချင်ချင် ရုတ်တရက် စကားဖြတ်ပြောလိုက်သဖြင့် ယွဲ့လင်း အာရုံပျက်သွားပြီး စူးစူးဝါးဝါးလှည့်ကြည့်လိုက်လေသည်။

သူ အကဲခတ် သုံးသပ်နေတဲ့အချိန် ဒီအနှောင့်အယှက်က ဘာ ဝင်ရှုပ်ပြန်တာလဲ!

All Chapters