A Coordination Game
Vol. 7 Ch. 70
ကျန်းကျီမြောင် တကယ်ဇဝေဇဝါဖြစ်နေသည့် မျက်နှာမျိုး လုပ်ပြနေသည်။
မယ်တော်ကြီးမျက်နှာ တောင့်တင်းသွားသည်။ မကြာသေးခင်ကမှ အားအင်တွေပြည့်ဝနေသော်လည်း ချက်ချင်းဆိုသလို ခွန်အားမဲ့ချည့်နဲ့သွားခဲ့လေသည်။
“အောင်မယ်လေး… ငါ့ခေါင်း…”
မယ်တော်ကြီး ညည်းတွားရင်း အိပ်ရာထဲ ပြန်လှဲနေလိုက် ပါသည်။
“မယ်တော့် ခန္ဓာကိုယ်က တကယ်အားနည်းနေတုန်းပဲ”
ရံရွေတော်လင်းကို ကျန်းကျီမြောင်လှည့်ကြည့်လိုက်သည်။
“ရံရွေတော်လင်း ဒီမိဖုရားက ရံရွေတော်လင်းလောက်မပြု စုတတ်ဘူး၊ အဲ့တာကြောင့် မယ်တော့်ကို ပြုစုစောင့်ရှောက်ရမယ့် တာဝန်ကို ရံရွေတော်လင်းပဲ ယူရမယ်နော်”
လင်းချင်ချင် အံကြိတ်လိုက်မိသည်။
မယ်တော်ကြီးကို ပြုစုပေးချင်လို့ ဒီမှာလာနေတာလို့ ကျန်းကျီမြောင်ကိုယ်တိုင်ပြောခဲ့တာ မဟုတ်ဘူးလား!
ပြုစုပေးဖို့လာတာလား သူနဲ့ မယ်တော်ကြီးတို့ကို နှိပ်စက်ဖို့ လာခဲ့တာလား!
“အခုချိန်ထိ နှေးကွေးနေတုန်းပဲလား”
ကျန်းကျီမြောင် မျက်ခုံးပင့်လျက် ခက်ထန်စွာ မိန့်လိုက်သည်။
“ရေတစ်ခွက် အရင်သွားငှဲ့လိုက်၊ အဲ့လောက်အထိ လိုက်ညွှန်ကြားနေရမှာလား”
လင်းချင်ချင် ရင်ထဲ ဝမ်းနည်းမှုများတလိမ့်လိမ့်တက်လာခဲ့ပါသည်။ သို့သော် သူ အမြန်အားတင်းလိုက်သည်။
ထားလိုက်ပါ ကိစ္စမရှိဘူး!
အခြေအနေတွေကို လျှို့ဝှက်အကဲခတ်ဖို့ အရှင်မင်းကြီး လူတွေလွှတ်ထားမှာ သေချာသည်။ ကျန်းကျီမြောင် သောင်းကျန်းလေလေ သူ့အတွက် အရှင်မင်းကြီး မေတ္တာသက်ညှာစိတ် ပိုမိုပေါ်ပေါက်လာလေလေဖြစ်နိုင်သည်။ ဒီလိုတွေးကြည့်ပါက ကျန်းကျီမြောင်ကို သူမ ကျေးဇူးပင် တင်သင့်ပါသေးသည်။
ဇာတ်နာအချစ်ဇာတ်လမ်းထဲက ဇာတ်လိုက်အမျိုးသမီးအဖြစ် ကိုယ့်ကိုကိုယ်ခံယူပြီးနောက် လင်းချင်ချင်အားအင် များ ပြည့်ဝသွားခဲ့ပြီး ရှေ့မှာ ရင်ဆိုင်ရမည့် အခက်အခဲတွေကိုလည်း မမှုတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက နောက်ဆုံး အောင်နိုင်သူ ဖြစ်မှာသေချာသည်။။ သူမခန္ဓာကိုယ်ကို ယွဲ့လင်း ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်သွားနိုင်သော်လည်း နှလုံးသားကတော့ အစ်ကိုဟွာ၏ထာဝရ အပိုင်ဖြစ်သည်။
တောက်ပသည့်အနာဂတ်အကြောင်း စိတ်ကူးယဉ်ရင်း သနားစရာကောင်းသည့် ကြာဖြူလေးအဖြစ် ပိုမိုပိရိစွာ သရုပ်ဆောင်ဖို့ လင်းချင်ချင် ဆုံးဖြတ်လိုက်တော့သည်။
ကျန်းကျီမြောင်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လင်းချင်ချင် ဘယ်လိုတုန့်ပြန်မလဲ သိချင်သဖြင့် သူမ တမင်တကာ နှိပ်စက်ပညာပြနေခြင်းဖြစ်ပါသည်။
ဖြစ်ချင်တော့ ဒီကြာဖြူမလေးက ရည်မှန်းချက်အတော်ကြီးမားပုံရသည်။ သူမ ဘယ်လောက်ပဲ နှိပ်ကွပ်ပါစေ သည်းခံနိုင်စွမ်းရှိနေသည်။
လင်းချင်ချင် ရေတစ်ခွက်ယူပြီး ပြန်လာသောအခါ ကျန်းကျီမြောင် ပညာထပ်ပေးလိုက်သည်။
“မယ်တော့်ကို ဒူးထောက်ပြီး ရေတိုက်လိုက်!”
ကျန်းကျီမြောင်ကို လင်းချင်ချင် မျက်စောင်းထိုးပြီးသက် ပြင်းချလိုက်ပါသည်။
ဒီကျန်းကျီမြောင် သူ့ကိုယ် သူ ဘာတွေလုပ်နေမှန်းကော နားလည်ရဲ့လား ?
အခုလို ပညာပြလေလေ ကျန်းကျီမြောင်ရဲ့ ဇာတ်သိမ်းမလှပနိုင်လေလေ ဖြစ်သည်။ သူမ ခံစားနေရသည့် နာကျင်မှုများက ယာယီသာဖြစ်သော်လည်း ကျန်းကျီမြောင်ကို ဆီးကြိုနေတာက နှစ်ပေါင်းများစွာကြန့်ကြာမည့် နာကျင်မှုများသာဖြစ်သည်။
လင်းချင်ချင် မတွန့်မဆုတ် ဒူးထောက်ချလိုက်သည်။ ထို့ နောက် မယ်တော်ကြီးကို ခက်ခက်ခဲခဲ ရေတိုက်လိုက်ပါသည်။
ကျန်းကျီမြောင် ကြက်သေသေသွားလေသည်။ လင်းချင်ချင်၏သည်းခံနိုင်စွမ်းက သူမထင်ထားတာထက် ပိုမို ခိုင်မာနေပါသည်။
ကျန်းကျီမြောင် ပိုမိုနားမလည်နိုင်ဖြစ်ရသည်က လင်းချင် ချင်၏မျက်လုံးတွေထဲ သူမကို ကရုဏာသက်သည့် အရိပ် အယောင်တွေ မြင်နေရတာကြောင့်ပင်။
ဒူးထောက်ပြီး နှိပ်စက်ခံနေရတာ သူ မဟုတ်ဘူးလား ?
ငါ့ကို ဘာလို့ ကရုဏာလာသက်နေတာလဲ ?
လင်းချင်ချင်ရဲ့ အတွေးအခေါ်က ဘယ်လိုတောင်လဲ ?
ကျန်းကျီမြောင် လုံးဝနားမလည်နိုင်ပေ။
ညတာက ရှည်လျားလွန်းပါသည်။
မယ်တော်ကြီးကို သေသေချာချာ ‘ပြုစုစောင့်ရှောက်’ဖို့အတွက် ကျန်းကျီမြောင် ဒီနေ့ည အိပ်စက်ဖို့ အစီအစဉ်မရှိပါ။ အစေခံများကို အခါးရည်များ၊ မုန့်ပဲသရေစာများ လာရောက် ပို့ဆောင်ခိုင်းလိုက်ပြီး သက်တောင့်သက်သာရှိသည့် ထိုင်ခုံတစ်လုံးကိုပါ ယူဆောင်လာခိုင်းခဲ့သည်။
ထို့နောက် ဇာတ်လမ်းတွဲ သက်တောင့်သက်သာ ကြည့်နေရင်း အလုပ်များနေသည့် လင်းချင်ချင်ကိုလည်း ရံဖန်ရံခါ အမိန့်ထပေးနေပါသည်။
ပြုစုပေးနေသူနဲ့ အပြုစုခံရသူတို့ဖြစ်ကြသော လင်းချင် ချင်နှင့် မယ်တော်ကြီးတို့နှစ်ယောက်စလုံး မျက်နှာတွေ အတော်လေး အကျည်းတန်နေပါပြီ။
မယ်တော်ကြီးက တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
“ဒီမှာ ငတုံးလို လာလုပ်မနေနဲ့! အပြင်ထွက်ပြီး ရှို့အန်းနန်းဆောင်မှာ ဘာတွေဖြစ်နေသလဲ သွားကြည့်စမ်း!”
လူယုံတော်တွေကို မယ်တော်ကြီး ဆင့်ခေါ်ချင်သော်လည်း ဘယ်သူမှ ရောက်မလာကြတာ ထူးဆန်းနေသည်။
လင်းချင်ချင် ခေါင်းညိတ်လိုက်သည်။ သူမတို့ကို ကျန်းကျီမြောင် အာရုံစိုက်မနေသဖြင့် လင်းချင်ချင် မတ်တပ်ရပ်ကာ ခိုးထွက်ဖို့ကြိုးစားလိုက်သည်။
“ရံရွေတော်လင်း ဒီအချိန်ကြီး ဘယ်သွားမလို့လဲ”
သရဲတစ်ကောင်လို ကျန်းကျီမြောင်၏အသံ ရုတ်တရက် ထွက်လာလေသည်။
လင်းချင်ချင် လန့်ဖျပ်သွားသည်။
“ဒီ…ဒီရံရွေတော်… ရေအိမ်သွားလိုပါတယ်…”
ကျန်းကျီမြောင် နားလည်သွားရသည်။
“ရေအိမ်သွားလိုတယ် ဟုတ်လား ? မယ်တော်ကြီးနားမှာ ရံရွေတော်လင်း မရှိလို့ မဖြစ်ဘူးလေ၊ ခန်းဆောင် အပြင်ဘက်ကပိတ်ကားချပ်နောက်မှာ အိုးတစ်လုံး စီစဉ်ပေးထားတယ်၊ရံရွေတော်လင်း အဆင်ပြေသလို အသုံးပြုပါ”
လင်းချင်ချင် မျက်နှာ အလွန်အုံ့မှိုင်းသွားခဲ့သည်။
ကျန်းကျစ်မြောင်က သူ့အား ထွက်သွားခွင့်လုံးဝပေးမည်မဟုတ်ပေ။
မယ်တော်ကြီး သည်းမခံနိုင်တော့ပါ။
“မိဖုရား!”
ကျန်းကျီမြောင် လှည့်ကြည့်လိုက်သည်။
မယ်တော်ကြီးအသံ အလိုလိုပျော့ပြောင်းသွားပါသည်။
“ရံရွေတော်လင်းက မယ်တော့်ကို ပြုစုရင်း တစ်နေကုန်နီးပါး ပင်ပန်းထားတာမို့လို့ နည်းနည်းလောက် အနားယူခွင့် ပေးလိုက်ပါလားလို့ မယ်တော် တောင်းဆိုချင်လို့ပါ…”
ကျန်းကျီမြောင်က ရံရွေတော်လင်းကို ပညာပြနေတာ မဟုတ်လား…
မယ်တော်ကြီးလည်း ထိုဗျူဟာကိုနားလည်သွားပါပြီ။ နောက်တစ်ခါ ကျန်းကျီမြောင်ကို သူမ ပညာပြရမည့်အလှည့်ရောက်ပြီ ဖြစ်သည်။
“ဘယ်ဖြစ်ပါ့မလဲ မယ်တော်”
ကျန်းကျီမြောင့် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
“ရံရွေတော်လင်းက အားလုံးထဲမှာ အသိတတ်ဆုံး အလိမ္မာဆုံး အစေ့စပ်ဆုံးလို့ မယ်တော်ကိုယ်တိုင်ပဲ မိန့်ခဲ့တာလေ၊ သူကလွဲပြီး မယ်တော့်ကို ကောင်းကောင်းပြုစုနိုင်မယ့်လူ မရှိပါဘူး”
“ပြီးတော့ မယ်တော့်ရဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ရံရွေတော်လင်းဘက်ကလည်း ဘာမှ ကန့်ကွက်စရာရှိမယ် မထင်ဘူး”
လင်းချင်ချင်ကို ကျန်းကျီမြောင်လှည့်ကြည့်လိုက်သည်။
“မှန်ရဲ့လား ရံရွေတော်လင်း”
လင်းချင်ချင် စိတ်ဓာတ်ကျစွာ ခေါင်းညိတ်လိုက်ပါသည်။
“…မှန်ပါတယ်”
မှားတယ်လို့ ပြောနိုင်မှာမို့လို့လား!
“လေသံက ဘာလို့ မသေချာမရေရာတဲ့ပုံစံ ဖြစ်နေတာလဲ! လာစမ်း မယ်တော် စိတ်အေးစေဖို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လျှောက်တင်လိုက်၊ ရံရွေတော်လင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ရမှာ မကြောက်ပါဘူးလို့ လျှောက်တင်လိုက်၊ မယ်တော့်ကို တစ်ရက်နှစ်ရက်လောက် ပြုစုပေးဖို့ မဆိုဦးနဲ့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် မတွန့်ဆုတ်ပါဘူးလို့ လျှောက်တင်လိုက်!”
ကျန်းကျီမြောင်က အားပေးအားမြှောက် ပြုလိုက်ပါသည်။
“ရံရွေတော်လင်း မပြောနိုင်ဘူးလား”
လင်းချင်ချင် နှုတ်ခမ်းများတွန့်သွားသည်။ အချိန်အတော်ကြာအောင် ဘာမှမပြောနိုင်ခဲ့ပါ။
“မယ်တော်… ရံရွေတော်လင်းက နည်းနည်းအရှက်အ ကြောက်ကြီးတဲ့ပုံပဲ၊ အဲ့လိုရဲတင်းတဲ့စကားတွေ သိပ်မပြောဝံ့ဘူးထင်တယ်၊ သို့ပေမယ့် ကိစ္စတော့ မရှိပါဘူး၊ သူ့ရင်ထဲကစကားတွေကို သူ့ကိုယ်စား ဒီမိဖုရားပြောပြီးပြီ”
ကျန်းကျီမြောင် နွေးထွေးစွာ လျှောက်တင်လိုက်သည်။
“ဒီမိဖုရားလည်း မယ်တော့်ကို ကိုယ်တိုင်ကိုယ်ကျပြုစုစောင့်ရှောက်ပေးချင်ပေမယ့် ရံရွေတော်လင်းက သိတတ်လိမ္မာပြီး ဝတ္တရားကျေပွန်လွန်းတယ်လေ၊ မယ်တော်ကိုယ် တိုင်ကလည်း ရံရွေတော်လင်းကိုပဲ ပြုစုပေးစေချင်တာ မဟုတ်လား ? ဒါ့ကြောင့် ဒီမိဖုရား ဝမ်းနည်းနာကျင်နေပေမယ့်လည်း မယ်တော့်ကိုပြုစုပေးနိုင်မယ့် အခွင့်အရေးကို ရံရွေတော်လင်း လက်ထဲပဲအပ်နှင်းလိုက်ပါတော့မယ်”
မယ်တော်ကြီး ရင်ထဲတင်းကြပ်သွားခဲ့သည်။ ကျန်းကျီမြောင်ကို အချိန်အတော်ကြာအောင်စိုက်ကြည့်ပြီးနောက် အိပ်ရာထဲသာ ပြန်လှဲနေလိုက်ပါတော့သည်။ လင်းချင်ချင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ကုတင်ဘေးသို့ပြန်လာခဲ့ရလေသည်။
ရေအိမ်သွားဖို့မလိုတော့ဘူးလားဟု လင်းချင်ချင်ကို ကျန်း ကျီမြောင် မေးချင်သော်လည်း မမေးတော့ဘဲ ဇာတ်လမ်းတွဲကိုသာ အာရုံပြန်စိုက်လိုက်တော့သည်။
“ဘာမှ သုံးစားမရဘူး”
မယ်တော်ကြီး အံကြိတ်လျက် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
လင်းချင်ချင်လည်း မကျေမနပ်ဖြစ်သွားသည်။ သူမလည်း အသုံးဝင်ချင်ပါသည်။ သို့သော် သူမက ရံရွေတော်အဆင့်သာရှိသဖြင့် ဘာမှ မတတ်နိုင်ပေ။
သို့သော် လင်းချင်ချင်နှင့် မယ်တော်ကြီးတို့ နားလည်လိုက်တာတစ်ခုတော့ ရှိပါသည်။ ရာထူးအဆင့်အာဏာများ ကြီးစိုးသည့်ခေတ်တွင် အထူးသဖြင့် အနောက်နန်းဆောင်အတွင်း၌ သူမတို့ပိုင်ဆိုင်ထားသည့် အာဏာပါဝါတွေကို လက်ရှိဧကရာဇ်မင်းကြီး ယွဲ့လင်း ပေးအပ်ချီးမြှင့်ထားတာသာဖြစ်သည်။
ယခင်တုန်းက သူမတို့ အေးအေးလူလူနေနိုင်ခဲ့သည့် နေရက်များကိုလည်း ယွဲ့လင်းကသာ ပေးအပ်ထားခဲ့ခြင်းဖြစ် သည်။ ယခု ယွဲ့လင်း သူမတို့အား အရေးမပေးတော့သဖြင့် အခန့်မသင့်လျှင် နန်းတော်ကပင် မောင်းထုတ်ခံရနိုင် သည်။
မယ်တော်ကြီးရင်ထဲ စိတ်ပျက်အားလျော့မှုများဖြစ်ပေါ် လာခဲ့သည်။
ဟွားအာလေး ရှဲ့ချိုးကို ဘာကြောင့်အရမယူနိုင်ခဲ့တာလဲ!
ကြီးမြတ်သည့် တာ့ယုံအင်ပါယာကြီးအား စတင်တည် ထောင်စဉ်ကတည်းက ရှဲ့မိသားစုမှာ ဧကရာဇ်မင်းကြီးကို အထောက်အကူ ပြုခဲ့ကြသူများဖြစ်သည်။ ထို့နောက်ပိုင်း မျိုးဆက်တိုင်းမှာလည်း အခွင့်ထူး ရရှိခဲ့ကြရသူများဖြစ် သည်။ ယခု မြို့စားရှဲ့အနားယူသွားပြီ ဖြစ်သော်လည်း မြို့တော်ထဲတွင် ပုန်းအောင်းနေသည့် လျှို့ဝှက်တပ်ဖွဲ့များစွာရှိနေမည်မှာသေချာသည်။
ဟွားအာသာ ရှဲ့ချိုးအားအပိုင်သိမ်းနိုင်ခဲ့လျှင် ယွဲ့လင်း ဒီလောက်ထိ အတင့်ရဲလာစရာအကြောင်းမရှိပေ။ သို့သော် ကံမကောင်းစွာဖြင့် မြို့စားရှဲ့က ယွဲ့လင်းဘက်မှာရပ်တည်ကြောင်း ပြတ်ပြတ်သားသားဖော်ပြလာခဲ့ပြီဖြစ်သည်။ မြို့စားရှဲ့သာ ရှိနေပါက မြို့တော်အတွင်းရှိ လျှို့ဝှက်တပ်ဖွဲ့များကလည်း ယွဲ့လင်း လက်အောက်ကျရောက်သွားတော့မည်ဖြစ်သည်။
ယွဲ့လင်း နန်းတက်စက ကြိုးဆွဲရာကသည့် ဧကရာဇ်မင်းအဆင့်သာ ရှိခဲ့သော်လည်း ယခုတော့ သူ့လက်ထဲအာဏာ အစစ်အမှန်ရောက်ရှိလာပြီဖြစ်သည်။ အာဏာကိုပိုင်ဆိုင်ထားသည့် ဧကရာဇ်မင်းတစ်ပါးက သူလိုချင်သည့်အရာကို အလွယ်တကူ ရယူပိုင်ဆိုင်နိုင်သည်။
ယွဲ့လင်းကို လှည့်စားဖို့အတွက် ဟွားအာလေး သူ့အား နာမကျန်းဖြစ်ချင်ယောင်ဆောင်ခိုင်းခဲ့သည်။ သို့သော်လည်း ယွဲ့လင်းကမူ ထိုသည်ကိုပြန်အသုံးချသွားပြီး ရှို့အန်းနန်းဆောင်အားထိန်းချုပ်နိုင်မည့် အခွင့်အရေးရသွားခဲ့သည်။ မယ်တော်ကြီး နှလုံးသားထဲ စူးစူးရှရှနာကျင်လာခဲ့သည်။
ယွဲ့လင်းက မယ်တော်ဖြစ်သည့် သူမကိုပင် သက်ညှာတော့မည့်ပုံမပေါ်ပါ။
ယခင်တုန်းက ယွဲ့လင်း အေးတိအေးစက်နိုင်ခဲ့သော်လည်း သူမအပေါ်ကိုတော့ သားသမီးဝတ္တရားကျေပွန်ခဲ့သေးသည်။ ယွဲ့လင်း အခုလိုရက်စက်လာရခြင်းက သူယုတ်မာတစ်ယောက်၏သွေးထိုးလှုံ့ဆော်မှုကြောင့်သာဖြစ်နိုင် သည်။ ထိုသွေးထိုးလှုံ့ဆော်သူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုတော့…
ကျန်းကျီမြောင်ထံ မယ်တော်ကြီး အငြှိုးကြီးစွာလှည့်ကြည့်လိုက်သည်။
ကျန်းကျီမြောင်ကလွဲပြီး ဘယ်သူရှိနိုင်ဦးမှာလဲ…
မယ်တော်ကြီး၏အကြည့်ကို သတိထားမိသဖြင့် ကျန်းကျီမြောင် ချိုမြိန်စွာပြုံးပြလိုက်သည်။
“မယ်တော် ဗိုက်ဆာလို့လား”
ပြောပြောဆိုဆိုနဲ့ မယ်တော်ကြီးထံ ကျန်းကျီမြောင် ဖရုံစေ့လက်တစ်ဆုပ်စာ ကမ်းပေးလိုက်လေသည်။