← Chapters

ကြက်သွေးနီမီးတောက်တောင်

Vol. 40 Ch. 465

ကြက်သွေးနီမီးတောက်တောင်

Vol. 40 Ch. 465

ထိုအနှစ်သာရအမြူတေကို ကိုင်ထားရင်း ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

ဤလုပ်ကြံသတ်ဖြတ်မှုသည် ချောမွေ့သည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် အလွန်အန္တရာယ်များသည်။ အကယ်၍ သူသာ ထာဝရနှလုံးသားကို မပိုင်ဆိုင်ထားသည့်အပြင် ကမ္ဘာသစ်ထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ရန် ကြိုတင်စီစဉ်မထားပါက အဆုံးသတ်၌ မည်သူသေဆုံးရမည်ကို မသိနိုင်ချေ။

သို့ရာတွင် နောက်ဆုံး၌ သူသာလျှင် အောင်နိုင်သူ ဖြစ်ခဲ့သည်။

သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သည်နှင့် အနှစ်သာရအမြူတေက သူ၏ နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ သူ၏နှလုံး တစ်ချက်ခုန်လိုက်တိုင်း ထိုအရာက အစွမ်းထက်သော သွေးချီများကို သူ့အား ထောက်ပံ့ပေးသည်။ ဤထောက်ပံ့မှုဖြင့် သူသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံဆင့်ကို ပြန်လည်ထုတ်ဖော်နိုင်ပြီး အားနည်းသည်ဟု မခံစားရတော့ချေ။

ယင်ရှားနတ်ဆိုးအရှင်၏အလောင်းနှင့် သိုလှောင်လက်စွပ်ကို ကမ္ဘာသစ်ထဲသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် အစောပိုင်းက အဆစ်များချိုး၍လှုပ်ရှားခဲ့သော အနက်ရောင်ပုံရိပ်ကို လှည့်ကြည့်လိုက်သည်။

ယခုအချိန်တွင် ထိုအရာသည် လှုပ်ရှားနိုင်မှုစွမ်းအား ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေပြီး စွမ်းအားမရှိတော့သော စက်ရုပ်တစ်ရုပ်အလား နေရာတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။

"ဒါက သူ သန့်စင်ထားတဲ့ ရုပ်သေးလား...."

နှင်းနတ်ဆိုးအရှင်၏ အသံထွက်ပေါ်လာပြီးနောက် သူသည် ထိုအရာကို မှတ်မိသွားပုံရကာ အံ့အားတသင့် ရေရွတ်လိုက်သည်။

"မဟုတ်ဘူး... ဒါ... ဒါက ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်ပဲ..."

"ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်လား"

ကျန်းရွှမ် ကြက်သေသေသွားသည်။

"အမှန်ပဲ...သခင် မယုံရင် သူ့ရဲ့မျက်နှာဖုံးကို ဖွင့်ကြည့်လိုက်ပါ...ဘာမှ စိတ်မပူပါနဲ့...သူက ထိန်းချုပ်ခံထားရတဲ့ ရုပ်သေးတစ်ရုပ်ပဲ....ယင်ရှားနတ်ဆိုးအရှင် သေသွားတော့ သူ မလှုပ်ရှားတော့ဘူး"

နှင်းနတ်ဆိုးအရှင်က ရှင်းပြသည်။

"အင်း...."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး မျက်နှာချင်းဆိုင်မှပုံရိပ်၏ မျက်နှာဖုံးကို ဆွဲခွာလိုက်သည်။ တိကျသေချာစွာပင် သေဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အလား အနည်းငယ် ပုပ်သိုးနေသော မျက်နှာကို သူ မြင်တွေ့လိုက်ရသည်။

"ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်ရဲ့ ခန္ဓာကိုယ်က သူ့ရဲ့ကျင့်ကြံနည်းစနစ်က ပြဿနာကြောင့် ပုပ်သိုးနေတာ ကြာလှပြီ.....ဒီကောင်က ပုပ်သိုးကုန်းမြေကျွန်းမှာ အမြဲတမ်း ပုန်းနေတာ မဟုတ်ဘူးလား...ယင်ရှားနတ်ဆိုးအရှင်က သူ့ကို ဘယ်လိုသတ်ပြီးတော့ ရုပ်သေးအဖြစ် သန့်စင်လိုက်တာလဲ"

နှင်းနတ်ဆိုးအရှင် ဇဝေဇဝါ ဖြစ်နေသည်။

"ဘာပဲဖြစ်ဖြစ် ဒါက ငါ အနှစ်သာရအမြူတေ နှစ်ခုကို ရလိုက်တယ်ဆိုတဲ့ သဘောမဟုတ်လား"

ကျန်းရွှမ်က ပြုံးလိုက်သည်။

ဤအလောင်းကောင်သည် သူ့ကို လက်ဝါးရိုက်ချက် နှစ်ချက်ဆက်တိုက်ဖြင့် တွန်းထုတ်နိုင်ခဲ့သဖြင့် ယင်ရှားနတ်ဆိုးအရှင်နှင့် တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ပြသနေသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ အနှစ်သာရအမြူတေကို ထုတ်ယူထားခြင်း မရှိသေးချေ။

လုပ်ကြံသတ်ဖြတ်မှုတစ်ခုတည်းမှ သူသည် အနှစ်သာရအမြူတေနှစ်ခုကို ရရှိလိုက်သဖြင့် အမှန်တကယ်ကို အမြတ်အစွန်း ကြီးမားသည်။

"ဒါက ဖြစ်သင့်ပါတယ်..."

နှင်းနတ်ဆိုးအရှင်ကလည်း တုံ့ပြန်လိုက်သည်။

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်၏ အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး နောက်ထပ် အနှစ်သာရအမြူတေတစ်ခုက သူ့ထံသို့ ပျံသန်းလာပေ၏။

ထိုနတ်ဆိုးအရှင်၏အလောင်းကိုလည်း သူ၏ကမ္ဘာသစ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ထိုအချိန်ကျမှသာ အစောပိုင်းက ကလေးငယ်သည် အိပ်ပျော်နေဆဲဖြစ်ပြီး နိုးမလာသေးကြောင်း သူ သတိပြုမိသည်။

ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။ ကလေးငယ်ကို သူ ပြန်ပို့ပြီးသည်နှင့် အခန်းထဲမှ စကားပြောသံများ ပြန်လည်၍ ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။

"ဒီနေ့ ငါ အခြေအနေ သိပ်မကောင်းဘူး...."

"အပိုတွေ....ရှင်က ဘယ်တုန်းက အခြေအနေကောင်းဖူးလို့လဲ"

"နောက်တစ်ခါ... နောက်တစ်ခါကျရင်..."

"ဒါက....."

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

ယင်ရှားနတ်ဆိုးအရှင် ကလေးကို ခိုးယူသွားချိန်မှ သူ ပြန်ပို့ပေးသည့် အချိန်ထိ အလွန်ရှုပ်ထွေးခဲ့သည်ဟု ထင်ရပေ၏။ သို့ရာတွင် အမှန်အားဖြင့် အသက်နှစ်ဆယ်ရှိုက်စာပင် မကြာလိုက်ဘဲ ထိုလူကမူ ကိစ္စပြီးသွားလေပြီ။

တကယ်တော့... ဒီအခြေအနေက တကယ် မကောင်းဘူး...

"သွားကြစို့...."

ကျန်းရွှမ်သည် ခေါင်းခါယမ်းပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ သူ၏ပုံရိပ်သည် ခြံဝန်းထဲမှ ပျောက်ကွယ်သွားပြီး နောက်ထပ်အချိန်တခဏတွင် လေထုထဲ၌ ထွက်ပေါ်လာသည်။

"အခု ဘယ်ကိုသွားကြမလဲ..."

လေထုထဲတွင် ပျံသန်းနေရင်း ကျန်းရွှမ်က မေးလိုက်သည်။

"ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင် က ကြက်သွေးနီမီးတောက်တောင်မှာ ရှိတယ်... ဘာမှ ထူးခြားတာမျိုး မရှိဘူးဆိုရင် သူက ပူပြင်းတဲ့ မီးတောင်ထဲမှာ ပုန်းနေလိမ့်မယ်...တစ္ဆေအရိုးနတ်ဆိုးအရှင်ရဲ့အိမ်က အင်္သချေအရိုးမြစ်နံဘေးမှာ ရှိတယ်....အဲ့ဒီနေရာ အတိအကျကို ကျွန်တော် မသိဘူး....အင်္သချေမြစ်ရဲ့ နက်ရှိုင်းတဲ့ နေရာတစ်နေရာမှာ ဖြစ်နိုင်တယ်ဆိုတာလောက်ပဲ ကျွန်တော် သိထားတယ်"

နှင်းနတ်ဆိုးအရှင်က ပြောဆိုသည်။

ကျန်းရွှမ်က ခေါင်းညိတ်ပြကာ အချိန်တခဏကြာ တွန့်ဆုတ်နေပြီးနောက် ပစ်မှတ်ကို အတည်ပြုကာ အရှိန်မြှင့်၍ ပျံသန်းလိုက်သည်။

"ဒါဆိုရင်လည်း ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ကို အရင် သတ်ကြတာပေါ့"

တစ္ဆေအရိုးနတ်ဆိုးအရှင်ကို အချိန်တိုအတွင်း ရှာမတွေ့နိုင်လျှင် ရှာတွေ့နိုင်မည့်သူကို အရင် သတ်ရပေမည်။

တစ်ရက်ခန့် ပျံသန်းပြီးနောက် ကျန်းရွှမ်က ရပ်တန့်လိုက်သည်။ သူ၏မြင်ကွင်းထဲသို့ ဖူဂျီတောင်ကဲ့သို့ ကြီးမားသော မီးတောင်ဝတစ်ခုက ဝင်ရောက်လာပေ၏။

ကြက်သွေးနီမီးတောက်တောင်သည် ထျန်းလီအင်ပါယာ၏ အရှေ့ဘက်အစွန်ဆုံးတွင် တည်ရှိသည်။ မီးတောင်မှ ချော်ရည်များနှင့် ဖုန်မှုန့်များ မကြာခဏ ပေါက်ကွဲထွက်လေ့ရှိသောကြောင့် မိုင်ပေါင်းများစွာပတ်လည်အတွင်းတွင် သက်ရှိသတ္တဝါတချို့သာ ရှိနေပြီး ရင်းမြစ်သားရဲများပင် ရှားပါးသည်။

ကျန်းရွှမ်သည် ပစ်မှတ်ကိုရှာရန် တိုက်ရိုက်ပြေးဝင်သွားမည့်အစား သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှုပ်ခတ်ပြီး ကမ္ဘာသစ်ထဲသို့ ပြန်ဝင်လိုက်သည်။

သူ၏မျက်စိရှေ့တွင် ယင်ရှားနတ်ဆိုးအရှင်နှင့် ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်တို့၏ အလောင်းများ ရှိနေသည်။ ယင်ရှားနတ်ဆိုးအရှင်၏ သိုလှောင်လက်စွပ်ထဲတွင် ရတနာများစွာ ပါရှိသော်လည်း အလောင်းနှစ်လောင်း၏တန်ဖိုးနှင့် ယှဉ်လျှင် များစွာနိမ့်ကျသည်။

"နှင်းနတ်ဆိုး...."

ကျန်းရွှမ်က ဆင့်ခေါ်လိုက်၏။

"သခင်...."

နှင်းနတ်ဆိုးအရှင်၏စိတ်ဝိညာဥ်က သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။

"မင်းက ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်ရဲ့ ခန္ဓာကိုယ်ထဲကိုဝင်ပြီး သူ့ကို ထိန်းချုပ်လိုက်စမ်း"

ကျန်းရွှမ်က အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

နှင်းနတ်ဆိုးအရှင်က အလောင်းကောင်ထဲသို့ ဝင်ရောက်သွားပြီး အနည်းငယ် ရုန်းကန်လိုက်သည်။ ထို့နောက် ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်၏အလောင်းကောင်သည် အမှန်တကယ်ကို မတ်တတ်ရပ်လိုက်၏။

ထိုအချိန်တွင် ကျန်းရွှမ်က ယင်ရှားနတ်ဆိုးအရှင်၏ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲလိုက်သည်။

"သခင်က ဒီကောင်နှစ်ယောက်အဖြစ် ရုပ်ဖျက်ပြီးတော့ ခိုးဝင်တိုက်ခိုက်မလို့လား..."

နှင်းနတ်ဆိုးအရှင်က နားလည်သဘောပေါက်သွားသည်။

"အင်း..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ဒီမီးတောင်ထဲမှာက အရမ်းပူတော့ ငါတို့ရဲ့ပုံရိပ်တွေကို ဖုံးကွယ်ဖို့ ခက်ခဲလိမ့်မယ်...ငါတို့ ခိုးဝင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲ...အဲ့ဒီလိုဖြစ်နေမှတော့ ငါတို့က ဘာလို့ ပြောင်ပြောင်တင်းတင်း ဝင်မသွားဘဲ နေရမှာလဲ..ပြီးရင် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်က သူ့နဲ့ ဆွေးနွေးစရာရှိတယ်လို့ ပြောလိုက်မယ်....

သူ အကာအကွယ်မဲ့နေတဲ့အချိန် ငါတို့ အတူတူ တိုက်ခိုက်လိုက်ရင် သူ့ကိုသတ်ဖို့ အောင်မြင်နိုင်လောက်တယ်"

ဤသည်မှာ လမ်းတလျှောက်၌ သူစဉ်းစားခဲ့သော အကောင်းဆုံး နည်းလမ်းပင်။

ထိုသို့မဟုတ်ပါက တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို တစ်ဖက်လူမှ တွေ့ရှိသွားလျှင် ထွက်ပြေးမည်မှာ သေချာပေါက်ပင်။ ဤအဆင့်မျိုးတွင်ရှိသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထွက်ပြေးရန် ဆုံးဖြတ်လိုက်ပါက သူပင်လျှင် လိုက်လံသတ်ဖြတ်ရန် ခက်ခဲပေလိမ့်မည်။

"ဟုတ်ကဲ့"

နှင်းနတ်ဆိုးအရှင်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။

သူသည် ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်၏ အလောင်းကို ထိန်းချုပ်ထားသော်လည်း စွမ်းအားအပြည့်အဝကို မထုတ်နိုင်ဘဲ ခုနစ်ဆယ်ရာခိုင်နှုန်း ရှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ထုတ်လွှတ်နိုင်သည်။ ဤကျင့်ကြံဆင့်ဖြင့် ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်၏ တိုက်ခိုက်မှု တစ်ခုနှစ်ခုလောက်ကို သူ ခုခံနိုင်သရွေ့ သူ၏သခင် အလျင်အမြန်သတ်နိုင်ရန် အခြေအနေကို ဖန်တီးပေးနိုင်ပေလိမ့်မည်။

ဤသခင်က အသက်မကြီးသည့်အပြင် ကျင့်ကြံဆင့်လည်း အလွန်မြင့်မားခြင်း မရှိသော်လည်း သတ်ဖြတ်ခြင်းအတွေ့အကြုံမှာမူ လွန်စွာကြွယ်ဝသည်။

တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ယင်ရှားနတ်ဆိုးအရှင်ကဲ့သို့ မြေခွေးအိုကြီးတစ်ကောင်ကို သတ်ဖြတ်ရန် သူပင်လျှင် ရုန်းကန်ရပေလိမ့်မည်။ သို့ရာတွင် သခင်သည် ထိုနတ်ဆိုးအရှင်ကို အချိန်တိုအတွင်း၌ သတ်ဖြတ်လိုက်ရုံသာမက သတင်းစကားပါးခြင်းကိုလည်းတားဆီးနိုင်ခဲ့ပြီး သူ၏ကံကြမ္မာမြစ်ကိုပင် ထုတ်သုံးခွင့် မပေးခဲ့ချေ။ သူသည် သူ့ကိုယ်သူ ဒဏ်ရာရစေရန် ရန်သူကို တမင်သက်သက် အခွင့်အရေးပေးခဲ့သည်။ ထို့နောက် ရန်သူ၏ပေါ့ဆမှုကို အခွင့်ကောင်းယူကာ ရန်သူ၏လက်နက်ကို သန့်စင်ပြီးနောက် ချက်ချင်း ပြန်လည်သတ်ဖြတ်ခဲ့ပေ၏။ ဤကိစ္စများကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည့်တိုင် မယုံကြည်နိုင် ဖြစ်နေဆဲပင်။

ကံကောင်းထောက်မစွာဖြင့် ယခင်က သူ အလျင်အမြန် ဒူးထောက်၍ အညံ့ခံခံ့မိသည်။ ထိုသို့မဟုတ်ပါက သူ၏ကြွင်းကျန်သော စိတ်ဝိညာဥ်ပင်လျှင် သခင်၏ချေမှုန်းခြင်းကို ခံလိုက်ရနိုင်သည်။

"သွားကြစို့...."

အရာအားလုံး ပြင်ဆင်ပြီးနောက် သူတို့နှစ်ယောက်သည် ကြက်သွေးနီမီးတောက်တောင်သို့ ရောက်လာပြီး မီးတောင်ဝဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။

သူတို့ မရောက်မီမှာပင် နတ်ဆိုးကျင့်ကြံသူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး ပိတ်ဆို့ဟန့်တားလိုက်၏။

"ဒါက ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်ရဲ့ နယ်မြေပဲ....မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ..."

နှင်းနတ်ဆိုးအရှင်၏မျက်နှာအမူအယာ မည်းမှောင်သွားသည်။

"မင်းရဲ့ ခွေးမျက်လုံးတွေ ကန်းနေလား...ငါက ပုပ်သိုးနှလုံးသား နတ်ဆိုးအရှင်ပဲ...ဘေးကတစ်ယောက်က ယင်ရှားနတ်ဆိုးအရှင်ပဲ...ငါတို့က ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်နဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့ ရောက်လာတာပဲ...မြန်မြန် လမ်းပြစမ်း"

"နတ်ဆိုး... နတ်ဆိုးအရှင်တွေလား...."

နတ်ဆိုးအရှင်နှစ်ယောက်ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် နတ်ဆိုးကျင့်ကြံသူသည် ထိတ်လန့်သွားသည်။ သူ၏ ယခင်မောက်မာမှုများ ချက်ချင်းပျောက်ဆုံးသွားကာ သူ။ခါးကို ကိုင်းညွှတ်ပြီး အရိုအသေပြုလိုက်၏။

"အရှင်တို့....ဒီဘက်ကိုကြွပါ"

ကျန်းရွှမ်တို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီး ထိုနတ်ဆိုးကျင့်ကြံသူ၏နောက်မှ လိုက်ပါသွားကြသည်။

ကြက်သွေးနီမီးတောက်တောင်သည် အလွန်ပူပြင်းပေ၏။ သူတို့ မရောက်မီမှာပင် တလိမ့်လိမ့်ထနေသော အပူရှိန်သည် သူတို့၏ငယ်ထိပ်များထိ တက်ဆောင့်နေသဖြင့် မီးဖိုတစ်ခုထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒီကောင်က ဘယ်လို ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံထားတာလဲ...ဒီလိုနေရာမျိုးမှာ သူက ဘယ်လိုလုပ်ပြီးတော့ အကြာကြီး နေနိုင်ရတာလဲ"

ကျန်းရွှမ် စိတ်ဝင်တစားဖြင့် အသံပေးပို့ကာ မေးမြန်းလိုက်သည်။

"သခင်ကို သတင်းပို့ရရင်... ကြက်သွေးနီမီးတောက် နတ်ဆိုးအရှင်က ကံကြမ္မာမီးတောက်နီ နည်းစနစ် ကို ကျင့်ကြံထားတာပါ" နှင်းနတ်ဆိုးအရှင်က တုံ့ပြန်အဖြေပေးသည်။

"ကံကြမ္မာမီးတောက်နီ နည်းစနစ်လား..."

ကျန်းရွှမ် ကြက်သေသေသွားပြီး နှင်းနတ်ဆိုးအရှင်ကို ကြည့်လိုက်၏။

"သန့်စင်ကံကြမ္မာ နဂါးသစ်ပင် ဗောဓိသတ္တရဲ့ ကံကြမ္မာမီးတောက် ကြာပန်းနီအမွေအနှစ်နဲ့ သူနဲ့ကြားမှာ ဘာပတ်သက်မှု ရှိနေလဲ"

ကံကြမ္မာမီးတောက်နီ နည်းစနစ်နှင့် ကံကြမ္မာမီးတောက် ကြာပန်းနီအမွေအနှစ်..မည်သို့ပင်ဆိုစေကာမူ ဤနှစ်ခုမှာ အလွန်တူညီနေသည်။

သို့ရာတွင် တစ်ခုသည် နတ်ဆိုး တစ်ခုသည် ဗုဒ္ဓဖြစ်သဖြင့် လုံးလုံးလျားလျား မသက်ဆိုင်လေရာ မည်သည်ကြောင့် ဆင်တူယိုးမှားနာမည်များ ရှိနေရသနည်း။

All Chapters