← Chapters

ယင်ရှားနတ်ဆိုးအရှင်ကို သတ်ဖြတ်ခြင်း

Vol. 40 Ch. 464

ယင်ရှားနတ်ဆိုးအရှင်ကို သတ်ဖြတ်ခြင်း

Vol. 40 Ch. 464

"ဝှစ်..."

ယင်ရှားနတ်ဆိုး၏ပါးစပ်သည် ကလေးငယ်၏ လည်ပင်းနားသို့ မရောက်မီမှာပင် ဓားချီအလင်းတန်းတစ်တန်း ပျံ့လွင့်လာပြီး သူ၏ကျောဘက်သို့ တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။

"အခု မလုပ်နဲ့အုံး... သူ သွေးစုပ်ပြီးတဲ့အထိ စောင့်ပြီးမှ လှုပ်ရှားရမှာ..."

သခင်ဖြစ်သူသည် အကောင်းဆုံး အခွင့်အရေးကို မစောင့်ဘဲ ချက်ချင်းတိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားမိသဖြင့် နှင်းနတ်ဆိုးအရှင်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။

တစ်ဖက်လူသည် သန်းခေါင်ယံအချိန် သွေးစုပ်ယူနေစဉ်၌သာ အားအနည်းဆုံးဖြစ်ကြောင်း သူ ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးသည်။ ယခုလက်ရှိတွင် အချိန်မကျသေးသည့်အပြင် လတ်ဆတ်သော သွေးများလည်း သူ၏လည်ချောင်းထဲသို့ မရောက်သေးသည့်အတွက် ပြိုင်ဘက်၏ တိုက်ခိုက်ရေးစွမ်းရည်၌ မည်သည့်ဆုံးရှုံးမှုမျှ မရှိသေးချေ။ ဤကဲ့သို့ တဇွတ်ထိုးပြေးဝင်တိုက်ခိုက်ခြင်းသည် အလွန်ဆင်ခြင်တုံတရား ကင်းမဲ့ပေ၏။

"သူ့ကို သွေးစုပ်ခိုင်းလိုက်ရင် ဒီကလေး သေသွားလိမ့်မယ်..."

နှင်းနတ်ဆိုးအရှင်၏ဆိုလိုရင်းကို နားလည်သဖြင့် ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

"ဒါက ကလေးတစ်ယောက် သေသွားတာပဲလေ... သူ အားနည်းနေတဲ့အချိန်မှာ လှုပ်ရှားရင် မင်း အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပြီးတော့ ကလေးတွေအများကြီးကို ပိုပြီးကယ်တင်နိုင်မှာပေါ့"

နှင်းနတ်ဆိုးအရှင်က တဖက်လူ၏အတွေးကို နားမလည်နိုင် ဖြစ်နေသည်။

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားကာ ပြောဆိုလိုက်၏။

"ငါ သိတယ်... ဒါပေမဲ့ သူ အားမနည်းရင် ငါ မသတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ..."

ဤစကားပြောဆိုမှုများသည် စိတ်ချင်းဆက်သွယ်ခြင်းဖြစ်ပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။ သူသည် ဓားချီအလင်းတန်းနှင့်အတူ ယင်ရှားနတ်ဆိုးအရှင်၏ရှေ့သို့ ရောက်ရှိနေလေပြီ။ ဓားချီအလင်းတန်းသည် ယင်ရှားနတ်ဆိုးအရှင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခါနီးအချိန်တွင် သူ၏နှလုံးသားသည် ရုတ်တရက် ပြင်းထန်စွာ ခုန်လှုပ်သွားပေ၏။ ယုဟိုင်၏ကြွင်းကျန်သော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကျန်းရွှမ်သည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့်စွမ်းအားကို ချက်ချင်းပိုင်ဆိုင်လိုက်သည်။

ယင်ရှားနတ်ဆိုးအရှင်သည် ရှောင်တိမ်းရန် အချိန်မရှိ၍လော သို့မဟုတ် သတိမထားမိခြင်းလောဟု မသိရဘဲ ဓားသွားသည် နှောင့်နှေးခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"မဟုတ်သေးဘူး...."

သူ၏စွမ်းအားများသည် ရန်သူ၏ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ စီးဝင်သွားသော်လည်း ကျန်းရွှမ်သည် အောင်မြင်မှုအတွက် စိတ်လှုပ်ရှားခြင်းမရှိချေ။ ထိုအစား သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

သူ ဓားဖြင့်ထိုးလိုက်သော ယင်ရှားနတ်ဆိုးအရှင်သည် အလောင်းကောင်တစ်ခုအလားပင်။ သွေးများထွက်လာခြင်း မရှိသကဲ့သို့ နာကျင်ပုံလည်း လုံးဝမရှိဘဲ သစ်တုံးတစ်တုံးကို ထိုးလိုက်ရသည့်အလား ခံစားလိုက်ရသည်။

"တစ်ခုခုတော့ မှားနေပြီ...."

ကျန်းရွှမ်က ဓားကိုဆွဲထုတ်ပြီး နောက်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ဓားဒဏ်ရာရထားသော ယင်ရှားနတ်ဆိုးအရှင်၏ခန္ဓာကိုယ်သည် ငြိမ်သက်နေသော်လည်း သူ၏လည်ပင်းက တစ်ပတ်တိတိ လည်ထွက်သွားပြီး သူ၏လက်များဖြင့် အဆစ်ပြောင်းပြန်လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာ ပြင်းထန်စွာ ရိုက်နှက်လိုက်၏။

"ဘုန်း...."

ဤလှုပ်ရှားမှုမှာ အလွန်ရုတ်တရက်ဆန်သည်။ ကျန်းရွှမ်၏ကျင့်ကြံဆင့်ဖြင့်ပင် ထိုအရာကို အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိဘဲ သူ၏ပခုံးကို ရိုက်ခတ်ခြင်းခံလိုက်ရကာ အထိန်းအကွပ်မဲ့စွာ နောက်သို့လွင့်စင်သွားသည်။

"ဝှစ်..."

ယင်ရှားနတ်ဆိုးအရှင်၏ ခြေထောက်များသည်လည်း အဆစ်ပြောင်းပြန် လှုပ်ရှားသွားပြီး ခြေတစ်လှမ်းလှမ်းလိုက်ကာ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင်မူ ကျန်းရွှမ်သည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် သူ၏နှလုံးသား ပြင်းထန်စွာ ခုန်လှုပ်သွားပေ၏။

သူ၏လက်အတွင်းမှဓားရှည် တုန်ခါသွားသည်နှင့်အမျှ ဓားချီအလင်းတန်းများက ကြယ်မှုန်များအလား ပြန့်ကျဲကာ ကျဆင်းလာသည်။

"ဘုန်း...."

ယင်ရှားနတ်ဆိုးအရှင်၏ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားပြီး ပြန်ကန်အားကြောင့် ကျန်းရွှမ်သည်လည်း နောက်ဆုတ်လိုက်ရသည်။

အပြာရောင်တိမ်တိုက်အရှင်နှင့် ယှဉ်ပြိုင်နိုင်သော ထိပ်သီးကျင့်ကြံသူတစ်ယောက် ဆိုသည့်အတိုင်း ဤနတ်ဆိုးအရှင်သည် ယုဟိုင်ထက် ပို၍သန်မာသည်မှာ အမှန်ပင်။

"ဟမ့်...."

သို့ရာတွင် ဤနတ်ဆိုးအရှင်ကို သတ်ရန်ခက်ခဲသည်ဆိုလျှင်ပင် သူ သတ်ကိုသတ်ရပေမည်။ ကျန်းရွှမ်က စိတ်ထဲမှနေ၍ အေးစက်စက် နှာမှုတ်လိုက်ကာ ချီစွမ်းအားများ သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ သူသည် ယုဟိုင် ကျန်ရစ်ခဲ့သော နောက်ဆုံးလက်ကျန်စွမ်းအားကို အသုံးပြု၍ သူ၏အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်သုံးရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

သူ ငုံ့ကြည့်လိုက်ချိန်တွင် ခြောက်ကပ်နေသော အရိုးတစ်ချောင်းက သူ၏ကျောမှ ထွင်းဖောက်လာသည်အား မြင်တွေ့လိုက်ရသည်။

သူ ခက်ခက်ခဲခဲ နောက်လှည့်ကြည့်လိုက်ချိန်တွင် သူ၏အနောက်၌ မျက်နှာဖုံးတပ်ထားပြီး ရှေ့မှနတ်ဆိုးနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ တူညီသော နောက်ထပ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

"မင်းက အပြာရောင်တိမ်တိုက်အရှင် မဟုတ်ဘူး....နှင်းနတ်ဆိုးအရှင် မဟုတ်လား...ငါ သွေးသောက်တိုင်း အားအနည်းဆုံးအချိန်ဆိုတာက ငါ တမင်တကာ လွှင့်ထားတဲ့ သတင်းမှားပဲ... မင်း လှုပ်ရှားအောင် ငါက တမင်မျှားခေါ်ခဲ့တာပဲ....နှစ်တွေအများကြီးကြာပြီးမှ မင်းက တကယ်ကြီး ရောက်လာမယ်လို့ ငါ ထင်မထားမိဘူး"

ထိုပုံရိပ်က အေးစက်စက် လှောင်ပြောင်လိုက်ပြီး သူ၏အသံသည် ညငှက်ဆိုးတစ်ကောင်ကဲ့သို့ ကျောချမ်းဖွယ်ကောင်းပေ၏။

ကျန်းရွှမ်၏မျက်နှာ ဖြူရော်သွားသည်။ နှင်းနတ်ဆိုးအရှင်သည် သူ့ကို မလိမ်ညာကြောင်း သူ အတည်ပြုနိုင်သော်လည်း ယင်ရှားနတ်ဆိုးအရှင်က လိမ်ညာထားလိမ့်မည်ဟု သူ တွေးထင်ထားခဲ့ပေ။

ဤနတ်ဆိုးအရှင်များသည် အမှန်တကယ်ကို ပေါ့ပေါ့တန်တန် သဘောထား၍ရသူများ မဟုတ်ချေ။ သူတို့သည် လူအများကို မည်သို့ ဒုက္ခပေးရမည် သို့မဟုတ် မည်သို့ ဒုက္ခပေးရမည်ကို အစဥ်အမြဲ တွေးတောနေကြသည်။

အကယ်၍ အခြားလူတစ်ဦးသာ ဆိုပါက ဤအရိုးခြောက်ဖြင့် ကျောဘက်မှ ထိုးဖောက်ခံရပါက ပြင်းထန်စွာဒဏ်ရာရရှိပြီး တိုက်ခိုက်ရေးစွမ်းရည်များ ချက်ချင်းဆုံးရှုံးသွားမည်မှာ သေချာပေါက်ပင်။ အထွတ်အထိပ်အခြေအနေတွင် ရှိနေသော နှင်းနတ်ဆိုးအရှင်ပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သို့ရာတွင် ကျန်းရွှမ်ကမူ ကွဲပြားခြားနားသည်။

သူ၏ထာဝရနှလုံးသား သည် ရုတ်တရက် ပြင်းထန်စွာ ခုန်လှုပ်သွားပေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျန်းရွှမ်သည် ယုဟိုင်၏လက်ကျန်စွမ်းအားများ အားလုံးကို ထာဝရနှလုံးသားမှတဆင့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများ အားလုံးထံသို့ ပေးပို့လိုက်သည်။ ထို့နောက် ကျန်းရွှမ်က နောက်ဆုတ်လိုက်ပြီး သူ ကြိုတင်ချန်ထားခဲ့သော လေဟာနယ်အမှတ်အသားတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားသည်။

"ဝှစ်...."

သူသည် ပြိုင်ဘက်၏လေဟာနယ်ကန့်သတ်မှု မှ ချက်ချင်းရုန်းထွက်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားကာ ကမ္ဘာသစ်ထဲသို့ ပြန်ရောက်သွားသည်။

အိမ်ရှေ့စံမင်းသား ယွမ်ချင်းသည် တောင်တန်းမြစ်ပြင်အမိန့်တော်ကို အသုံးပြု၍ လေဟာနယ်ကို ပိတ်ဆို့ထားသဖြင့် သူ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲခဲ့သည်။ သို့ရာတွင် လေဟာနယ်စွမ်းရည်ကို ထိန်းချုပ်နိုင်သော အဆင့်တူ ထိပ်သီးကျင့်ကြံသူတစ်ဦးကမူ သူ့ကို ပိတ်လှောင်ထားရန် လွယ်ကူမည် မဟုတ်ချေ။

"ပြန်ကောင်းသွားစမ်း...."

ကမ္ဘာသစ်ထဲသို့ ပြန်ရောက်သည်နှင့် ကျန်းရွှမ်သည် ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော သူ၏အဆင့်အတန်းကို ပြန်လည်၍ ရယူလိုက်သည်။ သူသည် သူ၏လက်ဝါးကိုဖြန့်ကာ တီးတိုးလေး အော်ဟစ်လိုက်၏။

သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်ထားသော အရိုးခြောက်သည် ယခုအချိန်၌ သူ၏လက်ဝါးထဲတွင် ရောက်ရှိနေသည်။ သူ၏ဒဏ်ရာများသည်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်သွားလေပြီ။

"ဒါက ယင်ရှားနတ်ဆိုးအရှင်ရဲ့နံရိုးတစ်ချောင်းနဲ့ သန့်စင်ထားတဲ့ အစွမ်းအထက်ဆုံး မှော်ရတနာပဲ..."

နှင်းနတ်ဆိုးအရှင်က မယုံကြည်နိုင်စွာဖြင့် ကြည့်ပြီး မေးမြန်းသည်။

"သခင်... သူ့ကို တမင်တကာ လှုပ်ရှားခိုင်းလိုက်တာလား...."

ယင်ရှားနတ်ဆိုးအရှင်သည် ဤနတ်ဆိုးအရိုးကို သန့်စင်ရန် မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ခဲ့သည်။ ထိုအရာ၏စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်ပါက အကန့်အသတ်မရှိချေ။ သူ၏စွမ်းအား အထွတ်အထိပ်၌ ရှိနေလျှင်ပင် ထိုနတ်ဆိုးအရိုးကို ဂရုစိုက်၍ ရှောင်တိမ်းရပေမည်။

သို့ရာတွင် ထိုအရာသည် ယခုချိန်၌ သူ၏သခင်က ယူဆောင်လာခဲ့လေပြီ။

ကျန်းရွှမ်သည် အလိမ်ခံရခြင်းမဟုတ်ဘဲ ရန်သူ၏မှော်ရတနာကို အရင်ဆုံး သိမ်းပိုက်ရန်အတွက် ရန်သူကို တမင်သက်သက် မျှားခေါ်ပြီး လှုပ်ရှားခိုင်းလိုက်ခြင်း ဖြစ်သလော....

ကျန်းရွှမ်သည် တုံ့ပြန်အဖြေပေးဘဲ ထိုအရိုးခြောက်ကို သူ၏လက်ချောင်းများဖြင့် အသာအယာ တို့ထိလိုက်သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် နတ်ဆိုးအရိုးမှနေ၍ တောက်ပသော အလင်းရောင်များ ဖြာထွက်လာကာ ယခင်ကကဲ့သို့ ဟန့်တားနိုင်ခြင်း မရှိတော့ဘဲ တိုက်ရိုက် သန့်စင်ခြင်းကို ခံလိုက်လိုက်ရသည်။

ဤရတနာသည် စိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းတံခွန် ထက် မနိမ့်ကျသော လက်နက်တစ်ခု ဖြစ်သော်လည်း ကမ္ဘာသစ်အတွင်း၌ ကျန်းရွှမ်ကို ရင်ဆိုင်ရပါက အတွေးတစ်ချက်ဖြင့်ပင် ပျက်စီးသွားပေလိမ့်မည်။ ဤသည်မှာ ကမ္ဘာအရှင်သခင်တစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင်။

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် ကျန်းရွှမ်သည် ထိုအရိုးကို သူ၏ ရင်ဘတ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ခတ်ကာ ခြံဝန်းငယ်လေးထံသို့ ပြန်သွားလိုက်၏။

သူ ပျောက်ကွယ်သွားရာမှ ပြန်ပေါ်လာသည့်အချိန်အထိ အသက်တစ်ရှိုက်စာ နှစ်ရှိုက်စာခန့်သာ ကြာမြင့်သည်။ ယင်ရှားနတ်ဆိုးအရှင်၏ မျက်လုံးထဲတွင်မူ သူသည် မခုခံနိုင်တော့သဖြင့် ကိုယ်ပျောက်နည်းစနစ်တစ်ခုခုကို အသုံးပြုပြီး ပျောက်ကွယ်သွားသည်ဟု ထင်မှတ်သွားသည်။

ကျန်းရွှမ်သည် တဖန်ပြန်၍ ထွက်ပေါ်လာပြီးနောက် သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကို တောင့်မခံနိုင်တော့သည့်အလား သွေးတစ်လုတ် အန်ထုတ်ပြီး လဲကျသွားပေ၏။

"မင်းက ငါ့ရဲ့ ယင်ရှားနတ်ဆိုးအရိုးနဲ့ ထိုးဖောက်ခံလိုက်ရတာတောင် ထွက်ပြေးနိုင်သေးတာလား..."

ယင်ရှားနတ်ဆိုးအရှင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏လက်ဝါးကို ဆန့်တန်းကာ လေထုထဲသို့ လှမ်းဆွဲလိုက်သည်။

"ပြန်လာခဲ့...."

"ဝှစ်...."

ကျန်းရွှမ်၏ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေသော အရိုးသည် ဖြည်းညှင်းစွာ ပြန်ထွက်လာပြီး ယင်ရှားနတ်ဆိုးအရှင်ထံသို့ ပျံသန်းသွားသည်။

"နှင်းနတ်ဆိုးအရှင်... မင်းက ငါ့ကို သတ်ချင်နေသလို ငါကလည်း မင်းကို သတ်ချင်နေတာ ကြာပြီ...မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်က ဒီကိစ္စကို သိသွားခဲ့ရင်တောင် မင်းက အရင်စပြီးလှုပ်ရှားခဲ့တာပဲ..."

ယင်ရှားနတ်ဆိုးအရှင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် နတ်ဆိုးအရိုးကို ဖမ်းယူပြီး ဤတိုက်ပွဲကို အဆုံးသတ်ရန်အတွက် သူ၏စွမ်းအားကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ဖြည်းညှင်းစွာ ပျံသန်းလာသော နတ်ဆိုးအရိုးသည် ရုတ်တရက် အရှိန်မြှင့်သွားသည်။

"ဝှစ်"

သူ မတုံ့ပြန်နိုင်မီမှာပင် နတ်ဆိုးအရိုးက သူ၏ လည်ချောင်းကို ထွင်းဖောက်ဝင်ရောက်သွားသည်။

"မင်း... မင်း..."

ယင်ရှားနတ်ဆိုးအရှင်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သူ နှစ်ပေါင်းမရေမတွက်နိုင်အောင် သန့်စင်ခဲ့သည့် လက်နက်ပင်။ မည်သည်ကြောင့် ထိုအရာသည် ရုတ်တရက် အရှိန်မြှင့်လာပြီး သူ၏လည်ပင်းကို ထွင်းဖောက်သွားသနည်း။ ဤသည်မှာ အမှန်တကယ်ကို အလွန်ထူးဆန်းပေ၏။

"မဟုတ်သေးဘူး... မင်း ငါ့ရဲ့ နတ်ဆိုးအရိုးကို သန့်စင်လိုက်တာလား....."

မကြာမီမှာပင် သူ နားလည်သဘောပေါက်သွားသည်။

ယခုအချိန်တွင် နတ်ဆိုးအရိုးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ ဤအရာကို တစ်ဖက်လူမှ သန့်စင်လိုက်ပြီကို ငတုံးငအတစ်ယောက်ပင်လျှင် နားလည်ပေလိမ့်မည်။

ဤှလူသည် သူ၏သွေးအဆီအနှစ်ဖြင့် သန့်စင်ထားသော ရတနာတစ်ခုကို အသက်တစ်ရှိုက်စာအချိန်အတွင်း၌ သန့်စင်လိုက်၏။ အဓိကအချက်မှာ ပိုင်ရှင်ဖြစ်သော သူပင်လျှင် ဤကိစ္စကို မသိလိုက်ချေ။ သူ့ရှေ့မှလူသည် မည်သို့ ပြုလုပ်လိုက်သနည်း။

သို့ရာတွင် တစ်ဖက်လူသည် ရှင်းပြမနေချေ။ ဓားအလင်းတန်းတစ်ခု "ဝှစ်" ခနဲ ဖြတ်သန်းသွားပြီးနောက် ယင်ရှားနတ်ဆိုးအရှင်၏အသိစိတ်များ မှိန်ဖျော့သွားတော့သည်။

"ဝှစ်...."

ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နေသည့် လုံးဝန်းသော အနှစ်သာရအမြူတေတစ်ခုက ကျန်းရွှမ်၏လက်ဝါးထဲတွင် ထွက်ပေါ်လာသည်။

All Chapters