ဇွဲလုံ့လနှင့် ပြတ်သားသော ဆုံးဖြတ်ချက်
Vol. 40 Ch. 460
"ကောင်းပါပြီ"
အစေခံက ကြေညာချက်စာအုပ်ကို သွားယူရန် နောက်သို့လှည့်ထွက်သွားသည်။ ထိုကြေညာချက်စာအုပ် ရောက်မလာမီမှာပင် ကျန်းရွှမ်သည် အနီးအနားမှနေ၍ တိုင်ပင်ဆွေးနွေးသံတချို့ကို ကြားလိုက်ရသည်။
"မင်းတို့ ကြားပြီးပြီလား... ကျန်းရွှမ်ကို ဖမ်းမိရင် မြို့စားဘွဲ့နဲ့ ကပ်ဘေးမျှဝေခြင်းဆေးလုံးအပြင် ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးရဲ့ ဆေးညွှန်းကိုလည်း တောင်းဆိုလို့ရတယ်...."
"ဘယ်လို ဆေးလုံးမျိုးက ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးလို့ ကြွေးကြော်ရဲတာလဲ"
"ထာဝရနှလုံးသားကို ဖွဲ့စည်းပေးနိုင်တဲ့ ဆေးလုံးဆိုရင် ကြွေးကြော်လို့ရတယ် မဟုတ်လား"
"သေချာတာပေါ့... ဒါပေမယ့် ဒီသတင်းက အသစ်အဆန်းမဟုတ်တော့ဘူး... နောက်ဆုံးသတင်းက ထျန်းလီတော်ဝင်မိသားစုက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူကို လူအများရှေ့မှာ ကွပ်မျက်မယ့်ကိစ္စပဲ"
"ငါလည်း ကြားတယ်... အဲ့ဒီလူက ဧကရာဇ်ရဲ့ အခွင့်အာဏာကို မလေးစားဘူး... တော်ဝင်အမိန့်တော်ကို အာခံတယ်... ပြီးတော့ ပြည်သူတွေသာ အဓိကဖြစ်ပြီးတော့ အင်ပါယာက ဒုတိယနေရာမှာရှိပြီး ဧကရာဇ်က အရေးမပါဘူးလို့ အမြဲ ပြောလေ့ရှိတယ်... ဒီလို မိစ္ဆာအတွေးအခေါ်တွေနဲ့ဆိုတော့ တော်ဝင်မိသားစုက သူ့ကို သတ်ချင်နေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး"
"ဒီလိုစကားတွေက အခွင့်အာဏာရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ယမ်းစေနိုင်တယ်... သူ့ကို အမှုန့်ကြိတ်ပစ်ရင်တောင် တရားမလွန်ဘူး..."
'သူတို့က ခုန်းရှီကို သတ်တော့မှာလား'
ပြတ်တောင်းပြတ်တောင်းစကားသံများသည် ကျန်းရွှမ်၏နားထဲသို့ ဝင်ရောက်လာပေ၏။ ကျန်းရွှမ်သည် မေးမြန်းရန် ဟန်ပြင်လိုက်စဥ်မှာပင် အစေခံက ကြေညာချက်စာအုပ်ကို ယူလာပေးသည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ခုန်းရှီအား လူသူအများရှေ့တွင် ကွပ်မျက်မည့်သတင်း ပါဝင်နေသည်။
"ကောင်းကင်ဥပဒေသမြို့တော်... ဒါက ဘယ်လို နေရာမျိုးလဲ"
ကျန်းရွှမ်၏မျက်ခုံးများ တွန့်ကွေ့သွားပြီး သူသည် ကူကယ်ရာမဲ့စွာဖြင့် နှင်းနတ်ဆိုးအရှင်ကို မေးမြန်းလိုက်၏။
ဤနတ်ဆိုးဘုရင်၏ အနှစ်သာရအမြူတေသည် လုံးလုံးလျာလျား ကုန်ခမ်းသွားပြီ ဖြစ်သော်လည်း သူ၏စိတ်ဝိညာဉ်သည် လောကကြီးအတွင်းရှိ ထပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များသာ သိရှိသော လျှို့ဝှက်ချက်များကို သိရှိထားဆဲပင်။
"ကောင်းကင်ဥပဒေသမြို့တော်က တော်ဝင်မြို့တော် အရှေ့ပိုင်းက တော်ဝင်သင်္ချိုင်းနဲ့ ရွှမ်ဟွမ်နဂါးသွေးကြောတို့ ဆုံတဲ့နေရာမှာ တည်ရှိတယ်... အဲ့ဒါက ပုံရိပ်ယောင်လေဟာနယ်ထဲမှာ ပုန်းကွယ်နေတဲ့ ထူးခြားတဲ့ နယ်မြေတစ်ခုပဲ... အစွမ်းထက်တဲ့ အကျဉ်းသားတချို့ကို ကွပ်မျက်ဖို့အတွက်ပဲ အဲ့ဒီနေရာကို ဖွင့်လှစ်လေ့ရှိပြီးတော့ ထျန်းလီတော်ဝင်မိသားစုက ထိန်းချုပ်ထားတယ်..."
နှင်းနတ်ဆိုးအရှင်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ သိထားသမျှ အရာအားလုံးကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ကျန်းရွှမ်၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူ ထိုနေရာသို့ ဝင်ရောက်ပြီးနောက် နတ်ဘုရားနယ်မြေ၏စွမ်းအားဖြင့် ဖိနှိပ်ခံရကာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားခြင်း တစ်ခုတည်းကပင် အလွန်ကြောက်မက်ဖွယ် ကောင်းနေလေပြီ။
ဤသည်မှာ တစ်စုံတစ်ယောက် ပိုင်ဆိုင်သော ကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေပေမည်။ ထိုနေရာသို့ ဝင်ရောက်သွားသော အပြင်လူတိုင်း ထောင်ချောက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။
"ဒါက မင်းသားယွမ်ချင်း တမင်တကာ ဖြန့်လိုက်တဲ့ သတင်းပဲ ဖြစ်ရမယ်... ရည်ရွယ်ချက်က တစ်ခုတည်းပဲ ရှိတယ်...ဒါက ငါ့ကို မျှားခေါ်ဖို့ပဲ..."
ကျန်းရွှမ် ချက်ချင်း နားလည်သဘောပေါက်သည်။
ထီးနန်းလုပွဲမှ အနိုင်ရလာသူ တစ်ဦးသည် ဤမျှထိ ကောက်ကျစ်စဉ်းလဲခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကျန်းရွှမ်သည် ရန်သူအား အခက်တွေ့စေရန် ကျင်းတစ်ကျင်း တူးပေးခဲ့လေ၏။ ပြန်လည်တုံ့ပြန်မှုအနေဖြင့် တစ်ဖက်လူကလည်း သူ့ကို အကျပ်ရိုက်စေမည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
သူနှင့်ခုန်းရှီတို့သည် ဆရာတပည့်ဖြစ်သည့်အပြင် မိတ်ဆွေများလည်း ဖြစ်ပေ၏။ ထိုကြောင့် သူ အသတ်ခံရမည်ကို သူ မည်သို့မျှလှုပ်ရှားခြင်းမပြုဘဲ စောင့်ကြည့်နေရန်မှာ လုံးဝမဖြစ်နိုင်ချေ။
သို့ရာတွင် သူ အမှန်တကယ် သွားရောက်ကယ်ဆယ်ပါက ရန်သူ၏ခြုံခိုတိုက်ခိုက်မှုထဲသို့ ဝင်ရောက်သွားသည့်အလား သေလမ်းသာ ရှိပေလိမ့်မည်။
"ငါ ဘာလုပ်သင့်လဲ"
မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ပေါင်းများစွာသော အတွေးများသည် သူ၏စိတ်ထဲတွင် ပျံ့လွင့်နေပြီး သူ မည်ကဲ့သို့ပြုလုပ်ရမည်ကို ဝေခွဲ၍မရတော့ချေ။
"သခင်က အဲ့ဒီလူကို ကယ်တင်ဖို့ စဉ်းစားနေတာတော့ မဟုတ်လောက်ပါဘူးနော်"
သူ တွေဝေနေသည်ကို မြင်တွေ့ချိန်၌ နှင်းနတ်ဆိုးအရှင်က ခေါင်းခါယမ်းလိုက်၏။
"အဲ့ဒီအကြံအစည်ကို စွန့်လွှတ်ဖို့ ကျွန်တော်အကြံပေးချင်တယ်... ထျန်းလီအင်ပါယာ တည်ထောင်ပြီးတဲ့နောက် မကြာခင်မှာပဲ တည်ထောင်ခဲ့တဲ့ ကောင်းကင်ဥပဒေသမြို့တော်က တော်ဝင်မိသားစုရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး သေဆုံးသွားပြီးတဲ့နောက်မှာ ဖွဲ့စည်းထားတဲ့ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတစ်ခုပဲ...
နှစ်တွေကြာလာတာနဲ့အမျှ အဲ့ဒီနယ်မြေက နှစ်ထောင်သောင်းချီကြာမြင့်တဲ့ အင်ပါယာရဲ့ကံကြမ္မာစွမ်းအားတွေကို စုဆောင်းထားခဲ့ပြီးတော့... တတိယတန်းစား ကံကြမ္မာ ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့ အဆင့်ကို နားလည်သဘောပေါက်ထားတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ပြီးပြီ... တစ်ယောက်မှ မလွတ်မြောက်ခဲ့ဖူးဘူး"
"သခင်က ထာဝရနှလုံးသားကို အသုံးပြုပြီးတော့ အသက်ပင်လယ်နယ်ပယ် နဝမအဆင့် စွမ်းအားကို ထုတ်လွှတ်ရင်တောင်...ဒီအရာကို အသုံးပြုမှုတိုင်းက စွမ်းအားပမာဏ အများကြီးကို ကုန်ဆုံးစေတယ်... "
"သခင်မှာ အနှစ်သာရအမြူတေ လုံလောက်မှုမရှိတာကို ထည့်မပြောနဲ့အုံး...တကယ်လို့ သခင်မှာ ရှိခဲ့ရင်တောင်မှ... ကောင်းကင်ဥပဒေသမြို့တော်အတွင်းက အစွမ်းထက်တဲ့ ရန်သူတွေရဲ့ အဆုံးမရှိတိုက်ခိုက်မှုတွေကို သခင်က ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ"
ကျန်းရွှမ် တိတ်ဆိတ်ငြိမ်သက်သွားသည်။
မင်းသားယွမ်ချင်းသည် သူ့ကို မျှားခေါ်ရန်အတွက် ဤသတင်းကို တမင်သက်သက် ဖြန့်ဝေခဲ့လျှင် သူ့ကို ခြုံခိုတိုက်ခိုက်ရန် လုံလောက်သော အင်အားစုများကို ကြိုတင်ပြင်ဆင်ထားမည်ဖြစ်ပြီး သူ့ကို အခွင့်အရေးပေးမည် မဟုတ်ချေ။
မင်းသားယွမ်ချင်းသည် ဤအစီအစဥ် အောင်မြင်သွားခဲ့ပါက ထာဝရနှလုံးသားသည် သူ၏ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်ပြီး ပြီးပြည့်စုံသော ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်နိုင်ပေလိမ့်မည်။
ဤကဲ့သို့ အခွင့်အရေးမျိုးကို မင်းသားယွမ်ချင်းသည် မည်သည့် အမှားအယွင်းမျှ မရှိစေရန်အတွက် စေ့စေ့စပ်စပ် ပြင်ဆင်ထားမည်မှာ သေချာပေါက်ပင်။
"ငါ သူ့ကို ကယ်တင်ချင်တယ်"
ကျန်းရွှမ်၏အသံက တိုးညှင်းစွာ ထွက်ပေါ်လာသည်။
"မင်း သေမှာကို မကြောက်ဘူးလား"
နှင်းနတ်ဆိုးအရှင် အံ့အားသင့်သွားသည်။
သူသည် သေရမည်ကို ဂရုမစိုက်သူများအား မြင်တွေ့ဖူးသော်လည်း ဤမျှအတိုင်းအတာအထိ အဆင်အခြင်မဲ့သူကို မမြင်တွေ့ဖူးချေ။
"ငါ ကြောက်တယ်... ဒါပေမယ့် ဒီသတင်းကို သိရက်သားနဲ့ ငါ မကယ်ဘဲ နေတာက သေတာထက် ပိုပြီးနာကျင်ရလိမ့်မယ်"
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
တချို့သောအရာများသည် မလုပ်ဆောင်သင့်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရပေမည်။
ခုန်းရှီကိုကယ်တင်ခြင်းသည် အလွန်အန္တရာယ်များမည်မှာ သေချာပေါက်ပင်။ သို့ရာတွင် သူ ကယ်တင်ခြင်းမပြုပါက ခုန်းရှီ သေဆုံးရလိမ့်မည်။
ဤခရီးလမ်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေကြောင်း သူ သိထားသော်လည်း သူ၏ဆရာလည်းဖြစ် မိတ်ဆွေလည်းဖြစ်သောသူကို ဤနေရာတွင် အသေခံခိုင်းရန် သူ မလိုလားချေ။
"သခင်.."
နှင်းနတ်ဆိုးအရှင် စိုးရိမ်ပူပန်စပြုလာသည်။
"ကိစ္စကြီးတွေကို အောင်မြင်တဲ့သူတွေက အသေးအမွှားကိစ္စတွေကို ဂရုမစိုက်ကြဘူး...အတိတ်မှာ ဧကရာဇ်ဖုရှန်းက အိမ်ရှေ့စံမင်းသားရာထူးကို ရယူဖို့အတွက် သူ့ရဲ့ ဇနီးနဲ့ သားကိုတောင် သတ်ခဲ့ဖူးတယ်... ဒါကြောင့် ဒုတိယမင်းသားဖြစ်တဲ့ ယွမ်ချင်းက အိမ်ရှေ့စံမင်းသား ဖြစ်ဖို့ အရည်အချင်း ပြည့်မီသွားတာပဲ... ခုန်းရှီက မင်းနဲ့ ဆက်ဆံရေး ကောင်းမွန်တယ် ဆိုရင်တောင် သူက မိတ်ဆွေတစ်ယောက်ပဲလေ... အများဆုံးအနေနဲ့ မင်း အနာဂတ်မှာ သူ့အတွက် ငွေစက္ကူ နည်းနည်းလောက် မီးရှို့ပေးနိုင်တာပေါ့... တကယ်လို့ မင်း သူ့ကို ကယ်တင်မယ်တိုရင် မင်းတို့နှစ်ယောက်လုံး သေဆုံးသွားနိုင်ခြေက အရမ်းမြင့်မားတယ်"
ကျန်းရွှမ်၏အကြည့်သည် အဝေးတစ်နေရာသို့ ကျရောက်သွားပေ၏။
"အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လဲ"
ဤခရီးစဉ်တစ်လျှောက်လုံး၌ မည်သည့်တိုက်ပွဲသည် သေရေးရှင်ရေးတိုက်ပွဲ မဟုတ်ခဲ့ဖူးသနည်း....။
သူ အသက်ရှင်ကျန်ရစ်ခဲ့သည့် အကြိမ်တိုင်းသည် သူ့ထံ၌ ကြီးမားသော ပါရမီ သို့မဟုတ် ကံကောင်းခြင်းတို့ ရှိနေခြင်းကြောင့် မဟုတ်ဘဲ သူ၏စိတ်နှလုံးသားထဲရှိ တခြားလူများနှင့် မတူညီသော ယုံကြည်ချက်နှင့် ဇွဲလုံ့လတို့ကြောင့်ပင်။
သူ၏အနာဂတ်သည် မရေရာပြီး စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေလျှင်ပင် မုန်တိုင်းပြီးနောက် မိုးကောင်းကင်ကြည်လင်လာကာ ပန်းများပွင့်လန်းလာမည်ဟု သူ အစဥ်အမြဲ ယုံကြည်နေပေမည်။
"သခင်..."
သူ၏နားချမှု အရာမထင်သည်ကို မြင်တွေ့ချိန်၌ နှင်းနတ်ဆိုးအရှင်က လက်လျှော့လိုက်သည်။
သူသည် ကျန်းရွှမ် ပို၍သန်မာလာချိန်၌ သူ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ချက်ဖြင့် အရှုံးပေးခဲ့ခြင်း ဖြစ်ပြီး သေလမ်းရှာရန် မဟုတ်ပေ။
သို့ရာတွင် ကျန်းရွှမ်၏လေသံကို နားထောင်ခြင်းအားဖြင့် သူ့ကို တားဆီး၍ရမည် မဟုတ်ကြောင်း သိသာထင်ရှားနေသည်။
"သခင်တို့ လူသားတွေက တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတယ်... နတ်ဆိုးဖြစ်ရတာ ပိုပြီးလွယ်ကူတယ်... ကိုယ်ကျင့်တရားနဲ့ စိတ်ခံစားချက်တွေရဲ့ ကန့်သတ်ချက်တွေ မရှိဘဲနဲ့ ဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရတယ်..."
နှင်းနတ်ဆိုးအရှင်က ညည်းတွားလိုက်၏။
"မင်း ညည်းတွားနေတာ ရပ်ပြီးတော့ ငါ့ကို ကူညီဖို့ နည်းလမ်းတစ်ခုကို မြန်မြန်စဉ်းစားစမ်းပါ"
ဆုံးဖြတ်ချက်ချပြီးနောက် ကျန်းရွှမ်သည် စိတ်ခံစားချက်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်မှု တိုးတက်လာသည်ကို ခံစားလိုက်ရပြီး သူ၏စိတ်ကို ပို၍တည်ငြိမ်သွားစေသည်။
"ကောင်းပြီလေ"
အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက် ဤလူငယ်၏ ပြတ်သားသောဆုံးဖြတ်ချက်ကို တားဆီး၍ မရကြောင်း သဘောပေါက်လိုက်သဖြင့် နှင်းနတ်ဆိုးအရှင်က သူ၏နားထင်ကို ပွတ်သပ်လိုက်သည်။
"မင်း တကယ် သွားချင်တယ်ဆိုရင် မင်းရဲ့ လက်ရှိစွမ်းအားက မလုံလောက်ဘူး... အကောင်းဆုံးကတော့ ကိစ္စနှစ်ခုကို ကြိုတင်ပြီး လုပ်ဆောင်တာပဲ... မင်း ဒီကိစ္စတွေကို အောင်မြင်သွားရင် ကောင်းကင်ဥပဒေသမြို့တော်ကနေ လူကယ်ထုတ်ဖို့အတွက် အခွင့်အရေး ရှိကောင်း ရှိနိုင်တယ်"
"ကိစ္စနှစ်ခုလား... ဘာတွေလဲ"
ကျန်းရွှမ်က စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။
ဗဟုသုတကြွယ်ဝသော ရှေးဟောင်းနတ်ဆိုးတစ်ကောင် ဆိုသည့်အတိုင်း သူ့ထံတွင် အမှန်တကယ်ကို အစီအစဉ်တစ်ခု ရှိနေပေ၏။
"ပထမအချက်က မင်းရဲ့လက်ရှိစွမ်းအားက မလုံလောက်ဘူး... ဆိုလိုတာက မင်း အနှစ်သာရအမြူတေတွေ ပိုပြီးလိုအပ်တယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သူ့ထံတွင် ထာဝရနှလုံးသား ရှိသော်လည်း လုံလောက်သော အနှစ်သာရအမြူတေများ မရှိချေ။ ယုဟိုင်ကို သူ သတ်ဖြတ်ခဲ့ပြီးနောက် ရရှိခဲ့သော စွမ်းအားအများစုသည် သူ ထွက်ပြေးစဉ်က ကုန်ခမ်းသွားခဲ့လေပြီ။
ဆိုလိုသည်မှာ သူသည် ထာဝရနှလုံးသားကို ပိုင်ဆိုင်ထားသော်လည်း သူ ထုတ်ဖော်အသုံးပြုနိုင်သော စွမ်းအားသည် နန်းတော်ကိုးခုမြေအောက်လောကပင်လယ်တွင် ရှိနေစဉ်ကထက် များစွာပို၍လျော့နည်းနေပေမည်။
ထိုစဉ်က သူသည် အသက်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်။ ယခုလက်ရှိ အခြေအနေအရ ကောင်းကင်ဥပဒေသမြို့တော်သို့ ဝင်ရောက်ကာ လူသူအများရှေ့၌ ခုန်းရှီကို ကယ်တင်ရမည်ဖြစ်သောကြောင့် ပို၍ဆိုးရွားပုံရသည်။
"မင်းမှာ နည်းလမ်း ရှိလား"
နှင်းနတ်ဆိုးအရှင်သည် အစီအစဉ်မရှိဘဲ အကြံပြုမည် မဟုတ်ကြောင်း သိထားသဖြင့် ကျန်းရွှမ်က မေးမြန်းလိုက်၏။
"သေချာတာပေါ့"
နှင်းနတ်ဆိုးအရှင်က ရယ်မောလိုက်သည်။
"ဒါက သခင် လုပ်ရဲမလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"
"ငါ့ကို ပြောပါ"
ကျန်းရွှမ်က တိုက်တွန်းလိုက်သည်။
"ဒါက ရိုးရှင်းပါတယ်... ငါ့ရဲ့စွမ်းအားနဲ့ တူညီတဲ့ ဒါမှမဟုတ် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ နတ်ဆိုးခေါင်းဆောင်တချို့ကို ငါ သိထားတယ်... မင်းက အခွင့်အရေးရှာပြီးတော့ သူတို့ကို သတ်ဖြတ်နိုင်ရင် လုံလောက်တဲ့ အနှစ်သာရအမြူတေတွေ ရလာလိမ့်မယ်... ဒါဆိုရင် မင်းက မင်းသားယွမ်ချင်းကို ကြောက်ဖို့မလိုတော့ဘူး"
နှင်းနတ်ဆိုးအရှင်က သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပနေသည်။