← Chapters

Attending to the Illlness

Vol. 7 Ch. 69

Attending to the Illlness

Vol. 7 Ch. 69

ယွဲ့လင်း သွေးအေးစွာ မိန့်လိုက်သည်။

“ဘာလဲ နန်းတော်ထဲမှာ ကျန်းနဲ့မိဖုရားတို့ရဲ့အမိန့်က ဘာအာနိသင်မှ မရှိတော့ဘူးလား ? မယ်တော်က ရံရွေတော်လင်းကို နူးညံ့သိမ်မွေ့ပြီး သိတတ်လိမ္မာတယ်လို့ချီးကျူးခဲ့တယ်၊ မိဖုရားကလည်း သဘောထားကြည်ဖြူစွာနဲ့ ရံရွေ တော်လင်းကို မယ်တော်ကြီးရဲ့ခြေရင်းဖျားမှာ အိပ်ခွင့်ပေးခဲ့တယ်၊ ရံရွေတော်လင်း ဒီလောက်ထိတွန့်ဆုတ်နေပုံထောက်ရင်တော့ မိဖုရားရဲ့အမိန့်အာဏာကိုလွန်ဆန်ချင်လို့လား ? ဒါမှမဟုတ် မယ်တော်ကြီးကို ပြုစုစောင့်ရှောက်ပေးချင်စိတ် တကယ်မရှိလို့လား ?”

လင်းချင်ချင် မျက်နှာဖြူရော်သွားပြီး ယွဲ့လင်းကို မယုံ ကြည်နိုင်စွာကြည့်လျက် မျက်ရည်များထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့လေသည်။ သူနှင့် ယွဲ့လင်းတို့ ဇာတ်နာစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်အား ကျော်ဖြတ်နေရမှန်း သိသော်လည်း ယွဲ့လင်းဒီလိုဆက်ဆံသည့်အခါ သူမ စိတ်မထိန်းနိုင်ဘဲ တကယ်ဝမ်းနည်းမိသည်။

“အရှင်မင်းကြီး ရံရွေတော်လင်းကို နားလည်မှုမလွဲပါနဲ့၊ ကြည့်ပါဦး သူ ဝမ်းသာလုံးဆို့ပြီး မျက်ရည်တွေတောင် ကျလာပြီ” ကျန်းကျီမြောင် လျှောက်တင်လိုက်သည်။

“ဒါဆို ကျန်းနားလည်မှုလွဲသွားတာ ဖြစ်မှာပါ”

ယွဲ့လင်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။

“အားလုံး မိဖုရား စီစဉ်ထားတဲ့အတိုင်းပဲ ဖြစ်စေရမယ်”

ယွဲ့လင်း အတော်လေးလိမ္မာနေသဖြင့် ကျန်းကျီမြောင် ကျေနပ်သွားသည်။

“အရှင်မင်းကြီးက တစ်ရက်ကို နန်းတွင်းနန်းပြင်အရေးကိစ္စပေါင်း သောင်းခြောက်ထောင် စီမံဖြေရှင်းနေရတာ၊ ဒီကို အမြဲတမ်းကြွမြန်းလာဖို့ မသင့်တော်ပါဘူး”

ကျန်းကျီမြောင် နွေးထွေးစွာ လျှောက်တင်လိုက်ပါသည်။

“ဒီနန်းဆောင် ကိစ္စအဝဝကို ဒီမိဖုရားလက်ထဲသာ အပ် ထားလိုက်ပါ၊ အရှင်မင်းကြီး ဘာမှ စိတ်ပူစရာမလိုတော့ဘူး”

“အရှင်မ ဒီမှာရှိနေရင် ကျန်းစိတ်သက်သာရာ ရပါတယ်”

ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။

“ဒါဖြင့်ရင် ဘေးဘက်ခန်းဆောင်ကို အမြန်ဆုံးရှင်းလင်းဖို့ လီသဲ့ဟွိုက်ကို ကျန်းအမိန့်ပေးလိုက်မယ်။ ပြီးရင် ဘေးဘက်ခန်းဆောင်မှာ ကျန်းတို့ ယာယီနေထိုင်မယ်၊ အရှင်မ လိုအပ်တာရှိရင် အချိန်မရွေးတောင်းဆိုနိုင်ပါတယ်”

မယ်တော်ကြီး နာမကျန်းဖြစ်နေသဖြင့် တစ်စုံတစ်ယောက်ကပြုစုစောင့်ရှောက်ပေးရမှာတော့ သေချာပါသည်။ ပုံမှန်ဆို မယ်တော်ကြီးကို ပြုစုစောင့်ရှောက်ပေးရသူများက မိဖုရားကြီးနှင့် ကိုယ်လုပ်တော်များဖြစ်သင့်သည်။ အထူး သဖြင့် မိဖုရားကြီးဖြစ်သည်။ မယ်တော်ကြီး အပြင်းအ ထန် နာမကျန်းဖြစ်နေသော်လည်း မိဖုရားကြီးအနားမှာ ရှိမပေးလျှင် လူပြောများစရာဖြစ်ပြီး ဂုဏ်သတင်းကျဆင်းနိုင် သည်။

ယွဲ့လင်း မိန်းမစိုးကျိုးအား အပြစ်ပေးပြီး ကျန်းကျီမြောင်ထံအကြောင်းကြားဖို့ ချက်ချင်းလူလွှတ်ခဲ့ခြင်းဖြစ်သည်။ ကျန်းကျီမြောင်ကလည်း အမြန်လှုပ်ရှားခဲ့သည်။ သူတို့နှစ်ယောက် နောက်တစ်ကြိမ် အတိုင်အဖောက်ညီညီ လှုပ်ရှားနိုင်ခဲ့ကြသည်။ ကျန်းကျီမြောင် လူကိုယ်တိုင်ကြွလာရုံမဟုတ်ဘဲ အိပ်ရာကိုပါ ယူဆောင်လာခဲ့ခြင်းပင်။

ယခုအချိန်ကစပြီး ကျန်းကျီမြောင် မည်သို့ပြုစုစောင့် ရှောက်ပါစေ မယ်တော်ကြီး ဘာမှပြောနိုင်မည်မဟုတ်တော့ပေ။

ကျန်းကျီမြောင် စိတ်ဓာတ်ကို ယွဲ့လင်းကောင်းကောင်းသိသည်။ ကျန်းကျီမြောင်က အနိုင်ကျင့်ခံမည့် လူစားမျိုး မဟုတ်ပါ။ သို့သော်လည်း မျှော်လင့်မထားတာတစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် အချိန်မှီလှုပ်ရှားနိုင်စေဖို့အတွက် ဘေးဘက်ခန်းဆောင်မှာ ယွဲ့လင်း ယာယီနေထိုင်ဖို့ဆုံးဖြတ် လိုက်သည်။ ထို့အပြင် ရှို့အန်းနန်းဆောင်ကိုလည်း ခေါင်းအစ ခြေအဆုံးပြန်လည်စီမံနိုင်မည်ဖြစ်သည်။

“အမိန့်တော်အတိုင်းပါ”

ကျန်းကျီမြောင်အမိန့်နာခံလိုက်သည်။ ထို့နောက် အနောက် ဆောင်အဖွဲ့ကို လှည့်ပြောလိုက်ပါသည်။

“မယ်တော်က နာမကျန်းဖြစ်နေတာဆိုတော့ လူတွေအများကြီးမြင်ချင်မှာ မဟုတ်ဘူး၊ ဂါဝရပြုစရာရှိတာ ပြုပြီးရင် ကိုယ့်နန်းဆောင် ကိုယ် ပြန်ကြပါ”

ကြင်ယာတော်သဲ့နှင့် တခြားသူတွေအားလုံး အမြန်ဦးညွှတ်ဂါဝရပြုလိုက်ကြပါသည်။

[အားလုံး မြင်လိုက်တယ်မလား! မယ်တော်ကြီးအတွက် ဒီမိဖုရားရဲ့အိပ်ရာကိုတောင် ရှို့အန်းနန်းဆောင်ဆီ ရွှေ့လာခဲ့တာ အားလုံးမြင်တယ်မလား ? ဒါကို သားသမီးဝတ္တရား ကျေပွန်တယ်လို့ခေါ်တယ်! ဒါမျိုးကို လူသိရှင်ကြားဖြစ်အောင် မကြေညာသင့်ဘူးလား]

ကျန်းကျီမြောင် နှုတ်မှထုတ်ပြောလို့ မရသော်လည်း အနောက်ဆောင်အဖွဲ့ကို မျှော်လင့်တကြီးစိုက်ကြည့်လိုက် ပါသည်။

အားလုံးက ညီအစ်မတွေပဲ…

ငါ့ဆန္ဒကို သူတို့ နားလည်ကြမှာပါ ဟုတ်တယ်မလား ?

ကြင်ယာတော်သဲ့နှင့် ကိုယ်လုပ်တော်များလည်း စိတ်ထဲမှ တွေးလိုက်ကြပါသည်။

နားလည်တာပေါ့ ကောင်းကောင်းကြီး နားလည်တယ်!

ဧကရီမိဖုရားကြီးရဲ့ ဝတ္တရားကျေပွန်မှုအကြောင်း လူအများကြားသိရအောင် သူမတို့ တတ်စွမ်းသမျှ ဂုဏ်သတင်း ဖော်ဆောင်ပေးပါမည်။

ထို့နောက် ခန်းဆောင်ထဲမှ လူအရေအတွက်တဖြည်း ဖြည်း လျော့နည်းသွားခဲ့သည်။ ကျွေ့ယွဲ့နှင့် ယွင်ရှန်းတို့ကို ကျန်းကျီမြောင် ပြန်လွှတ်လိုက်သောအခါ ခန်းဆောင်ထဲ လူသုံးယောက်သာ ကျန်ခဲ့တော့သည်။ မယ်တော်ကြီး၊ လင်းချင်ချင်နဲ့ ကျန်းကျီမြောင်တို့ပင်။

“မယ်တော့်အခြေအနေ ဘယ်လိုရှိလဲ၊ အဖျားတက်နေတုန်းပဲလား”

မယ်တော်ကြီး၏ နဖူးကို ကျန်းကျီမြောင် စိတ်ပူပန်စွာ စမ်းကြည့်လိုက်ပါသည်။ နဖူးကိုကိုင်ကြည့်သောအခါ တကယ်ပူခြစ်နေလေသည်။ ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားခဲ့၏။

မယ်တော်ကြီး… တကယ်နာမကျန်းဖြစ်နေတာလား ?

ထို့နောက် စနစ်စတိုးဆိုင်ထဲဝင်လိုက်ပြီး အသေးစားကျန်း မာရေးစစ်ဆေးမှုအဆောင်လေးတစ်ခုကို အမြန်ရှာလိုက်သည်။

“အသေးစားကျန်းမာရေး စစ်ဆေးမှုအဆောင်: ၂ မှတ်

အသုံးပြုရန် လူနာ၏ခန္ဓာကိုယ်ကို ၅ စက္ကန့်ခန့် ထိတွေ့ထားပါ”

မယ်တော်ကြီး နဖူးပေါ်မှ ကျန်းကျီမြောင် လက်မဖယ်သေးဘဲ အသေးစားကျန်းမာရေးစစ်ဆေးမှုအဆောင်ကိုအသုံး ပြုလိုက်သည်။

“မယ်တော်ကြီး ဖျားနာရခြင်း အကြောင်းအရင်းကိုစစ် ဆေးပါ”

၂ မှတ်တည်းမလား! ဒါဆို တတ်နိုင်တာပေါ့။

မယ်တော်ကြီး ဘာတွေဖြစ်နေသလဲ ကြည့်ရအောင်…

“မိဖုရား အပူချိန်စမ်းလို့ မပြီးသေးဘူးလား”

မယ်တော်ကြီး မချိုမချဉ်ပြောလိုက်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ ကိုယ်အပူချိန် အမှန်တကယ်မြင့်တက်နေတာဖြစ်သည်။ တော်ဝင်သမားတော်တွေတောင် ပြဿနာရင်း မြစ်အား ရှာမခဲ့သဖြင့် ကျန်းကျီမြောင်လို သာမန်လူကရှာနိုင်မည်မထင်ပါ။

“ပြီးပါပြီ ပြီးပါပြီ”

၅ စက္ကန့်ပြည့်တာနဲ့တစ်ပြိုင်နက် ကျန်းကျီမြောင် လက်ဖယ်လိုက်သည်။

“အသေးစား ကျန်းမာရေးစစ်ဆေးခြင်းပြီးဆုံးပါပြီ။

မယ်တော်ကြီး နာမကျန်းဖြစ်ရခြင်းအကြောင်းအရင်း: အဆိပ်မိခြင်း

ထိုအဆိပ်ကို သောက်သုံးပြီး ၆ နာရီအတွင်း ကိုယ်အပူချိန်တဖြည်းဖြည်း တက်လာပါမယ်။ ၆ နာရီ ပြည့်တဲ့အချိန်မှာ မယ်တော်ကြီးရဲ့ ကိုယ်အပူချိန်က ၃၈.၅ ဒီဂရီဆဲစီးယပ်စ်နဲ့ ညီမျှနေပါမယ်။ ၆ နာရီကျော်လွန်တဲ့အခါ အပူချိန်ပြန် လည်ကျဆင်းသွားပါမယ်။ ၂၄ နာရီအတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

မှတ်ချက်: ထိုအဆိပ်ကို သုံးဆောင်ခြင်းက ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်”

ကျန်းကျီမြောင် အနည်းငယ်မျက်နှာပျက်သွားသည်။

အဆိပ်မိတာတဲ့လား…

မယ်တော်ကြီး တကယ် အဆိပ်မိနေတာပဲ!

သို့သော် မယ်တော်ကြီး တည်ငြိမ်နေပုံကို ကြည့်ခြင်းအား ဖြင့် နောက်ကွယ်က အကြောင်းအရင်းကိုသိနေတာ ဖြစ်ရမည်။ ထို့ကြောင့် ထိုအဆိပ်ကို သူ ကိုယ်တိုင်သောက်သုံးထားခြင်းဖြစ်နိုင်သည်။ သူမ ကိုယ့်ဆန္ဒနဲ့ကိုယ် အဆိပ်သောက်ရလောက်သည့်အထိ ဖြောင်းဖြနိုင်မည့်လူက ယွဲ့ဟွာကလွဲပြီး တခြားမရှိနိုင်ချေ။

ယွဲ့ဟွာဘက်တွင် ဆေးပညာရှင်ကြီးတစ်ဦး၏မျိုးဆက်ဖြစ်သူ လူယုံတော်တစ်ယောက်ရှိမှန်း ကျန်းကျီမြောင် မှတ် မိသွားသည်။ ကြင်ယာတော်စု၏ ညီမ၊ စုမိသားစု၏တရား မဝင်သမီး စုစစ်ယောင်ပင်။ ကြင်ယာတော်စုအား အဆိပ်လူးလက်ကောက် လက်ဆောင်ပေးခဲ့ဖူးသူဖြစ်သည်။

မယ်တော်ကြီး အဆိပ်မိနေတဲ့ကိစ္စက အဲ့ဒီ စုစစ်ယောင်နဲ့များ သက်ဆိုင်နေမလား ?

သက်ဆိုင်နေတယ်ဆိုရင် မယ်တော်ကြီးကကော သူ့ခန္ဓာကိုယ် ထိခိုက်နိုင်မှာသိသိလျက်နဲ့ အဆိပ်ကိုသောက်ခဲ့တာလား ?

မယ်တော်ကြီးကို အဆိပ်တိုက်ကျွေးတုန်းကတော့ အကျိုး ဆက်တွေကို ယွဲ့ဟွာ အမှန်အတိုင်းထုတ်မပြောခဲ့သည်မှာ သေချာသည်။

ကျန်းကျီမြောင် မျက်နှာအနည်းငယ် လေးနက်သွားခဲ့သည်။ ယွဲ့ဟွာကတော့ အတော်လေးဝတ္တရားကျေသည့် သားတစ်ယောက် ဖြစ်နေပါပြီ။

မူရင်းဝတ္ထုထဲမှာ ယွဲ့ဟွာနန်းတက်ပြီး သိပ်မကြာလိုက်ဘဲ မယ်တော်ကြီး နတ်ရွာစံသွားခဲ့သည်။

ဧကန္တ ယွဲ့ဟွာ ဝတ္တရားကျေပွန်လွန်းလို့ မယ်တော်ကြီး နတ်ရွာစံသွားတာများလား ?

စိတ်ထဲမှာ အတွေးပေါင်းစုံဝင်နေသော်လည်း မယ်တော်ကြီးကို ဒါတွေထုတ်ပြောဖို့ ကျန်းကျီမြောင် အစီအစဉ်မရှိပါ။ ထုတ်ပြောလျှင်တောင် မယ်တော်ကြီး ယုံကြည်မည် မထင်ပါ။ ထို့ကြောင့် ဖြစ်လာမည့် ကံကြမ္မာကို သူမရဲ့ အဖိုး တန်သားတော်နဲ့ အတူတူ ရင်ဆိုင်ခိုင်းလိုက်တာ ပိုကောင်းပါလိမ့်မည်။

ထို့နောက် လင်းချင်ချင်ကို ကျန်းကျီမြောင် လှည့်ကြည့်လိုက်သည်။

“ရံရွေတော်လင်း၊ မယ်တော်က ရံရွေတော်လင်းကို အပြု အစုကောင်းတယ်လို့ ပြောထားတယ်၊ အဲ့တာကြောင့် ဒီမှာ နေခွင့်ပေးခဲ့တာ မဟုတ်ဘူးလား၊ ဒီမိဖုရားရဲ့အမြင်မှာတော့ ရံရွေတော်လင်းက အပြုအစုကောင်းတဲ့လူတစ်ယောက်နဲ့ တူမနေဘူး၊ သောက်ပြီးသား ဆေးပန်းကန်ကို ဒီတိုင်း ချထားတယ်! မယ်တော်ကြီး ဒီလောက် အဖျားတက်နေတာကို ရေနွေးလေးယူပြီး ရေပတ်တိုက်ပေးဖို့စိတ်မကူးဘူးလား!”

လင်းချင်ချင် နှုတ်ခမ်းများတည်တင်းသွားပြီး ကျန်းကျီမြောင်ကို မကျေမနပ်ကြည့်လိုက်သည်။

“ဒီကိုမြန်မြန်လာ!” ကျန်းကျီမြောင် ထိုင်နေရာမှထပေး လိုက်သည်။

“မယ်တော်က ရံရွေတော်လင်းရဲ့အပြုအစုကို အရမ်းသဘောကျတာ။ ဒီမိဖုရားလည်း ဘေးမှာစောင့်ကြည့်ပြီး သင်ယူလို့ရတာပေါ့”

စကားတွေလွန်ပြီးပြီဖြစ်သဖြင့် လင်းချင်ချင်အမှန်တကယ်ပြုစုပေးရုံသာ ရှိတော့သည်။ မယ်တော်ကြီးကမူ ဘာမှမပြောသော်လည်း ဘေးမှာမတ်တပ်ရပ်နေသည့် ကျန်းကျီမြောင်မှာ မကြာခဏ ဆရာကြီးဝင်ဝင်လုပ်ကာ ငေါက်နေပါသည်။

“ဖြည်းဖြည်းလုပ်ဟဲ့! ဆေးကို အဲ့လောက် အလောတကြီး တိုက်ရသလား!”

“မြန်မြန်လုပ်လေ! မယ်တော်အိပ်ငိုက်နေပြီ မမြင်ဘူးလား!”

“နင်ဘာလို့ အဲ့လောက် ချွေးထွက်နေတာလဲ၊ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး ဆေးတိုက်လိုက်၊ ကြမ်းပြင်က အေးတယ်မလား”

“ဆေးတိုက်ပြီးပြီလား၊ ရေနွေးအမြန် သွားပြင်လေ”

“ရေပတ် သေချာတိုက်ပေးလိုက်!”

“ဒီရံရွေတော်လင်းက ဘယ်လိုလဲ မယ်တော်! သူ့ကြည့်ရတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသလိုပဲ!”

“ကိုယ် အပူချိန်တက်နေတုန်းပဲ နဖူးပေါ်မှာ ရေပတ်တင်ထားလိုက်!”

“ပူနေတုန်းပဲလား… အင်း… မိဖုရားတို့ နည်းလမ်းမှားပြီထင်တယ်၊ မယ်တော့်ကို စောင်အမြန်ခြုံပေးလိုက်စမ်း ရံရွေတော်လင်း! ချွေးထွက်ရင် အပူတွေလည်း ထွက်သွားလောက်တယ်!”

ကျန်းကျီမြောင် အချိန်အတော်ကြာအောင် ဘေးမှရပ်ပြီး ညွှန်ကြားခဲ့သည်။ မယ်တော်ကြီး သူမ လူယုံတော်တွေကို အော်ခေါ်သော်လည်းဘယ်သူမှဝင်မလာကြပေ။ထို့ကြောင့် မယ်တော်ကြီး စိတ်ချောက်ချားသွားခဲ့ရသည်။

ဒါ ဘယ်လို အခြေအနေကြီးလဲ!

နာမကျန်းဖြစ်နေတာကို အကြောင်းပြပြီး သူမအကြံအ စည်တွေကို အကောင်အထည်ဖော်ချင်ခဲ့တာဖြစ်သည်။ သို့သော် ယွဲ့လင်းက အရင်တုန်းကနဲ့ မတူတော့တာကို မေ့လျော့သွားခဲ့သည်။ သူမ နာမကျန်းဖြစ်နေသဖြင့် ဟန် ဆောင်နေသည်ဆိုလျှင်တောင် အိပ်ရာထဲမှာပဲ လှဲလျောင်းနေရမည်ဖြစ်ကာ ရှို့အန်းနန်းဆောင်ကို အုပ်စိုးနိုင်စွမ်းရှိမှာ မဟုတ်တော့ပါ။ ဒါကိုအခွင့်ကောင်းယူပြီး ရှို့အန်းနန်းဆောင်ထဲမှာ ယွဲ့လင်းဘာတွေ လုပ်နေမလဲ မသိနိုင်ပေ။

မယ်တော်ကြီး စိတ်တွေချောက်ချားလာပြီး မတ်တပ်ရပ်ကာအပြင်ထွက်ကြည့်ဖို့ ကြိုးစားလိုက်ပါသည်။

“ရံရွေတော်လင်း! မယ်တော်ကြီး နာမကျန်းဖြစ်နေတာကို ဘာလို့ အိပ်ရာထဲက ထခွင့်ပေးလိုက်တာလဲ ? မယ်တော့်ကို အိပ်ရာထဲ ပြန်ပို့ပေးလိုက်လေ”

ကျန်းကျီမြောင့် တွန့်ဆုတ်မှုမရှိဘဲ အမိန့်ပေးလိုက်သည်။

“မိဖုရား!” မယ်တော်ကြီး ဒေါသထွက်သွားသည်။

“အတင့်ရဲလိုက်တာ! ဟန်ဆောင်မနေစမ်းနဲ့! နင့်စိတ်ထဲမှာ ဒီမယ်တော် ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ”

ကျန်းကျီမြောင် ထိတ်လန့်သွားသည်။

“မယ်တော် နာမကျန်းဖြစ်နေတာ မဟုတ်ဘူးလား ? အခုကျတော့ အတော်လေး အားအင်ပြည့်ဝ တက်ကြွနေတဲ့ပုံပဲနော်”

မယ်တော်ကြီး ကြက်သေသေသွားလေသည်။

All Chapters